Chapters

အခန်း (၁၁၈)

Vol. 9 Ch. 118

အခန်း (၁၁၈)

Vol. 9 Ch. 118

သေချာပေါက်ပင် ယွှီပင်းနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းသည် ‌စိတ်ကူးထားသလောက် ရိုးရှင်းသည့်အရာ မဟုတ်နိုင်ပေ။ ထို့နေ့တွင် အနည်းဆုံး စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်နှစ်ယောက် ကျင့်ကြံနေလိမ့်မည်ဖြစ်ပြီး ရေထိန်းချုပ်လက်ဝါးသိုင်းဟူသည့် ဇာစ်မြစ်မှာ ပေါ်‌ထွက်သွား၍ မဖြစ်ချေ။

ထို့ကြောင့် ပြိုင်ပွဲနေ့တွင် လှိုင်းတံပိုးလက်ဝါးသိုင်းကို အကာအကွယ်အဖြစ် အသုံးပြုရပေမည်။ အနိုင်ရရန် အဆုံးအဖြတ်ပေးနိုင်မည့် အခိုက်အတန့်မှသာ လှိုင်းတံပိုးလက်ဝါးသိုင်းနှင့် ဆင်တူသည့် သိုင်းကွက် နှစ်ကွက်၊သုံးကွက်ကို အသုံးပြုနိုင်မည် ဖြစ်သည်။

အနိုင်ရရှိခြင်းငှာ အနည်းငယ် ခက်ခဲနိုင်ပေသည်။

ထို့ပြင် သူ၏လက်ရှိအင်အားအရ ယွီပင်းကို ဆန့်ကျင်တိုက်ခိုက်ရခြင်းမှာ အလေးသာမှုမှာ သိပ်မရှိပေ။ ထို့ကြောင့် သူ အပြင်းအထန် ကြိုးစားရပေမည်။ ၈ရက်အချိန်အတွင်း စနစ်၏အချက်အလက်များကိုပါ ပေါင်းစည်းလိုက်ပါက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန် နည်းလမ်းတစ်ခု ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေသည်။ ခန္ဒာကိုယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်ပါက ပို၍စိတ်ချထားနိုင်လေပြီ။

ချန်ကျဲ့ တွေးတောနေစဉ် ဝူကျုံးမှ ပြောသည်။

“ကောင်းပြီ ကျိုစစ်၊ ဒီနောက်ရက်အနည်းငယ်အတွင်းတော့ မင်း လေ့ကျင့်မှုအပေါ် အာရုံစိုက်သင့်တယ်။ ပြီးတော့ သေချာလည်း စဉ်းစားပေါ့။ မင်းမှာ တကယ်ပဲ ယွီပင်းကို အနိုင်ရဖို့ ယုံကြည်ချက်ရှိတယ်ဆိုရင် သွားပြိုင်လိုက်ပါ။ အဲဒါက အရမ်းကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုဆိုလည်း ဟုတ်တယ်‌”

ဝူကျုံးသည် ထိုထက်ပို၍ ဘာမျှဆက်မပြောပေ။ သို့သော် အားလုံး နားလည်လိုက်ကြသည်။

ပြိုင်ပွဲမှာ အနိုင်ရခဲ့ပါက အထက်လူကြီးများ၏ သတိထားခံရပြီး ရာထူးတိုးကောင်း တိုးသွားနိုင်သည်။

သို့‌ေသာ် ဝူကျုံးနှင့် ပိုင်မိသားစုသည် ချန်ကျဲ့ကို သူတို့၏မိသားစုဝင်အဖြစ် သဘောထားသောကြောင့် ချန်ကျဲ့ကို အခွင့်အရေးပေးလိုသည်။ လက်ရှိတွင် သူတို့အစိုးရိမ်ဆုံးသောအရာမှာ ချန်ကျဲ့၏ဘေးကင်းလုံခြုံမှုသာ ဖြစ်သည်။

အနိုင်ရရှိခြင်းသည် အခွင့်အရေးကောင်းတစ်ခုဖြစ်နိုင်၏။ သို့သော် ရှုံးနိမ့်သွားပါက ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ခြင်းပင်။

