အခန်း (၁၂၀)
Vol. 9 Ch. 120
သင်္ဘောခေါင်းဆောင်၃မှ ပြောသည်။
“အဲဒီတော့ အစ်ကိုလီ၊ အခုအချိန်မှာ နံပါတ်တစ် ဦးစားပေးရမယ့်အရာက ရွာအကြီးအကဲရွေးချယ်ပွဲပဲ။ အစ်ကို့အနေနဲ့ သိုင်းကွက်တစ်ကွက်စာတောင် ခုခံကိုင်တွယ်နိုင်စွမ်း မရှိခဲ့ရင် အရှက်ရ,ရလိမ့်မယ်။ အဲဒီလိုဆို မကောင်းနိုင်ဘူး”
ထိုအခါ လီစန်းတင်းသည် အားရပါးရ ရယ်မော၏။
“ဟားဟားဟား… ညီနောင်၃ မင်းငါ့ကို လျှော့တွက်လွန်းနေပြီ။ ငါ ဒီနှစ်တွေအတွင်းမှာ တစ်လျှောက်လုံး သိုင်းပညာလေ့ကျင့်နေခဲ့တာ။ ငါ ယွီပင်းကို အနိုင်ရနိုင်တယ်လို့တော့ တပ်အပ်မပြောနိုင်ဘူး၊ ဒါပေမဲ့ သူနဲ့ သရေကျဖို့တော့ ယုံကြည်ချက်ရှိတယ်”
“ဒါဆို ဖြေရှင်းပြီးပြီပေါ့။ အစ်ကိုလီ၊ အစ်ကို ယွီပင်းနဲ့ သရေကျနိုင်ရင် အဲဒါက ခန်းမအရှင်သခင်ဆီက အမှတ်ယူလိုက်ပြီးသား ဖြစ်သွားမှာပဲ။ သင်္ဘောခေါင်းဆောင်ကြီးရာထူး၊ ဦးစီးမှူးရာထူးတောင်မှ အကုန် အစ်ကို့အပိုင်ပဲ”
ထိုအခါ လီစန်းတင်းသည် ရွှင်ပျစွာ ရယ်မောလိုက်သည်။
“ဟားဟားဟား ကောင်းတယ် ကောင်းတယ်…”
လီစန်းတင်းသည် ထိုအခွင့်အရေးအား အလွန်တရာ လိုအပ်နေလေပြီ။
…
ပိုင်မိသားစုနေအိမ်ထဲ၌ ဝူကျုံးသည် သင်္ဘောခေါင်းဆောင်၄ကို ကြည့်လျက် ပြောနေသည်။
“ညီနောင်၄ မင်းပြန်သွားတဲ့အခါ ကုန်သည်အဖွဲ့ထဲမှာ မိမိကိုယ်ကိုယ်ပြန်လည်ဆန်းစစ်ခြင်းကို ချက်ချင်း စတင်လုပ်ဆောင်ပါ။ သင်္ဘောခေါင်းဆောင်ကြီးနောက်ကို တစ်ချိန်က လိုက်ခဲ့ဖူးကြတဲ့ ညီနောင်တွေအားလုံးက စုံစမ်းစစ်ဆေးဖို့အတွက် ညီနောင်၄ကို မိမိရဲ့သဘောဆန္ဒနဲ့ တင်ပြကြပါ။ အရေးကိစ္စအချို့ရှိခဲ့ရင်လည်း ဝန်ခံပါ။ ဘယ်သူမှ မရှိတော့အောင် စောစောစီးစီး စုံစမ်းစစ်ဆေးလိုက်ရင် စောစောစီးစီး ငြိမ်းချမ်းနိုင်မယ်”
“ပြီးတော့ ညီနောင်၄၊ ဒီကိစ္စကို မှန်မှန်ကန်ကန်နဲ့ လက်တွေ့ကျကျ ကိုင်တွယ်လုပ်ဆောင်ရမယ်။ တစ်ဖွဲ့တည်းသားဖြစ်တာကြောင့် အပြစ်ရှိစိတ်ခံစားချက်တွေ မပါဝင်စေနဲ့၊ ကြားလား”
“ဟုတ်ကဲ့”
ညီနောင်၄မှ လက်ယှက်အရိုအသေပြုလျက် ဖြေသည်။
သင်္ဘောခေါင်းဆောင်၄သည် သူ၏အလုပ်တာဝန်၏ သဘောသဘာဝကို နားလည်ပါ၏။
