← Chapters

အခန်း (၁၁၇)

Vol. 9 Ch. 117

အခန်း (၁၁၇)

Vol. 9 Ch. 117

“မင်းလား”

ကနဦး၌ ဝူကျုံးသည် မဖြစ်နိုင်ဘူးဟု ပြောလိုခဲ့သည်။ သို့သော် ‌မနေ့ညက ချန်ကျဲ့၏ရဲရင့်မှုကို ပြန်သတိရသွား၏။

အထူးသဖြင့် ‌ချန်ကျဲ့၏ကြောက်ခမန်းလိလိ အင်အားကြီးမားသည့် လှိုင်းတံပိုးလက်ဝါးသိုင်းကို ဖြစ်သည်။

ယွီစန်းလျို့ကို သတ်ဖို့အတွက် လက်ဝါးရိုက်ချက် သုံးချက်၊ ကျောင်းရွှမ်ကို လွင့်ထွက်သွားစေဖို့အတွက် လက်ဝါးရိုက်ချက် တစ်ချက်၊ ဒီလုပ်ဆောင်ချက်တွေက အတော်လေး ပြောင်မြောက်တယ်။

ချန်ကျဲ့ရဲ့အင်အားက အရေပြားသန့်စင်ခြင်းနှောင်းပိုင်းအဆင့်နဲ့ အရမ်းနီးကပ်နေပြီ။ ယွီပင်းနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်လည်း ကွာဟမှုက အရမ်းကြီးမားမှာ မဟုတ်ဘူး။

ထိုသို့တွေးတောလျက် ဝူကျုံးမှ ပြောသည်။

“အဲဒီလိုက အဆင်ပြေလောက်တယ်။ ဒါပေမဲ့ ကျိုစစ်၊ မင်းရဲ့လက်ရှိအင်အားနဲ့ဆို‌ ယွီပင်းကို အနိုင်ရနိုင်မှာ မဟုတ်ဘူး။ အချိန်က ၈ရက်ပဲကျန်တော့တာ မင်းလုပ်နိုင်ရဲ့လား”

ထိုအခါ ချန်ကျဲ့ ပြန်ပြောသည်။

“မကြိုးစားကြည့်ဘဲ ဘယ်လိုလုပ်သိနိုင်ပါ့မလဲ”

ဝူကျုံးသည် ခဏမျှတွေးတောနေပြီးနောက် ပြောသည်။

“ကျိုစစ်၊ မင်းဒီ၈ရက်အတွင်း အပြင်းအထန် လေ့ကျင့်မှဖြစ်မယ်။ ယွီပင်းကို အနိုင်ရနိုင်မယ့် အခွင့်အရေးရှိဖို့ဆို အနည်းဆုံးတော့ အရေပြားသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ကို ရောက်မှဖြစ်‌မယ်”

“ယွီပင်းက ယွီစန်းလျို့လို မဟုတ်ဘူး။ သူက နှ‌လုံးကြွေလက်ဝါးသိုင်းကို စိတ်နှစ်မြှုပ်လေ့ကျင့်တာ ဆယ်စုနှစ်တစ်ခုကျော်နေပြီ။ သူ့လက်ဝါးသိုင်းရဲ့စွမ်းအားက အရမ်းအင်အားကြီးမားတယ်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှိတဲ့ ငါ့ကိုတောင် ချွင်းချက်မရှိ ယှဉ်နိုင်တယ်”

“အရင်တစ်ခေါက်က ‌မျက်လုံးနီရွှေကြက်ကို စားခဲ့တာကြောင့် မဟုတ်ရင် ငါက သူ့ပြိုင်ဘက် ဖြစ်ချင်မှတောင် ဖြစ်နိုင်မှာ”

“ငါ့အ‌ေနနဲ့ သူ့ကို အနိုင်ရဖို့‌ဆို ငါ့ရဲ့ကျင့်ကြံဆင့် သူ့ထက်မြင့်မားတာကိုပဲ မှီခိုရမှာ”

“ငါပြောတာကို နားလည်ရဲ့လား ကျိုစစ်”

