ကြောက်ရွံ့ဖို့ လိုအပ်နေတော့လဲ
Vol. 16 Ch. 216
အာရန်သည် သူမ၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေခဲ့သော်လည်း အခြားဝိညာဉ်များ၏ အံ့အားသင့်သော အမူအရာများကို ကြည့်ခြင်းဖြင့် အခြေအနေကို အကြမ်းဖျင်း နားလည်ပြီးဖြစ်သည်။
ဤလူများသည် သူ့အား ဤဝိညာဥ်လောက၏ အစစ်အမှန်အုပ်ချုပ်သူ ဖြစ်ကြောင်းကို မသိသေးကြောင်း ရှင်းလင်းနေသည်။
ဤလူများသည် သူ့အား ကျူးကျော်သူတစ်ဦးဟု ထင်သောကြောင့် ဖြစ်သည်။ အထင်မှားမှုတစ်ခုကြောင့် ဝိညာဉ်စစ်သည် သုံးဦး သေဆုံးခဲ့ရသည်။
သူသည် သက်ပြင်းချရင်း နဖူးကိုသာ ပြန်ပွတ်လိုက်သည်။ ဝိညာဉ်လောကသည် သူ့အပိုင်ဖြစ်သည်။
ဝိညာဉ်စစ်သည် သုံးဦး သေဆုံးခြင်းသည် သွယ်ဝိုက်၍ ပြောရလျှင် သူတို့မှာ သူ၏ လက်အောက်ငယ်သားများသာဖြစ်သောကြောင့် သူ့အတွက် ဆုံးရှုံးမှုပင်ဖြစ်သည်။
သူသည် ပလ္လင်ဆီသို့ လျှောက်သွားလိုက်သည်။
သူ့ရှေ့တွင် ရပ်နေသော ဝိညာဉ်စစ်သည်များသည် အံ့အားသင့်နေဆဲဖြင့် ဘေးသို့ ဖယ်ပေးလိုက်ကြသည်။
သူတို့သည် အာရန်သည် ဝိညာဉ်စစ်သည် သုံးဦးကို ချက်ချင်း သတ်ရန် အသုံးပြုခဲ့သော မှော်ပညာကို မူလက ကြောက်ရွံ့ခဲ့ကြသော်လည်း ထိုထက်ပို၍ ဖီလိုနာက သူ့ကို ဤလောက၏ အုပ်ချုပ်သူဟု ခေါ်သောအခါပို၍ အံ့အားသင့်ခဲ့ကြရသည်။
သူမသည် ထိုသူ၏ အစေခံတစ်ဦးကဲ့သို့ ပြုမူပြောဆိုခဲ့ပြီး ၎င်းကို လက်ခံရန် မှာ အလွန်ခက်ခဲလေသည်။
“အ-အရှင်မ ဘာတွေ ဖြစ်သွားတာလဲ”
အစောင့်တစ်ဦးသည် သတ္တိကို စုစည်းလိုက်ကာ အာရန် ၎င်းတို့ကို ကျော်သွားစဉ် ဖီလိုနာအား မေးလိုက်သည်။
အာရန်သည် ဖြစ်ပျက်နေသမျှအားလုံးကို လျစ်လျူရှုကာ ပလ္လင်ပေါ်သို့တက်၍ အထာကျကျပင် ထိုင်နေလိုက်သည်။
သူသည် အနားယူရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်ပုံပေါက်နေသည်။
သူသည် မျက်လုံးများကို မှိတ်ကာ ရှင်းပြရန် ဖီလိုနာကို လွှတ်ထားလိုက်သည်။
ဤနေရာ၌ သူသည် အမှန်တကယ်ပင် စိုးရိမ်ပူပန်မှုများကို လျှော့ချကာ အနားယူနိုင်လေသည်။
အလိုအလျောက်ကာကွယ်ခြင်းစနစ်ကြောင့် နစ်ခရိုမန်ဆာများမှ ဤကမ္ဘာသို့ ကျူးကျော်ကာ နန်းတော်ထဲသို့ တိုက်ရိုက် မဝင်ရောက်လာသရွေ့ မည်သူမျှ သူ့ကို ဤနေရာ၌ နာကျင်စေနိုင်မည် မဟုတ်ပေ။
သူသည် ဤသို့ အေးအေးလူလူ နေခွင့်ရသည်မှာ ရှားလေသည်။
အကြိမ်တိုင်း၌ သူသည် သတိရှိနေရပြီး အမြဲဂရုတစိုက်နေနေရလေသည်။
သူသည် အမှားတစ်စုံတစ်ခုကြောင့် အန္တရာယ်များ ရုတ်တရက်ရောက်လာမည်ကို အမြဲစိုးရိမ်နေခဲ့ရလေသည်။
