အခန်း (၉၀)
Vol. 7 Ch. 90
"ရှင်ဘာတွေ တွေးနေတာလဲ?" လင်းဟွေ့သည် သူမနောက်တွင် လှုပ်ရှားမှုမရှိသည်ကို သတိပြုမိသည်။ သူမ လှည့်ကြည့်လိုက်သောအခါ သူက ကြောင်တောင်တက် ဖြစ်နေကြောင်း သိလိုက်ရသည်။
ချောင်ကျန်းကျွင်းက သူ့အာရုံကို ပြန်ရလာသည်။ အနည်းငယ် အပြစ်ရှိသလို ခံစားရပြီး သူမ၏ မျက်လုံးကို မကြည့်ရဲပေ။ "ဟင့်အင်း၊ ကိုယ်ဘာမှ မတွေးထားပါဘူး။ နောက်ကျနေပြီ၊ ကိုယ်တို့..."
ထိုနေရာသို့ ရောက်သောအခါ သူ့မျက်နှာသည် တစ်ရှိန်ထိုး နီရဲလာသည်။ သူ့နားရွက်ထိပ်များပင် ဖယောင်းတိုင်မီးရောင်အောက်တွင် ဝက်သွေးနီရောင် တောက်နေသည်။
လင်းဟွေ့သည် အစပိုင်းတွင် စိတ်လှုပ်ရှားနေသည်။ သို့သော် ယခု သူ့ကို ဒီလိုမြင်ပြီး သူမက မနေနိုင်ဘဲ ရယ်လိုက်သည်။ "ရှင့်မျက်နှာက ဘာလို့ဒီလောက်နီနေတာလဲ?"
မျောက်ဖင်လိုပဲ။
ချောင်ကျန်းကျွင်းက သူ့နဖူးကို ကုတ်ပြီး "ကိုယ် ကိုယ်ရှက်လို့ မရဘူးလား?" ဟု ရှက်ရွံ့စွာ ပြန်ဖြေသည်။
ထိုသို့ပြောပြီး လျှောက်သွားလိုက်သည်။ သူမလက်ကို သတ္တိရှိရှိ ဆုပ်ကိုင်လိုက်သည်။ "ကိုယ်က အရည်အချင်းရှိတဲ့လူမဟုတ်ဘူးဆိုတာ သိတယ်။ ဒါပေမယ့် မင်းနဲ့ ကလေးတွေ ကောင်းကောင်းနေနိုင်ဖို့ သေချာပေါက် ကြိုးစားမယ်"
လင်းဟွေ့သည် သူမ၏ မျက်လုံးများ ပူလာကာ နှာခေါင်းကလည်း ချဥ်သွားသလို ခံစားလိုက်ရကာ မျက်ရည်ကျလုနီးပါးပင်။ "ကောင်းပြီ။ ရှင်ပြောတာကို ကျွန်မမှတ်ထားမယ်။ ရှင်မဖြည့်ဆည်းပေးနိုင်ရင် ကျွန်မက ခွင့်မလွှတ်ဘူး!"
သူမဒီနေ့ကို စောင့်ရတာ ကြာပြီ!
