ကျုပ်ထက်သန်မာတယ်
Vol. 015 Ch. 1431
ခရမ်းရင့်ကောင်းကင်နန်းတော်၏ ကောင်းကင်ထက်တွင် မိုးကြိုးစွမ်းအားများက ဆက်လက်ကျဆင်းနေဆဲ ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်၌ ကျယ်ပြောလှသော ကောင်းကင်နန်းတော်သည် တိတ်ဆိတ်နေခဲ့သည်။ မရေတွက်နိုင်သည့် လူများသည် တိုက်ပွဲကွင်းပြင်ကို စူးစိုက်ကာ ရီဖူရှင်းနှင့် ကျန်းယွမ်၏ တိုက်ခိုက်မှုကို ကြည့်နေကြသည်။
ရီဖူရှင်းသည် မိုးကြိုးတိုက်ခိုက်မှုကို တိုက်ခိုက်ရန် ခက်ခဲနေစဉ်မှာပင် ကျန်းယွမ်ကို လက်သီးတစ်ချက် ထိုးခဲ့သည်။
အသွေးအသားနှင့် ထိုသို့သော မိုးကြိုး၏ ဖျက်ဆီးခြင်း တိုက်ခိုက်မှုကို တောင့်ခံနိုင်ရန်မှာ ရူးလောက်စရာပင် ဖြစ်သည်။ သူ၏ နတ်ဆင်လေဟာနယ်ခွဲလက်သီးက အလွန် ပြင်းထန်ရက်စက်ပြီး ပြန်လည်မွေးဖွားခြင်းအဆင့် ရှန့်ထိုပင်လျှင် တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ထိုအရူးကောင်က ... ...
သို့သော်လည်း ယခုတွင် ရီဖူရှင်း၏ အဆင့်အတန်းက ကျန်းယွမ်ထက် ပို၍ မြင့်မားသွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းသည် ကျန်းယွမ်က ထိခိုက်ဒဏ်ရာ ပိုရသွားခြင်းကို မြင်နိုင်ပေသည်။
ထို့ထက်ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က ယခုတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက မြင့်မြတ်သည့် အရှိန်အဝါတို့နှင့် လွှမ်းခြုံကာ တောက်ပနေသည်။ အသက်ဓာတ်တို့က သူ့ခန္ဓာကိုယ်ကို သန့်စင်နေကာ သူ့ကို အလေးအမြတ်ပြုစရာ အဖြစ် ထင်မှတ်ရစေသည်။
ယခင် သူ တိုက်ခိုက်နေရင်းနှင့်ပင် တစ်ချိန်တည်း၌ ပြန်လည်ကုစားနေခဲ့ပြီး သူက ဒဏ်ရာရသည့်အခါ၌ သူ့ကိုယ်တွင်းမှ ဒဏ်ရာများကို ချက်ချင်း ကုစားလိုက်နိုင်ပေသည်။ သိသာစွာပင် ကျန်းယွမ်၌ ထိုသို့သော စွမ်းရည်မျိုး မရှိသည့်အတွက် ရီဖူရှင်းက အမြဲ အားသာနေခဲ့ခြင်း ဖြစ်ပေသည်။
အားသာချက်မှာ တိုက်ခိုက်မှု စွမ်းရည်သာလျှင် မဟုတ်ပေ။
ရီဖူရှင်းသည် အားလုံးသော လမ်းစဉ် မျိုးစုံတွင် ကျွမ်းကျင်ပြီး သူက အသက်ဓာတ်နှင့် သေဆုံးခြင်း စွမ်းအားတို့ကိုပင် ထုတ်လွှတ်နိုင်ပြီး သူက အမှန်တကယ်ပင် လမ်းစဉ်အားလုံးကို ကျင့်ကြံနိုင်သည်ဟု ထင်မှတ်ရပေသည်။
အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာအရိုးနှင့် နတ်ဆင်အင်ပါယာ သင်ကြားပေးလိုက်သည့် အစွမ်းထက် နည်းစနစ်နှစ်ခုက နောက်ထပ်ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦးကို ဖော်ထုတ်လိုက်သည်လား။
သို့သော် ထိုသို့ မဟုတ်လျှင် ရီဖူရှင်း၏ ပင်ကိုစွမ်းရည်ကိုက ထူးခြားစွာ သာလွန်ထူးချွန်နေခဲ့ခြင်း ဖြစ်တာကြောင့် သူက ကောင်းကင်အာဏာစက်ဘုံ၏ အရည်အချင်းအရှိဆုံး တန်ခိုးရှင်တစ်ဦး ဖြစ်လာခြင်း ဖြစ်နိုင်ပေသည်။
