← Chapters

အခန်း (၁၁၃)

Vol. 9 Ch. 113

အခန်း (၁၁၃)

Vol. 9 Ch. 113

ယွီပင်း နောက်ဆုတ်သွား၏။

အခြေအနေမကောင်းတာကို မြင်လိုက်တဲ့အခါ ယွီပင်းမှာ နောက်ဆုတ်ဖို့လမ်းရှိပေမဲ့ ငါ့မှာတော့ မရှိဘူး။

ထို့ကြောင့် ကျောင်းရွှမ်သည် ရှေ့သို့တိုးလာ၍ အော်ခေါ်လိုက်သည်။

“ယီးထုန်”

ကျောင်းရွှမ်သည် ယွီပင်းအတွက် ဝန်လျော့စေရန် သူ၏သရုပ်မှန်ကို မဖော်ထုတ်ခဲ့ပေ။ နောက်ဆုံးတွင် အမှန်တကယ် တိုက်ခိုက်ရမည်ဆိုပါက တိုက်ခိုက်သူမှာ ဦးခေါင်းအကာမျက်နှာဖုံးစွပ်ထားသည့် ယီးထုန်သာ ဖြစ်ပေလိမ့်မည်။

အကယ်၍များ ‘ညီနောင်ယွီ’ဟု ခေါ်လိုက်ပါက အားလုံး အဆုံးသတ်သွားပေလိမ့်မည်။ ယွီပင်းသည် သူဘယ်လောက်ပဲ တိုက်တွန်းပါစေ နောက်ထပ် လှုပ်ရှားတော့မည် မဟုတ်ပေ။

“ယီးထုန် ခင်ဗျားရဲ့သား ကျိုးထုန်ကို စဉ်းစားပါဦး။ ခင်ဗျား သူသေဆုံးရတာကို အချည်းနှီးဖြစ်သွားစေချင်လို့လား။ သူရဲ့အလောင်းက တောင်ထိပ်မှာရှိနေသေးတယ်။ သူ့ရဲ့ မတရားခံရတဲ့ ဝိဉာဉ်က ခင်ဗျားကိုကြည့်နေတုန်းပဲ။ ခင်ဗျား သူ့အတွက် လက်စားမချေတော့ဘူးလား”

ထိုအခိုက်အတန့်၌ အာ့ထျောင်သည် သူ၏သားအရင်း သေဆုံးသွားသည့်အလား အမျက်ဒေါသဖြစ်နေပေသည်။

စိတ်လျှော့ထားပြီးသော ယွီပင်း၏စိတ်အစဉ်မှာ အနည်းငယ် လွန်ဆွဲသွားရ၏။ သို့သော် ယွီပင်းသည် သူဒီနေ့ လုံးဝ စိတ်လိုက်မာန်ပါပြုမူ၍ မဖြစ်ကြောင်း ရှင်းလင်းစွာသိပေသည်။

ကျောင်းရွှမ်သည် ထိုကဲ့သို့ ယွီပင်း၏ပုံစံကို မြင်လိုက်ရသောအခါ ယွီပင်းသည် မဆင်မခြင် မပြုမူရဲကြောင်း သိလိုက်တော့သည်။

ဒါပေမဲ့ ငါက ဘယ်လိုလုပ်ရမလဲ”

ကျောင်းရွှမ်သည် ထိုမိုက်ရူးရဲဆန်သည့်အတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်သည်။

ကိုယ့်ကိုယ်ကိုယ်အားကိုးမယ်တဲ့ ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ။

တခြားသူတွေကို မပြောနဲ့ဦး၊ ဝူကျုံးကို ကျောပိုးသွားတဲ့လူတောင်မှ သူ့ကိုင်တွယ်နိုင်တဲ့သူ မဟုတ်လို့ ထွက်ပြေးသွားနိုင်ခဲ့တာလေ။