မူလက သူမအသက်ဆယ့်ရှစ်နှစ်တွင် သူ့ဇနီးအဖြစ်နှင့် လက်ထပ်သင့်သည်။ အဆင်မပြေမှုကြောင့် သူက ဖန်ရှောင်ကျွမ်းနှင့် လက်ထပ်ခဲ့ပြီး သူမက ပညာတတ်လူငယ်ချင်နှင့် လက်ထပ်ခဲ့သည်။
ဒီဘဝတွင် ဘယ်တော့မှ မပေါင်းဖက်နိုင်တော့ဟု သူမက ထင်ခဲ့သော်လည်း ကံကြမ္မာက အမြဲတမ်း မထင်မှတ်ထားသည့် အလှည့်အပြောင်းမျာယနှင့် လူများကို အကြီးမားဆုံး အံ့အားသင့်စေသည်။
သူ့ကိုလက်ထပ်ရတာ သူမ အရမ်းပျော်သည်။
"ကျွန်မက ဇနီးကောင်းတစ်ယောက်ဖြစ်ပြီး သာ့ချောင်ကို ကျွန်မရဲ့သမီးလေးလို ဆက်ဆံသွားမှာပါ"
သူက ကတိတစ်ခုပေးခဲ့သည်။ လင်းဟွေ့လည်း တစ်ခုခုပြောသင့်သည်ဟု ခံစားမိသည်။
ချောင်ကျန်းကျွင်းသည် သူမ၏စကားများကို လုံးဝသံသယမရှိခဲ့ပေ။
ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်တွင် "ဘူ" အသံတစ်ခုထွက်ပေါ်လာပြီး ဆူညံသံအချို့ထွက်ပေါ်လာသည်။
ချောင်ကျန်းကျွင်း၏ အမူအရာက ပြောင်းသွားပြီး "အပြင်မှာ ဘယ်သူလဲ?" ဟု ကျယ်လောင်စွာ အော်လိုက်သည်။
"သေစမ်း၊ သူတောင်းစား ကော်ရှန်း! ဒီအချိန်မှာမှ မင်းဘာလို့ လေလည်တာလဲ?!"
"အမှန်ပဲ။ အနံ့တွေက နံနေတာပဲ၊ မင်းက လူတိုင်းကို သေတဲ့အထိ နံစေချင်တာလား?"
"မင်းတို့တွေက ရယ်စရာကြီးပဲ။ မနံရင် ဘယ်လိုလုပ် နံတဲ့အီးလို့ခေါ်မှာလဲ?" ကော်ရှန်းက ပြန်ပြောသည်။
ချောင်ကျန်းကျွင်း၏ မျက်နှာက နီမြန်းသွားပြန်သည်။ သူက လင်းဟွေ့ကို ပြောလိုက်သည်။ "ကိုယ် သူတို့ကို မောင်းထုတ်လိုက်မယ်!"
တကယ် သတိလက်လွတ် ဖြစ်သွားသည်။ ယနေ့ သူ ဒုတိယအကြိမ်လက်ထပ်တာတောင် ဒီလူအုပ်စုက ခိုးနားထောင်နေသေးသည်ကို သူ မမျှော်လင့်ထားပေ။
သူထွက်သွားသည်နှင့် အပြင်မှလူများက အလျင်စလို လူစုခွဲသွားကြသည်။
"ဒုတိယချောင်၊ မင်းဘာကိစ္စရှိလို့လဲ? ဟိုတုန်းက မင်းမင်္ဂလာဆောင်ညမှာ ထင်းလှောင်အိမ်ထဲ သွားအိပ်တယ်။ အခု မင်းနောက်ထပ် အိမ်ထောင်ပြုတာတောင် အဲဒီကိုမရောက်ဖြစ်ဘူး။ အဲဒါကို မလုပ်နိုင်ဘူး မဟုတ်လား?"
ချောင်ကျန်းကျွင်းက ဘယ်လောက်ပဲ စိတ်ထားကောင်းနေပါစေ ဤသည်ကို အမေးခံရသည့်အခါ ဒေါသထွက်သွားသည်။ "ဒီကနေ ထွက်သွား!"
လူငယ်တစ်စုသည် ရယ်မောရင်း ဆူညံစွာ ထွက်ခွာသွားကြသည်။
ချောင်ကျန်းကျွင်းက သူ့အခန်းကို ပြန်သွားသောအခါ လင်းဟွေ့က သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူက မျက်နှာပူပူနှင့် ပြောသည်။ "ကိုယ်က အဲဒီနေရာမှာ ဘာပြဿနာမှမရှိဘူး"
"ဗုန်း"ခနဲ လင်းဟွေ့၏ ပါးပြင်သည် ကြက်ဥကြော်ရန် လုံလောက်သည်။ သူမက သူ့ကို လက်ညိုးထိုးပြီး ပြောသည်။ "အဲဒါကို ဘယ်သူမေးလို့လဲ?"