ဖြစ်နိုင်သည်က ထိုသည်ကပင် နတ်ဆင်အင်ပါယာက သူတို့ ဘိုးဘေး၏ ဆက်ခံသူအဖြစ် သူ့ကို အလေးပေး၍ အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ပေမည်။ မဟာလမ်းစဉ် အထွတ်အထိပ်ဆက်ခံသူဟု ခေါ်ခြင်းမှာ နတ်ဆက်ကလန်မှ ထိုတန်ခိုးရှင်က ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့ရည်ရွယ်ချက်မှာ နတ်ဆင်ပလန်တွင် ရီဖူရှင်း၏ အဆင့်အတန်းက အလေးထားရမည်ကို သိသာစေပြီး ခရမ်းရင့်ကောင်းကင်နန်းတော်မှ ကျန်းယွမ်နှင့် အဆင့်ချင်းတူညီသည်ကို သိစေချင်၍ ဖြစ်သည်။
အင်ပါယာကျီမင်နှင့် ကျန်းချန်ချင်သည် သူတို့ မည်သို့ ခံစားသင့်သည်ကိုပင် မသိတော့ချေ။ ရီဖူရှင်း၏ ရုတ်တရက် ထွက်ပေါ်လာခြင်းက ကောင်းကင်အာဏာစက်ဘုံ ပြည်ထောင်၏ အိမ်ရှေ့စံ ထွက်ပေါ်လာခြင်းထက်ပင် ထိတ်လန့်ဖွယ် ကောင်းနေသေး၏။ အဆုံးမှာတော့ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံသည် သူ့အသက် ဆယ့်ရှစ်နှစ်အရွယ်ကပင် အိမ်ရှေ့စံအဖြစ် အပ်နှင်းခံခဲ့ရခြင်း ဖြစ်သည်။ သူက လူအများရှေ့တွင် ထွက်ပေါ်လာခဲသော်လည်း လူအများသည် သူ့တွင် အံ့သြဖွယ် အရည်အချင်းများ ရှိနေသည်ကို ခန့်မှန်းထားကြပြီးဖြစ်ကာ သူ့အပေါ်တွင် သေချာသည့် မျှော်လင့်ချက် ရှိပြီးသား ဖြစ်သည်။
သို့သော် ရီဖူရှင်းကဲ့သို့ အောက်ဘုံမှ တန်ခိုးရှင်သည် ကောင်းကင်အာဏာစက်ဘုံကို ထိတ်လန့် တုန်လှုပ်စေခဲ့သည်။
ကောင်းကင်အာဏာစက်ဘုံတွင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ မဟာလမ်းစဉ် ထူးခြားခန္ဓာပိုင်ရှင် ကျန်းယွမ်နှင့် လက်ရည်ညီသူမှာ အများကြီး မရှိပေ။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ သူသည် မိုးကြိုးစွမ်းရည်နှင့် အထူးကိုက်ညီနိုင်သည့် မိုးကြိုးခန္ဓာနှင့် မွေးဖွားလာသည့် ကျန်းယွမ်ကဲ့သို့ မိုးကြိုးလမ်းစဉ်၌ မထူးချွန်သော်လည်း ရီဖူရှင်းသည် အမျိုးမျိုးသော လမ်းစဉ်တို့၌ အမှန်တကယ် ကျွမ်းကျင်ပေသည်။ သူက အမျိုးမျိုးသော လမ်းစဉ်တို့ကို နတ်ဆင်တို့၏ ကြီးမားသော စွမ်းအားအတွင်း ပေါင်းစပ်နိုင်ပြီး ပို၍ အစွမ်းထက်ကာ လွှမ်းမိုးလာစေနိုင်ပြီး ကျန်းယွမ်၏ မဟာလမ်းစဉ် အထွတ်အထိပ် စွမ်းအားကို တိုက်ရိုက် ဆန့်ကျင် လာစေနိုင်သည်။
ထိုတိုက်ပွဲကို ကြည့်ရင်း များပြားလှသည့် လူများသည် ရီဖူရှင်းက ခရမ်းရင့် ကောင်းကင်နန်းတော်ကို ဆန့်ကျင်ရန်မှာ သူ့အတွက် မည်သည်မှ မဟုတ်သည်အား နားလည်သွားခဲ့ကြသည်။
ကျန်းချန်ချင်သည် သူ့ခေါင်းကို တိတ်ဆိတ်စွာ ငုံ့လိုက်ကာ ခံစားချက်များက ရောထွေးနေသည်။ အင်ပါယာကျီမင်နယ်မြေက ထူးချွန်သည်ဆိုသော်ငြား ထိုသည်က ရီဖူရှင်း၏ အဆင့်နှင့်တော့ မတူညီပေ။
ရီဖူရှင်းက သူတို့ကို ထောင်ချောက် ဆင်ခဲ့သည်ဆိုလျှင်ပင် သူတို့က မည်သို့ လုပ်နိုင်ပါမည်နည်း။
