ဘယ်သူမှမဟုတ်ဘူး
Vol. 105 Ch. 1459
ရင်လန်သည် ဟော်ကျန့်ကျန်း ထွက်သွားသည်ကိုကြည့်ပြီး ရှီမာယူယူ၏ ပခုံးကိုပုတ်ပြီး သူနှင့်အတူ ထွက်သွားရန် အသိပေးလေသည်။
သူ ဘာလုပ်ချင်သည်ကို ရှီမာယူယူမသိသဖြင့် သူနှင့်ထွက်သွားမည်ဖြစ် ကြောင်း ရှီမာကျိယွင်တို့ကို အသိပေးလိုက်သည်။
“ကျွန်မတို့ ဘယ်သွားကြမှာလဲ” သူမသည် ကွင်းပြင်မှထွက်လာမှပင် မေး လိုက်သည်။
“ငါနဲ့သာ လိုက်ခဲ့စမ်းပါ”
ရင်လန်သည် တခြားထပ်မပြောတော့ဘဲ နာမည်ပြားထုတ်ပြီး အရှေ့ရှိ အစောင့်ဆီသို့ သွားလေသည်။
အစောင့်သည် သူတို့၏ ဇစ်မြစ်ကိုမေးမည်အပြုတွင် နာမည်ပြားကို မြင် လိုက်သည်နှင့် ချက်ချင်းပင် လေးစားသမှုပြကာ မေးလိုက်သည် “ကျွန်တော် လုပ်ပေးနိုင်တာရှိမလားလို့ မေးပါရစေ”
“မင်းတို့ မိသားစုခေါင်းဆောင်ဆီကိုခေါ်သွားပေး” ရင်လန်ပြောလိုက် သည်။
ရှီမာယူယူ နားမလည်နိုင်ဖြစ်သွားသည်။ ဒီအချိန်မှာ သူက ဟော်မျိုးနွယ် ရဲ့ မိသားစုခေါင်းဆောင်နဲ့တွေ့ဖို့ တောင်းဆိုနေတာ။ သူတို့က သဘောမတူ လောက်ဘူးမလား။
သို့သော် အစောင့်သည် တစ်ခုမှမမေးမည်ဟု သူမ ထင်မထားပေ။ ထိုအစား သူ ပြောလေသည် “ကျွန်တော့်နောက်လိုက်ခဲ့ပါ”
ပြီးနောက်တွင် သူတို့သည် လမ်းတစ်လမ်းကိုဆင်းသွားပြီး နောက်တစ် လမ်းကိုကျော်သွားချိန်တွင် အပြင်မှ အော်ဟစ်သံများမကြားရတော့ပေ။
ရှီမာယူယူသည် ရင်လန်၏ အင်္ကျီလက်ကို ဆွဲပြီး သူလှည့်လာသည်ကို စောင့်ပြီးသည်နှင့် မေးလိုက်သည် “ရှင်နဲ့ ဟော်ကျန့်… မိသားစုခေါင်းဆောင် ဟော်တို့က ရိုးရှင်းတဲ့ဆက်ဆံရေးမဟုတ်ဘူးမလား”
သာမန်လူသာဆိုရင် သူ့မှာဘယ်လိုလုပ် နာမည်ကတ်ပြားရှိမှာလဲ။
ရင်လန်သည် သူမကို ပြုံးပြလိုက်သည် “အဲလိုကိစ္စလေးတွေနဲ့ စိတ်အရှုပ် မခံနဲ့”
“ဟင်း ကျွန်မကို လှည့်စားဖို့အတွက် ဖုံးကွယ်ထားတာရှိတာလား” ရှီမာယူယူ မေးလိုက်သည်။
“မဟုတ်တာ အဲလိုမျိုးဆိုရင် မင်းကို လှည့်စားလိုက်တာနဲ့ မင်းက အလိမ် ခံမှာတဲ့လား ငါ အမှန်ပြောနေတာပါ” ရင်လန် ပြောလိုက်သည်။
“ရှင့်ကို မယုံဘူး”
“တကယ်ပြောတာ သူမရဲ့ ရောဂါကိုဘယ်လိုလုပ်ရမလဲ တကယ်သဲလွန်စ မရှိဘူး စူးစူးကလည်း လနက်ရှိုင်းအသီးကိုတကယ်လိုချင်နေတယ်၊ ငါကလည်း မင်းကိုအကူအညီတောင်းတယ်ဆိုတာ အဟုတ်ပဲ”