ဝူကျုံး ပြောနေစဉ် သမားတော်ပိုင်မှ ကြားဝင်ပြောလာသည်။

“ကျိုစစ် မင်း သေချာစဉ်းစားတာ ကောင်း‌လိမ့်မယ်။ ငါ သတိပေးချင်တာ၊ ယွီပင်းက မင်းရဲ့အင်အားကို မနေ့ညက သတိထားမိသွားလောက်ပြီ၊ ပြီးတော့ မင်း ယွီစန်းလျို့ကို သတ်ခဲ့တဲ့အချက်ကိုလည်း မမေ့နဲ့ဦး။ မင်းနဲ့ယွီပင်းကြားမှာ သွေးကြွေးရှိနေပြီ”

“မင်း ပြိုင်ပွဲစင်ပေါ်ကို တက်သွားခဲ့ရင် ပြိုင်ပွဲက လူကို တစ်ချက်လောက်ထိခိုက်စေရုံနဲ့ ပြီး‌သွားမှာ မဟုတ်တော့ဘူး။ အသက်နဲ့ လောင်းကြေးထပ်ရမှာ။ ငါ့တပည့်.. မင်းသေချာ စဉ်းစားပါဦး”

“အသက်နဲ့လောင်းကြေးထပ်ရမယ်!”

ချန်ကျဲ့ တစ်ဦးတည်း ရေရွတ်လိုက်သည်။ ထိုစဉ် ဝူဟုန်မှ ပြောသည်။

“ကျိုစစ် မင်း မသွားပါနဲ့လား။ ငါ သွားလိုက်မယ်။ ငါ အဖေ့အစား ပြိုင်ပွဲဝင်လိုက်မယ်!”

ဝူကျုံးမှ ခေါင်းခါရမ်းသည်။

“မင်းက ဘယ်လိုရာထူးအဆင့်အတန်းနဲ့ ပြိုင်ပွဲစင်ပေါ် တက်မှာလဲ။ ဒါက ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ကြားက ကိစ္စပဲ။ ဘာလို့ ရဲမက်လေးတစ်ယောက်က ကုန်သည်အဖွဲ့တွေရဲ့ကိစ္စထဲ ဝင်ပါမှာလဲ။ ပြီးတော့ မင်းက ကုန်သည်အဖွဲ့တွေရဲ့ အရေးကိစ္စတွေကို ကိုင်တွယ်ရတာကို အမုန်းဆုံး မဟုတ်ဘူးလား”

ဝူဟုန်သည် တိတ်ဆိတ်သွားပြီး တုံ့ပြန်မပြောတော့ပေ။

ချန်ကျဲ့မှ ပြောလိုက်သည်။

“ဆရာ၊ အစ်ကိုဟုန်၊ ကျွန်တော် သေချာစဉ်းစားပြီးပါပြီ။ ကျွန်တော်နဲ့ ယွီပင်းနဲ့ကြားက ကိစ္စတွေအားလုံးက တစ်ချိန်မဟုတ်တစ်ချိန် ဖြေရှင်းရမှာပါပဲ။ ကျွန်တော်တို့ကြားမှာ သားဖြစ်သူကို သတ်ခဲ့တဲ့ ရန်ငြိုးရှိနေတာ၊ ကျွန်တော် သူ့ကို မသတ်ရင် သူ ကျွန်တော့်ကို သတ်မှာပဲ။ အဲဒီအတွက် ဘာမှ ခက်ခက်ခဲခဲ စဉ်းစားနေဖို့ မလိုပါဘူး”

“ကျွန်တော့်ကို နောက်ကွယ်ကနေ လှည့်ကွက်တွေ ကြံစည်နေတာကို ခံရမယ့်အစား ပြိုင်ပွဲစင်ပေါ်မှာ မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး အသေအကြေတိုက်ခိုက်လိုက်တာပဲ ပိုကောင်းပါတယ်”

“ပြီးတော့ ပြိုင်ပွဲစင်ပေါ်မှာဆိုရင် လှည့်ကွက်ထုတ်ပြီး ညစ်ဖို့ရာလည်း ခက်ခဲလိမ့်မယ်။ ကျွန်တော်လည်း အလွန်အကျွံ သတိထားနေဖို့ မလိုတော့ဘူးပေါ့”