သူတို့လမ်းကျဉ်းလေးထဲတွင် ထိပ်တိုက်ရင်ဆိုင်ခဲ့သည် ထိုလက်ဖဝါးရိုက်ချက်သည် သူ၏မှတ်ဉာဏ်ထဲတွင် လတ်လတ်ဆတ်ဆတ်ရှိနေဆဲ ဖြစ်သည်။ ထိုလူနှင့် သူ့ကြားရှိ ကွာဟချက်ကို သူ ကောင်းကောင်းနားလည်ပါ၏။

ကွာခြားချက်သည် အလွန်ကြီးမား၏။

ထိုသို့တွေးတောလျက် ကျောင်းရွှမ်သည် ယွီပင်းကို ရုတ်တရက် ထပ်ပြောလိုက်သည်။

“ယီးထုန် ခင်ဗျား ပိုင်မိသားစုရဲ့နောက်ခံကို ကြောက်ရွံ့တာ ကျုပ်သိတယ်။ ဒါပေမဲ့ ကျိုထုန်ရဲ့သေဆုံးမှုအတွက် လက်စားမချေဘဲ ထားလိုက်လို့ မဖြစ်ဘူးလေ။ ကျုပ်တို့ ပိုင်မိသားစုကို ဖိအားမပေးတော့ရအောင်၊ ကျုပ်တို့ ပိုင်မိသားစုဝင်တစ်ယောက်ကိုမှ မထိတော့ဘူး။ ဒါပေမဲ့ ကျိုထုန်ကို သတ်ခဲ့တဲ့ လူသတ်သမားကိုတော့ ကျုပ်တို့လက်ထဲ လက်လွှဲပေးခိုင်းရမယ်။ မဟုတ်ရင် ဒီကိစ္စ ဘယ်လိုမှ မပြီးဆုံးနိုင်ဘူး!”

ဟမ်!

ယွီပင်းသည် ထိုစကားလုံးများကြောင့် စိတ်လှုပ်ရှားသွား၏။

ဟုတ်တယ်၊ ငါ ပိုင်မိသားစုဝင်တွေကို မလိုအပ်ဘူး။ လူသတ်သမားကို လက်လွှဲပေးရင် လုံလောက်ပြီ!

ထိုသို့တွေးတောလျက် ယွီပင်းမှ ပြောလာသည်။

“သခင်ကြိးပိုင် ကျုပ်တို့ ပွင့်ပွင့်လင်းလင်းပြောကြရအောင်။ ဒီနေ့ ခင်ဗျား ကျုပ်ကို တရားမျှတမှုပေးရမယ်။ ကျုပ်ရဲ့သား သေသွားပြီ၊ ဝူကျုံးကို ကျောပိုးခေါ်သွားတဲ့သူ သတ်လိုက်တာပဲ။ ခင်ဗျားလည်း အဖေတစ်ယောက်ပါပဲ၊ ကျုပ်ရဲ့ခံစားချက်ကို နားလည်နိုင်မှာပါ”

“အဖိုးကြီး အဲဒီလူကို ကျုပ်တို့လက်ထဲ လွှဲပေးလိုက်ပါ။ အဲဒါဆို ကျုပ်လည်း ဒီလူတွေကိုခေါ်ပြီး ချက်ချင်း ပြန်သွားပေးမယ်။ ပြဿနာမရှာတော့ဘူး။ အဲဒီတောင်းဆိုချက်က မများပါဘူး ဟုတ်တယ်မလား”

ယွီပင်းသည် သမားတော်ပိုင်ကို ကြည့်နေခဲ့သည်။

သမားတော်ပိုင်သည် အားရပါးရ ရယ်မော၏။

“ဟားဟား ယွီပင်း၊ မင်းငါ့ကို ဘယ်လိုသဘောထားနေတာလဲ”

“အဲဒီလူက ငါ့သားမက် ကျုံးအာရဲ့ အသက်သခင်ပဲ။ ငါ့ဘဝတစ်သက်တာလုံးမှာ ငါပိုင်ဝမ့်ကျင်းက ဘယ်သောအခါမှ မတရားမလုပ်ခဲ့ဖူးဘူး။ မင်းက ငါ့ကို လူကောင်းတစ်ယောက်ကို မင်းလက်ထဲ လွှဲပေးစေချင်နေတယ်။ အိပ်မက်မက်နေတာပဲ”

“ပိုင်ဝမ့်ကျင်း ကျုပ်က ခင်ဗျားကို သခင်ကြီးတစ်ယောက်အဖြစ် လေးစားမှုနဲ့ ဆက်ဆံခဲ့တာကို ခင်ဗျား ကျုပ်ကို ဖိအားမပေးနဲ့နော်!”

