အခန်း (၁၂၁)
Vol. 9 Ch. 121
ချန်စန်းလျို့၏နေအိမ်၌ ဖြစ်သည်။ ချန်စန်းလျို့သည် စိတ်အခြေအနေ ကောင်းမွန်နေကာ သေရည်သောက်၍ ကြက်ဥမွှေကြော်ကို အမြည်းလုပ်စားနေ၏။ ၎င်းတို့ကို ချန်ကျဲ့၏နေအိမ်မှ ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ကြက်ဥများသည် သားဖောက်ရန် ရည်ရွယ်ထားသည့် ကြက်ဥများဖြစ်သည်။ သို့သော် ချန်စန်းလျို့သည် တွေးလိုက်၏။
သားဖောက်မယ်!
မင်းကြီးတော်ကို သားဖောက်ရမှာလား။ မွှေကြော်စားပစ်မယ်။
သေရည်နဲ့ ကြက်ဥနဲ့၊ ဘဝကြီးက ဒီထက်ပို မကောင်းမွန်နိုင်တော့ဘူး။
သူ၏ဘေးတွင် သားဖြစ်သူ ချန်ရှုံးသည် ပေါက်စီတစ်လုံးကို ရွှင်ပျစွာ တမြုံ့မြုံ့ဝါးနေသည်။
ထိုစဉ် ချန်စန်းလျို့၏ဇနီးသည် ရောက်လာ၍ ပြောသည်။
“စန်းလျို့ ကျွန်မတို့ တကယ်ကြီး ဒီလိုလုပ်နေလို့ ဖြစ်ရဲ့လား”
“ဘာဖြစ်နေလို့လဲကွ”
ချန်စန်းလျို့သည် ပူပင်မှုမရှိစွာပင် ဇနီးဖြစ်သူကို ကြည့်လိုက်သည်။
သူ၏ဇနီးမှ ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ချန်အာ့ပါးက ရှင့်ရဲ့ညီအစ်ကိုဝမ်းကွဲပဲလေ။ ပြီးတော့ သူ့သားက ငါးဖမ်းကုန်သည်အဖွဲ့မှာ အလုပ်လုပ်နေတာ။ ရှင်ဘယ်လိုလုပ်ပြီး သူ့ကို ဒီလိုတိုက်ခိုက်နိုင်ရတာလဲ”
“ထွီ! မင်းက အဲဒီကောင်စုတ်လေး ချန်ရှောင်ဟူကို ပြောနေတာလား။ သူက ဘာမှအသုံးမဝင်ဘူး။ ချန်ကျိုစစ် ကျရှုံးသွားပြီဆို သူ့ရဲ့အဲဒီ ငါးဖမ်းကုန်သည်အဖွဲ့အလုပ်သမားရာထူးက ဘယ်လောက်ကြာကြာ တည်မြဲနိုင်မှာတဲ့လဲ။ ပြီးတော့ သင်္ဘောခေါင်းဆောင်ကြီးက သဘောတူထားပြီးပြီ၊ ငါတို့သားက မကြာခင်မှာ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အလုပ်သမားဖြစ်လာတော့မှာ။ သူ့ကို ဘာလို့ကြောက်နေရမှာလဲ”
“အဟုတ်ပဲ အမေရဲ့၊ သူ့ကို ဘာလို့ကြောက်နေရမှာလဲ။ သင်္ဘောခေါင်းဆောင်ကြီးက မနေ့က သဘောတူထားပြီ။ သိပ်မကြာခင်မှာ ကျွန်တော် ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အလုပ်သမားဖြစ်ပြီဆိုတဲ့ သတင်းကို ကြားရတော့မှာဗျ”