မီးအိမ်အောက်၌ သူမကို ပိုကြည့်လေလေ သူမ ပိုလှလေလေ ဖြစ်သည်။
လင်းဟွေ့သည် လှပသည်။ ယခုအချိန်တွင် သူမ၏ ပါးပြင်များက ရှက်ရွံ့သည့် အလှနှင့် နီရဲနေသည်။ ချောင်ကျန်းကျွင်း၏ နှလုံးသားကို ပူလောင်စေသည်။
သူမ၏ လက်ကို လှမ်းကိုင်လိုက်ပြီး "အနားယူရအောင်" ဟု ပြောလိုက်သည်။
လငဟွေ့က သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး "အန်း" ဟု တိုးတိုးလေးပြောသည်။
ဆီမီးခွက်ကြီးက မှိတ်သွားပြီး အခန်းထဲရှိ ကုတင်ကြီးက ဆူညံပွက်လောရိုက်နေသည်။
အပြင်၌ လသည် တိမ်တွေနောက်တွင် ရှက်ရွံ့စွာ ပုန်းအောင်းနေသည်။
...
ရှန်းမိသားစုက ဝမ်အာလေး၏ နေရာကို စုံစမ်းပေးမည်ဟု ကတိပေးခဲ့သော်လည်း ချောင်မိသားစုက သူတို့၏ မျှော်လင့်ချက်အားလုံးကို တစ်ဖက်လူအပေါ် မတွယ်ကပ်နိုင်ပေ။
ချောင်ကျန်းကျွင်း၏ မင်္ဂလာပွဲအပြီးတွင် ချောင်ကျန်းမင်သည် သူ့သမီးကို ထပ်မံရှာဖွေရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ယခုတစ်ခါတွင် ချောင်ကျန်းကော်က သူနှင့်အတူ ထွက်သွားသည်။
ထိုနေ့ အလုပ်ပြီးသောအခါ ချောင်ကျန်းကော်သည် ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်အား ထွက်ခွာရန် တောင်းဆိုလိုက်သည်။ မိတ်ဆက်စာနှစ်စောင်ရေးခိုင်းသည်။ ထို့နောက် မိတ်ဆက်စာများနှင့်အတူ ညစာစားရန် အိမ်ပြန်လာသည်။
လမ်းတစ်ဝက်တွင် ထူးဆန်းသည့်လူတစ်ယောက်နှင့်တွေ့မည်ဟု ဘယ်သူသိလဲ။
လက်ဝဲဘက်သို့သွား၍ တစ်ဖက်လူသည်လည်း ဘယ်ဘက်သို့သွား၏။ ညာဘက်သို့သွားလျှင် အခြားတစ်ဖက်ကလည်း ညာဘက်သို့ သွားသည်။ အကြိမ်အနည်းငယ်ကြာပြီးနောက် သူက မထွက်ခွာနိုင်သေးပေ။
သူ့ရှေ့က အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်သည်။ "ဒီက အမျိုးသမီး၊ မင်း ဘယ်လမ်းကို သွားမှာလဲ? ကျုပ်က ရပ်နေမယ် မင်း အရင်သွားပါ"
ဒီလူ! သူ ညစာစားဖို့ အိမ်ကို အပြေးအလွှား သွားရမယ်။
သာ့ကျီသည် သူမ၏အောက်နှုတ်ခမ်းကို အသာအယာကိုက်လိုက်ပြီး ခေါင်းကို အနည်းငယ်မော့ကာ သူ့ကို ကြည့်လိုက်သည်။ "အကိုကြီးချောင်၊ ညီမကို မမှတ်မိဘူးလား?"
ဤ "အစ်ကိုကြီးချောင်" သည် လူတို့၏အရိုးများ အရည်ပျော်လုမတတ် ဖြစ်သွားစေသည်။
သူမရှေ့၌ ရပ်နေသည့် ချောင်ကျန်းကော် အမာခံ သံမဏိ ဖြောင့်ဖြောင့် သူတစ်ယောက် ဖြစ်သည်။ သူမက ဘယ်လောက်ပဲ ချစ်စရာကောင်းနေပါစေ ပေါင်မုန့်ပေါင်းလောက် ဆွဲဆောင်မှု မရှိပေ။
ချောင်ကျန်းကော်က သူမကို စိုက်ကြည့်ကာ ခဏလောက်စဉ်းစားပြီး ပြောသည်။ "ငါမမှတ်မိဘူး!"
