သုသာန်မြေပုံတစ်ခု
Vol. 103 Ch. 1437
ရှီမာယူယူသည် အရင်တစ်ခေါက်က ဝိညာဉ်စေတီအတွင်းမှရခဲ့သည့် လက်ထဲမှစာအုပ်ကိုကြည့်လိုက်သည်။
“ဟုတ်တယ် သမီးဝိညာဉ်စေတီထဲကရခဲ့တာ” ရှီမာယူယူသည် ပြောရင်း နှင့် စက်ယန္တရားများအကြောင်း ပြောပြလိုက်သည်။
ရှီမာလျူရွှမ် နားထောင်ပြီးနောက် ငေးငိုင်သွားသည်။
“၇ ထပ်စေတီက တကယ်ကိုအားကောင်းတဲ့ ရှေးဟောင်းပစ္စည်းပဲ၊ အဲဒီမှာ ရှေးဟောင်းဝိညာဉ်မရှိရင်တောင် ပေါင်းစပ်ပြီးတာနဲ့ ဒီလောက် အားကောင်းသွားလိမ့်မယ်လို့ ထင်မထားဘူး” သူသည် ထိုအကြောင်းပြောရင်း နှင့် သက်ပြင်းချမိသည်။
“ဝိညာဉ်ပုလဲကို သမီးအတွက် ချန်ထားပေးခဲ့လို့ အဖေ့ကိုကျေးဇူးတင်ပါ တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါနဲ့ ပြောရင်းနဲ့…”
သူမသည် မြေပုံတစ်ခုထုတ်ပြီး ပြောလိုက်သည် “အဖေ ဒီမြေပုံက ဘယ်အတွက်လဲ၊ လင်းယူနဲ့ သမီးနှစ်ယောက်လုံးက ဒါကိုအကြာကြီးလေ့လာ တာတောင် ဘယ်အတွက်လဲဆိုတာ မရှာနိုင်ဘူးဖြစ်နေတယ်”
ရှီမာလျူရွှမ်သည် ဝမ်းနည်းမှုအရိပ်အယောင်နှင့် အတိတ်ကိုလွမ်းဆွတ် တမ်းတမှုများပြည့်နေသောမျက်လုံးများဖြင့် မြေပုံကိုကြည့်လေသည်။
“ဒါက အဖေနဲ့ သမီးအမေတို့ တစ်ခါဝင်ဖူးတဲ့ ရှေးဟောင်းဂူသင်္ချိုင်းပဲ၊ ဒီမြေပုံကြောင့် အဲဒီရှေးဟောင်းဂူသင်္ချိုင်းကနေ ဝိညာဉ်ပုလဲလုံးကိုရခဲ့တာပဲ” ရှီမာလျူရွှမ် ပြောလိုက်သည်။
ထိုရှေးဟောင်း ဂူသင်္ချိုင်းမှာပင် သူနှင့် ယွိခဲ့လော့တို့ စည်းကျော်ခဲ့ပြီး ရှီမာယူယူသည် သူတို့အချစ်၏ ပုံဆောင်ခဲလေးဖြစ်လာကြောင်းကိုတော့ သူ မပြောမိတော့ပေ။
“ဝင်သွားပြီးမှတော့ အဖေ ဘာလို့ဒါကိုသမီးဆီမျာချန်ထားခဲ့တာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ရှေးဟောင်းဂူသင်္ချိုင်းက အရမ်းမကြီးပေမဲ့ နေရာတော်တော်များများက လူမသိကြသေးဘူး သမီးလည်းသိတဲ့အတိုင်းပဲ အဲလိုနေရာတွေမှာ အမွေအနှစ် ပစ္စည်းတွေလို ရတနာတွေရှိတယ်လေ၊ အဲတုန်းက တစ်နေ့ သမီးအဲဒီနေရာကို သွားနိုင်ရင် အခွင့်အရေးတွေထပ်ရနိုင်မယ်လို့ တွေးခဲ့တယ်” ရှီမာလျူရွှမ်သည် ပြုံးပြီးပြောလေသည်။
ရှီမာယူယူသည် သူ့ကိုကြည့်လိုက်ရာ မေတ္တာဖြင့်ပြည့်နေသော သူ၏ မျက်လုံးများသည် သူမစိတ်ကိုနွေးထွေးပြီး သံယောဇဉ်တွယ်စေသည်။
သူမ လက်ဆန့်ကာ သူ့လက်ကိုတွယ်ဖက်လိုက်ပြီး ခေါင်းမှီလိုက်ပြီး သူမ နှုတ်ခမ်းထောင့်သည် ဘေးနှစ်ဖက်ကိုတက်သွားသည်မှာ ပြန်မကျနိုင်တော့ပေ။
