အခန်း (၁၁၆)
Vol. 9 Ch. 116
“ကျွန်တော်တို့ ဒီကိစ္စကို ဦးစီးမှူးကို အစီရင်ခံဖို့ လိုအပ်ပါလိမ့်မယ်”
စောင့်ကြပ်နေသော ငါးဖမ်းအဖွဲ့သားများသည် တွေဝေတွန့်ဆုတ်နေကြသည်။
ထိုအခါ ကျောင်းရွှမ်၏မျက်နှာသည် ရုတ်ချည်း မည်းမှောင်သွား၍ အဖွဲ့သားများကို ပြော၏။
“မင်းတို့ ဒါက ဘာသဘာလဲ။ ငါက ဒီငွေနည်းနည်းလောက်လေးကို အလွဲသုံးစားလုပ်မယ်လို့ ထင်နေတာလား”
“မဟုတ် မဟုတ်ပါဘူး။ အဲဒီလိုဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က…”
“တော်လောက်ပြီ။ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့။ သတိရဦး၊ ငါ့ဝမ်းကွဲအစ်ကိုက ကျားဖြူခန်းမရဲ့ ဦးစီးမှူးပဲ။ ဒီငွေပမာဏနည်းနည်းလေးကို ငါအာရုံစိုက်ဖို့ ထိုက်တန်တယ်များ ထင်နေလား။ မင်းတို့ အစီရင်ခံချင်ရင်လည်း သဘောပဲ။ ဒါပေမဲ့ အရေးကြီးကိစ္စတွေ နှောင့်နှေးသွားခဲ့ရင် မင်းတို့ ဘယ်လိုကိုင်တွယ်မလဲ ငါကြည့်ပါဦးမယ်”
ထိုသို့ပြော၍ သင်္ဘောခေါင်းဆောင်ကြီးကျောင်းရွှမ်သည် လှည့်ထွက်သွား၏။
ထိုအခါ အဖွဲ့သားများမှာ ထိတ်လန့်ကုန်ကြသည်။
…
“နေပါဦး သင်္ဘောခေါင်းဆောင်ကြီး ခဏနေပါဦး! ကျွန်တော်တို့
အဲဒီလိုဆိုလိုချင်တာ မဟုတ်ရပါဘူး။ ကျွန်တော်တို့ အခုချက်ချင်းပဲ ငွေတွေ မြင်းလှည်းပေါ် တင်လိုက်ပါ့မယ် တင်လိုက်ပါ့မယ်”
“ကိစ္စမရှိဘူး၊ မင်းတို့ သွားပြီး အစီရင်ခံလိုက်ပါ!”
“ကျွန်တော်တို့ အစီရင်မခံတော့ပါဘူး အစီရင်မခံတော့ပါဘူး။ ဒီလိုကိစ္စအသေးအမွှားလေးကို သင်္ဘောခေါင်းဆောင်ကြီးအနေနဲ့ ဆုံးဖြတ်ချက်ချနိုင်တယ် မဟုတ်လားဗျာ”
…
အရုဏ်တက်ချိန်၌ ကျောင်းရွှမ်သည် ငါးဖမ်းကုန်သည်အဖွဲ့၏ အမြန်ဆုံးသော မြင်းလှည်းကို ဒုန်းဆိုင်းမောင်းနှင်၍ စီရင်စုမြို့တော်သို့ ဦးတည်ထွက်ခွာသွားခဲ့သည်။
ဟုတ်ပါ၏။ ကျောင်းရွှမ်သည် ချက်ချင်း ထွက်မပြေးဘဲ သူ၏ကျောထောက်နောက်ခံနှင့် တွေ့ဆုံရန် မြို့တော်သို့ သွားခဲ့သည်။ သူ၏ကျောထောက်နောက်ခံနှင့် တွေ့ဆုံ၍ အခြေအနေကို ပြောင်းလဲနိုင်မည့်အခွင့်အရေး ရှိနိုင်မည်လော စူးစမ်းကြည့်လိုသည်။ အခွင့်အရေး မရှိနိုင်တော့ပါက ကမ္ဘာမြေအဆုံးထိ ထွက်ပြေးမည်ဖြစ်သည်။
…
ထိုစဉ် ပိုင်မိသားစုနေအိမ်၌
