အခန်း (၁၁၄)
Vol. 9 Ch. 114
“ညီနောင်ယွီ မယုံကြည်တာထက် ယုံကြည်လိုက်တာက မှားချင်းမှား အကျိုးတော့ရှိတာပါပဲ”
ကျောင်းရွှမ်မှ ပြော၏။ သူ၏စိတ်မှာ ချန်ကျဲ့ကို အလွန်တရာ စက်ဆုပ်မုန်းတီးနေပေသည်။ ချန်ကျဲ့ ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် မဟုတ်ခဲ့လျှင် သူသည်လည်း ဤသို့စိုးရိမ်ပူပန်သည့်ခံစားချက်မျိုးကို ခံစားရလိမ့်မည် မဟုတ်သကဲ့သို့ ဝူကျုံးကို လုပ်ကြံသတ်ဖြတ်ရန်အတွက် သူ၏အရာအားလုံးကို ရင်းနှီးခဲ့လိမ့်မည် မဟုတ်ချေ။
ယခုတွင် ကိစ္စများမှာ ဖော်ထုတ်ခံလိုက်ရပြီး သူ၏အနာဂတ်မှာလည်း ပျက်စီးသွားခဲ့လေပြီ။
သို့သော် မိမိမှာ အောက်ခြေသို့ ကျဆင်းသွားရမည်ဆိုပါက အခြားသူများကို အလွယ်တကူ လွှတ်ထားမပေးနိုင်ပါချေ။
ထို့ကြောင့် ထိုလူသည် ချန်ကျိုစစ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ချန်ကျိုစစ်ကို ကျောင်းရွှမ်သည် လက်တုံ့ပြန်သွားမည်ဖြစ်သည်။
ထို့နောက် ကျောင်းရွှမ်မှ ဆက်ပြောသည်။
“ကျုပ်ကြားဖူးတာတော့ သခင်လေးစန်းလျို့ မသေခင်က ချန်ကျိုစစ်ရဲ့ဇနီးကို သဘောကျနေခဲ့တာတဲ့။ ဆိုတော့ အခု သခင်လေးစန်းလျို့ရဲ့သေဆုံးမှုမှာ ချန်ကျိုစစ်က သံသယအဖြစ်သင့်ဆုံးသူပဲပေါ့။ သူက ပိုင်မိသားစုနဲ့အတူ ပုန်းအောင်းနေလို့ ကျုပ်တို့ သူ့ကို ဘာမှမလုပ်နိုင်ဘူး။ ဒါပေမဲ့ ကျုပ်တို့ အခုချိန် ချန်ကျိုစစ်ရဲ့အိမ်ကို စီးနင်းပြီး စူးမျိုးရိုးအမျိုးသမီးကို ဖမ်းလိုက်ကြမယ်။ ချန်ကျိုစစ်က သူ့ရဲ့ဇနီးကို ထွက်လာပြီးကယ်တင်ဖို့ ငြင်းဆန်ခဲ့ရင်တော့ အဲဒီအမျိုးသမီးလေးကို သခင်လေးစန်းလျို့ရဲ့ ကောင်းကင်ဘုံက ဝိဉာဉ်ကိုနှစ်သိမ့်ဖို့ ယဇ်ကောင်အဖြစ် သုံးလိုက်ကြတာပေါ့ဗျာ”
…
ထိုအခါ ယွီပင်၏မျက်လုံးများ ရုတ်ချည်း စူးရှတောက်ပသွားခဲ့သည်။
ဟုတ်တယ်။ ငါ့သား စန်းလျို့က စူးယွင်ကျင်းကို အရမ်းသဘောကျခဲ့တာပဲ။
ငါ့သားလေးက မင်းကို အရမ်းသဘောကျနှစ်ခြိုက်ခဲ့မှတော့ စူးယွင်ကျင်း၊ မင်းအနေနဲ့ ငါ့သားရဲ့ တမလွန်ခရီးလမ်းကို အဖော်ပြုပေးသင့်တယ်!