ချန်ကျဲ့ ပြောခဲ့သည်။

နားထောင်နေကြသော ဝူကျုံး၊ သမားတော်ပိုင်နှင့် ဝူဟုန်တို့အားလုံးသည် တိတ်ဆိန်နေကြ၏။ ချန်ကျဲ့၏စကားများထဲတွင် အချို့မှာ မှန်ကန်သည်ဟု ခံစားရပေသည်။

ဘေးရှိ စူးယွင်ကျင်းသည် စိုးရိမ်ပူပန်စွာဖြင့် သူမ၏လက်ကိုင်ပုဝါကို လက်ဖြင့်ဆော့ကစားနေသည်။ သို့သော် သူမ၏စိုးရိမ်ပူပန်မှုများကို ထပ်မံ၍ ဖုံးကွယ်မထားနိုင်တော့ပေ။ သခင်မပိုင်သည် စူးယွင်ကျင်း၏ ပုံမှန်မဟုတ်သော အပြုအမူကိုမြင်သောအခါ ပခုံးကိုဖွဖွပုတ်၍ နှစ်သိမ့်ပေးသည်။

“ယောက်ျားတစ်ယောက်နဲ့ ဘဝကို အတူဖြတ်သန်းဖို့ ရွေးချယ်ခဲ့ပြီးမှတော့ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေ ခံစားရဖို့ အသင့်ဖြစ်နေရမယ်။ လောကကြီးက အဲဒီလိုပဲ။ တည်ငြိမ်အေးချမ်းဖို့ မျှော်လင့်လို့မရနိုင်ဘူး”

ဟုတ်ပါ၏။ တည်ငြိမ်အေးချမ်းမှုကို မျှော်လင့်မရနိုင်ပါချေ။ ဤကမ္ဘာ၌ သင်သည် လိုက်လျောလွယ်သော သာမန်လူတစ်ယောက်ဖြစ်ခဲ့လျှင် အနိုင်ကျင့်ခံရသူတစ်ဦးသာ ဖြစ်ရပေလိမ့်မည်။

ထို့ကြောင့် အမျိုးသားတစ်ယောက်အနေဖြင့် တောင်တန်းတစ်လျှောက် ဒေသ၅၀ကိုသိမ်းပိုက်ဖို့ရာ ဝူကုန်းကို သယ်ဆောင်ရန်မှာ မလွဲမသွေပင် ဖြစ်ချေသည်။

ထို့ပြင် ချန်ကျဲ့တွင် အစီအစဉ်ရှိ၏။

ရွာအကြီးအကဲရာထူးအတွက် တိုက်ခိုက်ရာတွင် ကူညီပေးလိုက်ပါက မိမိအတွက် အကျိုးအမြတ်များ ရရှိပေလိမ့်မည်။ လာမည့်ပြိုင်ပွဲကို အမျိုးမျိုးသော ဩဇာလွှမ်းမိုးမှုရှိသည့်ပုဂ္ဂိုလ်များ လာရောက်ကြည့်ရှုကြမည်ဖြစ်၏။

အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်သော ငါးဖမ်းကုန်သည်အဖွဲ့၏ ဖန်းရှစ်ကျုံးလည်း လာရောက်ကြည့်ရှုပေမည်။

ထိုသို့ပုဂ္ဂိုလ်ကြီးများရှေ့၌ မိမိအတွက် နာမည်ကောင်းရယူနိုင်ခဲ့လျှင် ချန်ကျဲ့၏ဘဝတိုးတက်ရေးအတွက် များစွာ အကျိုးအမြတ်ရရှိမည်ဖြစ်၏။