“ဖိအားပေးမယ်ဆိုရင်ရော?”

ထိုအခါ ဝူဟုန်လည်း ဒေါသထွက်လာခဲ့သည်။ သူ၏အဖိုးဖြစ်သူအား ထိုသို့စကားပြောဆိုဝံ့လေရာ ဒဏ်ရာရထားခြင်းကြောင့် မဟုတ်ခဲ့လျှင် ထိုလူများကို သူကိုယ်တိုင် တိုက်ခိုက်လိုက်ပြီးဖြစ်ပေသည်။

သို့သော် ပိုင်ဝမ့်ကျင်းသည် ဝူဟုန်ကို လက်ဟန်ပြ၍ အဝေးသို့ သွားနေခိုင်းလိုက်သည်။ ထို့နောက် ပြောသည်။

“ယွီပင်း ကျိုးကြောင်းဆီလျော်အောင်ဆိုရရင် မင်းက ငါ့ရဲ့နောက်မျိုးဆက်ငယ်ပဲ။ ငါက အကြီးတစ်ယောက်အနေနဲ့ လူကြီးတစ်ယောက်ရဲ့ ဂုဏ်သရေကို ထိန်းသိမ်းပြသပြီး မင်းနဲ့ မငြင်းခုံသင့်ဘူး။ ဒါပေမဲ့ ဒီနေ့တော့ ငါမင်းနဲ့ ငြင်းခုန်မှဖြစ်တော့မယ်။ မင်းက သားဖြစ်သူကို ဆုံးရှံးရတဲ့ နာကျင်မှုအကြောင်း ငါ့ကိုပြောတယ်နော်၊ ငါမင်းကို နားလည်ပါတယ်။ ဒါပေမဲ့ ငါမင်းကို မေးပါရစေ၊ မင်းရဲ့သားက အိမ်မှာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်နေတဲ့အချိန် ရာဇဝတ်သားတစ်ယောက်ယောက်ရဲ့ အသတ်ခံလိုက်ရတာလား”

“ဒါမှမဟုတ် သူက လမ်းပေါ်မှာ သူ့အလုပ်သူလုပ်နေတဲ့အချိန် အရူးတစ်ယောက်ယောက်က ရိုက်သတ်သွားတာလား”

“မင်းကိုယ်မင်း ပြန်မေးကြည့်လိုက်ဦး၊ မင်းဒီနေ့ ဘာလုပ်ခဲ့လဲဆိုတာ။ မင်းစိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိနေတယ် မဟုတ်ဘူးလား”

“ဘာလဲ၊ ကုန်သည်အဖွဲ့တွေကြား ပဋိပက္ခဖြစ်တဲ့အခါ မင်းက ငါ့သားမက်ကျုံးအာကို လုပ်ကြံသတ်ဖြတ်လို့ရတယ်။ ဒါပေမဲ့ ငါတို့က တန်ပြန်တဲ့အနေတဲ့ မင်းရဲ့သားကို သတ်တာကျ မရဘူးပေါ့လေ?”