“သွားကြစို့!”
ယွီပင်းသည် လက်ဝှေ့ရမ်းအချက်ပြ၍ ချန်ကျိုစစ်၏အိမ်သို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။
ယွီပင်းမှ ခြံတံခါးကို ကန်ဖွင့်လိုက်ပြီးနောက် လူအုပ်စုကြီးသည် ရေစီးကြောင်းထဲ မျောပါလာသည့် ငါးအုပ်ကြီးအလား ခြံဝင်းထဲသို့ တစ်ဟုန်ထိုး ပြေးဝင်ကြသည်။
ဆူညံပွက်လောရိုက်မှုများသည် ဦးလေးအာ့ပါးတို့မိသားစုကိုလည်း နိုးကြားသွားစေခဲ့၏။ ထိုအချိန်တွင် ရှောင်ဟူသည် အိပ်ရာမှထ၍ ချန်ကျိုစစ်၏အိမ်ခြံဝင်းအတွင်း ထွန်းတောက်နေသော မီးတုတ်များကို လှမ်းကြည့်နေခဲ့သည်။
ရှောင်ဟူသည် ရုတ်ချည်း သတိချပ်လိုက်ပြီး နေ့လယ်က ချန်ကျဲ့ပြောခဲ့သည့်စကားများကို ပြန်စဉ်းစားလိုက်သည်။
“ရှောင်ဟူ ဒီနေ့ည ငါ့အိမ်ကို တစ်ယောက်ယောက်ရောက်လာခဲ့ရင် တခြားဘာကိုမှ တွေးပြီးစိုးရိမ်မနေနဲ့။ မင်းရဲ့မိဘတွေကိုခေါ်ပြီး အိမ်ကနေ ချက်ချင်း ထွက်သွားပါ။ ပုန်းဖို့နေရာတစ်ခုရှာပြီး ပုန်းနေလိုက်။ ကျန်တာကိုတော့ မနက်ဖြန်မှ ပြောကြမယ်”
ထိုစကားများကို ပြန်စဉ်းစားပြီးနောက် နိုးနေကြပြီဖြစ်သော ချန်အာ့ပါးနှင့် အမေဖြစ်သူတို့အား အမြန်ပြောလိုက်သည်။
“အဖေ အမေ၊ ကျွန်တော်တို့ အိမ်မှာ နေလို့မဖြစ်တော့ဘူး။ ပစ္စည်းတချို့သိမ်းယူပြီး ကျွန်တော်နဲ့အတူ နောက်ဖေးတံခါးဆီ လိုက်ခဲ့ပါ”
“ဟမ် ဟူဇစ်၊ ဘာတွေဖြစ်နေတာလဲ”
သူ၏မိဘနှစ်ပါးမှာ နားမလည်နိုင်ဖြစ်နေကြသည်။ သို့သော် ဟူဇစ်သည် မဖြေနိုင်သေးဘဲ ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေသော ချန်အာ့ပါးကို ကျောပိုးကာ နောက်ဖေးတံခါးသို့ အလျင်စလို အပြေးသွားတော့သည်။
အဒေါ်အာ့ပါးသည် အိမ်တွင်ရှိသော တန်ဖိုးနည်းပါးသည့် လက်ဝတ်တန်ဆာများကို ချန်ထားခဲ့ရန် တွန့်ဆုတ်နေ၏။ ထိုစဉ် ဟူဇစ်မှ ပြော၏။
“အဲဒါတွေကို ထားလိုက်တော့ အမေ၊ အမြန်သွားကြရအောင်!”