“ကျေးဇူးတင်ပါတယ် အဖေ အဖေက သမီးကိုအရမ်းကြင်နာတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ငတုံးမလေး၊ အဖေတို့မှာ သမီးပဲရှိတာလေ၊ သမီးကိုမှမကောင်းပေးရင် ဘယ်သူ့ကိုသွားကောင်းပေးရမှာလဲ” ရှီမာလျူရွှမ်သည် သူမလက်ကို ပုတ်လိုက် သည်။ သူမသည် ကြံ့ခိုင်သည့်အသက်အရွယ်ဖြစ်သော်လည်း ပြီးခဲ့သည့် အတွေ့အကြုံများကြောင့် ဘဝအပြောင်းအလဲနှင့် ရင်ဆိုင်ခဲ့ရသည်နှင့်တူ သည်။
“ဒါနဲ့အဖေ အဖေက ဒီနေရာကိုသိမှတော့ သမီးတို့ဘယ်တော့ပြန်သွားကြ မလဲ” ရှီမာယူယူသည် သူ့ကိုထပ်ကြည့်လိုက်သည်။
“မသွားသေးဘူး” ရှီမာလျူရွှမ်သည် မစဉ်းစားဘဲ ငြင်းဆန်လိုက်သည်။
“ဘာလို့လဲ”
“သမီးက အခုမသန်မာသေးဘူး” ရှီမာလျူရွှမ် ရှင်းပြလေသည်။ “အဖေ သမီးအမေနဲ့ ဝင်သွားတုန်းက သေမလိုဖြစ်တာ ကိုးခါတောင်မှပဲ သမီးရဲ့ အပြင်ပိုင်းအားက မနည်းပေမဲ့ အဲဒါကကိုယ်ပိုင်အားမဟုတ်သေးဘူး၊ ရှေးဟောင်း ဂူသင်္ချိုင်းထဲမှာက ငှက်မျိုးနွယ်ဖြစ်စေ ထိပ်တန်းတောင်ကြားဖြစ် ပါစေ ဘာမှမလုပ်မရဘူး”
“ဟုတ်ကဲ့ပါ” ရှီမာယူယူ ဖိအားမပေးတော့ပေ။ “အဲလိုဆိုမှတော့ သမီး စွမ်းအားတိုးလာတဲ့အထိစောင့်ကြတာပေါ့၊ အဲအချိန်ကျရင် အဖေ့ဒဏ်ရာလည်း ပျောက်လောက်ပြီ အဖေသမီးနဲ့သွားတာပေါ့၊ သမီးတို့အဖော်ပြုပေးလို့ရတယ်”
“ကောင်းတယ်”
ရှီမာလျူရွှမ်သည် သဲ့သဲ့ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးသည် မျက်လုံး ကိုရောက်သည်အထိ အသက်မပါလှပေ။
သူသည် သမီးဖြစ်သူကို စိတ်မပျက်စေချင်ပေ။ ထို့ကြောင့် သူမပြောသည့် အတိုင်းလိုက်နေရုံပင်။ သို့သော် သူ့စိတ်ထဲတွင်တော့ သူ ကုသရန်ဖြစ်နိုင်သည် ဆိုသည်ကို မယုံကြည်ပေ။
သူသည် ဤဘဝတွင် အသုံးမကျသည့်လူဖြစ်လျှင်တောင် စောဒကတက် မည်မဟုတ်ပေ။ သူသည် အစကပင် သေလူဖြစ်နေပြီဖြစ်ရာ သူ့သမီးနှင့် ပြန် တွေ့ရသည်၊ သူမကို နောက်တစ်ခါပြန်ပွေ့ဖက်ရသည်၊ သူမ ကြီးပြင်းလာသည် ကို စောင့်ကြည့်ရသည်ကပင် သူ့အတွက် အလွန်ကျေနပ်စရာဖြစ်၍နေလေပြီ။
ခဲ့လော့… မင်းနဲ့ကိုယ်တို့ ပြန်တွေ့ရမယ့်နေ့ရှိသေးရင် ကိုယ်တို့သမီး အရိုအသေပေးတာကို အတူကြည့်ကြမလား။
ရှီမာလျူရွှမ် အနည်းငယ်စိတ်ဓာတ်ကျနေသည်ကို ရှီမာယူယူ ခံစားမိကာ ထိုအတွေးကိုလည်း ခန့်မှန်း၍ရနေသည်။ သို့သော် သူမ မည်သည့်စကားမှ မပြောမိပေ။ သူသည် သက်ရောက်မှုအမှန်တကယ်ပြသည့်အချိန်ထိ သူ့ကို ကုသနိုင်ကြောင်းကို ယုံမည်မဟုတ်ပေ။
