အခန်း (၁၂၅)
Vol. 9 Ch. 125
ယွီမိသားစုနေအိမ်ခန်းမ၌ ယွီပင်းသည် ဟောသွန်းယိုများ ခင်းကျင်းထားသော ယွီစန်းလျို့၏ဝိဉာဉ်ကန်တော့ပွဲရှေ့တွင် ရပ်နသည်။
ယွီစန်းလျို့သည် ပုံမှန်အားဖြင့် အချိုကြိုက်နှစ်သက်ပြီး ဟောသွန်းယိုကို နှစ်သက်ခဲ့သည်။ ဖြစ်နိုင်သည်မှာ သူငယ်စဉ်အခါက သူ၏မိဘများသည် ၎င်းတို့ကို ဝယ်ကျွေးရန် မတတ်နိုင်သောကြောင့် ဖြစ်နိုင်ပေသည်။
ယွီပင်းသည် ထိုသို့ရပ်လျက် ဝမ်းနည်းပူဆွေးနေ၏။
သူသည် ယွီစန်းလျို့နှင့်အတူ မျှဝခဲ့ဖူးသည့် အသေးစိတ်အမှတ်တရ တစ်ခုချင်းစီတိုင်းကို အမှတ်ရနေခဲ့သည်။
အများစုမှ စိတ်မချမ်းမြေ့ဖွယ် ဖြစ်ခဲ့သော်ငြား ကောင်းမွန်သည့်အခိုက်အတန့်များလည်း ရှိပေသည်။ သို့သော် သူတို့နှစ်ဦးကြားရှိ တင်းမာမှုသည် ယွီပင်း အောင်မြင်သွားပြီးနောက်တွင် ပို၍ပြင်းထန်လာခဲ့သည်။
ယွီပင်းသည် ချောင်ကုန်သည်အဖွဲ့ ဦးစီးမှူးဖြစ်လာခဲ့ပြီး ချမ်းသာကြွယ်ဝလာခဲ့သည်။ သို့သော် သူ၏ ပထမဇနီးသည် နာမကျန်းဖြစ်ခဲ့သည်။ ယွီပင်းသည် သူမကို အလွန်ချစ်မြတ်နိုးပါသော်ငြား သူသည် စိတ်ဆန္ဒပြင်းထန်သော အမျိုးသားတစ်ယောက်ဖြစ်၏။
ယွီပင်းသည် ပြဇာတ်သမတစ်ယောက်နှင့် ချစ်ကျွမ်းဝင်သွားခဲ့သည်။ တစ်နေ့သ၌ သူသည် အတွင်းခန်းမတွင် သူမ၏သီဆိုဖျော်ဖြေမှုကို နားထောင်ပြီးနောက် သူမနှင့် မှောက်မှားကျူးလွန်ခဲ့သည်။ မိခင်ဖြစ်သူအား တွဲကူပေးလာသော ယွီစန်းလျို့သည် ထိုမြင်ကွင်းကို မြင်တွေ့သွားခဲ့၏။ ယွီစန်းလျို့၏မိခင်သည် အံ့ဩထိတ်လန့်မှုကြောင့် နေရာတွင် သတိလစ်မေ့မျောသွားခဲ့ကာ မကြာမီတွင် ကွယ်လွန်သွားခဲ့သည်။
ထိုအချိန်မှစတင်၍ ယွီပင်းတို့သားအဖနှစ်ဦးကြားရှိ ဆက်ဆံရေးမှာ ပျက်စီးသွားခဲ့သည်။ ယွီစန်းလျို့သည် ယွီပင်းကြောင့် သူ၏မိခင် သေဆုံးရသည်ဟု ယုံကြည်ထားခဲ့ပြီး မကြာခဏ လိမ္မာရေးခြားရှိစွာ ပြုမူရန်ငြင်းဆန်၍ ယွီပင်းကို ပုန်ကန်တတ်ခဲ့သည်…
ထိုမှတ်ဉာဏ်အားလုံးကို ပြန်ပြောင်းတွေးတောမိသော် ယွီပင်းသည် သက်ပြင်းတစ်ချက် ထုတ်လွှတ်လိုက်ပြီး
မျက်လုံးမှ မျက်ရည်များကို သုတ်လိုက်သည်။
ယွီပင်းသည် အမွှေးတိုင်သုံးတိုင်ကို ထွန်းညှိလိုက်ပြီး ယွီစန်းလျို့၏ကမ္ပည်းပြားရှေ့ ထိုးစိုက်လိုက်သည်။
“ငါ့သား၊ မင်းအတွက် အဖေ သေချာပေါက် လက်စားချေပေးမှာပါ!”