သာ့ကျီက သူမ၏ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ "အကိုကြီးချောင်က မေ့တတ်တဲ့ တကယ်ကို မြင့်မြတ်တဲ့ သူတစ်ယောက်ပဲ။ လွန်ခဲ့တဲ့ တစ်လကျော်လောက်က အစ်ကိုကြီးနဲ့ ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်က ပညာတတ်လူငယ်တွေကို သွားခေါ်တယ်လေ။ အဲဒီတုန်းက အစ်ကိုကြီးဘေးမှာ ညီမထိုင်တယ်။ ပြန်စဉ်းစားကြည့်၊ အစ်ကိုကြီး မှတ်မိလား?"
ချောင်ကျန်းကော်က တွေးနေသကဲ့သို့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရုတ်တရက် နဖူးကို ရိုက်လိုက်သည်။ "မှတ်မိပြီ!"
သာ့ကျီက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်။
သူမသည် အလွန်ချောမောသောကြောင့် ယောက်ျားများက သူမကို တစ်ကြိမ်တွေ့မြင်သရွေ့ အလွယ်တကူ မေ့နိုင်မည် မဟုတ်ပေ။
ချောင်ကျန်းကော်က ရယ်မောလိုက်သည်။ "မင်းကို ပန်းပဲဆရာပဲ။ မင်းရဲ့ ဘောင်းဘီ ချွတ်တာကိုတောင် ငါမြင်ဖူးတယ်!"
သာ့ကျီ - "..."
ဘောင်းဘီချွတ်တာ အကြောင်းပြောနေတာ ရပ်နိုင်မလား?
သာ့ကျီက သူမဆံပင်ကို ဆွဲဆုပ်ခါနီးနေပြီ။
ဒီကိစ္စကို မေ့သွားအောင် သူမကိုယ်သူမ ကြိုးစားခဲ့တယ်။ ဒီလူက သူမတို့တွေ့တဲ့အခါ ဘာကြောင့် ထပ်ပြောတာလဲ?
နောက်ပြီး 'ပန်းပဲဆရာ' က ဘာကြီးလဲ?
သူမစကားပြောရင်း သံသယများဖြင့် မေးလိုက်သည်။ "အစ်ကိုကြီးချောင်၊ ညီမကို ဘာလို့ ပန်းပဲဆရာလို့ ခေါ်တာလဲ?"
သူမမိသားစု၏ မျိုးဆက်ဆယ့်ရှစ်ဆက်တွင် မည်သူမှ သံပင် မရိုက်နိုင်ပေ။ ဒါဆို ဘာလို့ သူမကို ဒီလိုထူးဆန်းတဲ့ နာမည်ပေးရတာလဲ?
ချောင်ကျန်းကော်က ခေတ္တရပ်ပြီး ပြန်ဖြေသည်။ "မင်းရဲ့မျိုးရိုးနာမည် သာ့ မဟုတ်ဘူးလား? မင်းနာမည် ထျဲ လား? ပေါင်းလိုက်ရင် ပန်းပဲဆရာလေ! ဟားဟား၊ မင်းမိဘတွေက အရမ်းထူးဆန်းတယ်။ မင်းကို အဲလိုရယ်စရာကောင်းတဲ့ နာမည်ကို ဘယ်လိုလုပ် ပေးတာလဲ? ဟားဟား... “
သာ့ကျီ - "..."