မိသားစုသုံးယောက်သည် နောက်ဖေးတံခါးမှ ထွက်ပြေးခဲ့ကြသည်။
ထိုစဉ် ချန်ကျဲ့၏ခြံဝင်းထဲ၌ အိမ်တံခါးမှာ ကန်ဖွင့်ခံထားရသည်။ အထဲတွင် မည်သူမျှ ရှိမနေပေ။
ခဏကြာပြီးနောက် ဝင်ရောက်ရှာဖွေသူများသည် ပြန်ထွက်လာ၍ တင်ပြသည်။
“သခင်ကြီး ကျွန်တော်တို့ အိမ်မကြီးကို ရှာပြီးပါပြီ။ ဘယ်သူမှ မရှိပါဘူး”
“သခင်ကြီး ဘေးခန်းကိုရှာပြီးပါပြီ။ ဘယ်သူမှ မရှိပါဘူး”
“သခင်ကြီး မြေအောက်ခန်းကိုလည်း ရှာပြီးပါပြီ။ ဘယ်သူမှ မရှိပါဘူး”
အဖွဲ့သားများ တစ်ယောက်ပြီးတစ်ယောက် တင်ပြကြရာ ယွီပင်း၏မျက်ခုံးနှစ်လွှာမှာ နက်နက်ရှိုင်းရှိုင်း တွန့်ချိုးလာတော့သည်။ သူ၏ဘေးရှိ ကျောင်းရွှမ်မှ ပြော၏။
“ညီနောင်ယွီ ကျုပ်ပြောပါတယ်၊ ချန်ကျိုစစ်က သံသယဖြစ်ဖို့ကောင်းပါတယ်လို့။ ဒီနေ့အဖြစ်အပျက်ရဲ့ နောက်ကွယ်က လူက သူပဲဖြစ်လိမ့်မယ်။ မဟုတ်ရင် ဘာကိစ္စ သူ့ဇနီးကို ကြိုတင်ပြီး ထွက်ပြေးထားခိုင်းပါ့မလဲ”
ယွီပင်း မျက်မှောင်ကြုတ်လိုက်သည်။
“တကယ်ပဲ သူလား”
သို့တိုင် ယွီပင်းသည် မယုံကြည်နိုင်သေးပေ။ ချန်ကျိုစစ်အား ထိုသို့ မသတ်မှတ်နိုင် ဖြစ်နေဆဲပင်။ လောင်းကစားစွဲလမ်းနေကာ လွန်ခဲ့သည့် လဝက်ခန့်ကပင် အမှိုက်ကောင်ဟု သတ်မှတ်ခံထားရသော လူတစ်ယောက်သည် ထိုသို့ပြောင်းလဲသွားသည်ဟု ယုံကြည်ရန်မှာ အလွန်တရာ ဆန်းကြယ်လွန်းနေသည် မဟုတ်ပါလော…
လဝက်မျှအချိန်လေးအတွင်း၌ ထိုမျှကြီးမားစွာ ပြောင်းလဲသွား၍ သူ၏သားဖြစ်သူစန်းလျို့အား သတ်ဖြတ်နိုင်ခြင်းမှာ…
အလွန်တရာ ထူးဆန်းနေလွန်း၏။
သို့သော် ချန်ကျဲ့သည် ကြိုတင်စီစဉ်၍ ထွက်ပြေးသွားခဲ့ခြင်းမှာ သေချာသည်။ ထိုသို့စဉ်းစားတွေးတောပြီးသော် ယွီပင်းသည် ခေါင်းလှည့်ကြည့်လိုက်၏။ မနီးမဝေးတွင် သူတို့ကို စူးစမ်းကြည့်ရှုနေသူ များစွာရှိပေသည်။
ထိုလူများထဲမှ တစ်ယောက်သည် ခြေကျိုးတစ်ယောက်ဖြစ်ပြီး နောက်ထပ်မှာ သားအဖနှစ်ယောက်ဖြစ်သည်။
ယွီပင်း မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“သူတို့က ဘယ်သူတွေလဲ”
ထိုအခါ ရှန်းထောင်ရွာသား ချောင်ကုန်သည်အဖွဲ့သားတစ်ဦးမှ ဖြေသည်။
“သခင်ကြီးကို တင်ပြပါတယ်။ ခြေကျိုးနေတဲ့တစ်ယောက်က လုစန်းပါ။ သားအဖနှစ်ယောက်ကတော့ အဖေဖြစ်သူ ချန်စန်းလျို့နဲ့ ချန်ကျိုစစ်နဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်တဲ့ ချန်စန်းလျို့ရဲ့သားပါ”
ထိုစဉ် ကျောင်းရွှမ်မှ ပြောသည်။
“ကျုပ် သူတို့ကို သိတယ်။ အတော်ပဲ၊ ချန်ကျိစစ်ကို ရှာဖို့ သူတို့ကူညီပေးနိုင်တယ်”
ထိုသို့တွေးတောလျက် ကျောင်းရွှမ်သည် ရုတ်ချည်း လက်ဝှေ့ရမ်းနှုတ်ဆက်၏။
“လုစန်း၊ ချန်စန်းလျို့ ခင်ဗျားတို့ ဒီကိုလာကြပါဦး!”
