ယဲ့စီရင်စုက ဟော်မိသားစု
Vol. 103 Ch. 1442
မကြာမီတွင် သူတို့သည် အကြောင်းအရင်းကို တွေ့သွားကြလေသည်။
“သခင်မလေး၊ ဒီတစ်ခေါက် ယဲ့စီရင်စုမှာ ကျင်းပတဲ့ပြိုင်ပွဲက ဟော်မိသားစုက နှစ် တစ်သောင်း လနက်ရှိုင်းအသီးကို ယူလာတာကြောင့် ဖြစ်ပါတယ်” ကိုယ်ရံတော် တင်ပြလေသည်။
“နှစ် တစ်သောင်းသက်တမ်းရှိတဲ့ လနက်ရှိုင်းအသီး” လီယောင်နှင့် တခြားသူများသည် အံ့ဩသွားကာ ပြာကျပ်သောအသံများဖြင့် အော်လိုက်ကြ သည်။
အဂ္ဂိရတ်ပညာရှင်များအနေနှင့် သူတို့သည် လနက်ရှိုင်းအသီး၏ အရေးပါ ပုံကို သိထားကြသည်။ အဆင့် ၁၀ အထက်ဆေးကို ဖော်ချင်သည့်မည်သူမဆို လနက်ရှိုင်းအသီးကိုလိုအပ်ကာ အောင်မြင်နိုင်မှုအခွင့်အရေးမှာလည်း မြင့်မား သည်။ ထို့အပြင် ဆေးအမြောက်အများ၏ မရှိမဖြစ်ပါဝင်ဆေးပစ္စည်းလည်းဖြစ် သည်။
လနက်ရှိုင်းအသီး ရင့်မှည့်ရန်ပင် မလွယ်ကူကာ နှစ် တစ်သောင်း သက်တမ်းကို ရရန်မှာ ပို၍ရှားပါးကြောင်းကို သိထားသည်။
နှစ်တစ်သောင်း လနက်ရှိုင်းအသီး… ဒီလောက်ရင့်မှည့်တဲ့ရှားပါးအသီးက တစ်လုံးတည်းပဲရှိနိုင်တယ်။
“သခင်မလေးယန်း နင်လည်း မကြာသေးခင်ကပဲ သက်တမ်းရှိ လနက်ရှိုင်းအသီးကို ရှာတွေ့ခဲ့တယ်လို့ ပြောတာမှတ်မိသေးတယ်…” ဖန်ချီ သည် အရင်တစ်ခေါက်ပြောဖူးသည်ကို ပြန်တွေးကာ ပြောလိုက်သည်။
“အဲဒါကြောင့် အဲနှစ်ယောက်က ကိုယ်တိုင်ထွက်လာကြတာကိုး၊ ဟင်း.. သူတို့ ငါ့ကိုဖုံးကွယ်နိုင်မယ်လို့စဉ်းစားတာကိုက ကောင်းသွားတာပဲ” ယန်းရှီ နှာမှုတ်လိုက်သည် “ဒီလနက်ရှိုင်းအသီးကို ငါလိုချင်တယ်”
“နင့်ရဲ့ အဂ္ဂိရတ်ပညာက သူတို့ထက်ကောင်းတာပဲ သူတို့က နင့်ကိုနိုင်မှာ မဟုတ်ပါဘူး” ဖန်ချီသည် အခွင့်အရေးယူကာ မြှောက်ပင့်လိုက်သည်။
“ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက သူတို့နှစ်ယောက်က ငါနဲ့ယှဉ်နိုင်ကြတယ်၊ အချိန် တွေကြာပြီးတော့ ငါတိုးတက်လာသလို သူတို့လည်း တိုးတက်လာမှာပဲ” ယန်းရှီသည် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရချိန်တွင် ဂုဏ်မမောက်ပေ။