သူမ နှလုံးသားထဲတွင် ခွေးတစ်ကောင်ကို အဘယ်ကြောင့် ခံစားခဲ့ရသနည်း။
သူမက အသက်ပြင်းပြင်းရှူပြီး ပြောခဲ့သည်။ "အကိုကြီး ချောင်၊ အစ်ကို စာလုံး လွဲနေတာ ဖြစ်နိုင်တယ်။ ညီမနာမည်က သာ့ကျီပါ။ ကျီ ပါ။ ထျဲ မဟုတ်ဘူး"
ချောင်ကျန်းကော်သည် တစ်စက္ကန့်မျှ အံ့အားသင့်သွားသည်။ ပြီးတော့ သူက ရယ်မောရင်း ဆက်ပြောခဲ့သည်။ "ဒါဆို အမိန့်ထဲက ကျီပေါ့။ ငါစဥ်းစားနေတာ ပန်းပဲဆရာလို့ခေါ်တဲ့ မိန်းကလေးက ဘာလို့ရှိရတာလဲလို့။ ကောင်းပြီ ငါသွားတော့မယ်"
သူပြောပြီးသည်နှင့် သူမကို ကျော်ဖြတ်ကာ ထွက်သွားသည်။
သာ့ကျီ - "..."
ဒါက ဘယ်လိုလူလဲ...?
သာ့ကျီက သူ့ကိုရှာသည်မှာ မှားလားဟု စိတ်ထဲတွင် သံသယ ဝင်လာသည်။
သို့သော် ရွာ၌ ယောက်ျား အများကြီးရှိသဖြင့် သူမထံတွင် ရွေးချယ်စရာမရှိပေ။
သာ့ကျီသည် သူမ၏ စိတ်ထဲတွင် ခိုင်မာစွာ ဆုံးဖြတ်လိုက်ပြီး သူ့နောက်ကို ပြေးလိုက်သည်။ "အကိုကြီးချောင်၊ ညီမကို စောင့်ဦး။ အစ်ကိုကြီးကို ပြောစရာရှိတယ်!"
သို့သော် ချောင်ကျန်းကော်သည် သူ့နောက်တွင် တစ္ဆေတစ်ကောင် လိုက်နေသကဲ့သို့ အလွန်လျင်မြန်စွာ ပြေးသွားသည်။
သာ့ကျီက သူမ၏ ခန္ဓာကိုယ်ကို စောင်းပြီး ပြုတ်ကျချင်ဟန်ဆောင်ကာ သူ့အာရုံကို ဆွဲဆောင်ခဲ့သည်။
သို့သော်လည်း တိမ်းစောင်းအားက ပြင်းထန်လွန်းပြီး သူမ၏ ခြေသည် မတည်မငြိမ် ဖြစ်နေသည်။ သူမ၏ တစ်ကိုယ်လုံး ဟန်ချက်ပျက်သွားသည်။
ကျယ်လောင်သော ပြုတ်ကျသံ ထွက်ပေါ်လာသည်။
သူမသည် ခွေးမစင်စားသကဲ့သို့ လဲကျသွားသည်။
မြေတစ်လုတ်ကို စားရရုံတင်မက လက်ဖဝါးနှင့် ဒူးခေါင်းများတွင်လည်း နာကျင်နေသည်။ နာကျင်မှုက သူမကို ငိုစေတယ်!
ချောင်ကျန်းကော်သည် လှုပ်ရှားမှုကို ကြားလိုက်သောအခါ သူမ ဘယ်လိုလဲကျသွားလဲဆိုသည်ကို သိရန် အချိန်မီ လှည့်ကြည့်လိုက်သည်။ သူက ခွေးတစ်ကောင်လို တချက်တည်း ရယ်လိုက်သည်။
"ဟား ဟား၊ မင်းမျက်နှာနဲ့ လဲကျသွားတယ်။ ငါ ရယ်ရလွန်းလို့ ဗိုက်ပါနာတယ်!"
သာ့ကျီ - "..."
နီရဲသောမျက်လုံးများဖြင့် မြေပြင်မှထကာ လှည့်ထွက်သွားသည်။
နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။
နောက်မှတွေ့မယ်!
