အခန်း (၁၁၂)
Vol. 9 Ch. 112
“သွားပြီ၊ ဝူကျုံး အိမ်ပြန်ရောက်သွားပြီ!”
ချောင်ကုန်သည်အဖွဲ့သားတစ်ဦးမှ ယွီပင်းကို ပြောသည်။
ယွီပင်း၏မျက်ခုံးများ တွန့်ချိုးသွား၏။
“ဒါဆိုလည်း သူ့အိမ်ကို သွားကြတာပေါ့။ သားသမီးအတွက် လက်စားချေဖို့ရာ ကောင်းကင်တစ်ခွင်လုံး ဘယ်နေရာကိုမှ အလွတ်မပေးနိုင်ဘူး!”
“အာ သခင်ကြီး၊ ဒီကိစ္စက နောက်ပိုင်းမှာ ပြဿနာတွေလိုက်လာခဲ့ရင် ဘယ်လိုလုပ်မလဲ”
“ဘယ်သူ့ကိုလိုက်မှာလဲ။ ငါ မျက်နှာဖုံးစွပ်ထားတယ်။ သူတို့ ဘယ်သူ့နောက်ကို လိုက်မှာလဲ!”
ယွီပင်းသည် သူ၏ဦးခေါင်းအကာကို လက်ညှိုးညွှန်လျက် ပြောသည်။
…
“ဒါပေမဲ့လည်း”
ယွီပင်း၏စကားဖြင့် ချောင်ကုန်သည်အဖွဲ့သားသည် စိတ်မအေးနိုင်ပေ။ ဦးခေါင်းအကာများသည် ယာယီသာ လှည့်စားနိုင်လိမ့်မည်။ သို့သော် ငါးဖမ်းကုန်သည်အဖွဲ့မှ အမှန်တကယ် အားစိုက်ထုတ်၍ စုံစမ်းစစ်ဆေးခဲ့လျှင် ဤချောင်ကုန်သည်အဖွဲ့သားများအားလုံး မည်သူမျှ သစ္စာမဖောက်ပါကြောင်း သေချာနိုင်ပါ၏လော။
ထိုအဖွဲ့သားမှ အရမ်းစိတ်မလောပါရန် မဖျောင်းဖျရသေးမီ၌ နောက်မှ သင်္ဘောခေါင်းဆောင်ကြီး ကျောင်းရွှမ် ရောက်လာခဲ့ပြီး ပြောသည်။
“ဟုတ်တယ်။ ညီနောင်ယွီပြောတာ မှန်တယ်။ အိမ်ကို ဝင်စီးပြီး အကုန်သတ်ပစ်ရမယ်!”
ယခုအချိန်တွင် ကျောင်းရွှမ်သည် မိမိ၏လုပ်ရပ်များ ပေါ်သွားခဲ့ပြီဟု ခံစားရသောကြောင့် ယွီပင်းထက်ပင် ဝူကျုံးနှင့် သူ၏မိသားစုများကို သတ်ပစ်ချင်နေပေသည်။ ဝူကျုံးနှင့်မိသားစုများ မသေခဲ့လျှင် သူဘယ်လိုများ အသက်ရှင်နိုင်ပါတော့မည်နည်း။
သူ့တွင် ပုန်းရှောင်စရာနေရာမရှိပေ။
ကျောင်းရွှမ်၏စကားကိုကြားသောအခါ ယွီပင်းသည် ရပ်တန့်သွား၏။ ထို့နောက် ကျောင်းရွှမ်ကိုကြည့်လိုက်ပြီးနောက် ယွီပင်း၏စိတ်အစဉ်မှာ အနည်းငယ် ကြည်လင်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ လူအုပ်စုသည် ပိုင်မိသားစုနေအိမ် ရှေ့တံခါးဝအထိ လိုက်လာခဲ့ကြသည်။ သို့သော် ရောက်ရှိသောအခါ ပိုင်မိသားစုနေအိမ်၏ ရှေ့တံခါးမှာ ဖွင့်ဟထားသောကြောင့် လူအုပ်စုကြီးမှာ ထိတ်လန့်ကုန်ရသည်။