ထိုသို့ပြောရင်း အမွှေးတိုင်များကို ထိုးစိုက်လိုက်ပြိးနောက်တွင် အိမ်တော်ထိန်းသည် အလျင်စလို ပြေးဝင်လာ၏။
“သခင်ကြီးယွီ!”
ယွီပင်း အိမ်တော်ထိန်းကို စူးရဲစွာ ကြည့်လိုက်သည်။
“ဘာကိစ္စလဲ။ ငါ စန်းလျို့ကို စကားပြောနေတာ မမြင်ဘူးလား”
“သခင်ကြီး၊ သခင်ကြီး ဝယ်ချင်တဲ့ ဆေးလုံးကို တစ်ဖက်လူက ရောင်းချဖို့ သဘောတူလိုက်ပါပြီ”
“ဟမ်!”
ယွီပင်းသည် အသိပြန်ကပ်သွား၍ ချက်ချင်းပြောလိုက်သည်။
“ငွေလက်မှတ်တွေယူပြီး ငါနဲ့လိုက်ခဲ့!”
ယွီပင်း အိမ်တော်မှ အမြန်ထွက်ခွာခဲ့သည်။ အပြင်ဘက်တွင် ပူဆွေးဝမ်းနည်းခြင်းဝတ်စုံဖြင့် ကုန်သည်အဖွဲ့သားဒါဇင်ကျော်ခန့် စုဝေးနေကြ၏။ သူတို့သည် တစ်ပြိုင်နက်တည်း အော်ပြောကြ၏။
“သခင်ကြီးယွီ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို လက်ခံပေးပါ!”
“မင်းတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ငါမလိုအပ်ဘူး။ မင်းတို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို တခြားသူကိုပဲ ကမ်းလှမ်းလိုက်!”
ထိုသို့ပြောခဲ့ပြီး ယွီပင်းသည် လက်အောက်ငယ်သားများကို တန်းတန်းမတ်မတ် ဖြတ်လျှောက်သွားခဲ့သည်။ ဦးစီးမှူးမှ အချက်ပြလိုက်သောအခါ လက်အောက်ငယ်သား အဖွဲ့သားအားလုံးသည် နောက်မှလိုက်ပါသွားကြသည်။
…
ထိုစဉ် ချန်ကျဲ့သည် ပိုင်မိသားစု၏ လေ့ကျင့်ရေးကွင်းပြင်တွင် ကျောက်ပြားအကြီးအသေးမျိုးစုံကို ရွှေ့ပြောင်းနေသည်။ ဝူဟုန်သည် ဘေးဘက်တွင် ဆေးရည်သောက်နေ၏။
ဆေးရည်မှာ သွေးအလား နီရဲနေပေသည်။
ဤဆေးရည်သည် သွေးလင်ဇီးမှ ဖော်စပ်ထားသောဆေးရည်ဖြစ်၍ အာနိသင်ပြင်းထန်သည်။
မဝေးလှသည့်နေရာ၌ ဝူကျုံးသည်လည်း ပန်းကန်လုံးတစ်လုံးကို ကိုင်ထား၏။ သူ၏အသွင်အပြင်မှာ အနည်းငယ်ပို၍ ဖျော့တော့နေပေသည်။
သမားတော်ပိုင်သည် သူတို့နှစ်ဦးအား သွေးလင်ဇီးကို အဓိကပါဝင်ပစ္စည်းအဖြစ် ထည့်သွင်းဖော်စပ်ထားသည့် သွေးအားဖြည့်ဆေးညွှန်းကို သောက်သုံးရန်ညွှန်ကြားထားခဲ့သည်။ ကနဦးတွင် ဝူဟုန်တစ်ယောက်တည်း သွေးလင်ဇီးကို အသုံးပြု၍ ပြန်လည်ကောင်းမွန်လာရမည်ဖြစ်၏။ သူ၏ ဆုံးရှုံးသွားခဲ့သော အသက်စွမ်းအင်များ ပြန်လည်ပြည့်တင်းသွားမည့်အပြင် ပို၍ပင် အားကောင်းလာနိုင်သည်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်အတွက် အခြေခံအုတ်မြစ် တည်ဆောက်ပေးနိုင်ကောင်း၏။