မဟုတ်ဘူး၊ ရှင့်ကို ဘယ်တော့မှ ပြန်မတွေ့တော့ဘူး။
တစ်ဖက်သူ ထွက်သွားသည်ကို ချောင်ကျန်းကျွင်းက မြင်သောအခါ ခပ်မြန်မြန် ပြေးသွားသည်။
မြန်မြန်ပြန်မလာလျှင် သူ့မိန်းမက အသားအကုန် စားသွားလိမ့်မည်။
ညစာစားပြီးသောအခါ စကားစမြည်ပြောရင်း ချောင်ကျန်းကော်က သာ့ကျီပြုတ်ကျသွားသည့်အကြောင်းအား လူတိုင်းကို ပြောပြသည်။
"မင်း မမြင်လိုက်ဘူး။ သူမ မျက်နှာနဲ့ လဲကျသွားတယ်။ အရမ်းရယ်စရာကောင်းတယ်။ ပြီးတော့ သူမကို ပန်းပဲဆရာလို့ခေါ်တယ်လို့ ထင်ခဲ့ပေမယ့် သူ့နာမည်က သာ့ကျီတဲ့။ ဟားဟား၊ ပန်းပဲဆရာနာမည်က မှတ်မိဖို့ ပိုလွယ်တယ်လို့ ခံစားရတယ်"
လူတိုင်း - "..."
ဝမ်ချွမ်ကျီ အနံ့တစ်ခု ရလာသည်။ "ကျန်းကော်၊ ရှင်ဘာပြောလိုက်တာလဲ? သူက ရှင့်ကို အကိုကြီးချောင်လို့ခေါ်တယ်ပေါ့လေ?"
ချောင်ကျန်းကော်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ပြဿနာရှိလား?"
သူက အသက် မကြီးသေးပေ။ အစ်ကိုကြီးချောင်လို့ မခေါ်ရင် သူ့ကို ဦးလေးချောင်လို့ ခေါ်ရမှာလား?
ဝမ်ချွမ်ကျီသည် အံကြိတ်ကာ သူမ၏ စိတ်ထဲတွင် 'မြေခွေးမ' ဟု ပြောလိုက်သည်။
"ကျန်းကော်၊ ဒါ သိက္ခာမဲ့တဲ့ မိန်းမပဲ၊ နောင်မှာ ရှင် သူမကို တွေ့ရင် ဝေးဝေးနေ!"
မြေခွေးမ၊ သူမယောက်ျားကို သွေးဆောင်ရဲတယ်။ သူမကို ဘယ်လို ရှင်းထုတ်မလဲဆိုတာ ကြည့်နေ။
ချောင်ရှို့ကျီက မျက်လုံးပင့်ပြီး သူမကို မော့ကြည့်လိုက်သည်။ "ဟိုဘက်လူက ဘာမှမလုပ်ဘူး။ နင့်ခင်ပွန်းရဲ့ ဂုဏ်သတင်းကို တွေးကြည့်။ နင်ဘာမှ မလုပ်ရင် ပိုကောင်းမယ်။ မဟုတ်ရင် တစ်ခုခုဖြစ်လို့ နင်ကိုယ်တိုင် မဖြေရှင်းနိုင်မှ ငါ့ဆီမလာနဲ့!"
ချောင်ရှို့ကျီက ဝမ်ချွမ်ကျီကို တစ်ချက်ကြည့်လိုက်သည်။
သာ့ကျီဟုခေါ်သော ပညာတတ်လူငယ်လေးသည် မှားယွင်းသော အတွေးများ ရှိနေသည်မှာ သေချာသည်။ သူက တခြားလူတစ်ယောက်ဆိုလျှင် သူမကို စွဲလမ်းနေပြီဖြစ်နိုင်သည်။
ချောင်ကျန်းကော်လို လူမိုက်နှင့်တွေ့လိုက်ရသဖြင့် သနားစရာကောင်းသည်။ ဘာမှမဖြစ်ပေ။ ထိုအစား သူမကိုယ်သူမ အရှက်ရသွားစေသည်။
နောက်ဆက်တွဲ မရှိလျှင် ဒီအတိုင်းပဲ ပြီးသွားလိမ့်မည်။ ချောင်ရှို့ကျီက ဒါက အကောင်းဆုံးဟု ထင်သည်။
ကောလဟာလများ ထွက်လာလျှင် ချောင်ကျန်းကော်၏ နာမည်ပျက်သွားလိမ့်မည်။
ဝမ်ချွမ်ကျီက ဒေါသနှင့် အံကြိတ်သည်။
ယောက္ခမပြောသည်က အဓိပ္ပာယ်ရှိကြောင်း ဝန်ခံရမည်။
ဒါပေမယ့် ထိုအမျိုးသမီး ပညာတတ်လူငယ်ကို ဒီတိုင်း လွှတ်ပေးလိုက်ရမှာလား?