ဝင်ပေါက်တည့်တည့်၌ ခမ်းနားသည့်ကုလားထိုင်တစ်ခု ရှိနေခဲ့ကာ ပိန်လှီသော လူအိုကြီးတစ်ဦးသည် လက်တွင် ရွှေဓားတစ်လက်ကို ကိုင်ဆောင်ထားလျက် ထိုင်နေသည်။
ဦးခေါင်းအကာများ ဝတ်ဆင်ထားသည့်လူအုပ်စု ရောက်ရှိလာသောအခါ လူအိုကြီးသည် သူ၏ဘေးတွင်ရပ်နေသော ဝူဟုန်ကို တစ်ချက်ကြည့်လိုက်သည်။ ဝူဟုန်သည် အချက်ပြဗုံကို ချက်ချင်းတီးလိုက်၏။
အချက်ပြဗုံသံ မြည်ဟီးသွားခြင်းနှင့်အတူ လမ်းမကြီးတစ်ခုလုံးမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ လူနေအိမ်များသည် ဆီမီးအိမ်များ ထွန်းညှိလိုက်ကြသည်။ သို့သော် အပြင်ဘက်ရှိ လက်နက်ကိုင်ဆောင်ထားသော လူတစ်စုကို မြင်သောအခါ မည်သူမျှ တံခါးမဖွင့်ရဲကြပေ။ အချို့သတ္တိရှိသူများသည် လှေကားများရှာဖွေ၍ အမြင့်သို့တက်ကာ အောက်ဘက်ရှိမြင်ကွင်းကို ချောင်းမြောင်းကြည့်ရှုကြသည်။
သမားတော်ပိုင်၏ ထိုလှုပ်ရှားမှုသည် ယွီပင်းတို့အုပ်စုကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။
သူတို့သည် သမားတော်ပိုင်ကို စိန်းစိန်းဝါးဝါးကြည့်နေကြ၏။
ဤလူအိုကြီး ဘာလုပ်ချင်နေသည် မသိပေ။
သမားတော်ပိုင်သည် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏ရှေ့ရှိလူကို မေးမြန်းသည်။
“ဒီလိုညကြီးသန်းခေါင်မှာ ချောင်ကုန်သည်အဖွဲ့ရဲ့ ဦးစီးမှုယွီပင်းက ဦးခေါင်းအကာဝတ်ပြီး ပိုင်မိသားစုနေအိမ်ရှေ့ကို ရောက်လာတာ ဘာအလုပ်ကိစ္စများ ရှိလို့လဲနော်”
သမားတော်ပိုင်သည် သူ၏ရှေ့ရှိ လူ၏သရုပ်မှန်ကို ဖော်ထုတ်ခြင်းဖြင့် တိတ်ဆိတ်မှုကို ဦးစွာဖြိုခွင်းလိုက်သည်။
လူအိုကြီးသည် သိုင်းလောကသားတွင် အတွေ့အကြုံရင့်သန်သူတစ်ဦးဖြစ်ကြောင်း သိသာပါ၏။
ခေါင်းကိုဖွက်ထားပေမဲ့ အမြီးက ပေါ်နေသေးတာ၊ ငါမင်းကို ဘွင်းဘွင်းရှင်းရှင်း ဖော်ထုတ်ပစ်မယ်! ပေါ်သွားပြီဆို လိုက်နာရမယ့် စည်းမျဉ်းအချို့ရှိတယ်။ ဒါက သိုင်းလောကရဲ့နည်းလမ်းပဲ!