သို့သော် ဝူဟုန်သည် ထိုသို့ပြုလုပ်ရန် ငြင်းဆန်ခဲ့ပြီး မိမိကဲ့သို့ပင် အသက်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသော ဝူကျုံးနှင့်အတူ မျှဝေသုံးစွဲရန် အတင်းအကျပ် ပြောဆိုခဲ့သည်။
ဝူကျုံးသည် လက်မခံချင်သော်ငြား ဝူဟုန်သည် ဝူကျုံးကို ခြိမ်းခြောက်ခဲ့၏။ ဝူကျုံး မသောက်ပါက သူလည်း သောက်သုံးမှာ မဟုတ်ကြောင်း၊ သားအဖနှစ်ဦး အတူတူ ဒုက္ခခံစားကြမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။ နောက်ဆုံးတွင်တော့ ဝူကျုံးမှာ သားဖြစ်သူနှင့် မငြင်းခုန်နိုင်တော့ဘဲ သဘောတူလိုက်ရသည်။
သို့သော်ငြား သွေးလင်ဇီးပမာဏအများစုကို ဝူဟုန်အတွက် အသုံးပြုလိုက်ခြင်းသာ ဖြစ်ပါ၏။
ဝူဟုန်၏ဘဝသည် တိုးတက်မှု တန်းသွားခဲ့ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သည် သူ၏အမြင့်ဆုံးအကန့်အသတ် ဖြစ်သွားခဲ့သည်။ အမှောင်စွမ်းအင်အဆင့်သို့ တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။
သို့သော် ဝူဟုန်သည် အလွန်မြင့်မားသော ရည်မှန်းချက်များ မရှိပေ။ သက်သောင့်သက်သာရှိသော ဘဝဖြင့် နေထိုင်နိုင်ပါက လုံလောက်လေပြီ။
သို့သော် ဝူကျုံးသည် သူ့ထက် အများကြီးပို၍ သာလွန်နိုင်မည့် အလားအလာရှိသော သားဖြစ်သူ ဝူဟုန်အပေါ် မျှော်လင့်ချက်ကြီးမားသည်။
ချန်ကျဲ့သည်လည်း အသွေးအသားခိုင်မာဆေးဟု အမည်ရသော ဆေးရည်တစ်မျိုးကို သောက်သုံးနေရသည်။ သို့သော် အကျိုးသက်ရောက်မှုမှာ သာမန်မျှသာ ဖြစ်သည်။ ချန်ကျဲ့အနေဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ အချိန်တိုအတွင်း ရောက်ရှိလိုပါက ၎င်းမှာ လုံလောက်ဖို့ရာ ဝေးကွာလွန်းသေးပေသည်။ ပို၍ကုံလုံသော ဆေးအထောက်အပံ့များ လိုအပ်ပေသည်။
သို့သော် ထိုသို့ဆေးများသည် ရရှိရန် မလွယ်ကူပေ။ ကောင်းကင်ရတနာ၊မြေရတနာများကို ရှာတွေ့နိုင်မည့် သင့်တော်သည့်အခွင့်အရေးတစ်ခု လိုအပ်သေးသည်။
ဝူဟုန်သည် ချန်ကျဲ့နှင့် သိုင်းကွက်အနည်းငယ်မျှ ဖလှယ်ပြီးနောက် ချန်ကျဲ့၏ လှိုင်းတံပိုးလက်ဝါးသိုင်းကို အတော်လေး အထင်ကြီးသွားခဲ့သည်။ အထူးသဖြင့် ချန်ကျဲ့မှ ရေထိန်းချုပ်လက်ဝါးသိုင်းကွက်အချို့ ရောနှောသုံးလိုက်ချိန်တွင်ဖြစ်သည်။