ခပ်ဝေးဝေးတွင်ရပ်နေသော လုစန်းသည် အရင်တစ်ခါက ရန်ပွဲတွင် ချန်မျိုးရိုးသားအဖကြောင့် ရခဲ့သော ဒဏ်ရာများ မပျောက်ကင်းသေးပေ။ လုချင်းစစ်မှ တွဲကူထားပေးရသည့် လုစန်း၏မျက်နှာထက်တွင် သူတစ်ပါးဒုက္ခရောက်ခြင်းကို အားရနေသည့်အမူအရာမှာ သိသာထင်ရှားနေပေသည်။
ချန်ကျိုစစ်တစ်ယောက် အခုတော့ ဒုက္ခအကြီးကြီး ရင်ဆိုင်နေရပြီပဲ– လူတစ်ယောက်ကို ဒီလောက်များတဲ့လူတွေက တိုက်ခိုက်ဖို့အသင့်အနေအထားဖြစ်နေကြတာ၊ သေချာပေါက် လူသတ်ဖို့ရည်ရွယ်ချက်ပဲ ဖြစ်မယ်။
ပြီးတော့လည်း အဲဒီလူတွေထဲမှာ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ သင်္ဘောခေါင်းဆောင်ကြီးလည်း ရှိနေတယ်– ကြည့်ရတာ ငါးဖမ်းကုန်သည်အဖွဲ့ကို အပြစ်ပြုမိထားပုံပဲ။
လုစန်း၏ဘေးရှိ လုချင်းစစ်မှ ပြောသည်။
“ခေါင်းဆောင်က မြို့ပေါ်က သခင်ကြီးယွီနဲ့ တူတယ်နော်”
လုစန်း ရယ်မောလိုက်သည်။
“အဲဒါဆိုရင်တော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းပြီပေါ့– ချန်ကျိုစစ်က လောင်းကစားရုံမှာ အကြွေးတစ်ပုံကြီးတင်အောင်လုပ်ပြီး သူသင်္ချိုင်းမြေကို သူကိုယ်တိုင် တူးခဲ့တာပဲ။ အခုတော့ သခင်ကြီးယွီ ကိုယ်တိုင်ရောက်လာပြီး အကြွေးသိမ်းနေပြီ။ ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ဆက်စပ်သွားတော့ ငါးဖမ်းကုန်သည်အဖွဲ့က သင်္ဘောခေါင်းဆောင်ကြီးကို သခင်ကြီးယွီနဲ့ အတူထည့်ပေးလိုက်ပြီး အကြွေးသိမ်းခိုင်းတာဖြစ်မယ်။ ချန်ကျိုစစ်တော့ ပွဲသိမ်းပြီပဲ!”
ထိုအခါ လုချင်းစစ်သည် အားရကျေနပ်စွာ ရယ်မော၏။
“ခံရသင့်တယ်။ အဲဒီကောင် အရမ်းမောက်မာကြွားဝါနေတာ ခံရဖို့ထိုက်တန်တယ်!”