လီယောင်နှင့် ဖန်ချီတို့လည်း စဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။ သူမသည် ထိုနှစ်ယောက်အား အမြဲတစေ ပြိုင်ဘက်သဖွယ် သတ်မှတ်ထားခဲ့ သည်။
သူမ ပြိုင်ဘက်အနေနဲ့ ထိုက်တန်ဖို့ဆိုရင် သူတို့က ဘယ်လိုလုပ် အရည် အချင်းမကောင်းဘဲနေလို့ရမလဲ။
“ဒါပေမဲ့ ငါ သေချာပေါက် သူတို့ကိုအနိုင်ယူမှာ” ယန်းရှီသည် ယုံကြည်မှု အပြည့်ဖြင့် ပြောလေသည်။
“ဒါဆိုယဲ့စီရင်စုကို သွားကြတာပေါ့၊ ဒါပေမဲ့ အဲဒီရှီမာယူယူကို ဘယ်လို လုပ်မလဲ” ဖန်ချီ မေးလိုက်သည်။
ရှီမာယူယူ… လန်ကျုံးသူမကို ပျော်ရွှင်စွာ ပြုံးပြသည်ကို စဉ်းစားမိလျှင် ယန်းရှီသည် စိတ်ထဲမှဒေါသကို မထိန်းချုပ်နိုင်ပေ။
သို့သော် တစ်ဖက်လူသည် သူတို့နှင့်အတူသွားရန် ငြင်းဆန်လိုက်သည်။ မဟုတ်လျှင် သူနှင့် လမ်းတစ်လျှောက် အတူသွားနိုင်သည်။
“သခင်မလေးယန်း သူမကိုသတ်ဖို့ လူလွှတ်ပြီး….” လီယောင်မေးလိုက် သည်။
ယန်းရှီ ခေါင်းခါလိုက်သည် “သူနဲ့ဆိုရင်သူမကိုသတ်လို့မရဘူး”
“မြို့ဝန်လန်လား”
“အင်း”
“သူက ဘယ်သူ့ကိုမှခေါ်မသွားဘူးလေ”
“ဘယ်သူမှမရှိဘူးလို့ ငါတို့မြင်ရပေမဲ့ တကယ်ဘယ်သူမှမရှိတာမဟုတ် ဘူး၊ သူက… သာမန်လူမဟုတ်ဘူး” ယန်းရှီ ပြောလိုက်သည်။
သူသည် သာမန်လူမဟုတ်ပေ။ သူမ မျိုးနွယ်ဝင်များ အရင်ကပြောခဲ့ဖူး သည်။
“ဒါဆိုရင် အခုဘာလုပ်ကြမှာလဲ” ဖန်ချီ ပြေလာိုက်သည်။
“အခုပြောသလိုပဲလေ ယဲ့စီရင်စုနယ်ကိုသွားကြမယ်” ယန်းရှီ ပြောလိုက် သည်။ “လနက်ရှိုင်းအသီးရရင် နင့်အဘိုးအတွက် ဆေးဖော်လို့ရမယ်၊ နင့် မွေးနေ့မှာပို့ပေးလိုက်ရင် သူသေချာပေါက် ကြိုက်မှာပဲ ရှီမာယူယူကတော့ အသက်ရှည်မှာမဟုတ်ဘူး…”
ဘေးမှအစောင့်သည် ထိုနေရာတွင်သာရှိနေသည်။
“ဘာရှိသေးလို့လဲ”
“သခင်မလေးကို တင်ပြပါတယ် ဟော်မိသားစုက တောင်းဆိုချက်တစ်ခု ရှိပါသေးတယ်” ကိုယ်ရံတော်မှ ပြောလေသည်။
“ဘာ တောင်းဆိုချက်လဲ”
“ပထမရတဲ့သူက ဟော်မိသားစုခေါင်းဆောင်ရဲ့ ဇနီးဖြစ်သူကို နိုးအောင် ကုသနိုင်မှပဲ လနက်ရှိုင်းအသီးကိုရမှာပါ” ကိုယ်ရံတော် ပြန်ဖြေလေသည်။