သို့သော် ဤနေရာ၌မူ သူသည် အနည်းငယ် အေးအေးလူလူ ဖြစ်နေလေသည်။
“သူက အုပ်ချုပ်သူဆိုတာ အရှင်မ ဘာကို ဆိုလိုတာလဲ အားနည်းတဲ့ လူသားတစ်ယောက်က ကျုပ်တို့ကို အုပ်ချုပ်ပိုင်ခွင့် အရှင်မက ဘယ်လို လုပ်ပြီး ပေးနိုင်ခဲ့ရတာလဲ”
ဖီလိုနာ၏ ရှင်းပြချက်ကို ကြားသော ဗိုလ်ချုပ်တစ်ဦးက ပြန်လည်တုံပြန်လိုက်သည်။
“သူ ငါတို့ကို ကယ်တင်ခဲ့ရင်တောင် ဘာဖြစ်လဲ အဲဒါအတွက် သူ့ကို ငါတို့ က အခြားအရာတွေနဲ့ ပြန်ပေးဆပ်နိုင်တာပဲ ဒါပေမဲ့ အရာအားလုံးကို အပ်နှံလိုက်တာကျ ဒါက သိပ်လွန်လွန်းသွားတယ်လို့ မထင်မိဘူးလား”
“ငါတို့ရဲ့ ကွယ်လွန်သွားတဲ့ ဘိုးဘေးတွေ အသက်ရှင်နေသေးရင် လူသားတစ်ယောက်ကို သခင်အဖြစ်လက်ခံလိုက်တဲ့ ငါတို့ကို ရွံရှာကြလိမ့်မယ်”
ဖီလိုနာ မျှော်လင့်ထားသည့်အတိုင်း တုံ့ပြန်မှုများသည် ကောင်းမွန်ခြင်း မရှိခဲ့ပေ။
ဝိညာဉ်စစ်သည် အများစုသည် တိတ်ဆိတ်နေသော်လည်း အနည်းငယ်သောသူများသည် အလွန်အမင်း ပွက်လောင်ရိုက်သွားကြသည်။
၎င်းတို့၏ မကျေနပ်မှုကို ပွင့်ပွင့်လင်းလင်းပင် ဖော်ထုတ်ပြသကြသည်။
ဝိညာဉ်များသည် လူသားများနှင့် စာချုပ်ချုပ်ဆိုခွင့် ရှိသော်လည်း ၎င်းတို့သည် လူသားများကို အထင်သေးခြင်း မရှိတော့ဟု မဆိုလိုပေ။
နက်ရှိုင်းစွာ စွဲမြဲနေခဲ့သော ယုံကြည်ချက်ကို ပြောင်းလဲရန်မှာ ခက်ခဲလေသည်။
၎င်းတို့၏ အမြင်တွင် လူသားများသည် အားနည်းပြီး သနားစရာကောင်းသော သတ္တဝါများသာဖြစ်လေသည်။
တစ်ဦးဦးက တစ်နည်းနည်းဖြင့် အင်အားကြီးမားလာလျှင်ပင် ၎င်းတို့သည် နိမ့်ကျသော မျိုးစိတ်တစ်ခုကို အမှန်တကယ် ခစားနိုင်ပါမည်လား။
သူတို့ကို ကယ်တင်ခဲ့သောကြောင့် ၎င်းတို့သည် ထိုသူအား သူတို့၏ အရာအားလုံး ပေးအပ်နိုင်မည် မဟုတ်ပေ။
သူ့ကို အစေခံခြင်းသည် ကျူးကျော်သူများကို လက်နက်ချခြင်းနှင့် မည်သို့ ကွာခြားဦးမည်နည်း။
လူသားမျိုးနွယ်၏ တစ်ဖက်မှ ၎င်းတို့၏ အသက်ကို ထိန်းချုပ်ခွင့် ပြုလိုက်မည့်အစား ၎င်းတို့သည် လူသားမျိုးနွယ်၏ အခြားတစ်ဖက်သို့ သာ ၎င်းတို့၏ အသက်ကို အပ်နှံလိုနေကြသည်။
ဝိညာဉ်စစ်သည် အများစုမှာ ဘာမှ ဝင်မပြောသော်လည်း ၎င်းတို့သည် ဝိညာဉ်ဘုရင်မကို သဘောတူသည်ဟု မဆိုလိုပေ။ မကျေနပ်မှုသည် ၎င်းတို့၏ မျက်နှာများ၌လည်း ထင်ဟပ်နေလေသည်။
“သူက ငါတို့လူသုံးယောက်ကို ဘယ်လောက် ရက်ရက်စက်စက် သတ်ခဲ့လဲ အရှင်မ မမြင်ဘူးလား ကျုပ်တို့ရဲ့ အသက်ကို အဲ့ဒီလူက တကယ် ဂရုစိုက်တယ်လို့ အရှင်မ ထင်နေတာလား စိတ်မကောင်းပါဘူး ဒါပေမဲ့ လူသားတွေကို အစေခံဖို့ ကျုပ်တော့ သဘောမတူနိုင်ဘူး”