ချန်စန်းလျို့၏ဇနီးသည် စိတ်မအေးနိုင်သေးဘဲ ပြောသည်။
“အဖိုးကြီး ချန်ကျိုစစ်ကို ဆွဲချဖို့က အဲဒီလောက် လွယ်ကူနိုင်ပါ့မလား”
“ဟက် မင်းဦးလေးက သူ့အတွက် ပစ္စည်းဥစ္စာတွေ ဘယ်လောက်တောင် ချန်ရစ်ခဲ့လဲ မှတ်မိလား။ ပြီးတော့ ဘာဖြစ်သွားလဲ။ နှစ်ဝက်တောင်မရှိသေးဘူး အဲဒီကောင်က အကုန်ဆုံးရှုံးအောင် လုပ်ပစ်လိုက်တာ။ အခုလည်း အတူတူပဲ၊ ချန်ကျိုစစ်က အောင်မြင်မှုတစ်ခုလေးမှ မရှိတဲ့ကောင်ဖြစ်နေတုန်းပဲ။ ငါဒီမနက် မျိုးနွယ်အကြီးအကဲကို ပြောပြီးသွားပြီ။ နောက်ရက်နည်းနည်းကြာရင် ဘိုးဘေးခန်းမကို ဖွင့်ပြီးတော့ ချန်ကျိုစစ်ကို ငါတို့အိမ်ထောင်စုဇယားကနေ ထုတ်ပယ်ပစ်တော့မှာ”
“ဟုတ်သား၊ အဲဒါကို ချန်အာ့ပါးလည်း သိပြီးပြီ။ သူက မျိုးနွယ်အကြီးအကဲကို ပြဿနာရှာချင်ပေမဲ့ မျိုးနွယ်အကြီးအကဲက သူ့ကို ဂရုမစိုက်ဘူး။ ငါလည်း တကယ် အံ့ဩမိသွားပါရဲ့။ ငါ သူ့ကိုလည်း အိမ်ထောင်စုဇယားထဲက ထုတ်ပစ်မှာ။ အခုကစပြီးတော့ ငါတို့ချန်မိသားစုမှာ ငါတို့မိသားစုက ပြောရေးဆိုခွင့်ရှိသူ ဖြစ်သွားပြီပဲ”
“ငါ့သား!”
“ဟုတ်ကဲ့ အဖေ!”
ချန်ရှုံး ပြန်ဖြေသည်။
“မင်း ငါးဖမ်းကုန်သည်အဖွဲ့ထဲ ဝင်ပြီးတဲ့အခါ သင်္ဘောခေါင်းဆောင်ကြီးရဲ့ ခြေထောက်ကို သေချာကပ်တွယ်ထား။ ဘယ်သူက မင်းကို ရာထူးပေးထားလဲဆိုတာကို အမြဲ အမှတ်ရပါစေ။ ပြီးတော့ ဝူကျုံးက မင်းကို အလုပ်တစ်ခုခု ခိုင်းစေခဲ့ရင် သာမန်ကာလျှံကာ လုပ်ပေးလိုက်၊ နားလည်လား”
“နားလည်ပါတယ် အဖေ၊ ကျွန်တော်က သင်္ဘောခေါင်းဆောင်ကြီးရဲ့လူပါ!”
“ဟုတ်ပြီ၊ ဒါမှ ငါ့ရဲ့သား။ ကြက်ဥစားဦး၊ ဒီကြက်ဥတွေက စားကောင်းတယ်”
သူ၏ဇနီးသည်လည်း စိတ်ချလက်ချဖြစ်သွားကာ ပြုံးလိုက်သည်။
“ဟုတ်ပါပြီ၊ ရှင်တို့က ဒီလိုပြောနေမှတော့ ကျွန်မ ထပ်ပြီး စိတ်ပူမနေတော့ပါဘူး။ နေဦး၊ ကျွန်မ ရှင်တို့အတွက် နောက်ထပ်ဟင်းတစ်ပွဲ ချက်ပေးမယ်”
ထိုမိသားစုသည် စားသောက်ရင်း တောက်ပသည့် အနာဂတ်ကို စိတ်ကူးယဉ်နေကြစဉ်..