“ဟော်မိသားစုက သခင်မလား”
“ဟုတ်ပါတယ် ဒီလက်အောက်ငယ်သား စုံစမ်းရသလောက်တော့ ဟောမိသားစုခေါင်းဆောင်ရဲ့ ဇနီးဖြစ်သူက အကြောင်းအရင်းရှာမတွေ့ဘဲ ငါးနှစ်လုံးလုံး သတိမေ့နေပါတယ်တဲ့၊ ဟော်မိသားစုအကီဲးအကဲက သူ့ဇနီးကို အရမ်းချစ်မြတ်နိုးပြီး ပြီးခဲ့တဲ့ငါးနှစ်လုံးလုံး ဆေးနည်းတွေအကုန်စမ်းကြည့်ခဲ့ ပေမဲ့ သူမကတော့ မနိုးလာသေးပါဘူးတဲ့၊ အဲဒါကြောင့် သူက ဒီနှစ်တစ်သောင်း လနက်ရှိုင်းအသီးထုတ်ပြီး သူ့ဇနီးကိုကယ်ဖို့ နည်းလမ်းရှိမလားလို့ မျှော်လင့်နေ တာပါ”
“အချစ်ရူးပဲ” ယန်းရှီ ပြောလိုက်သည် “အဲဒီဟော်မိသားစုက ဘယ်သူလဲ”
“ဟော်မိသားစုက ပြည်နယ် ၆၄ မှာအသန်မာဆုံးပါပဲ၊ ကျွန်တော်တို့နဲ့ မယှဉ်နိုင်ပေမဲ့ သူတို့မှာ အင်အားရှိသေးတယ်”
သူတို့မှာ အင်အားရှိသေးတယ်ဆိုတော့ သူတို့က ဒီအတိုင်းမကျရှုံးနိုင်ဘူး ဆိုတဲ့သဘောပဲ။
ထိုပြည်နယ်များတွင် အင်အားကြီး ဂိုဏ်းတချို့ကို သူတို့အားလုံးသိကြ သည်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ရှေ့ထွက်မလာသော်လည်း ထိုအရာ ကြောင့် အတွင်းပိုင်းဒေသတွင် သူတို့အနေအထားကို သက်ရောက်မှုမရှိပေ။
ပြည်နယ် ၄၉ မှရင်မိသားစုနှင့် ပြည်နယ် ၆၄ မှဟော်မိသားစုတို့သည် အတူတူလောက်ပင်။
“ဘယ်မြို့မှာလဲ” သူမ မေးလိုက်သည်။
“ချူချန်းမြို့ပါ”
“ဒါဆိုလည်း ချူချန်းမြို့ကိုသွားကြတာပေါ့” ယန်းရှီ ပြောလိုက်သည် “မင်းတို့တွေ နောက်ကလိုက်ဖို့မလိုတော့ဘူး၊ ဖန်မိသားစုနဲ့သွားပြီးတော့ ရှီမာ မိသားစုနဲ့ ရှီမာယူယူအကြောင်းကို စုံစမ်းလိုက်”
“ဟုတ်ကဲ့ပါ သခင်မလေး”
ယန်းရှီနှင့် တခြားသူများသည် ချူချန်းမြို့ကို အမြန်သွားကြကာ ရှီမာယူယူနှင့် တခြားသူများလည်း ချူချန်းမြို့သို့ သွားကြလေသည်။
အစက သူတို့သည် ရှီမာမျိုးနွယ်သို့ သွားရန်ဖြစ်သည်။ သို့သော် သူတို့ ပြန်အလာကို စောင့်နေသော ရှီမာကျိယွင်သည် ချူချန်းမြို့တော်ကိုလာရန် ပြောလိုက်သည်။