ဝူဟူန်မှာ အံ့အားသင့်မှုကြောင့် ပြောမိရ၏။
“ကျိုစစ် မင်းရဲ့ လှိုင်းတံပိုးလက်ဝါးသိုင်းမှာ ပုန်းကွယ်နေတဲ့ ပဟေဠိတစ်ခုရှိနေသလိုပဲ။ မင်း အဲဒီပဟေဠိကို ဖြေရှင်းနိုင်သွားရင် အရမ်းကောင်းမွန်တဲ့ အခွင့်အရေးဖြစ်လောက်တယ်။ မင်းရဲ့လက်ရှိအင်အားနဲ့ဆို မင်းနဲ့ ယွီပင်းက သူမသာကိုယ်မသာ အခြေအနေဖြစ်လောက်မယ်။ မင်း သူ့ထက် အားနည်းနေလိမ့်မှာ မဟုတ်ဘူး”
ချန်ကျဲ့သည် ထိုသို့ကြားရခြင်းအတွက် စိတ်မပျော်ရွှင်ပါချေ။ အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် ယွီပင်းကို အပြတ်အသတ် အနိုင်ရလိုပါက ရေထိန်းချုပ်လက်ဝါးသိုင်းအား အသုံးပြုရမည်ဖြစ်ကြောင်း သိနေသောကြောင့်ပင်။ ထိုနေ့တွင် ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့မှ အဆင့်အတန်းမြင့်ပုဂ္ဂိုလ်များ လာရောက်ကြည့်ရှုကြမည်ဖြစ်သည်။ ထို့ကြောင့် ရေထိန်းချုပ်လက်ဝါးသိုင်းကို ဖုံးကွယ်ထားရန် လိုအပ်သည်။ ထိုပုဂ္ဂိုလ်ကြီးများမှ သူ၏သိုင်းကွက်များကို မှတ်မိသွားခဲ့ပါက ချန်ကျဲ့အတွက် အကျိုးယုတ်နိုင်သည်။
ထို့ပြင် ချန်ကျဲ့သည် ဤရက်များအတွင်း ယွီပင်းမှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်သွားပြီး မိမိကို အနိုင်ရသွားမည်အား စိုးရိမ်နေရသည်– အထူးသဖြင့် သူသည် သူ၏သိုင်းပညာကို ထိန်းချုပ်ထားရ၏– သို့ဖြစ်ရာ အနိုင်ရရှိရန်မှာ မဖြစ်နိုင်လုနီးပါးပင်။
ချန်ကျဲ့ အတော်လေး အကျပ်ရိုက်နေရ၏။
သို့သော် လက်ရှိတွင် အခြားဖြေရှင်းနည်းလည်း ရှိမနေပေ။ ၎င်းကို အတိအကျဖော်ထုတ်ရန်အတွက် အချိန်ပို၍လိုအပ်သည်။
သို့ဖြင့် တစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။
ညသန်းခေါင်အချိန်၌ ချန်ကျဲ့သည် စနစ်၏အချက်ပေးသံကြောင့် နိုးလာခဲ့သည်။
ချန်ကျဲ့သည် သဘာဝနာရီတစ်လုံး ဖြစ်လုနီးပါးပင်။ အချိန်ကိုက် အလိုအလျောက် အိပ်ရာနိုးလာတတ်၏။
[ဒီနေ့အတွက် သတင်းအချက်အလက်များ မြှင့်တင်ပြီးပါပြီ (အဆင့် ၂)]