“သခင်ကြီးယွီရယ် မင်းရဲ့အင်အားကြီးမားမှုရှေ့မှောက်မှာ ငါတို့က အဆင်သင့်လည်စင်းပေးပြီး မင်းကို ခုတ်ခိုင်းသင့်တယ်လို့ ထင်နေတာလား”

“ဒီလောကကြီးမှာ မင်းက သူများကိုသတ်လို့ရပြီး သူများ မင်းကို သတ်လို့မရဘူးဆိုတဲ့ သဘောတရားမရှိဘူး။ မင်းငါ့သားမက်ကို အလစ်တိုက်ခိုက်ဖို့ စီစဉ်တုန်းက မင်းတို့ဘက်ကလည်း အသက်ဆုံးရှုံးဖို့ အသင့်ပြင်ထားသင့်တယ်လေ။ အခုလို ငါ့ဆီ ပြေးလာပြီး ဒီလိုမြင်ကွင်းမျိုးဖြစ်စေတာ ဒါတွေက ဘာတွေလဲ။ မင်းရဲ့ပြဇာတ်ကို မင်း မကိုင်တွယ်နိုင်တော့ဘူးလား။ မင်းက မျက်နှာလိုချင်သေးတာလား”

သမားတော်ပိုင်တွင်လည်း သိုင်းလောကဂိုဏ်းများအတွင်း ရောနှောသွားလာခဲ့ဖူးသူ၏ အငွေ့အသက်မျိုး တည်ရှိပေသည်။

ကြိမ်းမောင်းခံလိုက်ရသော ယွီပင်းသည် ရှက်ရွံ့မှုကြောင့် နီရဲနေတော့သည်။ သိုင်းလောကတွင် တစ်ခါ‌တရံ အရှက်သိက္ခာသည် အရေးကြီး၏။

ထိုအခါ ယွီပင်းသည် အံကိုတင်းတင်းကြိတ်လျက် ပြောသည်။

“ကောင်းပါပြီ သခင်ကြီးပိုင်၊ ခင်ဗျား မှန်ပါတယ်။ ကျုပ်ဒီနေ့ ခင်ဗျားကို လေးစားမှုထားပေးလိုက်မယ်။ ဒါပေမဲ့ ဒါကိုမှတ်ထားပါ၊ ကျုပ်သားရဲ့ သေဆုံးမှုကို ဒီလိုမရှင်းမလင်း ကျန်ရစ်ခွင့်ပြုမှာ မဟုတ်ဘူး!”

“ဒီရန်ငြိုးကို လက်တုံ့မပြန်ရရင် ဓားတစ်လက်ကို ကိုင်ထားရသလို ခံစားနေရမှာပဲ!”

ချွင်!

ယွီပင်းသည် သူ၏လက်ထဲရှိ ဓားကိုချိုးလိုက်ပြီး‌ မြေပြင်သို့ပစ်ချ၍ လှည့်ထွက်သွားခဲ့သည်။

ဒီနေ့ လက်စားမချေနိုင်တော့ကြောင်း သူ သေချာသိပါ၏။

သူ့တွင် တစ်ဟုန်ထိုးပြေးဝင်ပြီး လူသတ်ရန် သတ္တိမရှိသကဲ့သို့ သမားတော်ပိုင်၏တစ်အိမ်လုံးကို အမြစ်ဖြတ်သုတ်သင်ရန်လည်း သတ္တိမရှိပေ။

အချို့အရာများသည် အမှောင်ထဲမှ လုပ်ဆောင်သော် ထိုအတိုင်း ကျန်ရစ်ခဲ့၏။ သို့သော် အလင်းထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် နှစ်ဖက်လုံး၏ လွမ်းမိုးချုပ်ကိုင်နိုင်စွမ်းသော နောက်ခံအင်အားများသည် ဒီတိုင်းထိုင်ကြည့်နေကြတော့မည် မဟုတ်ပေ။

ထိုနောက်ခံအင်အားကြီးများကို အရှက်ရ‌စေမိပါက ဤသို့အခြေအနေသည် ပို၍ဒုက္ခများလာရပေလိမ့်မည်။

သူသည် သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရသော်ငြား သူ့တွင် ကြင်ယာတော်သုံးယောက် ရှိသေးသည်။ သူ၏ တတိယမြောက်သားသည် အလားအလာကောင်းရှိပြီး ထိုသားဖြစ်သူတွင် ယခုနှစ်မှ အသက်၂နှစ်ပြည့်မည့် သား‌တစ်ယောက် ရှိပေသည်။ ထိုကလေးသည်လည်း ယွီမိသားစု၏ ဆက်ခံသူတစ်ဦးပင်။

