အခန်း (၁၁၉)
Vol. 9 Ch. 119
“ဦးစီးမှူးရဲ့အမိန့်! ငါးဖမ်းကုန်သည်အဖွဲ့ တပည့်အားလုံး လက်နက်ယူဆောင်ပြီး အခုချက်ချင်း အရေးပေါ်ကိစ္စဆွေးဖို့အတွက် ဦးစီးမှူးရဲ့အိမ်ကို သွားကြပါ”
“ဦးစီးမှူးရဲ့အမိန့်! ငါးဖမ်းကုန်သည်အဖွဲ့ တပည့်အားလုံး လက်နက်ယူဆောင်ပြီး အခုချက်ချင်း အရေးပေါ်ကိစ္စဆွေးဖို့အတွက် ဦးစီးမှူးရဲ့အိမ်ကို သွားကြပါ”
…
အမိန့်ကိုလက်ဆင့်ကမ်း အသိပေးပြီးနောက် မကြာမီတွင် ငါးဖမ်းကုန်သည်အဖွဲ့သားအားလုံးသည် ပိုင်မိသားစုနေအိမ်သို့ လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာကြသည်။
ဝူကျုံးသည် ပိုင်မိသားစုနေအိမ်၌ သခင်မပိုင်မှ ကူတွဲလာပေး၍ သမားတော်ပိုင် ထိုင်လေ့ရှိသော ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့သည်။
ချန်ကျဲ့နှင့် ဝူဟုန်လည်း ရှိနေခဲ့ပြီး သင်္ဘောခေါင်းဆောင်၄ဦးစလုံးလည်း ရောက်ရှိနေလေပြီ။
…
သင်္ဘောခေါင်းဆောင်ကြီးကျောင်းရွှမ်ကို ဖမ်းဆီးရန် အမိန့်ရထားသော သင်္ဘောခေါင်းဆောင်၂ အပါအဝင် အဖွဲ့သားအားလုံးသည် ပိုင်မိသားစုနေအိမ်ခြံဝင်းလေးထဲတွင် ရပ်နေကြသည်။
ချန်ကျဲ့နှင့် ဝူဟုန်သည် အနီးအနားရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေကြပြီး စူးယွင်ကျင်းနှင့် ပိုင်သခင်မတို့သည် အိမ်ထဲဝင်နေကြသည်။ ကလေးမလေးသည် သမားတော်ပိုင်နှင့်အတူ ဆေးခန်းထဲသို့ လိုက်သွားခဲ့သည်။
ယခု၌ စူးယွင်ကျင်းနှင့် စူးယွင်ရွေ့တို့နှစ်ဦးအား ပိုင်မိသားစုနေအိမ်တွင် နေခိုင်းထားရပြီး ချန်ကျဲ့လည်း ပိုင်မိသားစုနေအိမ်၌ နေထိုင်သည်။ လက်ရှိတွင် သူတို့၏ကိုယ်ပိုင်အိမ်များသို့ သွားလာခြင်းကို ကန့်သတ်ထားသည်။
×××
သို့ဖြင့် နှစ်ဖွဲ့လုံးသည် အခြေအနေကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားအားထုတ်နေကြပေသည်။ ရန်ငြိုးဖြစ်စေ၊ အမုန်းတရားဖြစ်စေ နောက်ရက်အနည်းငယ်အတွင်း ရောက်ရှိမည့် ရွာအကြီးအကဲရွေးချယ်ပြိုင်ပွဲမှသာ စာရင်းရှင်းရပေမည်။
သို့သော်ငြား သူတို့သည် ချောင်ကုန်သည်အဖွဲ့ကို တိုက်ရိုက် မရင်ဆိုင်နိုင်သော်ငြား ဝူကျုံးသည် မိမိ၏အဖွဲ့အတွင်းရှိ သစ္စာဖောက်ကို သက်ညှာပေးလိုသည့်ဆန္ဒ မရှိပါချေ။ ထို့ကြောင့် ဤသို့ငါးဖမ်းကုန်သည်အဖွဲ့ စုဝေးပွဲကြီးကို စတင်လိုက်ခြင်းဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့သားများသည် အပြင်းအထန်ဒဏ်ရာရထားသော သူတို့၏ဦးစီးမှူးကို မြင်သောအခါ အားလုံးသည် အမျက်ဒေါသဖြင့် အံကိုတင်းတင်းကြိတ်မိလိုက်ကြ၏။ သူတို့သည် ထိုချောင်ကုန်သည်အဖွဲ့အား ချက်ချင်းသွားရောက်၍ အမြစ်ဖြတ်သုတ်သင်ပစ်ချင်လှသည်။
သို့တိုင် ဝူကျုံးသည် သူတို့အားလုံးကို ထိန်းချုပ်ထားစေပြီး အမိန့်များချမှတ်သည်။
“ပထမအချက်၊ သင်္ဘောခေါင်းဆောင်ကြီးကျောင်းရွှမ်ကို ဖမ်းရမယ်။ အဲဒီလိုသစ္စာဖောက်တွေကို လုံးဝ သက်ညှာမပေးသင့်ဘူး!”