[၁၊ သင်ဒီနေ့ သင်္ဘောခေါင်းဆောင်ကြီးနဲ့ တွေ့ခဲ့ပြီး ရခဲ့သော သတင်းအချက်အလက်ဖြစ်ပါတယ်။ သင်္ဘောခေါင်းဆောင်ကြီးက ငါးဖမ်းကုန်သည်အဖွဲ့ ကျားဖြူခန်းမ ဦးစီးမှူးကျန်းရဲ့အိမ်မှာ ပုန်းနေပါတယ်။ ဦးစီးမှူးကျန်းက သူ့ရဲ့ယောက်ဖဖြစ်သူကို ကယ်တင်ဖို့နည်းလမ်းရှာနေပေမဲ့ အခုထိ နည်းလမ်းရှာမတွေ့သေးပါဘူး။ ဘေးကျပ်နံကျပ်အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဦးစီးမှူးကျန်းက ယောက်ဖဖြစ်သူကို စွန့်ပစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ချစ်လှစွာသော ကြင်ယာတော်က အပြန်းအထန် ကန့်ကွက်နေပါတယ်]
[၂၊ သင်ဒီနေ့ သင်္ဘောခေါင်းဆောင်၂ လီစန်းတင်းကို တွေ့ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ လီစန်းတင်းက လာမည့်၇ရက်မှာ ကျင်းပမယ့် ရွာအကြီးအကဲရွေးချယ်ပွဲအတွက် သိုင်းပညာကို အပြင်းအထန်လေ့ကျင့်နေပါတယ်။ အဲဒီကနေ ခန်းမသခင်ဖန်းရဲ့ နှစ်ခြိုက်မှုကို ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်]
[၃၊ သင်ဒီနေ့ ယွီပင်းကိုတွေ့ခဲ့ပြီး ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ ယွီပင်းက ယွီစန်းလျို့အတွက် ယဇ်ပူဇော်ကန်တော့ပွဲ ပြင်ထားပါတယ်။ ယွီစန်းလျို့အတွက် လက်စားချေပြီးတဲ့အချိန်အထိ ယဇ်ပူဇော်ပွဲထားရှိမယ်လို့ ကျိန်ဆိုထားပါတယ်။ လက်ရှိမှာ သူ သံသယဝင်နေတဲ့သူ နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ပုန်းကွယ်နေတဲ့ သိုင်းပညာရှင်ကြီး၊ နောက်တစ်ယောက်က ချန်ကျိုစစ်ပါ]
[၄၊ သင်ဒီနေ့ ယွီပင်းကိုတွေ့ခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ ယွီပင်းက ချောင်ကုန်သည်အဖွဲ့ အတွင်းခန်းမတပည့်တစ်ယောက်နဲ့ အသွေးအသားကျစ်လျစ်ဆေးလုံးကို ငွေလက်မှတ်တစ်စောင်နဲ့ လဲလှယ်ဖို့သွားပါတယ်။ အဲဒါနဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို အတင်းအကျပ် တက်လှမ်းဖို့စီစဉ်နေတာပါ။ အပေးအယူလုပ်ပြီးသွားပြီဖြစ်ပြီး သုံးရက်အတွင်းမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်တော့မှာပါ]
[၅၊ သင့်ရဲ့ နွားဦးချိုငါးအကြောင်း သိချင်စိတ်ပြင်းပြနေမှုကြောင့် ရရှိလာတဲ့ အချက်အလက်ဖြစ်ပါတယ်။ နွားဦးချိုငါးက စိမ့်တောကျွန်းအနီးမှာရှိကြောင်း အတည်ပြုနိုင်ပါတယ်။ နေရာအတိအကျကိုတော့ ဆက်လက်စူးစမ်းရှာဖွေရပါဦးမယ်…]
စာစဉ်ပြီး၏…
နောက်တစ်အုပ်ကို ဆက်လက်စောင့်မျှော်ရန်…