သူ့တွင် နတ်ဆင်ကလန်က ကျောထောက်နောက်ခံ ပြုထားသည့်အတွက် ခရမ်းရင့်ကောင်းကင် နန်းတော်သည်ပင် သူ့ကို မည်သို့မှ လုပ်ပေးနိုင်မည်မဟုတ်ပေ။
ကျန်းယွမ်သည် သူ့ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ့ပါးစပ်က သွေးတို့ စွန်းထင်းနေဆဲ ဖြစ်ကာ သူ့ခန္ဓာကိုယ်က ကျိုးပဲ့တော့မလိုပင် ထင်မှတ်ရသည်။ သူက အလွန်နာကျင်နေပုံပေါ်သော်လည်း ထိုအတိုင်း ဆက်ရှိနေခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုက မည်သည့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက်မဆို ပိုမိုခက်ခဲပေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်၏ အထူးချွန်ဆုံး လူငယ်မျိုးဆက်အနေနှင့် သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ အနာဂတ်ဖြစ်သည်။ သူက ကောင်းကင်အာဏာစက်ဘုံ၏ အားအကောင်းဆုံး လူဖြစ်လာရန် ယှဉ်ပြိုင်ဖို့ရာ တာဝန်ရှိသည်။ သူက အနာဂတ်တွင် လွှမ်းမိုးနိုင်ရန် အပြင်းအထန် ကြိုးစားခဲ့ရသည်။ သို့သော် ယနေ့တွင် သူက ရှုံးနိမ့်ခဲ့ပြီး ဖြစ်၏။ သူက မည်သည့် ကျော်ကြားမှုမှပင် မရှိသော တန်ခိုးရှင်ဖြစ်သည့် ရီဖူရှင်းကို ရှုံးနိမ့်ခဲ့ရပေသည်။
ယနေ့ အခမ်းအနားကို ခရမ်းရင့်ကောင်းကင်နန်းတော်က ကျင်းပခဲ့ခြင်း ဖြစ်သည်။ သူ၏ တိုက်ပွဲက ကောင်းကင်အာဏာစက်ဘုံ၏ သမိုင်းတွင် ရေးထိုးခံရလိမ့်မည် ဖြစ်ကာ ပုံပြင်တစ်ပုဒ် ဖြစ်လာပေလိမ်မည်။ သူ ကျန်းယွမ်က မကြာခင်၌ ကျော်ကြားလာတော့မည့် ရီဖူရှင်း၏ အရိပ်အောက်တွင် နေထိုင်ရတော့မည် ဖြစ်လေသည်။
သို့ပေမဲ့ သူက မည်သည့်အတွက် ရှုံးနိမ့်ခဲ့ရသနည်း။
သူက သူ၏ ခွန်အားနှင့် ပတ်သက်ပြီး အလွန် ရှင်းရှင်းလင်းလင်း သိကာ ခရမ်းရင့် ကောင်းကင်နန်းတော်တွင် အကြိမ်ပေါင်းများစွာ သက်သေပြခဲ့ပြီးသော်လည်း ဤအမည်မသိလူက မည်သို့ဖြစ်၍ အလွန် အားကောင်းနိုင်ရသနည်း။
“မင်းက ကျုပ်ရဲ့ မဟာလမ်းစဉ် နတ်ခန္ဓာကို ထိခိုက်စေခဲ့တယ်။ ခရမ်းရင့် ကောင်းကင်နန်းတော်ရဲ့ မဟာလမ်းစဉ် အထွတ်အထိပ်ခန္ဓာပိုင်ရှင်ရေ .... အဲဒါနဲ့တင် မင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖို့ လုံလောက်နေပြီ” ရီဖူရှင်းက သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ဘက်တွင် မာန်ပါပါ ရပ်နေရင်း မောက်မာစွာ ပြောလိုက်သည်။
“Uggh…” ကျန်းယွမ်သည် သူ့စကားများကို ကြားလျှင် ပါးစပ်အပြည့် သွေးအန်လိုက်လေသည်။ သူ့ကို ကြည့်ရသည်မှာ အလွန်အေးစက်နေသည်။
သူက ရီဖူရှင်းအား ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ရုံမျှနှင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူသင့်နေပြီတဲ့လား။
မည်သို့ သရော်လိုက်သည့် စကားနည်း။
“ဒါက ...”