“အဖေ သမီးမှာအဖေ စိတ်ဝင်စားလောက်မယ့် စာအုပ်ရှိတယ်” ရှီမာယူယူသည် သူ့ကိုလွှတ်ပေးပြီး အပြုံးဖြင့်ပြောလေသည်။
“အိုး သေချာရဲ့လား” သူမ စကားလမ်းကြောင်းလွှဲသည်ကို သိသော်လည်း သူမစကားနောက်လိုက်ပါပေးခဲ့သည်။
ရှီမာယူယူသည် <ဝိညာဉ်ရှာဖွေသူ အရင်းအမြစ်> ဆိုသည့်စာအုပ်ထုတ် ပြီး ရှီမာလျူရွှမ်၏ ရှေ့တွင်ထားလိုက်သည်။
“ဒီစာအုပ်က…”
ရှီမာလျူရွှမ် စာအုပ်ကိုမြင်သောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် လက်များ ပင် တုန်ယင်နေသည်။
“ဟုတ်တယ်၊ ဒီစာအုပ်က ဝိညာဉ်ရှာဖွေသူတွေ အရမ်းလိုချင်နေတဲ့ စာအုပ်ပဲ” ရှီမာယူယူ ပြောလိုက်သည် “သမီးစဉ်းစားနေတာ အဖေက စာဖတ် တာစိတ်ဝင်စားမှတော့ ဒီစာအုပ်ကို တစ်ထိုင်တည်းဖတ်ပြီးလောက်တယ်”
“ဒီစာအုပ်ကို ဘယ်လိုရလာတာလဲ”
“ဝိညာဉ်စေတီထဲမှာ ရှာတွေ့တာပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲကောင်လေးရဲ့ သခင်က တစ်ယောက်ပြီးတစ်ယောက်ပြောင်းတော့ ကျွမ်းကျင်မှုအမျိုးမျိုး ပုံနေတာလေ”
“ဒါက တကယ့်ကို အခွင့်အရေးကြီးပဲ” ရှီမာလျူရွှမ်သည် ထိုအရာကို သူမ နှင့်အတူထားခဲ့ပြီး သမီးဖြစ်သူနှင့်အတူကြီးပြင်းခွင့်ပေးသည့်ဆုံးဖြတ်ချက်ကို ပင် ကျေးဇူးတင်မိသည်။
သို့သော် သူ အနည်းငယ် စိုးရိမ်နေမိသေးသည်။ သူ သိသည့်ပစ္စည်းများကို ဆုံးဖြတ်ရာတွင် သူမ ကံကောင်းမှုသည် သာမန်လူများရနိုင်သည်ထက် များစွာ ကောင်းနေသည်။
သူမ တန်ရာတန်ကြေးပေးရသည်ဟု ပြောသော်လည်း သူမရသည်နှင့် ယှဉ်လျှင် ပေးရသည်မှာ နည်းပါးနေသည်။
ထို့အပြင် သူမ ကံသည်တက်နေဆဲဖြစ်ရာ သူမ တွေ့ကြုံရသည်များမှာ လည်း အဆုံးမရှိပေ။
မဟုတ်လျှင် ဘာကြောင့်များ တခြားသူများ ထူးခြားသည့် တစ်စုံတရာ မတွေ့ဘဲ နှင်းပြင်ကြီးတွင် လမ်းလျှောက်နေသည့်အချိန်တွင် လူကယ်ရန်သွား သည့် သူမသည် တစ်ခါတည်းနှင့် များပြားသည့်သတ္တုကြောများကို တွေ့ခဲ့ရ သလဲ။
သူမသာ အနာဂတ်တွင် အရာအားလုံးကို ထမ်းပိုးနိုင်ပါက ဖခင်ဖြစ်သူ သည် သူမကို ထမ်းပိုးခွင့်ပေးလိုက်မည်။
ရှီမာယူယူသည် ရှီမာလျူရွှမ်၏ မျက်လုံးထဲတွင် ခဏတာမျှသာ ဝမ်းမြောက်မှုဖြစ်ပေါ်သွားပြီး နောက်တွင် လေးနက်ကာ စိုးရိမ်မှုအရောင်သမ်း သွားသည်ကို သတိထားမိလိုက်သည်။
စိုးရိမ်နေတာလား….