ချန်ကျဲ့၌ အလွန်မြင့်မားသော ရည်မှန်းချက်များရှိသည်။ ဤရှန်းထောင်မြို့ငယ်လေးတွင် ငါးဖမ်းကုန်သည်အဖွဲ့၏ ကင်းလှည့်အလုပ်သမားတစ်ယောက်၊ သို့မဟုတ် သင်္ဘောခေါင်းဆောင်တစ်ယောက်ဟူသည့် ရာထူးနေရာမျှနှင့် ချန်ကျဲ့ မကျေနပ်နိုင်ပါချေ။ ဦးစီးမှူးရာထူးပင်လျှင် သူ၏ရည်မှန်းချက် မဟုတ်သေးပေ။

သူ၏ရည်မှန်းချက်သို့ ရောက်ရှိရန်အတွက် ပို၍ကြီးမားသော အဆင့်အတန်းကို လိုအပ်၏။

ငါ့အနေနဲ့ ဌာနချုပ်မှာ ရာထူးတစ်ခု ခြေကုပ်ရယူလို့ မရနိုင်ဘူးလား။ ဌာနချုပ်ရဲ့ ဦးစီးမှူးတစ်ယောက်ရော ဖြစ်မလာနိုင်ဘူးလား။ ခန်းမအရှင်သခင်တစ်ယောက် ဒါမှမဟုတ် အဖွဲ့ခေါင်းဆောင်ရော ဖြစ်မလာနိုင်ဘူးလား။

ရည်မှန်းချက်မရှိဘူးဆိုရင် အမျိုးသားတစ်ယောက်က ငါးဆားနယ်နဲ့ ဘာကွာခြားတော့မှာလဲ။

အရင်ဘဝတုန်းက လူမှုဖူလှုံရေးငွေကြေးထောက်ပံ့မှုရှိတာကြောင့် လူတစ်ယောက်က စိတ်အေးသက်သာ လဲလျောင်းအိပ်စက်နိုင်တယ်။ ငတ်ပြီးသေမှာ မစိုးရိမ်ရဘူး။

ဒါပေမဲ့ ဒီကမ္ဘာမှာ လူမှုဖူလှုံရေးငွေကြေးထောက်ပံ့မှု မရှိဘူး။ ယိုယွင်းပျက်စီးမှုတွေကြားမှာ လူးလှိမ့်ပျော်မြူးနေရဲရင် လားရာလမ်း တစ်လမ်းတည်းသာ ရှိနိုင်လိမ့်မယ်။ ဆာလောင်ငတ်ပြတ်ခြင်းပဲ!

ဒီကမ္ဘာမှာ ပိုကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်နိုင်ဖို့ဆိုရင် နည်းလမ်းတစ်ခုပဲရှိတယ်။ အမြင့်ကိုတက်၊ အင်အားအာဏာကို ပိုများများ ဆုပ်ကိုင်နိုင်အောင်လုပ်ပြီး ကိုယ်ကာကွယ်ချင်တဲ့သူတွေကို ကာကွယ်နိုင်တဲ့အင်အားရှိအောင် ကြိုးစားဖို့ပဲ။

သို့ဖြစ်ရာ ချန်ကျဲ့သည် အထက်သို့ တက်လှမ်းနိုင်မည့် မည်သည့်အခွင့်အရေးကိုမဆို ဖမ်းဆုပ်ရပေမည်။

ရွာအကြီးအကဲရာထူးရွေးချယ်မည့် ပြိုင်ပွဲသည် အခွင့်အရေးကောင်းတစ်ခုဖြစ်၏။ ချန်ကျဲ့အား ငါးဖမ်းကုန်သည်အဖွဲ့တွင် ပိုမိုမြင့်မားသည့် အဆင့်အတန်းသို့ ရောက်ရှိစေနိုင်ပေလိမ့်မည်။ သို့ဖြစ်ရာ သူအဘယ်သို့များ လက်လွှတ်နိုင်ပါအံ့နည်း။

ပြီးတော့ ဦးလေးကျုံးကိုလည်း ကူညီပြီးသားဖြစ်သွားမယ်။

အခွင့်အရေးဟူသည် ပြင်ဆင်ထားသူထံသာ ရောက်ရှိလာတတ်သည်။ ချန်ကျဲ့သည် ထိုပြင်ဆင်ထားသူဖြစ်၏။

All Chapters