များပြားလှသည့် လူများက ရီဖူရှင်းအား ဆွံ့အစွာ ကြည့်လိုက်ကြသည်။ ရီဖူရှင်း၏ ခွန်အားနှင့် အရည်အချင်းကို ဆွေးနွေးရန် မလိုတော့လောက်အောင် သူ၏ ခွန်အားက တကယ့်ကို ပြိုင်ဘက်ကင်းပင် ဖြစ်သည်။
ကျန်းယွမ်သည် သူ၏ ကောင်းကင်လမ်းစဉ် နတ်ခန္ဓာအား ထိခိုက်စေသည့်အတွက် ဂုဏ်ယူသင့်ပေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည် ထိုစကားကို ကြားလိုက်ရသည့်အခိုက်၌ မည်သည့် ခံစားချက်များ ဖြစ်ပေါ်လာသည်ကို မည်သူ သိရှိလိမ့်မည်နည်း။
သို့သော် လမ်းဟောင်းအတိုင်း ပြောဆိုရလျှင် အရှုံးသမားသည့် သူတို့ကိုယ်သူတို့ အမှန်တရားအတွက် ပြောဆိုခွင့် မရှိပေ။ ရီဖူရှင်းသည် ကျန်းယွမ်အား အကြွင်းမဲ့ စွမ်းအားဖြင့် အနိုင်ရခဲ့သည်။ ရီဖူရှင်းက မည်သို့ ပြောသည်ဖြစ်စေ ကျန်းယွမ်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်က နားထောင်ရမည်သာ ဖြစ်သည်။ သူတို့က မည်သို့ မကျေမနပ် ဖြစ်နိုင်ပါမည်နည်း။
ခွန်အားက အရာရာပင် ဖြစ်ပြီး ရှုံးနိမ့်သူသည် လေးစားခံထိုက်မှု မရှိတော့ပေ။
“ကောင်းကင်လမ်းစဉ် နတ်ခန္ဓာလား”
များပြားလှသည့် သူများက သူတို့၏ နှလုံးသားထဲမှ ရေရွတ်လိုက်ကြသည်။ သူက 'ကောင်းကင်လမ်းစဉ် နတ်ခန္ဓာ' ဟူသည့် ရူးကြောင်ကြောင် အမည်အား ကိုယ့်ကိုယ်ကိုယ် ကင်ပွန်းတပ်ခဲ့ကာ ယခု သူသည် အမှန်တကယ်ပင် ထိုအမည်အား အသုံးချနေသည်။ မည်မျှ အရှက်မဲ့လိုက်သနည်း။
သူတို့သာ ကျန်းယွမ်နေရာမှာ ဖြစ်လျှင် သူတို့သည်လည်း သွေးအန်ရပေလိမ့်မည်။
“အံ့သြစရာပဲ” နတ်ဆင်၏ အစွမ်းထက် ပုံရိပ်က ပြောလိုက်သည်။ “ကောင်းကင်ပြစ်ဒဏ်နန်းတော်သခင် ဒီနေ့ ပြောခဲ့တာ ကျုပ်တို့က တိုက်ပွဲစွမ်းရည်တွေကို လေ့ကျင့်ပြီး လမ်းစဉ်တွေကို ဆွေးနွေးရင်း ကောင်းကင်အာဏာစက်ဘုံက တန်ခိုးရှင်တွေက ဂူထျန်းရှင်း ဖန်တီးခဲ့တဲ့ ပုဂ္ဂိုလ်ထက် အစွမ်းမနည်းဘူးဆိုတာ သက်သေပြချင်တာမလား။ ကျုပ်လည်း နတ်ဆင်ကလန်က ဘယ်သူ့ထက်မှ မဆိုးဝါးဘူးလို့ ကျုပ် ယုံတယ်။ ကျန်းယွမ်က ကျုပ်တို့ နတ်ဆင်ကလန်ရဲ့ အထွတ်အထိပ်ဆက်ခံသူကို အဲဒီလောက် မြင့်မြင့်မားမားထိ တိုက်ခိုက်နိုင်တယ်။ အဲဒါကြောင့် တိုက်ပွဲရလဒ်က ဘာဖြစ်ဖြစ် သူ့ရဲ့ ပြိုင်ဘက်ကင်းစွမ်းအားကို ပြပြီးခဲ့ပြီး ဖြစ်တယ်။ ဒီတိုက်ပွဲကို ကောင်းကင်အာဏာစက်ဘုံရဲ့ လူငယ်မျိုးဆက်တွေကြားက ထူးချွန်တဲ့ စွမ်းရည်ကို လူတိုင်းမြင်တွေ့ရအောင် ပြခဲ့တယ်ပဲ ထားပါတော့”