သေဆုံးသွားပြီးသည့် သားတစ်ယောက်အတွက် ယွီမိသားစုတစ်ခုလုံးကို မစွန့်စားရဲပါချေ။

ယွီပင်း ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျောင်းရွှမ်သည် အလွန်အမင်း စိုးရိမ်ပူပန်လာခဲ့ကာ ရုတ်ချည်း နောက်မှလိုက်သွား၏။

“ညီနောင်ယွီ ဒီကိစ္စကို ဒီလိုပဲ ထားလိုက်တော့မှာလား”

ယွီပင်းသည် ကျောင်းရွှမ်ကိုကြည့်၍ ပြောလိုက်သည်။

“မဟုတ်ရင်ရော? ကျုပ်ရဲ့ ယွီမိသားစုတစ်ခုလုံးကို ငြိစွန်းစေပြီး သူတို့နဲ့ အသေအကြေ တိုက်ခိုက်ရမှာလား”

ကျောင်းရွှမ်သည် ခဏမျှတွေးတောလိုက်ပြီး ပြော၏။

“ညီနောင်ယွီ ကျုပ်တို့ ပိုင်မိသားစုကို ဒုက္ခ‌မပေးနိုင်ပေမဲ့ တခြားတစ်ယောက်ကို ဒုက္ခဖြစ်စေလို့ရော မရဘူးလား”

ယွီပင်း မျက်မှောင်ကြုတ်လိုက်၏။

“ဘယ်သူ့ကိုလဲ”

“ညီနောင်ယွီ၊ ဝူကျုံးကို ကယ်သွားတဲ့လူက ဘယ်သူဖြစ်မယ်လို့ ခင်ဗျားထင်လဲ”

“ဘယ်သူလဲ”

ကျောင်းရွှမ်မှ တွေးတွေးဆဆဖြင့် ပြောသည်။

“လက်ရှိရှန်းထောင်မြို့မှာ အဲဒီလိုအရည်အချင်းရှိတဲ့သူက သိပ်မရှိလှဘူးလေ။ အဲဒီတော့ ကိုက်ညီတဲ့ သံသယရှိသူ‌လည်း နည်းနည်းပဲရှိတယ်။ ပြီးတော့ အဲဒီလူက စန်းလျို့အပေါ် ရန်ကြွေးတုံ့ပြ‌န်နေတဲ့အတိုင်း ‌အရမ်းရက်စက်ကြမ်းကြုတ်တယ်။ ခြုံငုံတွေးတောကြည့်လိုက်ရင် ကျုပ်တော့ လူတစ်ယောက်ကိုပဲ စဉ်းစားလို့ရတယ်”

“ဘယ်သူလဲ”

“ချန်ကျိုစစ်!”

ကျောင်းရွှမ်သည် နာမည်တစ်ခုကို ထုတ်ပြောလိုက်သည်။

ယွီပင်း မျက်မှောင်ကြုတ်လိုက်သည်။

“ချန်ကျိုစစ်လား။ မဖြစ်နိုင်ဘူး။ သူ သိုင်းပညာလေ့ကျင့်တာ ရက်နည်းနည်းပဲရှိသေးတယ်။ ဘယ်လိုလုပ်ပြီး အဲဒီလိုအင်အားမျိုး ရှိနိုင်ပါ့မလဲ”

ကျောင်းရွှမ်မှ ပြောသည်။

“သူ့အဖိုးက ချန်ယုံဝမ်ဆိုတာကိုလည်း မမေ့လိုက်နဲ့ဦး။ အဲဒီအဖိုးကြီးက သူ့မြေးအတွက် ဘယ်လိုဝှက်ဖဲတွေ ချန်ထားခဲ့လဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”

ယွီပင်းလည်း သံသယဖြစ်သွားခဲ့၍ မျက်လုံးအိမ်တို့ကို မှေးကျုံ့လိုက်သည်။

“သူ ဖြစ်နေမလား”

All Chapters