← Chapters

ကျုပ်လည်း တစ်ယောက်အပါအဝင်

Vol. 015 Ch. 1427

ကျုပ်လည်း တစ်ယောက်အပါအဝင်

Vol. 015 Ch. 1427

ကောင်းကင်ထက်မှ နတ်မိုးကြိုးများသည် နတ်မိုးကြိုးများက အော်မြည်နေသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရကာ အောက်သို့ ထိုးဆင်းလာပြီး ချဥ်းကပ်လာနေသည့် ရီဖူရှင်းဆီ တိုးဝင် ​ရောက်ရှိလာသည်။

ယခင်က သတ္တမဓားသည် ခရမ်းရင့်ကောင်းကင် နန်းတော်ကို ငြင်းပယ်ခဲ့ပြီး ကောင်းကင်နန်းတော်အား အရှက်ရစေခဲ့သည်။

ယခု သူက လူအများရှေ့သို့ ထွက်လာရဲ၏။ ကျန်းယွမ်က မည်သို့ မျက်စိမှိတ် နေပေးနိုင်ပါမည်နည်း။ သူက တိုက်ရိုက်ပင် ဟစ်အော်၍ ‘ဒီမှာ မင်းအတွက် နေရာမရှိ’ ဟု ပြောဆိုခဲ့သည်။

ထို့နောက် သူက ကောင်းကင်မိုးကြိုးများ ကျဆင်းလာစေသည်။

ရီဖူရှင်း၏ ခေါင်းထက်တွင် ကြောက်မက်ဖွယ် မိုးကြိုးများက ကျဆင်းလာနေသည်။ သူက ခေါင်းကို မော့ကာ ကောင်းကင်သို့ ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်သည့် စွမ်းအားတို့ဖြင့် လွှမ်းခြုံလိုက်သည်။ သူက လေထဲသို့ ခြေလှမ်းလိုက်သည်။ သူ၏ လက်ဝါးက လေဟာနယ်ကို ဖြတ်သန်း၍ ကောင်းကင်ကို အက်ကွဲသွားစေသည်။ ဆူညံသံကြားရပြီးနောက် လေဟာနယ်က ပျက်စီးသွားပြီး အော်မြည်နေသည့် မိုးကြိုးနဂါးက နှစ်ပိုင်း ပြတ်သွားအောင် ခုတ်ပိုင်းခံလိုက်ရသည်။

သူက ဓားထဲတွင် လေဟာနယ် စွမ်းအားကို သိုဝှက်ထားပြီး တစ်ချက်တည်းနှင့် ကောင်းကင်ကို ဖျက်ဆီးလိုက်သည်။

မိုးကြိုးများ​​က အော်မြည်နေကာ ဆက်လက်၍ ရီဖူရှင်း၏ ဘေးနှစ်ဖက်ဆီ ကျဆင်းလာနေ၏။ ရီဖူရှင်းသည် မိုးကြိုးစွမ်းအားများ အလယ်တွင် ဖြတ်လျှောက်လာပြီး အထက်သို့ ခြေလှမ်းနေရင်းက သူ၏ အကြည့်များကို ကျန်းယွမ်ဆီ ပို့လွှတ်လိုက်သည်။

“ကျုပ်အတွက် နေရာရှိရှိ မရှိရှိ ခင်ဗျားနဲ့ မဆိုင်ဘူး”

သူ့နှုတ်ဖျားမှ အသံက ဓားသွားကဲ့သို့ ထက်ရှစွာ ထွက်ပေါ်လာပြီး ကျယ်ပြောသည့် နေရာတစ်ခုလုံးကို တစ်ဖန် ထပ်ကာ တိတ်ဆိတ်သွားစေပြန်သည်။