အဲဒါက မဖြစ်နိုင်ဘူး။ ဒီဘဝမှာ မဖြစ်နိုင်ဘူး!
ရက်အနည်းငယ်ကြာပြီးနောက် ဝမ်ချွမ်ကျီသည် သူမအားလပ်ချိန်တွင် အပြင်သို့ထွက်လာသည်။ ရံဖန်ရံခါ သူမသည် ပညာတတ်လူငယ်နေရာတစ်ဝိုက်တွင် လှည့်ပတ်သည်။
ရက်အနည်းငယ်ကြာ လှည့်ပတ်သွားလာပြီးနောက် နောက်ဆုံးတွင် သူမသည် သာ့ကျီတစ်ယောက်တည်းကို ဖမ်းမိသည်။
သူမသည် တောဝက်တစ်ကောင်လို ချက်ခြင်းပြေးလာပြီး ခြေထောက်ကို မြှောက်ကာ သာ့ကျီကို ကန်ချလိုက်သည်။ ထို့နောက် သူမသည် ကြိုတင်ပြင်ဆင်ထားသည့် အနက်ရောင်အ၀တ်ဖြင့် တစ်ဖက်လူ၏ မျက်လုံးကို ဖုံးအုပ်ကာ သူမ၏ ဘယ်ညာကို ခွန်အားနှင့် ကွေးထားသည်။
ဖြန်း ဖြန်း ဖြန်း!
"အာာာား..."
သာ့ကျီက အရူးတစ်ယောက်လို ထအော်သည်။
"ဘယ်သူလဲ? င့ါကို လွှတ်ပေး... အဟင့်... နင့်ကို ထုတ်လုပ်ရေးခေါင်းဆောင်ကို သတင်းပို့မယ်!"
သူမကို သတင်းပို့မှာလား?
ဖြန်း ဖြန်း!
ထို့နောက် အကြိမ်အနည်းငယ် ပါးရိုက်သည်။
မြေခွေးမ!
ခွေးမ!
အိမ်ထောင်သည်တစ်ဦးကို သွေးဆောင်ဖြားယောင်းရဲတယ်။ ဒါက ရလဒ်ပဲ။
သာ့ကျီ ဒေါသအရမ်းထွက်ပြီး သွေးတွေ တဟုန်ထိုး တက်လာသည်။ သူမ၏ အသက်ရှူသံလည်း ထွက်မလာပေ။ ဒေါသကြောင့် မူးဝေသွားသည်!
ဝမ်ချွမ်ကျီသည် တစ်ဖက်သူက မလှုပ်ရှားသည်ကို မြင်လိုက်ရပြီး တစ်ဖက်သူ၏ နှာခေါင်းကို ထိလိုက်သည်...
မဟုတ်ဘူး၊ အသက်မရှူတော့ဘူး။
တစ်ဖက်လူက သေပြီ၊
ဝမ်ချွမ်ကျီ၏ မျက်နှာက ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားသည်။
သူမက တစ်ယောက်ယောက်ကို သတ်လိုက်ပြီ။
မတ်တပ်ထရပ်ပြီး အိမ်ဘက်သို့ ပြေးသွားခဲ့သည်။
အိမ်ပြန်ရောက်သောအခါ အခန်းထဲ၌ သော့ခတ်ပြီး စောင်ထဲတွင် လှဲအိပ်လိုက်ပြီး တုန်လှုပ်နေမိသည်။