ထိုအခါ ယွီပင်း မျက်မှောင်ကြုတ်သွား၏။ သမားတော်ပိုင်၏ နှုတ်ထွက်စကားတစ်ခွန်းတိုင်း၌ မည်သို့မျှ အထင်မမှားနိုင်သော လူသတ်လိုခြင်းအငွေ့အသက်များ ပါဝင်နေပေသည်။
ယွီပင်းသည် မိမိမှာ “ယီးထုန်”ဖြစ်ခဲ့ပါက အထိန်းအကွပ်မရှိ ပြုမူလိုက်မည်ဖြစ်၏။ ပိုင်မိသားစုတစ်ခုလုံးကိုလည်း အမြစ်ဖြတ်သုတ်သင်ရဲပါသည်။
သို့သော် ချောင်ကုန်သည်အဖွဲ့၏ယွီပင်းအဖြစ်မူ သူ မလုပ်ဝံ့ချေ။
ထိုအချိန်၌ ယွီပင်းသည် ဘေးကျပ်နံကျပ်ဖြစ်သွားရသည်။ သို့သော် သူ၏ဘေးရှိ ကျောင်းရွှမ်သည် ဘာမျှဂရုမစိုက်နိုင်တော့ပေ။
ယွီပင်းမှာ လွတ်မြောက်ဖို့ နည်းလမ်းရှိနိုင်ပေမဲ့ သူ့တွင် မရှိပေ။ ဝူကျုံးအသက်ရှင်ခဲ့ပါက ပထမဆုံး ရှင်းလင်းခံရမည့်သူမှာ သစ္စာဖောက်ကျောင်းရွှမ်ဖြစ်၏။
ထို့ကြောင့် ကျောင်းရွှမ်သည် ရှေ့တက်၍ အော်ပြောလေသည်။
“လူအိုကြီး ချောင်ကုန်သည်အဖွဲ့ ဦးစီးမှူးယွီကို ခဏထားလိုက်ပါဦး။ ကျုပ်တို့က နျိုထုန်တောင်ရဲ့ အရှင်သခင်ကြီးတွေပဲ။ ဒီကို ကျုပ်တို့တောင်ပေါ်ကနေ ပစ္စည်းခိုးသွားခဲ့တဲ့ သူခိုးကို လာဖမ်းတာပါ။ ခင်ဗျားအနေနဲ့ အဲဒီသူခိုးတွေကို လက်လွှဲပေးမယ်ဆိုရင် အရာအားလုံး အဆင်ပြေပါလိမ့်မယ်။ မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားရဲ့မျိုးနွယ်တစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်မယ်!”
“ဟက် ငါ့ရဲ့တစ်မျိုးနွယ်လုံးကို သုတ်သင်ပစ်မယ်တဲ့လား”
သမားတော်ပိုင်သည် အားရပါးရ ရယ်မောလေသည်။ ထို့နောက် တံခါး၏အထက်ရှိ “ပိုင်”စာလုံးထွင်းထားသော ကမ္ပည်းပြားကို လက်ညှိုးညွှန်ပြသည်။
“အဲဒီစာလုံးကို ဘယ်သူရေးခဲ့လဲ သိလား”
“ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်းပဲ!”
“သောက်ရေးမပါတဲ့ကောင်တွေ၊ မင်းတို့ ငါဘယ်သူလဲ သိကြလား။ ငါက ငါးဖမ်းကုန်သည်အဖွဲ့ အတွင်းခန်းမ သမားတော်ကြီးရှစ်ဦးထဲက တစ်ဦးပဲ။ ခေါင်းဆောင်ကနေ တပည့်တွေအထိ ငါတို့အတွင်းခန်းမ သမားတော်ကြီးရှစ်ဦးကြောင့် အကျိုးမခံစားဖူးတဲ့သူ ဘယ်သူရှိနိုင်မလဲ။ ကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်းက ပြောခဲ့တယ်။ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ သမားတော်ကို ပြဿနာရှာတဲ့သူက သူ့ရဲ့မိဘတွေကို ထိပါးတာနဲ့ အတူတူပဲ၊ အဲဒီလိုရန်ငြိုးကို အသက်မသေမချင်း လက်တုံ့ပြန်သင့်တယ်တဲ့လေ!”