ဤသည်မှာ ဝိညာဉ်များမှ သူတို့၏ ဝိညာဉ်ဘုရင်မ စကားကို ဆန့်ကျင်သော ပထမဆုံးအကြိမ်ဖြစ်လေသည်။
အနည်းဆုံး ဤသည်မှာ ဖီလိုနာလက်အောက်၌ ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်လေသည်။
အခြားတစ်ကြိမ် ဖြစ်ပွားခဲ့သည်မှာ ဤခန်းမ၌ရှိသော အခြားဝိညာဉ်ဘုရင်မလက်ထက်၌ ဖြစ်သည်။
နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့သည်မှာ လူသားတစ်ဦးကြောင့်ဖြစ်ပြီး ထိုအချိန်၌ မြေစာပင်ဖြစ်ခဲ့သူမှာ ပထမဝိညာဥ်ဘရင်မဖြစ်သူ ယီလန်ပင်ဖြစ်လေသည်။
သူမသည် ဖီလိုနာ၏ သဘောကို လက်မခံကြောင်း ဖော်ပြနေသော ဝိညာဉ်စစ်သည်များကို ကြည့်လိုက်သည်။
၎င်းသည် သူမအား ခံစားခဲ့ရသော အတိတ်ကို ပြန်သတိရစေသည်။
“သူတို့ ပြောင်းလဲသွားပြီလို့ ထင်ထားခဲ့တာ ဒါပေမဲ့ တချို့အရာတွေ ဘယ်တော့မှ မပြောင်းလဲဘူး” ဟု သူမသည် စိတ်ပျက်စွာ ခေါင်းခါရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ဖီလိုနာသည် ၎င်းတို့ကို ကာကွယ်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ကြောင်း သူမ သိသည်။ သူမသည် သူမနှင့် သူမ၏ သမီးများ အသက် အပါအဝင်အရာအားလုံးကို အာရန်အား အပ်နှံခဲ့သည်။
သို့သော် အကယ်၍ သူမသာ ဆန္ဒရှိခဲ့ပါက ဝိညာဉ်လောကကို စွန့်ပစ်ကာ တစ်ယောက်တည်း ကိုယ်လွတ်ရုံးပြေးနိုင်ခဲ့လေသည်။
အဲဒီအစား သူမ၏ လူများကို ကာကွယ်ရန် သူမ၏ အသက်နှင့် သူမပိုင်သမျှ အရာအားလုံးကို အာရန်အား အပ်နှံရန် ရွေးချယ်ခဲ့သည်။
ယခု သူမ ကာကွယ်ခဲ့သော ထိုလူများကပင် သူမ၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေကြသည်။
အာရန်သည် ပလ္လင်ပေါ်တွင် မျက်လုံးမှိတ်ကာ အနားယူရန် ကြိုးစားနေသကဲ့သို့ ထိုင်နေသည်။
သို့သော် သူသည် ဖြစ်ပွားနေသော ဆူညံသံအားလုံးကို ကြားသောအခါ သူ၏ လက်ချောင်းများသည် လက်တင်ခုံပေါ်၌ ဆက်လက် ခေါက်နေခဲ့သည်။
သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ ခန်းမ၌ ဖြစ်ပွားနေသော ရှုပ်ထွေးမှုကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။
“သူမက မင်းတို့ရဲ့ အသက်ကို ကယ်တင်ခဲ့တာကို မင်းတို့ မကြိုက်ဘူးဆိုရင် အဲဒီအသက်တွေကို ပြန်ပေးလိုက်လို့လဲရပါတယ်”
အာရန်သည် ဓားဧကရာဇ်၏အော်ရာကို ထုတ်လွှတ်လိုက်သည်။ ထိုအခိုက်အတန့်၌ အမှန်တကယ် ဧကရာဇ်တစ်ပါး ထိုနေရာသို့ ဆင်းသက်လာသကဲ့သို့ ခံစားလိုက်ကြရလေသည်။