လူတိုင်းက နတ်ဆင်ကလန်မှ အစွမ်းထက် ပုဂ္ဂိုလ်ကို ကြည့်လိုက်သည်။ သူက ပြောသည်မှာ အမှန်ဖြစ်သော်လည်း ရှုံးနိမ့်သူမှာ ရီဖူရှင်းမဟုတ်ဘဲ ကျန်းယွမ် ဖြစ်လေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်သည် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များဟု ဆိုနိုင်ပြီး သူတို့က အချင်းချင်း ရင်ဆိုင်ရသည့်အခါ၌ ကျန်းယွမ် ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သို့ဆိုလျှင် ဤအခမ်းအနားကို ကျင်းပရသည့် ရည်ရွယ်ချက်က အဘယ်နည်း။
သူတို့က အသုံးချခံခဲ့ရသည်လား။
“ကျုပ် မှတ်မိတာ မမှားဘူးဆိုရင် အဲဒီ ဂူထျန်းရှင်းရဲ့ မျိုးဆက်က သူ့ရဲ့ အစ်ကိုမလား။ အစတုန်းက အဲဒီလူကို ကယ်ဖို့အတွက် အင်ပါယာကျီမင် နယ်မြေကို ရောက်လာပြီး ကျုပ်ကို အကူအညီတောင်းခဲ့တယ်။ သူတို့ကြားက ပတ်သက်မှုက သာမန် မဟုတ်ဘူး” အင်ပါယာကျီမင်က ပြောလိုက်သည်။
နတ်ဆင်ကလန်၏ အစွမ်းထက် ပုဂ္ဂိုလ်က သူ၏ လွှမ်းမိုးနိုင်သော မျက်လုံးများဖြင့် အင်ပါယာကျီမင်ကို ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျား ပြောချင်တာက ဘာလဲ”
အင်ပါယာကျီမင်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ သူက နတ်ဆင်ကလန်၏ အစွမ်းထက် ပုဂ္ဂိုလ်ကို ကြည့်လိုက်လျှင် သူတို့ကလည်း သူ့အား စူးစိုက်ကြည့်နေသည်ကို မြင်လေသည်။ အစွမ်းထက်ပုဂ္ဂိုလ်က ဆက်ပြောလိုက်သည်။ “ခင်ဗျားတို့ အင်ပါယာကျီမင်နယ်မြေက လူတွေ ဂူကလန်ရဲ့ မျိုးဆက်ကို ဖမ်းတုန်းက ဖမ်းပြီး အခုမှ လာကြောက်နေတာလား။ ခင်ဗျားက ဂူကလန်နဲ့ ရန်ငြိုးရှိတယ်။ နတ်ဆင်ကလန်က မရှိဘူး။ ကျုပ်က ခင်ဗျားတို့နဲ့ ပူးပေါင်းပြီး ကောင်းကင်နတ်တံခါးဂိုဏ်းကို ရင်ဆိုင်မယ်လို့ ကတိမပေးခဲ့ရသေးဘူး ထင်တာပဲ။ ဒါပေမဲ့ အခု ခင်ဗျားတို့က ကျုပ်တို့နဲ့ ရှင်းရှင်းလင်းလင်း စည်းခြားချင်နေပြီလား”