“မင်းအထင် ဦးခေါင်းအကာဝတ်ထားတာနဲ့ပဲ လုံးဝ လွတ်မြောက်နိုင်မယ်ထင်နေလား။ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ညီနောင်ထောင်ချီကို အရူးငတုံးတွေလို့ ထင်နေတာလား”
“ငါကြွားဝါပြောဆိုနေတာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ ဒီနေ့ည ပိုင်မိသားစုနေအိမ်ခြံဝင်းထဲ ခြေတစ်လှမ်းလှမ်းရဲရင် မနက်ဖြန်ကျ ငါးဖမ်းကုန်သည်အဖွဲ့က သိုင်းလောကသတ်ဖြတ်ခြင်းအမိန့်စာကို ထုတ်ပြန်လိမ့်မယ်။ မင်းတို့အားလုံး တစ်ယောက်တစ်လေမှ မလွတ်မြောက်စေရဘူး!”
“ငါ့ကို မယုံရင် စမ်းကြည့်လို့ရတယ်!”
သမားတော်ပိုင်သည် ဖိတ်ခေါ်သည့်လက်ဟန်အမူအရာလုပ်ပြ၏။
ယွီပင်းသည် နေရာ၌ပင် တောင့်ခဲသွား၏။ ထိုအခါ ကျောင်းရွှမ်မှ ဒေါသတကြီးပြောသည်။
“အဖိုးကြီး လူတွေကို ခြောက်လှန့်မနေနဲ့။ ဒီနေ့ ကျုပ်တို့က ခင်ဗျားတို့အိမ်ကို ဝင်စီးပြီး တစ်အိမ်လုံးသတ်ပစ်လိုက်ရင် ဘယ်သူ့လက်ချက်လဲဆိုတာ ဘယ်သူက သိတော့မှာလဲ”
သမားတော်ပိုင် ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုပါ လှည့်စားနေတာလား”
“မင်းမှာ ငါတို့အားလုံးကိုသတ်ဖို့ အင်အားရှိတယ်၊မရှိဘူးဆိုတာ မပြောနေတော့ဘူး။ အကယ်၍ မင်းမှာ အဲဒီလိုအင်အားရှိခဲ့ရင်တောင် ငါတို့ကိုသတ်ပြီးသွားရင် အရာအားလုံးပြီးဆုံးသွားမှာတဲ့လား”
“မင်းနောက်ကိုလည်း ပြန်လှည့်ကြည့်လိုက်ပါဦး။ အမှောင်ထဲမှာ မင်းကိုကြည့်နေတဲ့ မျက်လုံးဘယ်နှစုံရှိသလဲလို့”
“မင်း ငါတို့တစ်အိမ်လုံးကို သတ်နိုင်ရင်တောင် ဒီလူတွေအကုန်လုံးကို သတ်နိုင်မှာလား”
“မင်းမှာ တစ်ရွာလုံးကို အမြစ်ပြတ်သတ်ပစ်ဖို့ သတ္တိရောရှိရဲ့လား?!”
သမားတော်ပိုင်၏ ပြစ်တင်ဝေဖန်သည့် စကားအဆုံး၌ အားလုံး၏မျက်နှာအမူအရာမှာ ပျက်ယွင်းသွားရသည်။
တစ်ရွာလုံး သတ်ပစ်ဖို့တဲ့လား။ ရူးနေတာပဲ!