အာရန်သည် ဓားဧကရာဇ်၏ အော်ရာကို ထိန်းချုပ်နိုင်မှုသည် ပို၍ပင် တိုးတက်လာခဲ့ပြီး သူ ဆန္ဒရှိသမျှ လူများကို ပစ်မှတ်ထားနိုင်နေပြီဖြစ်သည်။
သူ ပစ်မှတ်ထားလို သောသူများသည်သာ သူ၏ အော်ရာသက်ရောက်ခြင်းကို ခံကြရပြီး အခြားသူများမှာ လွတ်မြောက်နိုင်လေသည်။
ဖီလိုနာကို ဆန့်ကျင်၍ ပြောဆိုနေသော ဝိညာဉ်စစ်သည်များသည် ထိုနေရာ၌ တောင့်တင်းသွားကြသည်။
သူတို့၏ ခန္ဓာကိုယ်များသည် ဓားဧကရာဇ်၏ အော်ရာဖိအားကို မခံနိုင်သောကြောင့် ဒူးထောက်ကျသွားကြသည်။
အာရန်၏ အော်ရာသည် ထိုသူများအပေါ် သက်ရောက်မှုရှိသည် မှာ မှန်သည့်အပြင် သူသည် ဤနေရာ၏ အုပ်ချုပ်သူဖြစ်သောကြောင့် ဝိညာဉ်များအပေါ်၌ ပို၍ပင် သက်ရောက်မှုပြင်းထန်ခဲ့လေသည်။
သူ၏ အော်ရာအရှိန်အဝါအားလုံးသည် ဝိညာဉ်များအပေါ်၌ ဖြစ်သင့်သည်ထက် အဆပေါင်းများစွာ ပို၍ ထိရောက်မှုရှိနေခဲ့သည်။
ဝိညာဉ်စစ်သည်များ၏ မျက်လုံး၊ နားနှင့် နှာခေါင်းတို့မှ သွေးများ ယိုစီးကျလာသည်။ ၎င်းတို့သည် အသက်ရှူရန်ပင် ခက်ခဲနေကြသည်။
ထိုသို့ မသက်ရောကခံရသောသူများမှာ ဖီလိုနာနှင့် ယီလန်တို့သာ ဖြစ်သည်။ ကျန်သူအားလုံး ဒူးထောက်နေကြရလေသည်။
ဖီလိုနာသည် ၎င်းတို့အား သနားကြင်နာစွာနှင့် ပြောဆိုရန် ကြိုးစားခဲ့သော်လည်း ၎င်းသည် အကျိုးမရှိကြောင်း အာရန်သည် သိနေလေသည်။
ဤဝိညာဉ်များအပေါ် သနားကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာသည်သာ အမှန်တကယ် အလုပ်ဖြစ်ခဲ့ပါက ယီလန်သည် ဘယ်တုံးကမှ သစ္စာဖောက်ခံခဲ့ရမည် မဟုတ်ပေ။
၎င်းတို့အပေါ် အလုပ်ဖြစ်သော တစ်ခုတည်းသောအရာမှာ ကြောက်ရွံ့မှုသာဖြစ်လေသည်။
ဝိညာဉ်စစ်သည်များသည် ရဲရင့်ပြီး ကျူးကျော်သူများကို အသက်ဆုံးရှုံးသည်အထိ တိုက်ခိုက်ခဲ့ကြသောကြောင့် ၎င်းတို့၏ သတ္တိကို ချိုးနှိမ်ရန် မလွယ်ကူပေ။
၎င်းသည် စိန်ခေါ်မှုတစ်ခုလည်းဖြစ်နေပြီး ဖြစ်နိုင်ပါက သူသည် ထိုအရာကို မလုပ်ချင်သော်လည်း ဤကဲ့သို့သော အခြေအနေမျိုး၌ ထိုစိန်ခေါ်မှုကို သူ လက်ခံခဲ့သည်။
ကြောက်ရွံ့မှုများပေးရန် လိုအပ်ပါက ဤလူများသည် အသက်ရှင်သမျှ ကာလပတ်လုံး မမေ့နိုင်သော ကြောက်ရွံ့မှုတစ်ခုကို သူသည် ၎င်းတို့အားစွဲမြဲသွားရန် ၎င်းတို့မှတ်ဉာဏ်များအတွင်းသို့ သွတ်သွင်းပေးရန် ဆုံးဖြတ်ခဲ့သည်။
ထို့နောက် အာရန်သည် ပုလ္လင်ပေါ်မှ ထရပ်လိုက်ကာ အောက်သို့ ဆင်းလာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသော ခန်းမကြီးတစ်ခုလုံး၌ သူ၏ ခြေသံများသာ ကြားနိုင်လေတော့သည်။