“ဟင်း သိပါပြီ သခင်မဟော်ကို တခြားသူတွေ မကုနိုင်ဘူးဆိုတာ ရှင်သိ ထားတယ် အဲဒါကြောင့် အကုန်လမ်းပျောက်နေချိန်မှာ မျှော်လင့်ချက်တစ်ခု အနေနဲ့ ကျွန်မကိုရှာမယ်လို့တွေးလိုက်တယ် ဘယ်သူသိမလဲ ကျွန်မမှန်းတာ မှန်မလားလို့ ပြီးတော့ ကျွန်မက ရက်တစ်ရာအိပ်ဆေးကိုလည်း ထိန်းချုပ်နိုင် သွားတယ်လေ ဟုတ်တယ်မလား” ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်လိုက် သည်။
ရင်လန်သည် ချောင်းနှစ်ချက်ဟန့်လိုက်သည်။ သူသည် နှုတ်ဆိတ်နေဆဲ ဖြစ်ရာ သဘောတူသည့် အပြုအမူဖြစ်နေသည်။
“ဒါဆိုရင် ရှင်နဲ့ ခေါင်းဆောင်ဟော်တို့ကြားက ဆက်ဆံရေးကိုဘာလို့ ဖုံးကွယ်ချင်တာလဲ ဒီဟာကြောင့်နဲ့ ကျွန်မဈေးမတင်ပါဘူး” သူမသည် မပျော်မရွှင်ဖြစ်မိသည်။ သူမကို အမှောင်ထဲတွင်ထားသည့် ခံစားချက်မှာ မကောင်းလှပေ။
“ငါပြောတာက အမှန်တွေချည်းပဲ ခေါင်းဆောင်ဟော်က ပွင့်လင့်ပြီး ဖြောင့်မတ်တယ် ငါတို့ အကြိမ်နည်းနည်းလောက်ပဲ တွေ့ဖူးပေမဲ့ သူ့ကို အဖြေ စဉ်းစားပေးမယ်လို့ ကတိပေးခဲ့တဘ်၊ အဲဒါကြောင့် သူက ငါ့ကို ကျောက်စိမ်း နာမည်ပြားပေးလိုက်တယ်၊ အဲလိုနဲ့ ငါအကြံရတာနဲ့ သူ့ကိုပဲ တိုက်ရိုက်သွားရှာ တာပဲ” ရင်လန် ရှင်းပြလေသည် “တစ်ခါ နှစ်ခါတွေ့ဖူးတာနဲ့ မိတ်ဆွေကောင်း ဖြစ်နိုင်တာလည်းရှိသလို တစ်သက်လုံးအတူနေလာပေမဲ့လည်း ဝေးကွာသွား တဲ့လူတွေလည်းရှိနိုင်တာပဲလေ”
ရှီမာယူယူသည် ထိုအရာကိုသဘောတူသည်။ စဉ်းစားပြီးနောက်တွင် သူမ ထပ်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
အစောင့်သည် သူတို့ ပြောနေသည်များကို ကြားသောအခါ တိတ်တိတ် လေး အံ့ဩနေသည်။
ရှီမာယူယူသည် မိန်းမပျိုလေးတစ်ယောက်ဖြစ်ကာ ရင်လန်ကို စောင့်စား နေသည်ဟူ၍ပင် သူ ထင်ထားမိသည်။ သူမသည် သခင်မကိုကုသရန် သူ ခေါ် လာခြင်းဖြစ်ကြောင်း ဘယ်သူက ထင်မိမှာနည်း။
ထိုအစောင့်များသည် ခေါင်းဆောင်နောက်လိုက်ကြသဖြင့် ရင်လန်နှင့် ပတ်သတ်သည်များကို အနည်းငယ်သိကြသည်။ နှိမ့်ချတတ်သာလူတစ် ယောက်ဖြစ်လျှင် သူမသည် သေချာပေါက် အစွမ်းအစရှိရမည်။
သူ ထိုကဲ့သို့တွေးလိုက်မိချိန်တွင် ရှီမာယူယူကို အထင်ကြီးလာမိသည်။
သူသည် ခြံဝန်းထဲသို့ ခေါ်သွားလိုက်သည်။ သူတို့ဝင်ခလိုက်ချိန်တွင် အစောင့်များဦးဆောင်ခေါ်လာသည့် အမျိုးသမီးငယ်တချို့ကိုတွေ့လိုက်သည်။
“သူတို့က ပြိုင်ပွဲဝင်တွေလား” ရှီမာယူယူသည် ထိုမိန်းကလေးများကို မြင် သောအခါ မအံ့ဩတော့ပေ။
“ခေါင်းဆောင်က သူတို့ကို ကြည့်ခိုင်းထားတယ်” အစောင့်ပြောလိုက် သည်။
“ဒီလူတွေနဲ့တင်လား ခက်မှာပဲ” ရင်လန်သည် ခေါင်းခါယမ်းလိုက်သည် “သူ တကယ်ပဲ အဆုံးထိသွားမှာကိုး”