နတ်ဆင်ကလန်သည် နတ်ဆိုးဘုံ၏ အထွတ်အထိပ် ကလန်တစ်ခု ဖြစ်ပြီး သူတို့သည် ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် အဆင့်ချင်းတူပေသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ဤအခမ်းအနားကို ကျင်းပခြင်းမှာ နတ်ဆိုးဘုံရှိ ကလန်အားလုံး ဂူတုံးလျှိုနှင့် နီးစပ်ခြင်းမှ ဖျောင်းဖျ တားမြစ်ရန် ဖြစ်သည်။
သို့သော် ခရမ်းရင့်ကောင်းကင်နန်းတော်သည် နတ်ဆင်ကလန်က မည်သူ့ကို ဆက်ခံသူအဖြစ် လက်ခံ၍ မည်သူနှင့် နီးကပ်သင့်သည်ကို ဆုံးဖြတ်ပေးနိုင်သည့် အခွင့်အာဏာ မရှိပေ။
အင်ပါယာကျီမင်ဆိုလျှင် သာ၍ပင် ဆိုးပေဦးတော့မည်။
“တောင်းပန်ပါတယ် ... ကျုပ်အမှားပါ” အင်ပါယာကျီမင်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။ သို့သော် သူက မည်သည့် မှားယွင်းသော စကားကိုမှ ပြောမသွားခဲ့ပေ။ သူက ရည်ရွယ်ချက်ရှိရှိနှင့် လူတိုင်း သိစေရန် ပြောခဲ့ခြင်း ဖြစ်သည်။
ရီဖူရှင်းသည် ယနေ့တွင် သူ့ကို တစ်ကြိမ် အခွင့်အရေး ယူခဲ့ပြီး ထိုမျှ ပြိုင်ဘက်ကင်း အရည်အချင်းကိုလည်း ပြသခဲ့သည်။ နောက်ပိုင်းတွင် ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူ့အား အပြစ်တင်လာနိုင်ပေသည်။
“ဆွေးနွေးတာဖြစ်ဖြစ် တိုက်ခိုက်တာဖြစ်ဖြစ် လုပ်ကြပြီဆိုရင် အနိုင်အရှုံးဆိုတာကိုတော့ ရှောင်လွှဲလို့မရဘူးလေ။ ကျုပ်က နတ်ဆင်ကလန်အနေနဲ့ ဒီလောက် ထူးချွန်တဲ့ မဟာလမ်းစဉ် အထွတ်အထိပ်ဆက်ခံသူကို ရရှိခဲ့လို့ ဂုဏ်ပြုသင့်ပါတယ်” ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်က သာမန်ပင် ပြောလိုက်သည်။ ယနေ့ သူတို့ ရည်ရွယ်ထားသည့် ပြစ်မှတ်မှာ ကောင်းကင်နတ်တံခါးဂိုဏ်း ဖြစ်သည်။
သို့သော် ယခု ကောင်းကင်နတ်တံခါးဂိုဏ်း၏ ဂူကလန်မှ တစ်ဦးတည်းသော မျိုးဆက်၏ ညီငယ်လေးက ယနေ့တွင် အလွန် ထူးချွန်သည့် အရည်အချင်းတို့ကို ပြသခဲ့သည်။ လောကကြီးက မည်သို့ စဉ်းစားကြမည်နည်း။
အနာဂတ်တွင် ဤပုဂ္ဂိုလ်သည် ကောင်းကင်အာဏာစက်ဘုံ၏ အထက်သို့ တက်ရောက်ကာ ဂူတုံးလျှို၏ အင်အားစုနှင့် ပူးပေါင်း၍ ကောင်းကင်အာဏာစက်ဘုံအား ပြောင်းပြန်လှန် ပစ်နိုင်လိမ့်မည် မဟုတ်ပါလား။
ထို့ပြင် ရီဖူရှင်းတွင် ကျောထောက်နောက်ခံအဖြစ် နတ်ဆင်ကလန်လည်း ရှိနေသေးသည်။
ဤနည်းလမ်းဖြင့် အားလုံးသော အင်အားစုများအနေဖြင့် ကောင်းကင်နတ်တံခါးဂိုဏ်းနှင့် ရင်ဆိုင်ရန် ပိုမိုခက်ခဲသွားလိမ့်မည် ဖြစ်သည်။