သတ္တမဓားက ကျန်းယွမ်ကို ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။

သူက ခရမ်းရင့်ကောင်းကင် နန်းတော်မှ ကျင်းပသည့် အခမ်းအနားတွင် ပါဝင်ရုံမျှမက သူ၏ ပြိုင်ဘက်ကင်း စွမ်းရည်ကို ပြသခဲ့သည့်အပြင် ယခု သူသည် ကျန်းယွမ်ကို ထိပ်တိုက် ရင်ဆိုင်နေပေသည်။

သူ၏ အမြင့်ဆုံး ရည်မှန်းချက်က အမြင့်ဆုံးအဆင့်မှ ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရန် ဖြစ်လေသည်လား။

မိုးကြိုးအလင်းက ကျန်းယွမ်၏ မျက်လုံးထဲတွင် ပေါက်ကွဲထွက်လာကာ ယင်းသည် ရီဖူရှင်းဆီသို့ ထိုးထွက်လာသည်။ ဤလူငယ်သည် ကောင်းကင် နန်းတော်ကိုတင် အရှက်ရစေသည် မဟုတ်ဘဲ ယခုတွင် သူ့ကိုပင် စိန်ခေါ်နေသည်။ မည်မျှ စိတ်ကြီး ဝင်လိုက်သနည်း။

ဘုန်း ...

ချောက်ချားဖွယ် အသံနှင့်အတူ ကျန်းယွမ်သည် ရှေ့သို့ လှမ်းလာခဲ့သည်။ ကောင်းကင်ထက်ရှိ နတ်မိုးကြိုးများသည် ပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

ဤသတ္တမဓားက အလွန် စိတ်ကြီးဝင် နေသည်ဖြစ်ရာ သူက ယင်းကို ဖိနှိပ်ရန် မဟာလမ်းစဥ်ကိုသာ အသုံးပြုရပေလိမ့်မည်။

“ညီလေး ဒီလူက လောကမှာ မူလအစ မိုးကြိုးလမ်းစဥ်ရဲ့ အကြောင်းကို သိချင်တယ် ဆိုမှတော့ သူ့ကို ဘာလဲဆိုတာ အကြောင်းသိအောင် အစ်ကိင ပြပေးရတာပေါ့။ ညီလေး ကိုယ်တိုင် ဝင်ပါစရာ မလိုပါဘူး”

ထိုအချိန်၌ အသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်နန်းတော်မှ သံသယ ကင်းစင်ခြင်း အဆင့်ရှန့်ထိုက ရှေ့သို့ လှမ်းလာသည်။ မိုးကြိုးစွမ်းအားများသည် အလွန် ဖိနှိပ်ကာ ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။

ဤလူသည်လည်း ခရမ်းရင့်ကောင်းကင် နန်းတော်မှ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ့အမည်မှာ ရှောင်းရန် ဖြစ်၏။ သူ၏ မိုးကြိုးလမ်းစဥ် ကျင့်ကြံခြင်းက အလွန် အစွမ်းထက်လှသည်။ သူက အနည်းငယ် အသက်ကြီးကာ ခရမ်းရင့်ကောင်းကင် နန်းတော်ကို ကျန်းယွမ်ထက် စော၍ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ကျန်းယွမ်ကို ‘ညီလေး’ ဟု ခေါ်ခြင်း ဖြစ်ပေသည်။

ခရမ်းရင့်ကောင်းကင် နန်းတော်မှ လူများက ခေါင်းညိတ်လိုက်သည်။ ကျန်းယွမ်၏ ပြိုင်ဘက်မှာ ဤထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ပြီး သူက သတ္တမဓားနှင့် ယှဥ်တိုက်၍ အနိုင်ရသည် ဆိုဦးတော့ ထိုသည်က ဂုဏ်ယူဖွယ် ကိစ္စ မဟုတ်ပေ။

အရူးတစ်ယောက်က မိုးကြိုးလမ်းစဥ် တန်ခိုးရှင်များအား စိန်ခေါ်လာသည်ကို ခရမ်းရင့်ကောင်းကင်နန်းတော်၏ အထွတ်အထိပ်ဆရာသခင် ကိုယ်တိုင် တိုက်ခိုက်လျှင် အခြားသူများက ခရမ်းရင့်ကောင်းကင် နန်းတော်တွင် အခြားသူ မရှိသည်လားဟု ပြောပေလိမ့်မည်။