ဟော်ကျန့်ကျန်း ထိုနေရာသို့ဝင်လိုက်ချိန်တွင် ရင်လန်ပါရှိနေသဖြင့် အံ့ဩသွားသည်။
“အခုလေးတင် မင်းကို ပွဲကြည့်စင်မှာတွေ့လိုက်ပါတယ် ဒီကိုတောင် ရောက်နေပြီလား”
“မင်း ဒီကိုလူတချို့ခေါ်လာတာကို မြင်တော့ သူတို့ကိုစမ်းသပ်ကြည့်ခိုင်း မယ်လို့ ထင်လိုက်လို့ ကြည့်ဖို့လာခဲ့တာ” ရင်လန်သည် သူခါတိုင်းပြုမူသကဲ့သို့ ပေါ့ပျက်ပျက်မဖြစ်ဘဲ မျက်လုံးများသည် လေးနက်မှုများဖြင့် တောက်ပနေ သည်။
“အင်း သူတို့ကိုစမ်းကြည့်စေချင်လို့လေ” ဟော်ကျန့်ကျန်းသည် ပြောပြီး သည်နှင့် မိန်းကလေးများကို ကြည့်လိုက်သည် “မင်းတို့က ပြိုင်ပွဲကို အရင်ဆုံး ပြီးတဲ့သူတွေပဲ မင်းတို့ ဆေးပညာကလည်း မနိမ့်လောက်ဘူးလို့ ငါယုံပါတယ်၊ ဒီတစ်ခါ ပြိုင်ပွဲအကြောင်းကိုလည်း အားလုံးသိပြီးလောက်ကြမှာပါ၊ မင်းတို့ ဘယ်ရာထူးပဲဖြစ်ဖြစ် ငါ့အမျိုးသမီးကို ကုပေးနိုင်သရွေ့ နှစ်တစ်သောင်း လနက်ရှိုင်းအသီးကို မင်းတို့ကိုပေးသွားမှာ”
နှစ်တစ်သောင်းလနက်ရှိုင်းအသီးဟု ကြားလိုက်သည်နှင့် အားလုံး စိတ်လှုပ်ရှားသွားကြသည်။ သူတို့လည်း အဲဒီပစ္စည်းကြောင့် ရောက်လာသည့် ပုံပင်။
“ခေါင်းဆောင်ဟော် စိတ်ချပါ ကျွန်မတို့ထဲက တစ်ယောက်ကတော့ ရှင့် ရဲ့ဇနီးကို နိုးအောင်လုပ်နိုင်မှာပါ” စကတ်ဝတ်ထားသော မိန်းကလေးတစ် ယောက်သည် ဟော်ကျန့်ကျန်းကို ဂါရဝပြုလိုက်သည် “အခုပဲ ရှင့်ဇနီးကို ကြည့်လို့ရမလား၊ သူမ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းကိုပဲ ကြည့်ချင်လို့ပါ”
“ဟုတ်ပါတယ် အားလုံးပဲ လိုက်ခဲ့ကြပါ” ဟော်ကျန့်ကျန်းသည် သူတို့ကို အနောက်မှ အိမ်သို့ ဦးဆောင်ခေါ်လာသည်။
ရှီမာယူယူသည် ခေါင်းမော့ပြီးလျှောက်လာသည့် အဖြူရောင်ဝတ်ထား သော မိန်းကလေးကိုကြည့်ပြီးပြောလိုက်သည် “ကြည့်ရတာ သူမအရည်အချင်း ကိုအရမ်းယုံကြည်ချက်ရှိတယ်နဲ့တူတယ်”
“ဒီပြိုင်ပွဲမှာ အဆင့် ၁ ရတာက သူမမှာ စွမ်းရည် တစ်ခုနှစ်ခုရှိပြီး နေမကောင်းတဲ့လူကို ကုသနိုင်တယ်လို့ သက်သေပြလိုက်တာပဲ၊ ဒါပေမဲ့ ခုနက အလွန်အကျူးပြောလိုက်တာကြောင့် ခဏနေရင် သူမ အရှက်ရလိမ့်မယ်” ရင်လန် သက်ပြင်းချလိုက်သည်။
“သူမ ရောဂါကိုမခွဲနိုင်ဘူးလို့ ဘာလို့များအဲလောက် ယုံကြည်ချက်ရှိနေ တာလဲ၊ ဘယ်သူသိမလဲ သူမမှာ သခင်မကိုကုမယ့် နည်းလမ်းရှိနေနိုင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ကြည့်လေ ခဏနေရင် ငါ ပြောတာမှန်လား မှားလားသိလိမ့်မယ်” ရင်လန်သည် သူမကို မငြင်းဆန်ပေ။