သင်္ဘောခေါင်းဆောင်ကြီး ချန်ရစ်ခဲ့သည့် ငါးဖမ်းကုန်သည်အဖွဲ့သားများကို မွှေနှောက်ရှာဖွေဖယ်ရှားခြင်းသည် ဆင့်ပွားတာဝန်တစ်ခုဖြစ်သည်။ အဓိကတာဝန်မှာ သင်္ဘောခေါင်းဆောင်ကြီးကျောင်းရွှမ်၏ အခြားသော အပြစ်ရှိကြောင်းသက်သေပြနိုင်မည့် သက်သေများကို ရှာဖွေစုဆောင်းရန်ဖြစ်ပေသည်။
ဥပမာ အကျင့်ပျက်ခြစားခြင်း၊ ငွေအလွဲသုံးစားပြုလုပ်ခြင်း၊ ငါးဖမ်းကုန်သည်အဖွဲ့၏ အလုပ်ရာထူးများကို အရောင်းအဝယ်လုပ်ခြင်း စသည်တို့ဖြစ်သည်။
ထပ်ပေါင်းအနေဖြင့် သင်္ဘောခေါင်းဆောင်ကြီးနှင့် အရင်းနှီးဆုံးဖြစ်ကြသည့် ငါးဖမ်းကုန်သည်အဖွဲ့သား အနည်းငယ်ကို ဥပမာပြသခြင်းအားဖြင့် ဖယ်ထုတ်လိုက်ပါက လုံလောက်ပြီဖြစ်၏။
၎င်းသည် ငါးဖမ်းကုန်သည်အဖွဲ့အတွင်း ကြီးမားသည့် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခြင်း မဟုတ်ပေ။
အရေးအကြီးဆုံးအချက်မှာ သင်္ဘောခေါင်းဆောင်ကြီးကျောင်းရွှမ်၏ ပြစ်မှုထင်ရှားမည့် ခိုင်မာသည့်သက်သေကို ရှာဖွေရန်ဖြစ်သည်။ မငြင်းဆန်နိုင်မည့် သက်သေကို ရရှိလိုက်သည်နှင့်တစ်ပြိုင်နက် ဌာနချုပ်ကို ပို့ဆောင်လိုက်ပါက နတ်ဘုရားများ ဆင်းသက်လာလျှင်ပင် ကျောင်းရွှမ်ကို ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
သင်္ဘောခေါင်းဆောင်၄သည်လည်း အရိုအသေပြု၍ ထွက်ခွာသွားတော့သည်။
ထိုအခါ ဝူကျုံးသည် ကျန်ရှိသော အဖွဲ့သားများနှင့် သင်္ဘောခေါင်းဆောင်၅ကိုကြည့်၍ ပြောသည်။
“ညီနောင်၅”
ကျိုးချူ မတ်တပ်ရပ်လိုက်သည်။ ဝူကျုံးမှ ဆက်ပြော၏။
“ညီနောင်၅၊ မင်းနဲ့ ချန်ရှောင်ဟူနဲ့ ငါးဖမ်းကုန်သည်အဖွဲ့သား၁၀ယောက်ကို ခေါ်သွားပြီး မနေ့ညက ပြဿနာကောင်တွေကို ဖြေရှင်းလိုက်ပါ”
ထိုစကားကိုကြားသောအခါ ချန်ရှောင်ဟူမှာ ရုတ်ချည်း တက်ကြွလာတော့သည်။
မနေ့ညက ပြဿနာကောင်တွေလား။ အဲဒါက လုစန်းနဲ့ ချန်စန်းလျို့ပဲ။
အဲဒီကောင်တွေက မနေ့ညက အခြေအနေကို အခွင့်ကောင်းယူပြီး ငါ့အိမ်က တန်ဖိုးရှိပစ္စည်းတွေကို ယူသွားကြတဲ့အပြင် အစ်ကိုကျိုစစ်ရဲ့အိမ်ကိုလည်း အလစ်သုတ်ယူလိုက်ကြသေးတယ်။ ငါ့အမေက ပြောတော့လည်း သူတို့က ငါ့အမေကိုတောင် ပြန်ကျိန်ဆဲလိုက်သေးတယ်။
ငါ့အမေမှာ ဒေါသကြောင့် နာမကျန်းတောင်ဖြစ်သွားရပြီ။
ပြီးတော့လည်း မသန်စွမ်းတဲ့ ငါ့အဖေက သူတို့နဲ့ အကျိုးသင့်အကြောင်းသင့်ပြောဖို့ ကြိုးစားရရှာတယ်။
အဲဒီတုန်း ချန်စန်းလျို့ ဘာပြောလိုက်လဲ ခန့်မှန်းကြည့်ပါဦး..