ရှောင်းရန်သည် ရှေ့သို့ လှမ်းလိုက်ပြီး ရီဖူရှင်း၏ ခေါင်းထက် ကောင်းကင်သို့ ရောက်ရှိလာသည်။ သူက သူ့ကို မာနကြီးစွာနှင့် ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ရီဖူရှင်းသည် တည်ရှိနေခြင်းပင် မရှိသကဲ့သို့ ​ဖြစ်သည်။

“ရှောင်းရန်က တိုက်ခိုက်ဖို့ အသင့်တော်ဆုံးလူပဲ”

ခရမ်းရင့်ကောင်းကင် နန်းတော်၏ ရန်ဟောင်အဆင့်ပုဂ္ဂိုလ် တစ်ဦးက ရယ်မောကာ ပြောလိုက်သည်။ သူက ရှောင်းရန်၏ ဆရာဖြစ်ပြီး သူ့တပည့် ခွန်အားကို အပြည့်အဝ သိရှိလေသည်။

“ဒီလူငယ်ရဲ့ ပါရမီက ရှောင်းရန်ထက် မနိမ့်ကျပေမဲ့ သူက အရမ်းမောက်မာပြီး အထင်အမြင် သေးမှုတွေနဲ့ ပြည့်နေတာ။ ဒါကြောင့် သူက ဖိအားပေးခံရနိုင်တယ်။ သူက သူ့အမှားကို သူသိပြီး နောင်တရမယ်ဆိုရင် ကျုပ်တို့က သူ့ကို ခရမ်းရင့်ကောင်းကင် နန်းတော်ဆီ ဝင်ဖို့ နောက်ထပ် အခွင့်အရေး ပေးလို့ရတယ်”

ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်က ပြောလိုက်သည်။ သတ္တမဓားသည် ခရမ်းရင့်ကောင်းကင် နန်းတော်၌ ကျင့်ကြံသည့် အတွေ့အကြုံ မရှိဘဲနှင့်ပင် အလွန် များပြားသည့် အရည်အချင်းများ​ကို ထုတ်ဖော် ပြသနိုင်ခဲ့သည်။ သူ၏ ပါရမီက အကန့်အသတ်မဲ့လေသည်။

“ဒုနန်းတော်သခင်က အရည်အချင်း ရှိတဲ့လူကို တန်ဖိုးထားတာပဲ”

သူ့အနီးမှ ရန်ဟောင်တစ်ပါးက မှတ်ချက်ပြုလိုက်သည်။ သို့သော် ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်က သူ့ကို အခွင့်အရေး ပေးချင်လျှင်ပင် သတ္တမဓားက အသိအမှတ်ပြုမည် မဟုတ်ပေ။

ရှောင်းရန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး မိုးကြိုးမုန်တိုင်းက ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ ကမ္ဘာဖျက် မိုးကြိုးလမ်းစဥ်က ရီဖူရှင်း၏ အထက်မှ ဖုံးလွှမ်းထားသည်။

မော့ကြည့်လိုက်ပြီး ရီဖူရှင်းသည် မိုးကြိုးမုန်တိုင်းမှ နတ်ဘုရား ပြစ်ဒဏ် မိုးကြိုးဓားများ စုစည်းလာသည်ကို မြင်သည်။ နတ်မိုးကြိုးများက ဓားကို ဖုံးလွှမ်းကာ အော်မြည်နေပြီး ကောင်းကင်အောက်သို့ တည့်မတ်စွာ ကျဆင်းလာသည်။ ထိုအချိန်တွင် လူတိုင်းက ရီဖူရှင်းအတွက် စိုးရိမ်သွားကြသည်။