ရှီမာယူယူသည် ထိုလူများနှင့် မရင်းနှီးသလို သခင်မဟော်၏ ရောဂါနှင့် လည်း အကျွမ်းတဝင်မရှိသေးပေ။ ထို့ကြောင့် ဘာမှထပ်မပြောတော့ဘဲ ရလဒ် ကိုသာစောင့်နေလိုက်တော့သည်။
“သူတို့ အချိန်နည်းနည်းလောက် လိုလိမ့်ဦးမယ်၊ ငါတို့ ခဏလောက် အဆောင်ငယ်မှာသွားပြီး နားကြမလား” ရင်လန်သည် ပြောပြီးနောက်တွင် အဆောင်ငယ်ဆီသို့ ဦးတည်သွားလိုက်သည်။ ခဏအကြာတွင် အစောင့်တချို့ သည် လက်ဖက်ရည်များယူလာသည်။
လက်ဖက်ရည်မှာ မဆိုးလှပေ။ သို့သော် ကျိုချက်သည့် အရည်အချင်း မလုံလောက်သည်မှာတော့ နှမြောဖို့ကောင်းသည်။ အရသာကောင်းလှသည့် အထဲတွင်မပါပေ။ ရှီမာယူယူသည် တစ်ငုံအပြည့်သောက်ပြီးနောက်တွင် ပြန်ချ ထားလိုက်သည်။
“ဒီလက်ဖက်ရည်က ရှားပါးတဲ့ဝိညာဉ်လက်ဖက်ရည်ပဲ မင်း နည်းနည်း လောက်ထပ်သောက်ကြည့်ပါဦး” ရင်လန်သည် သူ့ဘာသာသူလည်း သောက် သည်။ သူသည် ထိုလက်ဖက်ရည်ကို နှစ်သက်သည်။
“သိပါတယ် ဒီအရသာကို အကောင်းဆုံးထိဖြစ်အောင် မလုပ်နိုင်တာ တော့ နှမြောဖို့ကောင်းတယ်” ရှီမာယူယူသည် ရိုးရှင်းစွာပြောလေသည်။
“အဲတော့ မင်းက လက်ဖက်ရည်နယ်ပယ်မှာလည်း လေ့လာထားတာ တချို့ရှိတယ်လို့ ပြောလိုက်တာပေါ့”
“နည်းနည်းပါ”
“ဒါဆိုလည်း ဘယ်တော့ကျိုပြီး ငါ့ကိုမြည်းစမ်းခိုင်းမှာလဲ”
“မဖြစ်နိုင်တာ ကျွန်မက ကျွန်မချစ်သူအတွက်ပဲ ကျိုတယ်၊ သူမရှိရင် တခြားသူကို ကျိုမတိုက်ဖို့ သူမှာသွားတယ်”
“ငါက တခြားသူမှမဟုတ်တာ” ရင်လန်သည် နူးညံ့စွာပင် ပြန်တုံ့ပြန်လေ သည်။
ရှီမာယူယူသည် သူ့ကို မျက်လုံးထောင့်မှကြည့်ပြီး တိုးညင်းစွာပြောလေ သည် “အဲလိုပါပဲ”
သူက တခြားသူဆိုတာနဲ့ အတူတူပဲလို့ သူမ ပြောလိုက်တာလား။
သူမ ချစ်သူအကြောင်းပြောလိုက်သည်ကို ကြားလိုက်သည်နှင့် သူ့စိတ်ထဲ တွင် ဘာကြောင့် သက်တောင့်သက်သာမဖြစ်လှသည်ကို သူ မသိပေ။ ထိုခံစားချက်သည် အနည်းငယ်ထူးဆန်းကာ အရင်ကတစ်ခါမှမခံစားခဲ့ဖူးပေ။
ထိုထူးဆန်းသောခံစားချက်ကြောင့်ပင် သူ အနည်းငယ် စိတ်ညှိုးငယ်ကာ ဘာမှထပ်မပြောတော့ဘဲ စောင့်လိုက်ကြသည်။
တစ်နာရီကျော် ကြာပြီးနောက်တွင် တံခါးပွင့်လာကာ မိန်းကလေးအဖွဲ့ သည် ခေါင်းငိုက်စိုက်ကျစွာဖြင့် ထွက်လာသည်။
“ခေါင်းဆောင်ဟော် ကျွန်မထပ်စမ်းကြည့်ပါမယ်၊ နည်းနည်းလောက် ထပ်စမ်းသပ်ကြည့်လိုက်ရင် သူမရောဂါအကြောင်းအရင်းကိုရှာတွေ့နိုင်မယ်လို့ ယုံပါတယ်” အဖြူရောင်ဝတ်ထားသော မိန်းကလေးသည် တောင်းပန်နေပုံ ပေါက်သည်။ သို့သော် အရင်အတိုင်း စိတ်ကြီးဝင်နေသေးသည်။
***