သမားတော်ပိုင်သည် ဝူကျုံးကို သွေးခုန်နှုန်းစမ်းသပ်နေသည်။ သခင်မပိုင်သည် စိုးရိမ်ပူပန်စွာကြည့်နေခဲ့ရင်း မေးမြန်းသည်။
“အဖေ ဘယ်လိုနေလဲ”
သမားတော်ပိုင်သည် အဖြေကို တိုက်ရိုက်မပြောသေးဘဲ ချန်ကျဲ့ကို လှည့်ကြည့်သည်။
“ကျိုစစ် မင်းစမ်းကြည့်လိုက်ပါ”
ချန်ကျဲ့သည် ရှေ့တိုး၍ ဝူကျုံးကို သွေးခုန်နှုန်းစမ်းသပ်ကြည့်သည်။ မကြာမီတွင် လက်လွှတ်လိုက်၏။
“ဦးလေးကျုံးက သွေးနဲ့ချီ အားနည်းနေပါတယ်။ သိဒ္ဓိအမြုတေက ဒဏ်ရာရထားပြီး ခန္ဓာကိုယ်ထဲမှာ ပြန်လည်သက်သာမှုကို နှောင့်နှေးစေတဲ့ အအေးဓာတ်ယင်စွမ်းအင်လည်း ရှိေနပါတယ်။ သွေးနဲ့ချီကို ပြန်လည်ဖြည့်တင်းဖို့ပဲ ရိုးရိုးရှင်းရှင်း လိုအပ်တာဆိုရင် ကိုင်တွယ်ရ လွယ်ကူနိုင်ပါတယ်၊ ဒါပေမဲ့ အအေးဓာတ်ယင်စွမ်းအင်က…”
သမားတော်ပိုင်မှ ပြောသည်။
“အမှန်ပဲ။ အဲဒီ အအေးဓာတ်ယင်စွမ်းအင်က ပြဿနာပဲ။ ကျိုစစ် အဲဒီ အအေးဓာတ်ယင်စွမ်းအင်က ဘာလို့ထင်လဲ”
စဉ်းစားတွေးတောပြီးနောက် ချန်ကျဲ့ ပြန်ပြောလိုက်သည်။
“အဲဒါက မြူခိုးထုနယ်မြေထဲက အဆိပ်ငွေ့တစ်မျိုး ဖြစ်မယ်ထင်ပါတယ်။ အဲဒီလိုဖြစ်နိုင်လား”
သမားတော်ပိုင် ခပ်ဖျော့ဖျော့ ခေါင်းညိတ်၏။
“ဟုတ်တယ်၊ အဲဒီမြူခိုးထုကြီးထဲမှာက အလိုအလျောက် အဆိပ်ဖြစ်နေတာ။ ပြီးတော့လည်း သူက မြူခိုးထုထဲမှာ ဒဏ်ရာရခဲ့သေးတယ်။ ဒီဒဏ်ရာတွေကို ကြည့်လိုက်၊ အဲဒါတွေက တောရိုင်းသားရဲကြီးတွေကြောင့် ရခဲ့တာပဲ။ ဒီနေရာတွေဆို ခုန်အုပ်ခံထားရတာ”
“အဲဒါကြောင့် သူ့ရဲ့သိဒ္ဓိအမြုတေက အားနည်းသွားပြီး မြူခိုးငွေ့တွေ ဝင်ရောက်သွားတာပဲ။ အဲဒီမြူခိုးငွေ့တွေကို သေချာသန့်စင်ဖို့အတွက် နည်းလမ်းနှစ်ခုရှိတယ်။ ပထမနည်းလမ်းက အချိန်ပေးရမှာ၊ ဒီဒဏ်ရာပျောက်ကင်းဖို့ ၂နှစ်၊ ၃နှစ်လောက် အချိန်ယူရလိမ့်မယ်”
“ကုသမှုကို အရှိန်မြင့်တင်ချင်ရင် အဟန့်အတားဖယ်ရှားဆေးလုံး လိုအပ်မှာစိုးမိတယ်”
“အဟန့်အတားဖယ်ရှားဆေးလုံးလား”
ထိုဆေးအမည်ကို ပြောပြီးနောက် သမားတော်ပိုင်မှ ရှင်းပြသည်။