ကျဆင်းလာသည့် တိုက်ခိုက်မှုများ အားလုံးက သေစေနိုင်လောက်ပေသည်။

“မင်းက ဓားပညာကို အဓိကကျွမ်းကျင်ပြီး မိုးကြိုးလမ်းစဥ်ကိုလည်း သင်ယူခဲ့တယ်။ ဒီတစ်ခေါက် မင်း ဒီကိုလာခဲ့တာ ကောင်းကင် အာဏာစက်ဘုံက ထိပ်သီးပုဂ္ဂိုလ်တွေ အကြောင်း သိချင်လို့ဆိုပြီး ပြောတယ်။ ငါက ကောင်းကင်နန်းတော်ရဲ့ သာမန်တန်ခိုးရှင် တစ်ယောက်ဖြစ်ပေမဲ့ မင်းကို တစ်ခုနှစ်ခုတော့ သင်ပြပေးနိုင်ပါတယ်”

ရှောင်းရန်က ကောင်းကင်အောက်မှ ရီဖူရှင်းကို ငုံ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော် လူတိုင်းက ရှောင်းရန် ထူးချွန်သည်ကို သိရှိကြပေသည်။ သူက ခရမ်းရင့်ကောင်းကင် နန်းတော်တွင် အလွန် ကျော်ကြားသူ ဖြစ်ပေသည်။ သူ့အတွက်တော့ တစ်နေ့တွင် ရန်ဟောင်အဆင့်သို့ ခြေချရန် ဖြစ်နိုင်ပေသည်။

ရှောင်းရန်၏ ကျင့်ကြံမှုအရှိန်က မလျင်မြန်သော်လည်း သူ၏ အခြေခံက ခိုင်မာကာ တိုးတက်မှုက ခိုင်မာ တည်ငြိမ်သည်။ သူ၏ နှိမ့်ချသော စကားလုံးများသည် ခရမ်းရင့်ကောင်းကင် နန်းတော်က မည်မျှ အစွမ်းထက်သည်အား သိနိုင်ရန်သာ ရည်ရွယ်ပေသည်။

“ကမ္ဘာဖျက် ဓားဝင်္ကပါက ခရမ်းရင့်ကောင်းကင် နန်းတော်ရဲ့ ကမ္ဘာဖျက် မိုးကြိုးလမ်းစဥ်ကနေ ဖြစ်တည်လာတာ။ မင်း စမ်းကြည့်နိုင်တယ်။ ဒါပေမဲ့ မင်းအတွက် အရမ်း ခက်ခဲနေရင်တော့ ဒဏ်ရာမရခင် ကိုယ်တိုင် ထွက်သွားလိုက်တော့”

ရှောင်းရန်က ဆက်ပြောလိုက်သည်။ ကောင်းကင်ထက်တွင် မရေတွက်နိုင်သည့် ကမ္ဘာဖျက်ဓားများက ကြောက်မက်ဖွယ် မိုးကြိုးတိမ်တိုက်များမှ မရေတွက်နိုင်အောင် ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ဓားများ ကျဆင်းလာသည့်အခါ အမှန်တကယ် ကမ္ဘာပျက်သကဲ့သို့ ထင်မှတ်ရပေသည်။

သူက ရီဖူရှင်းက ရှုံးနိမ့်ကြောင်း ဝန်ခံ၍ ထွက်ခွာသွားစေရန် ခြိမ်းခြောက်နိုင်မည့် စွမ်းအားကို အသုံးပြုခဲ့သည်။

ရီဖူရှင်းက ထွက်သွားရန် ငြင်းဆန်လျှင်လည်း သူက အစကတည်းက ပြောပြီးသား ဖြစ်လေရာ ရီဖူရှင်း၏ အသက်အန္တရာယ်ကို ထိခိုက်သွားလျှင်ပင် သူ့အမှားမဟုတ်ပေ။