ဒီလူအယောက်နှစ်ဆယ်က အဲဒီလိုစွမ်းဆောင်နိုင်စွမ်း ရှိ၊မရှိကို အသာထားဦး၊ စွမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုရင်တောင် တကယ်ကြီး လုပ်ရဲမှာတဲ့လား။ လုပ်နိုင်မှာတဲ့လား။
သူတို့အားလုံးက ရှန်းထောင်မြို့ရဲ့ဒေသခံတွေလေ။ ရှန်းထောင်မြို့က ဘယ်လောက်မှ မကြီးတာကို ဒီရှန်းထောင်ရွာမှာ အမျိုးအဆွေမရှိတဲ့သူရယ်လို့ ရှိနိုင်ပါ့မလား။
တစ်ရွာလုံးသတ်ပစ်မယ်ဆို ကိုယ့်ဦးလေးရဲ့အိမ်ကိုသွားပြီး ဒါမှမဟုတ် ကိုယ့်အဒေါ်ရဲ့မိသားစုကို သတ်ပစ်ရမှာလား။
ပြီးတော့ သူတို့မိဘတွေ ဒီရွာမှာ နေနေတာလည်း ဖြစ်နိုင်သေးတယ်။ သခင်ကြီးယွီရဲ့ ဒီငတုံးနောက်လိုက်တစ်စုက သူတို့ရဲ့ဇနီး၊ ကလေးတွေ၊ မိဘတွေနဲ့ ခမည်းခမက်ဆွေမျိုးတွေကို သတ်ပစ်နိုင်မှာတဲ့လား။
အဲဒီချောင်ကုန်သည်အဖွဲ့သားတွေ စိတ်ရူးဖောက်ကုန်တာ မဟုတ်သ၍ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပဲ။
ချောင်ကုန်သည်အဖွဲ့ဆီက ရမယ့် တန်ဖိုးနည်းပါးတဲ့ ရတနာတွေအတွက်နဲ့ လူသားဆန်မှုကို ဖျက်ဆီးပစ်လိုက်ရမှာတဲ့လား။
“ဘာလဲ လုပ်နိုင်စွမ်းမရှိဘူးလား”
“အဲဒါဆိုလည်း ဒီလူအိုကြီးရဲ့ အကြံပေးစကားကို နားထောင်ပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ ထွက်သွားလိုက်ကြပါ။ ဒီနေ့ည ဘာအဖြစ်အပျက်မှ မဖြစ်ခဲ့သလို ငါဟန်ဆောင်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီနေ့ည ပိုင်မိသားစုဝင်တစ်ယောက်ယောက် တစ်ခုခုဖြစ်ခဲ့ရင် ငါ့ရဲ့ နှစ်ပေါင်းသုံးဆယ်ကျော်တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ အဆက်အသွယ်အားလုံးကို ပုံအောပြီး ပြောရဲတယ်။ ယွီပင်း မင်း အဲဒါကို ခံနိုင်ရည်ရှိမလား ကြည့်ကြသေးတာပေါ့!”
“ငါ့မျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်ဆိုတဲ့ ရယ်စရာကောင်းတဲ့ခြိမ်းခြောက်မှုတွေနဲ့ ငါ့ကိုခြောက်လှန့်ဖို့ ကြိုးစားမနေနဲ့!”
“မင်းဒီနေ့ည ငါတို့ရဲ့ဆံချည်တစ်မျှင်လောက်ပဲ ထိခဲ့ရင်တောင် မင်းတို့ တစ်ရွာလုံးကို မသတ်ပစ်သ၍၊ လူတစ်ယောက်ဖြစ်ဖြစ် အသက်ရှင်နေသေးသ၍၊ ငါးဖမ်းကုန်သည်အဖွဲ့က ဒီကိစ္စကို အဆုံးအထိ လိုက်စုံစမ်းလိမ့်မယ်။ မင်းတို့အားလုံး သေကြရလိမ့်မယ်!”