မည်သူကများ ဤသဘောတရားကို နားမလည်ပါအံ့နည်း။

ဝူကျုံးသည် စကားအဆုံး၌ သခင်မပိုင်ကို လက်လှမ်း၍ပြောသည်။

“လန်အာ ငါ့ကို ထူပေးပါဦး”

ဝူကျုံးမှ ပြောသည်။

“အခုလောလောဆယ် ပြိုင်ပွဲကိစ္စကို ခဏဘေးဖယ်ထားလိုက်ဦး။ မနေ့ညက ရန်ငြိုးကို လက်တုံ့ပြန်ရမယ်!”

“ကျိုစစ်!”

“ဦးလေးကျုံး!”

“လူတစ်ယောက်သွားရှာပြီး ငါးဖမ်းကုန်သည်အဖွဲ့က ညီနောင်တွေကို အသိပေးလိုက်ပါ။ သူတို့ကို လက်နက်တွေယူပြီး ချက်ချင်း ဒီမှာစုဝေးကြဖို့ ပြောလိုက်။ ပြီးတော့ သင်္ဘောခေါင်းဆောင်ကြီးကျောင်းရွှမ်ကို ချက်ချင်းဖမ်းဆီးဖို့ သင်္ဘောခေါင်း‌ဆောင်၂ကို အကြောင်းကြားဖို့ လူတစ်ယောက်လည်း အထူးတလည် ရှာလိုက်ပါ။ ငါသစ္စာဖောက်ကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး!”

“ဟုတ်ကဲ့”

ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်အတန့်၌ ဝူကျုံး၏မျက်လုံးများသည် အမျက်ဒေါသများ ပြည့်နှက်နေခဲ့သည်။ တစ်ညလုံး လိုက်လံသတ်ဖြတ်ခံခဲ့ရပြီး ဝူကျုံးသည် သူ၏ဒေါသကို တစ်ချိန်လုံး ထိန်းချုပ်ထားခဲ့ရသည်။ ယခုတွင် ထွက်ပေါက်ပေးဖို့ အချိန်ကျလေပြီ။

ချန်ကျဲ့ ချက်ချင်းထွက်ခွာ၍ ရှောင်ဟူကို ရှာဖွေသည်။

ရှောင်ဟူသည် ဒေါသတကြီးဖြင့် ချန်ကျဲ့ကို ပြော၏။

“အစ်ကိုကျိုစစ်၊ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့အိမ်တွေကို လုစန်းနဲ့ အဲဒီမြေခွေးအိုကြီး ချန်စန်းလျို့တို့ မွှေနှောက်ရှာဖွေသွားကြတယ်။ ရှိသမျှ တန်ဖိုးရှိပစ္စည်းအကုန်လုံးကို သူတို့အိမ်ကို သယ်သွားကြပြီ။ ကျွန်တော့်‌အမေ အိမ်ပြန်ရောက်တော့ သူတို့နဲ့ ငြင်းခုန်ကြတော့ သူတို့က အစ်ကိုက အဆုံးသတ်သွားပြီမလို့ ကျွန်တော်တို့ရဲ့ပစ္စည်း‌ဥစ္စာတွေကို ပြန်ယူလို့ မရတော့ဘူးလို့ ပြောတယ်!”

“ဟက်… ရှောင်ဟူ အခုလောလောဆယ် သူတို့အကြောင်း စိတ်ပူမနေနဲ့ဦး။ ငါးဖမ်းကုန်သည်အဖွဲ့ညီနောင်‌တွေကို လူစုဝေးဖို့ အကြောင်းကြားလိုက်ပါ။ သူတို့ကို သေချာ လူရွေးစုဖို့ အချိန်ကျပြီ”

“ဟုတ်ကဲ့ သိပါပြီ”

ရှောင်ဟူမှ တက်ကြွစွာ ပြန်ဖြေသည်။

ယခုအချိန်တွင် လွတ်လွတ်လပ်လပ် ပျော်ရွှင်ခုန်ပေါက်နေကြသူများမှာ နောင်လာမည့်ရက်များတွင် စာရင်းရှင်းခံရမည့်အရေးအား သတိထားရပေမည်။