များပြားလှသော လူများသည် သူတို့၏ အရိုးများထဲမှ စိမ့်တက်လာသည်ကို ခံစားလိုက်ရသည်။ ရှောင်းရန်သည် အလွန် ချင့်ချိန်တတ်ပြီး ရီဖူရှင်းအား ပြန်ဆုတ်ခွာရန် အခွင့်အရေးပေးခဲ့သည်။ သို့သော် ရီဖူရှင်းက ငြင်းဆန်ခဲ့ပါက သေသွားလျှင်ပင် ထိုက်တန်ပေသည်။

ရီဖူရှင်းသည်လည်း ရှောင်းရန် ဆိုလိုသည်အား နားလည်ပေသည်။ သူက ခရမ်းရင့်ကောင်းကင် နန်းတော်ကို လူအများရှေ့၌ အရှက်ရစေခဲ့သည်။ သူတို့က ပါးစပ်က ဖွင့်မပြောလျှင်ပင် စိတ်မကျေမနပ် ဖြစ်နေပေလိမ့်မည်။ ထိုပုဂ္ဂိုလ်များ အားလုံးသည် အလွန် တိကျပြတ်သားသော သူများ ဖြစ်ကြသည်။ သူက ငြင်းဆန်လျှင် သူတို့က သူ့ကို သတ်လိမ့်မည် ဖြစ်သည်။

မိုးကြိုးဓားများက ကောင်းကင်မှ ကျဆင်းလာသည်ကို မြင်လိုင်ရပြီး သူသည် ထိုမှ ပြင်းထန်၍ လွှမ်းမိုးနိုင်သော သတ်ဖြတ်မှု စွမ်းအားကို ခံစားနိုင်ပေသည်။

ခရမ်းရင့်ကောင်းကင် နန်းတော်မှ တန်ခိုးရှင်များ၏ ခွန်အားသည် သာမန်မဖြစ်နိုင်ပေ။ အထူးသဖြင့် သူနှင့် တိုက်ခိုက်သည့်သူသည် ပို၍ပင် သာမန် မဖြစ်နိုင်ပေ။ သူက အလွန် ထူးချွန်သူ ဖြစ်ရပေမည်။ မဟုတ်လျှင် သူက ထွက်လာပြီး ခရမ်းရင့်ကောင်းကင် နန်းတော်ကို သိက္ခာချ အရှက်ရစေလိမ့်မည် မဟုတ်ပေ။

သို့သော် ရီဖူရှင်း၏ မျက်လုံးများက ထက်ရှနေဆဲ ဖြစ်ကာ အပေါ်သို့ မော့ကြည့်၍ ပြောလိုက်သည်။

“စတိုက်ပါတော့”

“ဒီကောင်က ရူးနေတာပဲ”

များပြားလှသည့် လူများ​က ကြိတ်ကာ ပြောလိုက်ကြသည်။ ရှောင်းရန်က နိုင့်ထက်စီးနင်း မပြုလိုသောကြောင့် သူ့ကို အခွင့်အရေး ပေးရန် ကြိုးစားခဲ့သော်လည်း သူက ရှောင်းရန်ကိုပင် အရင်တိုက်ခိုက်ခိုင်း နေလေသည်။

ရှောင်းရန်က တိုက်ခိုက်လျှင် သူက သတ္တမဓားအား သတ်ဖြတ်မည် ဖြစ်ကာ ရီဖူရှင်းသည် ကမ္ဘာပျက် မိုးကြိုးဓားချက်အောက်၌ ရှင်းလင်းပစ်ခံမည် ဖြစ်သည်။

သို့သော် အရာအားလုံးက ဤအခြေအနေသို့ ရောက်လာပြီ ဖြစ်ရာ သူက နောက်ပြန်ဆုတ်လျှင် အတော်လေး ရှက်စရာ ကောင်းလိမ့်မည် ဖြစ်ကာ သူ့တွင် ရွေးချယ်စရာ မရှိပေ။

ထို့ပြင် သူက ထိပ်တန်း ပုဂ္ဂိုလ်များနှင့်ပင် ယှဥ်ပြိုင်လိုပုံရလေသည်။ ဖြစ်နိုင်သည်က သူ့တွင် ဝှက်ဖဲကောင်းကောင်း ရှိနေသည်လား။ သူက မည်သို့ဖြစ်ရာ ရှောင်းရန်နှင့် ယှဥ်ပြိုင်ရန် ယုံကြည်ချက် ရှိနေရသနည်း။