အဆုံးတွင် နတ်ဆင်ကလန်မှ အစွမ်းထက် ပုဂ္ဂိုလ် ပြောခဲ့သည်မှာ သူတို့က ကောင်းကင်နတ်တံခါးဂိုဏ်းနှင့် ရန်ငြိုးမရှိဟူ၍ ဖြစ်လေသည်။
“ကျေးဇူးအများကြီး တင်ပါတယ်” နတ်ဆင်ကလန်မှ အစွမ်းထက်ပုဂ္ဂိုလ်က ပြုံးကာ ပြောလိုက်သည်။ ရီဖူရှင်းနှင့် ကျန်းယွမ်၏ ယနေ့ တိုက်ခိုက်မှုက သူ၏ မျှော်မှန်းချက်ကို ကျော်လွန်သွားသည်။ သူက နတ်ဆင်ကလန်၏ ရှန်းမန်ကို ကျော်လွန်သွားနိုင်လျှင်ပင် အံ့သြစရာ မရှိတော့ပေ။
ကြည့်ရသည်မှာ နတ်ဆင်အင်ပါယာ လုပ်ဆောင်ခဲ့သည်က ပိုမို နက်ရှိုင်းသော အဓိပ္ပာယ်ရှိနေပြီး ရီဖူရှင်းက အမှန်တကယ် အကန့်အသတ်မဲ့ စွမ်းရည် ရှိပေလိမ့်မည်။
ပထမဦးစွာ ဂူထျန်းရှင်းက ဂူတုံးလျှိုကို ဖန်တီးခဲ့ပြီး ယခု ဤနေရာတွင် ရီဖူရှင်း ရှိနေသည်။ ကောင်းကင်အာဏာစက်ဘုံသည် အနာဂတ်၌ မည်သို့သော ခေတ်မျိုးကို ရင်ဆိုင်တွေ့ကြုံရမည်နည်း။
ကောင်းကင်အာဏာစက်ဘုံ၏ ကြီးမားသော ပြောင်းလဲမှုအတွင်းတွင် သူတို့က မည်သည့်နေရာမှ ပါဝင်ပတ်သက်နေမည်နည်း။
“နတ်ဆင်ကလန်က သူ့ရဲ့ပြိုင်ဘက်ကင်း ခွန်အားကို သိရှိထားတာပဲ။ သူတို့ နတ်ဆင်တွေရဲ့ ကြီးမားတဲ့စွမ်းအားက အရမ်း အစွမ်းထက်တာကြောင့် နတ်ဆိုးဘုံမှာတောင် ယှဉ်နိုင်တဲ့သူ နည်းနည်းပဲ ရှိတယ်။ ဒီလူငယ်က နတ်ဆင်ကလန်ရဲ့ အစွမ်းထက် အမွေအနှစ်ကို ရရှိခဲ့ပြီး အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာရဲ့ အရိုးကိုလည်း ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့ အနာဂတ်ကတော့ တကယ့်ကို တောက်ပနေမှာပဲ” နတ်နဂါးကလန်မှ ပြောလိုက်သည်။
“ကျေးဇူးပါပဲ။ နတ်နဂါးကလန်ရဲ့ နတ်နဂါးစွမ်းအားကလည်း ကောင်းကင်အာဏာစက်ဘုံမှာ ပြိုင်ဘက်ကင်းပါပဲ” နတ်ဆင်ကလန်၏ အစွမ်းထက် ပုဂ္ဂိုလ်က တုံ့ပြန်လိုက်သည်။
နတ်ဆိုးဘုံတွင် နတ်နဂါးကလန်နှင့် နတ်ဆင်ကလန်တို့က ခွန်အားအရာတွင် အထွတ်အထိပ်၌ ရပ်တည်နေကြသည်။