သူတို့၏ကျိန်ဆဲစကားများသည် အတော်လေး အဃာတကြီးမားပေသည်။
ထိုအချိန်တွင် ချန်စန်းလျို့တို့ သားအဖသည်လည်း ပျော်ရွှင်နေကြ၏။ သူတို့သည် ချန်ကျိုစစ်ကို ရိုးတွင်းခြင်ဆီအထိတိုင် မနာလိုခဲ့၊ မကျေမချမ်းဖြစ်ခဲ့ပြီး မုန်းတီးနေခဲ့ကြသည်။
ချန်ကျိုစစ် ကြီးပွားချမ်းသာလာခြင်းကို မြင်တွေ့ရခြင်းသည် သူတို့အတွက်မူ အသတ်ခံရခြင်းထက် ပို၍ဆိုးရွားပေသည်။
လက်ရှိအချိန်၌ သူတို့သည် ချန်ကျိုစစ်၏နေအိမ် ရှာဖွေခံရသည့် မြင်ကွင်းကြောင့် သူတို့၏စိတ်မွန်းကျပ်မှုများ သက်သာရာရခဲ့သည်။
ထိုအခိုက်အတန့်တွင် သင်္ဘောခေါင်းဆောင်ကြီးမှ သူတို့ကို လက်ယပ်ခေါ်လာ၏။
သူတို့သည် ရုတ်တရက် စိတ်လှုပ်ရှားသွားရလေသည်– ဒါက ငါတို့အတွက် အခွင့်အရေးများလား။
ထိုအတွေးဖြင့် အလျင်အမြန် အနီးသို့ သွားလိုက်ကြသည်။
လုစန်းသည် ထော့နင်းထော့နင်းဖြင့် ခုန်ဆွခုန်ဆွ လျှောက်လာနေ၏။
“သင်္ဘောခေါင်းဆောင်ကြီး၊ သခင်ကြီးယွီ!”
သူတို့လေးဦးသည် လေးစားမှုကို ပြသသောအားဖြင့် အနီးသို့ ချဉ်းကပ်သွားခဲ့သည်။ ရှန်းထောင်ရွာ၌ ငါးဖမ်းကုန်သည်အဖွဲ့သည် လွှမ်းမိုးမှုအကြီးမားဆုံးဖြစ်သောကြောင့် သူတို့သည် သင်္ဘောခေါင်းဆောင်ကြီးကို ဦးစွာနှုတ်ဆက်အရိုအသေပြုကြသည်။
ယွီပင်းသည် ဘာမျှမပြောပေ။
ကျောင်းရွှမ်မှ ပြောသည်။
“ငါမင်းတို့နဲ့ စကားအများကြီး ပြောမနေတော့ဘူး။ ငါဒီနေ့ မင်းတို့ကို ခေါ်လိုက်ရတာက မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမလို့ပဲ။ မင်းတို့ ငါးဖမ်းကုန်သည်အဖွဲ့ထဲကို ဝင်ချင်တယ်လို့ အရင်တစ်ခေါက်တုန်းက ပြောခဲ့တယ်မဟုတ်လား”
သူတို့လေးဦးသည် ချက်ချင်း ခေါင်းညိတ်ကြသည်။
ကျောင်းရွှမ်မှ ဆက်ပြောသည်။
“ကောင်းပြီ၊ ဒါဆို ငါမင်းတို့ကို တာဝန်တစ်ခုပေးမယ်။ ငါတို့ကို ကူညီပြီး ချန်ကျိုစစ်နဲ့ စူးယွင်ကျင်း နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို ရှာပေးကြ။ သူတို့ထဲက တစ်ယောက်ရှာတွေ့တာနဲ့ အဲဒီအတွက် ငါမင်းတို့ကို အသိအမှတ်ပြုတဲ့အနေနဲ့ ငါးဖမ်းကုန်သည်အဖွဲ့ထဲမှာ မင်းတို့ကို လက်ခံပေးမယ်။ လုစန်း မင်းအတွက်လည်း အခွင့်အရေးရှိတယ်နော်”
ထိုအခါ လုစန်း၏မျက်လုံးများ တောက်ပသွား၏။
“ကျေးဇူးတင်ပါတယ် သင်္ဘောခေါင်းဆောင်ကြီး၊ ကျေးဇူးတင်ပါတယ်!”