“ကောင်းပြီလေ။ မင်းရဲ့ ရည်မှန်းချက် ပြည့်သွားအောင် ကူညီပေးရတာပေါ့”

ရှောင်းရန်၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။ သူ့အသံ ထွက်ပေါ် လာပြီးနောက်၌ မိုးကြိုးမုန်တိုင်းက အော်မြည်နေပြီး မဟာလမ်းစဥ် ဖျက်ဆီးခြင်း မိုးကြိုးသွားများ ​ပျော်ဝင်နေသည့် အားကောင်းသည့် မိုးကြိုးဓားများ ကျဆင်းလာသည်။

“ကျစမ်း”

ရှောင်းရန်က အေးစက်စွာ ရေရွတ်လိုက်သည်။ သူ ပြောလိုက်ပြီးနောက် မိုးကြိုးသွား ဝင်္ကပါမှ လောကဖျက်ဆီးခြင်း ဓားများသည် ရီဖူရှင်းကို သတ်ဖြတ်ရန် ရည်ရွယ်၍ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။ ထိုသည်က အလွန် လျင်မြန်သည့်အတွက် ရီဖူရှင်း ထွက်ပြေးရန်ပင် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။

ဘုန်း …

ချောက်ချားဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းသည် ရီဖူရှင်းက လက်တစ်ဖက် မြှောက်လိုက်သည်အား မြင်လိုက်ရပြီး အဆုံးမဲ့ဖျက်ဆီးခြင်း အလင်းများဆီသို့ တစ်ချက် ထိုးလိုက်လေသည်။

များပြားလှသည့် လူများသည် သူ့အား ကိုယ့်သေတွင်း ကိုယ်တူးနေသည်ဟု တွေးလိုက်ကြသော်လည်း ထိုလက်သီး ထွက်ပေါ်လာသည့်အခါ လက်သီးချက်က လေဟာနယ်ကို ဖောက်ထွင်းသွားသည်။ ထိုအချိန်တွင် သူက ကောင်းကင်သို့ ပျံသန်းတက်သွားပြီး အခြားတစ်ဖက်ဆီသို့ အဆုံးမဲ့ အလင်းများ ပစ်လွှတ်လိုက်သည်။ အဆုံးမဲ့ ကမ္ဘာဖျက် မိုးကြိုးဓားက ရီဖူရှင်း၏ လက်သီးစွမ်းအားနှင့် ထိပ်တိုက်ထိတွေ့မိကာ တိုက်ရိုက် ဖျက်ဆီးစုတ်ဖြဲခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်သည် အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားသည်။ လက်သီးတစ်ချက်နှင့် သူသည် မဟာလမ်းစဥ် ရှေးဟောင်းလမ်းစဥ်ကို ဖွင့်လှစ်လိုက်ပြီး ရှောင်းရန်အရှေ့၌ ဆင်းသက်လာသည်။

ရှောင်းရန်၏ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားပြီး သူက မတုံ့ပြန်နိုင်ခင်မှာပင် လာနေသည့် လက်သီးချက်က သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်လာသည်။

ဘုန်း …

ကျယ်လောင်သည့် အသံနှင့်အတူ ရှောင်းရန်၏ ခန္ဓာကိုယ်သည် မိုးကြိုးသွားကဲ့သို့ အောက်သို့ လွင့်စဉ်သွားကာ ခရမ်းရင့်ကောင်းကင် နန်းတော်၏ လူအုပ်အတွင်းသို့ ပြုတ်ကျကာ လိမ့်ဆင်းသွားခဲ့သည်။