ခြံတံခါးမှာ ရုတ်တရက် ကန်ဖွင့်ခံလိုက်ရပြီး သင်္ဘောခေါင်းဆောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ဝင်လာခဲ့သည်။ သူ၏နောက်တွင် နောက်လိုက်နောက်ပါများ ပါရှိကာ ထိုလူများသည် ခြံဝင်းကို အကဲခတ်ကြည့်ရှုနေကြသည်။
“အိမ်မှာ လူရှိလား”
ထိုအခါ ချန်းစန်းလျို့ ချက်ချင်း ထရပ်လိုက်သည်။
“သူတို့ရောက်လာကြပြီ။ ငါးဖမ်းကုန်သည်အဖွဲ့က လူတွေ ရောက်လာကြပြီ။ ကြည့်ရတာ သူတို့ ချန်ရှုံးအတွက် သတင်းလာပါးကြပုံပဲ။ သင်္ဘောခေါင်းဆောင်ကြီးက လုပ်ဆောင်မှု မြန်ဆန်ပါပေတယ်။ လာ ချန်ရှုံး၊ သူတို့ကို သွားနှုတ်ဆက်ရအောင်!”
ထိုသို့ပြောလျက် သားအဖနှစ်ဦးသည် နှုတ်ဆက်ရန် အပြင်ထွက်လာကြသည်။
ကျိုးချူသည် ထိုနှစ်ဦးကို ကြည့်လိုက်၏။
ချန်စန်းလျို့သည် ပြုံးရယ်လျက် အရိုအသေပြု ပြောဆိုသည်။
“အို ပင်ပန်းသွားပါပြီ၊ ပင်ပန်းသွားရပါပြီ”
ချန်စန်းလျို့သည် ကျိုးချူ၏လက်ထဲသို့ ငွေတစ်ပြားပင် ထည့်ပေးလိုက်သေး၏။
ကျိုးချူသည် ထိုငွေတစ်ပြားကိုကြည့်၍ အထင်မြင်သေးစွာ လှောင်ရယ်လိုက်သည်။ ထို့နောက် ချန်စန်းလျို့ကို အကြည့်မလွှဲတမ်း စူးစိုက်ကြည့်နေသည်။
“အဲဒီတော့ ခင်ဗျားက ချန်စန်းလျို့လား”
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျွန်တော်က ချန်စန်းလျို့ပါ။ ဒါက ကျွန်တော့်သား ချန်ရှုံးပါ။ ဒီက လူကြီးမင်းကို သင်္ဘောခေါင်းဆောင်ကြီးက ကျွန်တော်တို့ကို သတင်းပါးပေးဖို့အတွက် စေလွှတ်လိုက်တာများလားနော်”
ချန်စန်းလျို့သည် မျှော်လင့်ခြင်းကြီးစွာဖြင့် မေးမြန်းသည်။
ကျိုးချူမှ ခေါင်းညိတ်၏။
“အင်း ဟုတ်တယ်။ ကျုပ်က ခင်ဗျားအတွက် ရောက်လာခဲ့တာပဲ!”
ဖြန်း!
ထို့နောက် ကျိုးချူသည် ချန်စန်းလျို့၏မျက်နှာအား အရှိန်ပြင်းပြင်း ရိုက်ထည့်လိုက်သည်။ ချန်စန်းလျို့မှာ တစ်ပတ်လည်သွား၍ မြေပြင်သို့ ထိုင်လျက် လဲကျသွား၏။
ထို့နောက် ချန်စန်းလျို့မှာ ဝေခွဲမရဖြစ်နေသော မျက်နှာအမူအရာဖြင့် ကျိုးချူကို မော့ကြည့်လာခဲ့သည်…
“ကျွန်တော် ချန်စန်းလျို့…”
သူ ဆိုလိုချင်သည်မှာ ခင်ဗျား ဘာလို့ ကျုပ်ကိုရိုက်တာလဲ ဟူ၍ပင်။
ထို့နောက် ကျိုးချူသည် ချန်စန်းလျို့ကို အင်္ကျီလည်ထောင်စမှ ဆွဲယူ၍ ပြောသည်။
“ကျုပ်က ခင်ဗျားကို ရိုက်နှက်ဖို့ ရောက်လာတာပဲ ချန်စန်းလျို့၊ ခင်ဗျားကို ရိုက်သတ်ဖို့ ရောက်လာတာ!”