“အင်း အဟန့်အတားဖယ်ရှားဆေးလုံး။ အဲဒီဆေးက သန့်စင်မွမ်းမံဖို့ အရမ်းခက်ခဲတယ်။ ငါအရင်က အတွင်းခန်းမရဲ့ သမားတော်၈ဦးထဲကတစ်ယောက်ဖြစ်ခဲ့တဲ့ အချိန်တုန်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူပူးပေါင်းပြီးတော့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ လက်ရွေးစင်တပည့်တွေအတွက် ဆေးလုံး၃၂လုံးပါဝင်တဲ့ ဆေးတစ်သုတ် ထုတ်လုပ်ခဲ့တယ်။ ဒီလောက်နှစ်တွေ အများကြီးကြာသွားခဲ့ပြီ အဲဒီဆေးတွေ ကျန်နေသေးလားဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်ပါတော့မလဲ”
“ကျွန်တော်တို့ နောက်တစ်သုတ် ထုတ်လုပ်လိုက်ရင် မရဘူးလား”
ဝူဟုန်၏အမေးကို သမားတော်ပိုင်မှ ပြန်ပြောပြသည်။
“အဲဒါက အရမ်းခက်ခဲတယ်။ ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ပူးပေါင်းလုပ်ဆောင်ပေးမှ ဖြစ်နိုင်မှာ။ ငါတို့တွေက အသီးသီးတာဝန်ခွဲဝေယူကြတယ်။ ငါက ဆေးညွှန်းရဲ့ သဘောတရားရှုထောင့်တွေကို တာဝန်ယူရတယ်။ သမားတော်ကျန်းက ဆေးပမာဏထိန်းချုပ်ဖို့ကို တာဝန်ယူတယ်။ လောင်ဝမ်နဲ့ လောင်လီလည်း အတူတူပဲ။ ပြီးတော့ လောင်လျို့က အထူးသဖြင့် မီးအပူချိန်ထိန်းချုပ်ဖို့ကို တာဝန်ယူရတယ်။ ဆေးလုံး သန့်စင်မွန်းမံရာမှာ သင့်တင့်တဲ့မီးအပူချိန်ကို ထိန်းညှိထားနိုင်ဖို့က အရေးကြီးတယ်။ မီးအပူချိန် နည်းသွားရင်ဖြစ်ဖြစ်၊ များသွားရင်ဖြစ်ဖြစ် ဆေးလုံးထုတ်လုပ်မှုက ကျရှုံးသွားမှာပဲ”
“အဲဒါကြောင့် အဲဒီအချိန်တုန်းက ဆေးတစ်သုတ်ထုတ်လုပ်နိုင်ခဲ့တာက ကံကောင်းထောက်မစွာနဲ့ တိုက်ဆိုင်ပြီး အောင်မြင်သွားတယ်လို့ ပြောလို့ရတယ်”
“အခုနေ ဆေးလုံးကို ထုတ်လုပ်ဖို့အတွက်ဆိုရင် ပထမအချက်၊ ငါတို့မှာ ငါးဖမ်းကုန်သည်အဖွဲ့ ဆေးသိုလှောင်ရုံရဲ့အထောက်အပံ့ မရှိတဲ့အတွက်ကြောင့် လိုအပ်တဲ့ဆေးဖက်ဝင်ပစ္စည်းတွေကို စုဆောင်းနိုင်ဖို့ ခဲယဉ်းလိမ့်မယ်။ ဒုတိယအချက်၊ လူအင်အား အလုံအလောက်မရှိဘူး။ လောင်ဝမ်နဲ့ လောင်လျို့တို့က ဆုံးသွားတာ နှစ်အတော်ကြာခဲ့ပြီ”
သမားတော်ပိုင်မှ ဆက်ပြောသည်။
“ဒါပေမဲ့ ငါတို့မှာ အဟန့်အတားဖယ်ရှားဆေးလုံး မရှိလည်း ကိစ္စမရှိဘူး။ နှစ်နည်းနည်းလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပဲလေ”
ထိုစဉ် ဝူကျုံးမှ မျက်လုံးဖွင့်လာ၍ ပြောသည်။
“အဟွတ် အဟွတ်… ဒါပေမဲ့ အဖေ၊ ရွာအကြီးအကဲရွေးချယ်ပွဲက ၈ရက်ပဲလိုတော့တယ်”
သမားတော်ပိုင်မှ ပြန်ပြောသည်။
“ဒီလိုအချိန်မှာ မင်းက ဘာကို သွားစိတ်ပူနေတာတုန်း”
ဝူကျုံးမှ ချေပပြောဆိုသည်။