ဘန်း ... ဘန်း ... ဘန်း သူ့အောက်မှ လှေကားထစ်များက တိုက်ရိုက် ကွဲကြေသွားပြီး အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ရှောင်းရန်၏ ခန္ဓာကိုယ်သည် ရန်ဟောင်တစ်ပါးက လာမကူညီခင်ထိ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ သူသည် သူ့ခန္ဓာကိုယ်အတွင်းမှ သွေးများ ဆူပွက်ကာ အော်မြည်နေသည်ကို ခံစားရပြီး လက်သီးတစ်ချက်ကပင် သူ့ အတွင်းကလီစာများ ပျက်စီးသွားပြီဟု ထင်မှတ်လိုက်ရပေသည်။

“အဟွတ် ...”

သူက ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။ ရှောင်းရန်က ခေါင်းငိုက်စိုက်ကျနေကာ သူ့အသက်ဓာတ်က အားနည်းသွားခဲ့သည်။ သူက မည်သည့် စွမ်းအားကိုမှပင် မစုစည်းနိုင်တော့ပေ။

ရီဖူရှင်း၏ ​ခေါင်းထက်မှ မိုးကြိုးတိမ်တိုက်များက ပျောက်ပျက်သွားပြီး သူက ကောင်းကင်ထက်တွင် ဝင့်ကြွားမှု အပြည့်ဖြင့် ရပ်နေပေသည်။

“မင်းရဲ့ ကျင့်ကြံမှုက တကယ့်ကို သာမန်ပဲ။ မင်းက ကျုပ်ကို သင်ပြပေးဖို့ မထိုက်တန်ဘူး” ရီဖူရှင်းက ပြောလိုက်သည်။ များပြားလှသော တန်ခိုးရှင်များက သူ့လက်ကို စိုက်ကြည့် လိုက်ကြသည်။ ထိုသည်က မည်သို့သော စွမ်းအားမျိုးနည်း။

များပြားလှသည့် လူများ၏ နှလုံးသားတို့က လျင်မြန်စွာ ခုန်လှုပ်လာသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်မှ သံသယ ကင်းစင်ခြင်းအဆင့် ရှောင်းရန်သည် လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည်မရှိဘဲ ဆုတ်ခွာသွားခဲ့ရသည်။

သို့ဆိုလျှင်ပင် ယခင်တိုက်ပွဲများ၌ ရီဖူရှင်းက သူ၏ ခွန်အား အပြည့်အဝ အသုံးမပြုခဲ့ဟု ဆိုလိုသည်လား။

ထိုစွမ်းအားက အလွန် ပြင်းထန်လှသည်။

ထိုပုဂ္ဂိုလ်ကြီးများသည်ပင် ဤလက်သီးချက်ကြောင့် အံ့အားသင့် သွားကြပေသည်။ သူတို့က ရီဖူရှင်းအား စူးစိုက်ကြည့် နေကြသည်။

ထိုသည်က နတ်ဆင်တို့၏ ပြင်းထန်သော စွမ်းအားပေလော။

သူက လက်သီးချက်ကို ထုတ်ဖော်လိုက်သည့် အခါတွင် သူတို့အားလုံးသည် နတ်ဆင်တို့၏ စွမ်းအားကို ခံစားမိကြသည်။

သတ္တမဓားက မည်သူနည်း။

ကျန်းယွမ်က သာမန်အတိုင်း ကြည့်လိုက်သည်။ သူက ​ရှေ့သို့ ခြေလှမ်းလိုက်ပြီး ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်၏။ ထိုသတ္တမဓားသည် ဤနေရာသို့ လာ၍ အခမ်းအနား၌ ပါဝင်ရန်မဟုတ်ဘဲ ခရမ်းရင့်ကောင်းကင်နန်းတော်အား ပစ်မှတ်ထားနေသည်ဟု ခံစားရပေသည်။

“မင်းက ဘယ်သူလဲ”