ဒီစာအုပ်အကြောင်း တခြားသူတွေသိသွားပြီး သူမကို ဒုက္ခဖြစ်စေမှာကို သူ စိုးရိမ်နေတာလား။
“အဖေ မစိုးရိမ်ပါနဲ့ မိုဒိဆန်းကလွဲပြီး ဒီအကြောင်းကိုမသိပါဘူး မိုဒိဆန်း က ဘာမှပြောမှာမဟုတ်ပါဘူး” ရှီမာယူယူသည် အာမခံပြီးပြောနေသည်။
“သမီးရဲ့ လူတွေကိုအကဲဖြတ်နိုင်စွမ်းကို အဖေယုံပါတယ်၊ သမီးက ပြဿနာမရှိဘူးလို့ပြောရင် ပြဿနာမရှိလို့ပဲနေမှာပါ” ရှီမာလျူရွှမ်သည် သူမ နားလည်မှုလွဲသွားသည်ကို မြင်သောအခါ ထပ်ပြီးရှင်းလင်းချက်မထုတ်တော့ ပေ။
သူမ သိလျှင်မကောင်းသည့် ကိစ္စတချို့ဆိုသည်မှာလည်းရှိသေးသည်။
ရှီမာယူယူသည် သူ့ကိုပြုံးပြပြီးပြောလိုက်သည် “အဖေ စာအုပ်သွားဖတ် ပါတော့ နောက်ထပ် လေးငါးရက်လောက် ထိုင်ရဦးမယ်လို့ သူတို့ပြောနေကြ တယ်”
“ကောင်းပြီ”
ရှီမာလျူရွှမ်သည် စိတ်လွှင့်သည့် အတွေးများကို ဖယ်ရှားလိုက်ပြီး စာအုပ်ကို အာရုံစိုက်လိုက်သည်။
လက်ထဲမှစာအုပ်ကိုကြည့်ပြီး အတန်ကြအောင် ငေးငိုင်မိသည်။ ဝိညာဉ် ရှာဖွေသူရဲ့ အရင်းအမြစ်… ဒီစာအုပ်က ရချင်တယ်လို့ တစ်ခါအိပ်မက်မက်ဖူး တဲ့စာအုပ်ပဲ။ အခုရုတ်တရက် သူ့ရှေ့မှာပေါ်လာတော့ မထိန်းချုပ်နိုင်တဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေပြီ။
သူသည် အခန်းထဲတွင် စာဖတ်ရင်းနှင့်သာ အချိန်အများစုကုန်ဆုံးလေ သည်။ ပင်ပန်းလာသည်ဟု ခံစားရသည်နှင့် ရှီမာယူယူသည် သူ့ကိုခေါ်ကာ လမ်းလျှောက်ထွက်ပြီး အနားယူကာ ဒုတိယအထပ်ရှိ စားသောက်ခန်းသို့ စားသောက်ရန် သွားကြလေသည်။
စားသောက်ဆိုင်မှာ အလွန်ကြီးမားကာ အစားအသောက်အမျိုးအစား မစုံလင်လှသော်လည်း အရသာမှာ အလွန်ကောင်းပြီး ထူးခြားသည်။
သူမအရင်ဘဝမှ ဘူဖေးနှင့်ပင် ဆင်တူလေသည်။
“အဖေ ဒီမှာထိုင်လိုက်ပါဦး သမီးစားစရာသွားယူပေးမယ်” ရှီမာယူယူ သည် ရှီမာလျူရွှမ်ကို ပြောလိုက်သည်။
“ဟုတ်ပြီ”
“အဖေ သမီးပြတင်းပေါက်ဘေးမှာထိုင်ချင်တယ်နော်”
“ဟုတ်ပါပြီ”
သူမ ဖခင်နှင့်ဆိုလျှင် အရာအားလုံးကောင်းသည်။
ရှီမာယူယူ ပတ်သွားပြီး သူမအတွက်တချို့နှင့် ရှီမာလျူရွှမ်အတွက် တချို့ ယူလာလိုက်သည်။
သူမ ပန်းကန်များပေါ်သို့ စားစရာများယူပြီးနောက် ပြန်လာရာ လန်ကျုံးသည် ရှီမာလျူရွှမ်ဘေးတွင်ထိုင်နေပြီး ယန်းရှီသည် သူတို့စားပွဲ၏ ဘေးစားပွဲတွင်ထိုင်နေသည်ကိုတွေ့လိုက်ရတော့သည်။
***