ချူချန်းမြို့တော်… သူတို့သည် မကြာမီကျင်းပတော့မည့် ချူချန်း ညီလာခဲ့ပွဲကြီးအကြောင်း လူအများပြောနေကြသည်ကို များစွာကြားခဲ့ရသည်။
ညီလာခံဟုပြောသော်လည်း ပြိုင်ပွဲလည်းဖြစ်နေသည်။ ပြီးလျှင် အမျိုးသမီးများအတွက်သာ ဖြစ်သောကြောင့် မိန်းမလှများစွာလာမည်ဖြစ်ရာ လာရောက်ကြည့်ရှုသူ များပြားလေသည်။
ထို့ကြောင့် ချူချန်းမြို့တော်သည် နောက်ပိုင်းတွင် စည်ကားနေသည်။
ဟော်မိသားစုသည် ပြည်နယ် ၆၄ တွင် အားအကောင်းဆုံးအိမ်တော်ဖြစ် ကာ အနေအေးကြသည်ဟု ရှီမာရှုံ့ချီ ပြောပြလေသည်။ လက်ရှိ ခေါင်းဆောင် သည် ဇနီးဖြစ်သူကို များစွာချစ်မြတ်နိုးသည်။ သူသည် ဇနီးဖြစ်သူ၏ မေ့မြောမှု ကြောင့် အကူအညီမဲ့ကာ အဖြေရှာခြင်းဖြစ်သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး တွေ့ဖူးကြသော်လည်း ရင်းနှီးမှုတော့ မရှိကြပေ။
ရှီမာကျိယွင်သည် ချူချန်းမြို့သို့ သူတို့ကို တွေ့ရန်ပြောသည်မှာ မိသားစု၏ မျိုးဆက်ငယ်များကို ချူးချန်းမြို့ညီလာခံတွင် ပါဝင်ခိုင်းရန် ဖြစ်နိုင် ချေများသည်။
“သတိမေ့ရတဲ့အကြောင်းအရင်းကို ရှာမတွေ့မှတော့ ဘာလို့သမားတော် နဲ့မပြတာနဲ့ အဂ္ဂိရတ်ပညာရှင်ကိုရှာလို့ အဆင်ပြေပါ့မလား” သူမသည် မနေနိုင် တော့ဘဲ စိတ်ထဲမှအတွေးကို ထုတ်ပြောလိုက်သည်။
“သခင်မလေး မသိလို့နော်….” သူမ ပြောသည်ကို ကြားသောအခါ လက်ဖက်ရည် တည်ခင်းနေသော စားပွဲထိုးပြောလေသည် “ခေါင်းဆောင်က နေရာအနှံ့က သမားတော်တွေကို ဖိတ်ကြားခဲ့တယ်၊ ဒါပေမဲ့ သခင်မကြီးက သတိမေ့နေဆဲပဲ”
“သမားတော်တွေက သူမကို မကုနိုင်ကြဘူးလား”
“ဟုတ်တယ် အဲလိုပဲကြားတာပဲ”
“သမားတော်တွေ မကူညီနိုင်မှတော့ ကျွမ်းကျင်မှုနယ်ပယ်မတူတဲ့ ဒီမိန်းကလေးတွေက ဘာလုပ်နိုင်မှာလဲ” မူစစ်သည် မနေနိုင်တော့ဘဲ မေးလိုက် သည်။
“သူကသခင်ရင်လင်းကို တွေ့ချင်တယ်လို့ကြားတယ်၊ ဒါပေမဲ့ သခင်ကြီး ရင်လင်းက သူ့ကိုတိုက်ရိုက်မတွေ့ဘဲ ဒီကိစ္စကို မိန်းကလေးတစ်ယောက်ကပဲ ဖြေရှင်းနိုင်မယ်လို့ပဲ ပြောလိုက်တယ် အဲဒါကြောင့် ပြိုင်ပွဲကျင်းပလိုက်ရတာပဲ”