ကျန်းယွမ်က အေးစက်စွာ ပြောလိုက်သည်။ ကမ္ဘာဖျက်မိုးကြိုး ဝင်္ကပါက ကောင်းကင်တွင် စုစည်းလာပြီး ထိုစွမ်းအားက ရှောင်းရန်ထက်ပင် ပို၍ အားကောင်းပေသည်။ ကျယ်ပြောသည့် အဆုံးမဲ့ လေဟာနယ်အတွင်း ဖျက်ဆီးခြင်း မိုးကြိုးအလင်းများ ဖုံးလွှမ်းကာ တစ်လောကလုံးကို မည်းမှောင်သွားစေသည်။

ရီဖူရှင်းက ကျန်းယွမ်ကို မည်သည့်စကားမှ မဆိုဘဲ စိုက်ကြည့်နေသည်။ ကျန်းယွမ်၏ မျက်လုံးများထဲမှ အရှိန်အဝါက တောက်ပနေသည်။ သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ကာ ကမ္ဘာဖျက် မိုးကြိုးလမ်းစဥ်က ကျဆင်းလာပြီး ထိုနေရာ၏ အသက်ဓာတ်များ အားလုံးကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

နတ်ဘုရားပြစ်ဒဏ် အလင်းတန်းများက နေရာအနှံ့မှ ထွက်ပေါ်လာပြီး တောက်ပသည့် နတ်အလင်းများက ရီဖူရှင်းကို လွှမ်းခြုံသွားသည်။

ဘုန်း ... ဘုန်း ... ဘုန်း ... အော်မြည်နေသည့် အသံများ ထွက်ပေါ်လာပြီး ရုတ်တရက် များပြားလှသည့် နတ်ဆင်ပုံရိပ်ယောင်များက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာသည်။ ယင်းတို့သည် ချောက်ချားဖွယ် ဆင်အော်သံများကို ပြုလုပ်ပြီး လေဟာနယ် မဟာလမ်းစဥ်ကို ဖိနှိပ်နေသည်။

“နတ်ဆင်ကလန်” ကျန်းယွမ်၏ အသံက အေးစက်နေသည်။ ခရမ်းရင့်ကောင်းကင် နန်းတော်မှ အခြားသော တန်ခိုးရှင်များသည်လည်း နတ်ဆင်ကလန်မှ တန်ခိုးရှင်များဆီသို့ ကြည့်လိုက်သည်။ သူတို့၏ အကြည့်များမှ ရင်းနှီးမှု ရှိမနေခဲ့ပေ။

နတ်ဆင်ကလန်က မည်သည့် အရာကို လုပ်ဆောင်ချင်နေသနည်း။

သို့သော် ဤလူက မည်သည့်အတွက် လူသားတန်ခိုးရှင်နှင့် တူလွန်းနေရသနည်း။

ဘုန်း ... နတ်မိုးကြိုးများက တစ်ဖန် ကျဆင်းလာသည်။ နတ်ဆင်များသည် ကောင်းကင်တွင် အော်မြည်နေပြီး ရီဖူရှင်းက လေထဲသို့ ခြေလှမ်းလိုက်သည်အခါ ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားသည်။

နတ်ဆင်ကလန်၏ အစွမ်းထက်နည်းစနစ် နတ်ဆင်ခြေလှမ်း ကောင်းကင်ချနင်း ဖြစ်သည်။

ထိုအချိန်တွင် လူတစ်ယောက်၏ အမည်က ကျန်းယွမ်၏ မှတ်ဉာဏ်အတွင်း ဝင်ရောက်လာသည်။

“မင်းက ...” ကျန်းယွမ်က ရီဖူရှင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ကျုပ်ကိုလည်း ကောင်းကင်အာဏာစက်ဘုံရဲ့ မဟာလမ်းစဥ် တိုက်ပွဲဝင်တစ်ယောက် အဖြစ်မှတ်ယူနိုင်တယ်”

ရီဖူရှင်းက ရှေ့သို့ လှမ်းရင်း ပြောလိုက်သည်။ သူ၏ စကားသံက လောကကိုပင် တုန်ခါ သွားစေပေသည်။

***

All Chapters