“ဒုတိယအချက်၊ ငါးဖမ်းကုန်သည်အဖွဲ့အတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး ငါးဖမ်းကုန်သည်အဖွဲ့က တခြားသူတွေ ပါဝင်မှုရှိလားဆိုတာ သေချာစုံစမ်းစစ်ဆေးမယ်”
“တတိယအချက်၊ မနေ့က ဖရိုဖရဲအခြေအနေမှာ ပျက်စီးမှုဖြစ်စေခဲ့တဲ့သူတွေ ဥပမာ လုစန်း၊ ချန်စန်းလျို့တို့လို ငါတို့မြို့က ဆန်ကုန်မြေလေးကောင်တွေကို စာရင်းရှင်းမယ်!”
အမိန့်သုံးခုကို ထုတ်ပြန်ပြီးနောက် ငါးဖမ်းကုန်သည်အဖွဲ့သားများ၏ မျက်နှာအမူအရာများသည် တည်ကြည်လေးနက်ကုန်ကြသည်။ အမျက်ဒေါသများ ပြည့်လျှံနေခဲ့ကာ သင်္ဘောခေါင်းဆောင်ကြီးသည် ချောင်ကုန်သည်အဖွဲ့၊ ယွီပင်းတို့နှင့် ပူးပေါင်း၍ သူတို့၏ဦးစီးမှူးအား အလစ်တိုက်ခိုက်ခဲ့သည်ဟူသော အကြောင်းအရာကို မယုံကြည်နိုင်ဖြစ်နေကြပေသည်။
ထိုစဉ် သင်္ဘောခေါင်းဆောင်၂ လီစန်းတင်းသည် ထရပ်လိုက်ပြီး လက်ယှက်အရိုအသေပြု၏။
“အစ်ကိုဝူ”
“ဟမ်?”
ဝူကျုံး လီစန်းတင်းကို ကြည့်လိုက်သည်။ လီစန်းတင်းသည် လက်ယှက်အရိုအသေပြုသည့် အနေအထားဖြင့် ပြော၏။
“အစ်ကိုဝူ အစ်ကိုကြီးရဲ့အမိန့်ကို လက်ခံရရှိပြီးနောက်မှာ ကျွန်တော် ကျောင်းရွှမ်ကို ဖမ်းဆီးဖို့ ချက်ချင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ထားမိစွာပဲ အဲဒီလူယုတ်မာက သူ့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ကျွန်တော်တို့ သိုလှောင်ရုံအစောင့်အကြပ်တွေကို လှည့်ဖျားပြီး ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ တစ်လနီးပါးစာ အခွန်ငွေတွေကို ခိုးယူသွားခဲ့ပါတယ်!”