“မင်းတို့စဉ်းစားကြည့်လိုက်ပေါ့ တန်ရဲ့လားလို့”
သမားတော်ပိုင်သည် လည်ချောင်းရှင်းလိုက်ပြီး ဝူဟုန်ကမ်းပေးသည့် လက်ဖက်ရည်ပန်းကန်လုံးကို ယူလိုက်ကာ လည်ချောင်းကို ပြန်လည်စိုစွတ်စေလိုက်သည်။
ထိုအချိန်၌ ယွီပင်းသည် အသိစိတ်ပြန်ကပ်သွားပြီဖြစ်၏။ သူ၏နှလုံးခုန်နှုန်းမှာ ယုတ်လျော့လာခဲ့သည်။ လက်ရှိအချိန်တွင် သူတို့သည် ငါးဖမ်းကုန်သည်အဖွဲ့နှင့် အဆင်မပြေသည့် အခြေအနေဖြစ်သော်ငြား စီမံထိန်းကွပ်နိုင်သည့် အတိုင်းအတာအတွင်း ရှိနေဆဲဖြစ်သည်။
သို့သော် ပိုင်ဝမ့်ကျင်းအား တကယ်ကြီး ထိပါးလိုက်ခြင်းမှာမူ ၎င်းသည် ကောင်းကင်ဘုံကို ချိုးဖျက်သည့်အလား ဖြစ်သွားချေမည်။
ကျန်းဟူ၌ စည်းမျဉ်းတစ်ခုရှိ၏။ “ဘေးဒုက္ခတို့အား မိသားစုဝင်များထံ မကျရောက်စေအံ့၊ သမားတော်များကို ပြစ်ဒဏ်မပေးအပ်”ဟူ၍ ဖြစ်သည်။
သမားတော်များသည် သိုင်းလောကတွင် အဆင့်အတန်းမြင့်မားသူများ ဖြစ်ကြသည်။ မည်သူမဆို မိမိမှာ ဘယ်တော့မှ နာမကျန်းမဖြစ်နိုင်၊ မထိခိုက်နိုင်ဟု အာမ,မခံနိုင်ပေ။
မည်သူမဆို ထိခိုက်ဒဏ်ရာရသည်ဖြစ်စေ၊ နာမကျန်းဖြစ်သည်ဖြစ်စေ သမားတော်မရှိပါက အဘယ်သို့များ ကုသပျောက်ကင်းနိုင်ပါမည်နည်း။
ထို့ကြောင့် သိုင်းလောက၌ ရန်ငြိုးဖွဲ့ပြီး သတ်ဖြတ်ခြင်းဖြစ်စေ၊ နယ်မြေလုခြင်းဖြစ်စေ ရန်သူဘက်မှ သမားတော်သည် လူသတ်မှုကျူးလွန်ခြင်း မရှိသ၍ သမားတော်အား မည်သူမျှ ထိခွင့်မရှိပေ။
သို့မဟုတ်ပါက သူတို့ကို သိုင်းလောကသားအားလုံးက မုန်းတီးစက်ဆုပ်ကြလိမ့်မည်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဆေးမှူးများကို သတ်ဖြတ်ခြင်းအား တားမြစ်ထားခြင်းနှင့် အလားတူပင်ဖြစ်သည်။
အခုအချိန်မှာ သူတို့သည် အရာအားလုံးကို လျစ်လျူရှု၍ ပိုင်မိသားစုကို တိုက်ခိုက်ခဲ့ပါက မနက်ဖြန်ရောက်သော် ငါးဖမ်းကုန်သည်အဖွဲ့သည် သေချာပေါက် ဒေါသထွက်လိမ့်မည်ဖြစ်၏။ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ပင်လျှင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကိုင်တွယ်လောက်ပေသည်။ ထိုသို့အခြေအနေသို့ ရောက်လာပါက ယွီပင်းကို မဆိုထားနှင့် ယွီပင်း၏ကျောထောက်နောက်ခံဖြစ်သူပင်လျှင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်က သိုင်းလောကသတ်ဖြတ်ခြင်းအမိန့်တော်ကို ထုတ်ပြန်လိုက်ပြီဆိုရင်
သေဖို့စောင့်နေရုံပဲ တတ်နိုင်တော့မှာ!
လူတိုင်းမှာ နီဝမ့်ကျွင်းကဲ့သို့ သိုင်းလောကတစ်ခွင်ကို မဆင်မခြင်ဖြင့် ရမ်းကားပြုမူနိုင်ကြသူများ မဟုတ်ကြပေ။