ကျောင်းရွှမ် လက်ဝှေ့ရမ်းလိုက်သည်။
“စကားများမနေကြနဲ့တော့၊ လူရှာကြတော့လေ!”
“မင်းတို့ အမြန်စဉ်းစားကြစမ်း။ ချန်ကျိုစစ်က ပုံမှန်အချိန်တွေမှာ ဘယ်သူနဲ့ တရင်းတနှီးရှိတတ်လဲ။ ဘယ်နေရာမှာ ပုန်းနေလောက်လဲ”
ထိုအမေးစကားကို ကြားသောအခါ ချန်စန်းလျို့နှင့် လုစန်းတို့သည် မျက်လုံးအကြည့်ချင်း ဆုံလိုက်ကြသည်။ ထို့နောက် ချက်ချင်းပင် လုစန်းမှ သတိတကြီးဖြင့် မေးမြန်း၏။
“သင်္ဘောခေါင်းဆောင်ကြီး၊ ချန်ကျိုစစ်က ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်ခဲ့တာလဲဆိုတာ ကျွန်တော် မေးကြည့်လို့ရမလား။ ဒီလောက်လူအင်အားနဲ့ အကြီးအကျယ် လိုက်လံဖမ်းဆီးနေတာဆိုတော့လေ”
သင်္ဘောခေါင်းဆောင်ကြီးသည် စူးရဲစွာစိုက်ကြည့်လျက် ပြောသည်။
“အဲဒါက မင်း မေးသင့်တဲ့ မေးခွန်းမျိုးလား”
“ဒါပေမဲ့ မင်းကိုနည်းနည်းလောက် ပြောပြလိုက်လို့လည်း ဘာမှ မထိခိုက်သွားပါဘူးလေ။ ဒါကိုမှတ်ထား၊ သူကျူးလွန်ခဲ့တာက သေဒဏ်ကျခံရမယ့် ရာဇဝတ်မှုပဲ!”
လုစန်းသည် အလွန်ပျော်ရွှင်ဝမ်းမြောက်သွား၍ အော်ပြော၏။
“ကုန်သည်အဖွဲ့ကို သစ္စာဖောက်မှုလား?!”
ကျောင်းရွှမ်၏နှုတ်ခမ်းတို့ အနည်းငယ် ကွေးညွှတ်သွား၏။ ဘေးဘက်ရှိ ယွီပင်းသည်လည်း ကျောင်းရွှမ်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လာသည်။ ကျောင်းရွှမ်သည် ချက်ချင်း ဒေါသထွက်သွားတော့သည်။
“မင်းလုပ်ရမယ့် သောက်လုပ်ကိုပဲ အာရုံစိုက်ပြီး ငါတို့ကို လမ်းပြစမ်းပါ!”
“ဟေး ဟေး ပုံမှန်အားဖြင့် ချန်ကျိုစစ်နဲ့ တွဲသွားတွဲလာရှိတဲ့သူရယ်လို့ မိသားစုအနည်းငယ်ပဲရှိတာ။ အရင်းနှီးဆုံးမိသားစုတွေက ပိုင်မိသားစုနဲ့ ချန်အာ့ပါးတို့မိသားစုပဲ။ ကျွန်တော်တော့ ပိုင်မိသားစုကနေ စတင်ရှာဖွေဖို့ အကြံပေးချင်ပါတယ်”