“အဖေ့ကို သစ္စာမရှိဘူး၊ ကျေးဇူးမသိတတ်ဘူး၊ ဘိုးဘေးတွေကို အရှက်ရစေတယ်၊ ချန်ကျိုစစ်နဲ့ပေါင်းပြီး မကောင်းတဲ့လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်တယ်လို့ ကျိန်ဆဲလိုက်တယ်လေ”
သူတို့က မျိုးနွယ်စုအကြီးအကဲတွေ ခေါ်ပြီး ချန်ကျိုစစ်နဲ့အတူ အဖေ့ရဲ့မိသားစုကိုပါ အိမ်ထောင်စုစာရင်းကနေ ဖျက်ပစ်ချင်လိုက်သေးတာ!
“ငါ့တို့ဘိုးဘေးတွေကို အရှက်ရစေတယ်!”
ထိုစကားသည် ချန်ရှောင်ဟူ၏ဖခင်ကို ဒေါသထွက်လွန်း၍ မျက်လုံးများနီရဲပြီး အမှီပြုလမ်းလျှောက်ရသည့် တုတ်ကောက်နှင့် သူတို့ကို ရိုက်ရန် လက်ရွယ်မိစေသည်အထိပင်။ သို့သော် ချန်စန်းလျို့သည် သူ့ကို မြေပြင်ပေါ်လဲကျအောင် တွန်းပစ်လိုက်၏။ လုစန်းမှလည်း လှောင်ပြောင်သရော်သည်။
“ဒီဒုက္ခိတ အဖိုးကြီးကို ကြည့်စမ်းပါဦး၊ သူ့ကိုယ်သူ စွမ်းဆောင်နိုင်စွမ်းရှိတယ် ထင်နေတာ!”
“လူကို အနိုင်ကျင့်တာ တရားလွန်လွန်းတယ်!”
ကျိုးချူသည် မနေ့ညက အဖြစ်အပျက်များကို သတိထားမိရာ အရိုအသေပြုလျက် ပြောသည်။
“ဟုတ်ကဲ့ပါ ဦးစီးမှူး!”
ထို့နောက် ချန်ရှောင်ဟူသို့လှည့်၍ ပြောသည်။
“သွားကြစို့ ညီနောင်လေး၊ လက်တုံ့ပြန်ဖို့ အချိန်ကျပြီ!”
ချန်ရှောင်ဟူသည် ချန်ကျဲ့ကိုလှမ်းကြည့်သည်။ ချန်ကျဲ့သည် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြနေ၏။
ရှောင်ဟူ ပြုံးလိုက်သည်။
“ကောင်းပြီ အစ်ကိုကျိုး၊ ကျွန်တော့် အစ်ကို့ကို အားကိုးမယ်နော်”
ကျိုးချူ ရယ်မောလိုက်သည်။
“မစိုးရိမ်ပါနဲ့ ညီနောင်လေး၊ ငါက အနည်းဆုံးတော့ အရေပြားသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်ပါကွ!”
ထိုသို့ပြောပြီးနောက် ချန်ကျဲ့ကို ကြည့်လိုက်သည်။
“ညီနောင်ကျိုစစ်၊ ငါတို့ အရင်သွားနှင့်ပြီ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“လောင်ကျိုး အားစိုက်ထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ဟားဟား ဒါပေါ့။ တစ်ချိန်ကျ ငါ့ကို အတူသောက်ဖို့ ဖိတ်ခေါ်လေ၊ စကားနဲ့ပြောရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ”
ချန်ကျဲ့လည်း ရယ်မောလိုက်သည်။
“ရတာပေါ့ဗျာ!”
ကျိုးချူနှင့် ချန်ရှောင်ဟူသည် အဖွဲ့သား၁၀ဦးနှင့်အတူ ရွာထဲသို့ ဦးတည်ထွက်ခွာသွားသည်။
အခြားကျန်ရှိသည့် ငါးဖမ်းကုန်သည်အဖွဲ့သားများကို ဝူကျုံးမှ ပြောသည်။
“တခြားသူတွေက ငါးဖမ်းကုန်သည်အဖွဲ့ဆီ ပြန်သွားကြပါ။ ပုံမှန်အတိုင်း အလုပ်ဆက်လုပ်မယ်!”
“ဟုတ်ကဲ့”
သို့ဖြင့် လူအုပ်ကြီးမှာ ပျောက်ကွယ်သွားတော့သည်။