ထိုအခါ ဝူကျုံး၏မျက်နှာမှာ မည်းမှောင်သွားရသည်။
“အဲဒီလူယုတ်မာကောင်က တကယ့်ကို ထွက်ပြေးသွားတာပဲ။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ငါဒီကိစ္စကို ဌာနချုပ်ဆီ အစီရင်ခံလိုက်မယ်။ ပြီးတော့ စန်းတင်း မင်းနဲ့ ညီနောင် ၃တို့ လူတချို့ခေါ်သွားပြီး သူ့နောက်ကို ချက်ချင်းလိုက်ကြပါ။ အတတ်နိုင်ဆုံးကြိုးစားပြီး သူ့ကို ပြန်ဖမ်းခေါ်လာပေးပါ”
“ဟုတ်ကဲ့”
လီစန်းတင်းသည် လက်ယှက်အရိုအသေပြုလျက် ချက်ချင်း ပြန်ပြောသည်။
သင်္ဘောခေါင်းဆောင်ကြီးကို ဖမ်းဆီးရန်အတွက် လီစန်းတင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပါ၏။ သူသည် ရှန်းထောင်တစ်မြို့လုံးတွင် နံပါတ်သုံးအဆင့် ရှိသင့်သူတစ်ယောက် ဖြစ်ပေသည်။
လီစန်းတင်းသည် ကျောင်းရွှမ်ထက် အသက်ပိုကြီးပြီး ဝူကျုံးထက် ၃နှစ်သာ ငယ်သည်။ ဝူကျုံး သင်္ဘောခေါင်းဆောင်ကြီး ဖြစ်လာခဲ့ချိန်၌ သူသည် သင်္ဘောခေါင်းဆောင်၂ ဖြစ်ခဲ့သည်။ ဝူကျုံး ဦးစီးမှူးဖြစ်သွားသောအခါ မိမိလည်း သင်္ဘောခေါင်းဆောင်ကြီးအဖြစ်သို့ ရာထူးတိုးနိုင်မည်ဟု ထင်ထားခဲ့သည်။ သို့သော် အံ့အားသင့်ဖွယ်ကောင်းစွာပင် ကျောင်းရွှမ်သည် လေထီးခုန်၍ သင်္ဘောခေါင်းဆောင်ကြီး ဖြစ်သွားခဲ့လေသည်။
ကျောင်းရွှမ်သည် လီစန်းတင်းမျှ အရည်အချင်းမရှိသည့်တိုင် အထက်ရှိ အဆက်အသွယ်များကို အသုံးချ၍ သင်္ဘောခေါင်းဆောင်ကြီးနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
လီစန်းတင်းသည် ထိုကိစ္စနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ မခံမရပ်နိုင် ဖြစ်နေခဲ့သည်ဖြစ်၏။ ယခု၌ နောက်ဆုံးတွင်တော့ သူသည် ကျောင်းရွှမ်ကို ဖမ်းဆီးရတော့ပေမည်။ လီစန်းတင်းသည် ဝမ်းမြောက်ကျေနပ်နေခဲ့ပြီး သူ၏ သိုင်းပညာအရည်အချင်းကိုလည်း ယုံကြည်မှူအပြည့်ရှိပေသည်။
အထူးသဖြင့် လတ်တလောတွင် သူသည် ကံကောင်းပြီး သိုင်းပညာတိုးတက်ထားခဲ့၏။
လီစန်းရှင်းသည် မိမိမှာ ယွီပင်းနှင့်ပင် ယှဉ်တိုက်နိုင်မည်ဟု ခံစားနေရပေသည်။
လီစန်းတင်းသည် ရပ်နေခဲ့ရာမှ သင်္ဘောခေါင်းဆောင်၃နှင့်အတူ ထွက်ခွာသွားခဲ့သည်။ သူတို့သည် ကျောင်းရွှမ်ကို ကြားဖြတ်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီး ထိုလူယုတ်မာအား လွတ်မြောက်ခွင့်မပေးရန် ဆုံးဖြတ်ချက်ချထား၏။