“အဖေ၊ ကျွန်တော်တို့ အဲဒီကိစ္စကို လျစ်လျူရှုထားလို့ မရဘူး။ ကျွန်တော်တို့နဲ့ ယွီပင်းရဲ့ ဆက်ဆံရေးက လုံးဝ ပျက်ဆီးထားပြီးပြီ။ ရွာအကြီးအကဲရာထူးကို ယွီပင်းရသွားခဲ့ရင် ကျွန်တော်တို့အတွက် မကောင်းနိုင်ဘူး။ အဲဒီအခါကျ သူ ကျွန်တော်တို့ကို ဘယ်လိုပဲ လိမ်လိမ်ညစ်ညစ် သူ့စိတ်တိုင်းကျ ဖြစ်သွားလိမ့်မယ်။ ယွီပင်း ရှန်းထောင်မြို့မှာ ကောင်းကင်ကြီးကို လက်တစ်ဖက်နဲ့ ဖုံးကားနေတာကို ကျွန်တော်တို့ တကယ်ပဲ ဒီတိုင်း ခွင့်ပြုထားနိုင်မှာလား”
“ပြီးတော့လည်း ကုန်သည်အဖွဲ့အတွက်လည်း ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ခန်းမအရှင်သခင်ဖန်း ကိုယ်တိုင် ပြိုင်ပွဲကို လာကြည့်မှာ”
ဝူကျုံးမှ ထပ်ပြောခဲ့သည်။
“အကယ်၍ ချောင်ကုန်သည်အဖွဲ့က အသာစီးရသွားခဲ့ရင် ခန်းမအရှင်သခင်ဖန်း အခက်ေတွ့ရလိမ့်မယ်”
ဝူကျုံး ခန့်မှန်းပြောဆိုသည်။
ထိုအခါ သမားတော်ပိုင် မျက်မှောင်ကြုတ်သွား၏။
ခန်းမအရှင်သခင် ဖန်းရှစ်ကျုံးသည် ကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းနှင့် ဆက်ဆံရေး မပြေလည်ပေ။
အတိအကျဆိုရသော် ကျားဖြူခန်းမကို နန်ပါးထျန်းမှ သီးသန့်ခွဲထုတ်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ရှန်းထောင်မြို့၏ ရွာအကြီးအကဲရွေးချယ်ပွဲသည် အသေးအမွှားကိစ္စလေးဟု ထင်ရသော်ငြား ကောင်းမွန်စွာ ကိုင်တွယ်မဖြေရှင်းနိုင်ပါက ၎င်းသည် နန်ပါးထျန်းအတွက် ဖန်းရှစ်ကျုံးကို ပစ်မှတ်ထားနိုင်မည့် အခွင့်ကောင်းတစ်ခု ဖြစ်သွားပေမည်။
နန်ပါးထျန်းသည် စဉ်းလဲစွာ ဉာဏ်နီဉာဏ်နက်များသော အပြုံးမျက်နှာဖြင့် ကျားတစ်ကောင်ဖြစ်သည်။
ဝူကျုံးသည် ဖန်းရှစ်ကျုံးတစ်ဦးတည်း၏ဆန္ဒဖြင့် ရာထူးတိုးမြှင့်ခံခဲ့ရသူဖြစ်၏။
ငါးဖမ်းကုန်သည်အဖွဲ့၌ ဝူကျုံးသည် ဖန်းရှစ်ကျုံးအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထို့ကြောင့်ပင် ဝူကျုံးမှာ သူ၏အထက်လူကြီးအတွက် များစွာ စဉ်းစားပေးရပေသည်။
ချန်ကျဲ့သည် သူတို့၏အခက်အခဲများကို ဘေးမှ နားထောင်နေခဲ့သည်။ သူတို့၏အခက်အခဲဖြစ်နေပုံကို မြင်တွေ့နေလေရာ ချန်ကျဲ့ ပြောလိုက်သည်။
“ဦးလေးကျုံး အကယ်၍ ဘယ်လိုမှ အလုပ်မဖြစ်ဘူးဆိုရင် ကျွန်တော် ဦးလေးအစား တိုက်ခိုက်ပေးရင်ရော?”