“နတ်နဂါးကလန်နဲ့ နတ်ဆင်ကလန်ရဲ့ တန်ခိုးရှင်တွေအားလုံးက မွေးရာပါ ပင်ကိုစွမ်းရည်တွေ ရှိကြတယ်။ လူသားတစ်ယောက်အနေနဲ့ သူက ဒီလို လုပ်နိုင်တယ်ဆိုတော့ လူသားဖြစ်တည်မှုရဲ့ ကန့်သတ်ချက်အတွင်း မဖြစ်နိုင်တော့ဘူး။ သူ့မှာ လမ်းစဉ် အမျိုးစုံကို ကျင့်ကြံနိုင်ဖို့ အရမ်းအားကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည် ရှိရမယ်။ သူ့ခန္ဓာကိုယ်က ရှန့်ထိုအဆင့်နဲ့ ခွန်အားအနေအထားကို ကြည့်မယ်ဆိုရင် တခြားလူသားတွေ ဘယ်လိုမှ သူ့ကို မမီနိုင်မှာပဲ ကျုပ် စိုးမိတယ်” နတ်နဂါးကလန်မှ တန်ခိုးရှင်က ဆက်ပြောလိုက်သည်။
“စီနီယာရဲ့ မှတ်ချက်ကြောင့် ကျွန်တော် ဝမ်းမြောက်မိပါတယ်။ ကျွန်တော်က အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာဆီကနေ အမွေဆက်ခံရခဲ့ပြီးတော့ အခုလို အောင်မြင်မှုရရှိတာကလည်း နတ်ဆင်အင်ပါယာရဲ့ သင်ပြပေးမှုကြောင့်ပါပဲ။ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို ပြောရမယ်ဆိုရင်တော့ ကျွန်တော့် ညီက ကျွန်တော့်ထက် ပိုသန်မာပါတယ်”ယခုတွင် ရီဖူရှင်း၏ အပြုအမူက အလွန် ယဉ်ကျေးနေခဲ့သည်။ နတ်နဂါးကလန်၏ ပုဂ္ဂိုလ်ကြီးက သူ့ကို ချီးမြှောက်နေမှတော့ သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ ရှေ့မှာကဲ့သို့ ပြုမူမနေနိုင်ပေ။ သူက နတ်ဆင်ကလန်နှင့် နီးစပ်ပြီး နတ်ဆိုးအင်ပါယာ ကျူးယန့်နှင့် ရင်းနှီးသည်။ ကျူးယန့်နတ်ဆိုး အင်ပါယာနှင့် နတ်နဂါးကလန်တို့မှာ မိတ်ဆွေဟောင်းများ ဖြစ်ကြပြီး သူ၏ အစ်ကိုသုံးက မူလတောင်တန်းမှ အမွေအနှစ်ကို ဆက်ခံခဲ့သည်။
ထိုသို့သော နောက်ခံမျိုးနှင့် သူသည် နတ်ဆိုးဘုံ၏ နတ်ဆိုးကလန်များ အားလုံးနှင့် ဆက်ဆံရေးကောင်းမွန်ပါက ပို၍ ကောင်းပေလိမ့်မည်။
ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူ၏ ဆန့်ကျင်ဘက်တွင် ရှိနေရန် ကြမ္မာဖန်လာသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်သည် သူ့အစ်ကိုသုံးအား သတ်ဖြတ်လိုကြတာကြောင့် သူတို့သည်လည်း သူ၏ ရန်သူများ ဖြစ်သည်။
“မင်းထက် သန်မာတယ်လား” နတ်နဂါးကလန်မှ တန်ခိုးရှင်က တအံ့တသြ ကြည့်ကာ မေးလိုက်သည်။
ရီဖူရှင်းသည် ကျန်းယွမ်နှင့် တိုက်ပွဲတွင် ကြီးမားသည့် စွမ်းအားကို ပြသခဲ့ပြီး ယခုတွင် သူ့ညီသည် သူ့ထက် ပို၍ သန်မာသည်ဟု ပြောနေသည်။
သူဆိုလိုသည်က နောက်ထပ် ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ကျန်ရှိနေသေးသည်လား။
***