သူတို့နှစ်ဦးသည် ပိုင်မိသားစုနေအိမ်မှ အမြန်ထွက်ခွာသွားကြသည်။
ထွက်ခွာသွားကြစဉ် သင်္ဘောခေါင်းဆောင်၃သည် လီစန်းတင်းကိုကြည့်၍ မေးမြန်းသည်။
“ကျွန်တော်တို့ ကျောင်းရွှမ်ကို ဘယ်လိုဖမ်းကြမလဲ”
လီစန်းတင်းသည် ခဏမျှစဉ်းစားလိုက်ပြီး ပြောသည်။
“စီရင်စုမြို့ဆီ ဦးတည်ရာလမ်းအတိုင်း လိုက်ကြမယ်။ အဲဒီကောင် အဝေးကြီး မပြေးလောက်ဘူးလို့ ငါခံစားမိနေတယ်”
ထိုအခါ သင်္ဘောခေါင်းဆောင်၃မှ ပြောသည်။
“အစ်ကိုလီ၊ ဦးစီးမှူးက ဒီကိစ္စကို ဌာနချုပ်ဆီ တင်ပြပြီးနေပြီ။ ဌာနချုပ်ကလည်း တုံ့ပြန်လာလောက်တယ်။ အခုအချိန်မှာ ကျွန်တော်တို့ အာရုံစိုက်ရမှာက တကယ်တော့ ကျောင်းရွှမ်ကို ဖမ်းဆီးဖို့ မဖြစ်သင့်ဘူး”
“ဟင်?”
လီစန်းတင်းမှ လှည့်ကြည့်သော် သင်္ဘောခေါင်းဆောင်၃မှ ပြောသည်။
“ရွာအကြီးအကဲရွေးချယ်ပွဲက ၈ရက်ပဲ လိုတော့တယ်”
“မင်းဘာပြောချင်တာလဲ”
“အစ်ကိုလီ ဦီးစီးမှူးက ဒီလောက်အထိ ထိခိုက်ထားတာ သူသေချာပေါက် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း ဒီတိုင်း အရှုံးပေးလိုက်လို့ မရဘူးလေ ဟုတ်တယ်မလား။ အဲဒါကြောင့် ဒီတိုက်ပွဲရဲ့ ဝန်က အစ်ကိုလီ.. အစ်ကို့အပေါ် ကျရောက်လာလောက်မယ်”
“ငါလား”
လီစန်းတင်းသည် ထိတ်လန့်သွား၏။
သင်္ဘောခေါင်းဆောင်၃မှ ပြောသည်။
“ဟုတ်တယ် အစ်ကိုလီ.. အစ်ကိုပဲ။ ဒါက အစ်ကိုလီအတွက် အခွင့်အရေးကောင်းတစ်ခုပဲ။ အစ်ကိုအမြဲတမ်း သင်္ဘောခေါင်းဆောင်ကြီး ဖြစ်ချင်နေခဲ့တာ မဟုတ်လား”
“ဒီတစ်ခေါက် ရွာအကြီးအကဲရွေးချယ်ပြိုင်ပွဲမှာ အစ်ကိုလီအနေနဲ့ နာမည်ဂုဏ်သတင်းရယူနိုင်ခဲ့ရင်၊ အစ်ကို အနိုင်မရလည်း ဖြစ်တယ်၊ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရင်ပဲ ခန်းမအရှင်သခင်ဖန်းလည်း အစ်ကို့ကို အကောင်းမြင်လာလိမ့်မယ်။ အဲဒါဆို သင်္ဘောခေါင်းဆောင်ကြီးရာထူးက အစ်ကို့အတွက်ဖြစ်ဖို့ သေချာသွားပြီ မဟုတ်ပေဘူးလား။ အနာဂတ်မှာ ဦးစီးမှူးရာထူးကိုတောင် ရကောင်းရလာနိုင်တယ်”
“ပြီးတော့ အစ်ကို့ရဲ့ညီနောင် ကျွန်တော်လည်း ဒီထက်ပိုပြီး တိုးတက်နိုင်မှာပေါ့လေ ဟားဟား…”
ထိုစကားများအဆုံးတွင် လီစန်းတင်း၏မျက်လုံးများ တောက်ပလာခဲ့သည်။
ဒါက တကယ့်ကို အခွင့်အရေးကောင်းတစ်ခုပဲ!