မိန်းကလေးတစ်ယောက်ပဲ ဖြေရှင်းနိုင်မယ်…
တကယ်ပဲ ရင်လင်းရဲ့ လေသံပဲ… ရှီမာယူယူသည် စိတ်ထဲမှ ပြုံးမိသွား သည်။
“နောက်ပိုင်း ဘာဖြစ်မလဲတော့မသိဘူး၊ ဒီညီလာခံက ချူးချန်းမြို့မှာ ကျင်းပတာ ရုတ်တရက်ကြီး ပြောင်းလဲသွားသလိုပဲ ဧည့်သည်တော်တို့ လက်ဖက်ရည် အဆင်သင့်ဖြစ်ပါပြီ သုံးဆောင်ကြပါ”
စားပွဲထိုးသည် စကားပြောပြီးသည်နှင့် ထွက်သွားလေသည်။
“ဆရာ သခင်ကြီးရင်လင်းက ဆရာအရင်ကပြောဖူးတဲ့သူမလား ဆရာ့ကို တစ္ဆေမြို့တော်ကို လမ်းပြခဲ့တဲ့သူ” မူစစ် မေးလေသည်။
“ဟုတ်တယ်”
“ဒါဆိုရင် ကျွန်တော်နဲ့ အဲဒီမှာတွေ့မယ်လို့ သူပြောလိုက်တာလား”
ရှီမာယူယူ အံ့အားသင့်သွားသည်။
ရင်လင်းသည် မပြောခဲ့ပေ။ သို့သော် မူစစ်၏ နာမည်ကို လက်ထောက်လေးကို ပြောပြခဲ့သည်။
ဒါ သူမကို ပြောပြတာပဲလား။
“ဘာလို့ မေးတာလဲ” သူမ မေးလိုက်သည်။
“သူ မျှော်လင့်ထားသလိုပဲ ကျွန်တော်တို့ တွေးခဲ့တာလားလို့ သိချင်တာ ပါ” မူစစ်သည် ပြုံးပြီးပြောလေသည် “ပြောရင်းနဲ့ သူ့ကိုကျေးဇူးတင်ချင်တယ် သူ့ကြောင့်သာမဟုတ်ရင် ဆရာလည်း တစ္ဆေမြို့တော်ကိုလာမှာမဟုတ်သလို ကျွန်တာ်နဲ့လည်းတွေ့မှာမဟုတ်ဘူး”
ရှီမာယူယူသည် မူစစ်၏ အပြုံးကို မြင်နေရသည်။ သို့သော် ရင်လင်း တစ်ခါက သူမကို ပြောခဲ့ဖူးသည့်စကားကို ပြန်အမှတ်ရသွားသည်။
သံသရာ… အကျိုးနဲ့ အကြောင်း…
သူမ ဘာလို့ဒါကို စဉ်းစားမိသွားတာလဲ။ အကျိုးဖြစ်လည်း ဘာဖြစ်လဲ အကြောင်းဖြစ်တော့ရော ဘာဖြစ်လဲ။
သူမ ခေါင်းခါယမ်းလိုက်ပြီး အတွေးများကို ဘေးချိတ်ထားလိုက်တော့ သည်။
သူမ ပုံမှန်စဉ်းစားနေကျမဟုတ်သော အတွေးများသည် ရုတ်တရက် ထွက်ပေါ်လာသည်ဟု ခံစားနေရသည်။ ထိုအရာများသည် သူမ စိတ်ကို ထိတ်လန့်စေသည့် အတိတ်နိမိတ်တစ်ခုလိုပင်။
လက်ဖက်ရည်သောက်ပြီးနောက်တွင် သူတို့သည် ချူးချန်းမြို့တော်သို့ တက်သုတ်ရိုက်သွားလိုက်ကြသည်။
ရှီမာကျိယွင်၏ အသံကြားလိုက်သည့်အချိန်က အနည်းငယ်ပူပန်ပုံနှင့် အရေးကြီးသည့်ပုံပေါက်နေသဖြင့် သူတို့သည် တစ်ခုခုဖြစ်နေပြီလားဟု သိချင် လာကြသည်။
***