အခန်း (၁၂၂)
Vol. 9 Ch. 122
“အား… မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့! ဒီမှာ လူသတ်နေပါတယ်!”
လုစန်းနှင့် ချန်စန်းလျို့တို့ မိသားစုနေအိမ်များတွင် အော်ဟစ်အကူအညီတောင်းသံများ ဆူညံနေသည်။
အမျိုးသားများ၏ ဆဲရေးတိုင်းထွာသံများလည်း ရံဖန်ရံခါ ထွက်ပေါ်လာ၏။
အော်ဟစ်ငိုကြွေးသံများသည် အချိန်တစ်ခုကြာအထိ မရပ်မနား ထွက်ပေါ်နေခဲ့သည်။
သွေးများဖုံးလွှမ်းနေသော လုစန်းသည် တံခါးမှ တွားသွားထွက်ခွာရန် ကြိုးစားသည်။ သို့သော် ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ဦး၏ ခြေထောက်မှ ဆွဲ၍ ခြံဝင်းထဲသို့ ပြန်ဆွဲသွင်းခြင်းကို ခံလိုက်ရသည်။ ထို့နောက်တွင် သူ၏ကိုယ်ပေါ်သို့ ထိုးချက်ကန်ချက်များ ဒလဟောကျရောက်လာခဲ့၏။
ချန်းစန်းလျို့တို့မိသားစုတွင်လည်း ထိုကဲ့သို့ ဖြစ်ပျက်နေခဲ့သည်ပင်။
ချန်ရှောင်ဟူနှင့် ကျိုးချူတို့သည် ခြံဝင်းအပြင်ဘက်တွင် ရပ်နေကြသည်။ သူတို့အနီးတွင် လာရောက်စူးစမ်းကြည့်ရှုသည့် ရွာသားများ ဝန်းရံနေပသည်။
ရွာသားများသည် လက်ညှိုးတထိုးထိုးဖြင့် ထိုမိသားစုနှစ်ခုအကြောင်းကို မှတ်ချက်ပြုပြောဆိုနေကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ချန်မျိုးနွယ်ဝင်တစ်ဦးသည် မျိုးနွယ်အကြီးအကဲကို သွားရောက်အကြောင်းကြားသည်။
မျိုးနွယ်အကြီးအကဲအိုကြီးသည် ချန်ယုံဝမ်၏ဝမ်းကွဲညီအစ်ကိုဖြစ်ပြီး အသက်၆၀နီးပါးခန့် ဖြစ်သည်။ သူသည် လောဘကြီးခြင်းနှင့် ကြေးစားလုပ်ခြင်းတို့ဖြင့် လူအများ သိကြသူဖြစ်၏။
ချန်မျိုးနွယ်အကြီးအကဲ အပြေးရောက်လာသည်ကို မြင်သောအခါ ချန်သားအဖနှစ်ဦးမှ ရုတ်ချည်း အော်ခေါ်၏။
“ဦးလေး ဦးလေး…”
ချန်မျိုးနွယ်အကြီးအကဲသည် ပြင်းထန်သည့် တိုက်ခိုက်မှုများကို မြင်တွေ့လိုက်ရသည်။ အထူးသဖြင့် သနားချင့်စဖွယ်ကောင်းလောက်အောင် ရိုက်နှက်ခံထားရသော ချန်စန်းလျို့ကိုကြည့်၍ သူ၏စိတ်နှလုံးမှာ လှိုင်းဂယက်ငယ်တစ်ခု လှုပ်ခတ်သွား၏– ငါက စန်းလျို့ရဲ့ ဦးလေးအရင်းပဲ!
ငါ့ရဲ့တူ ဒီလိုမျိုး ရိုက်နှက်ခံနေရတာကို ဘယ်လိုလုပ်ပြီး ခွင့်ပြုထားနိုင်မှာလဲ။
သို့သော် ရိုက်နှက်သူများမှာ ငါးဖမ်းကုန်သည်အဖွဲ့သားများဖြစ်ကြောင်း မြင်လိုက်ရသည်တွင် ချန်မျိုးနွယ်အကြီးအကဲသည် မိမိမှာ ကြားဝင်ရန် အင်အားမရှိဟု ခံစားလိုက်ရပေသည်။
အထူးသဖြင့် ဦးဆောင်လာသူမှာ ကျိုးချူဖြစ်သောကြောင့်ပင်– ရှန်းထောင်မြို့သား မဟုတ်ပါဘဲ စီရင်စုမှ မကြာသေးမီက ပြောင်းရွှေ့လာသူဖြစ်သည်။ ဂုဏ်သိက္ခာထိန်းသိမ်းလိုလေရာ ချန်မျိုးနွယ်အကြီးအကဲသည် ဘာမျှဝင်မပြောပေ။
ထိတ်ထိတ်ပျာပျာဖြင့် ဟိုဟိုသည်သည် လျှောက်ကြည့်နေရင်း ရုတ်တရက်ပင် လူတစ်ယောက်သည် ချန်ရှောင်ဟူကို လက်ညှိုးညွှန်လိုက်၏။ သို့ဖြင့် ချန်မျိုးနွယ်အကြီးအကဲသည် ချန်ရှောင်ဟူမှာ ကျိုးချူနှင့် အတော်လေး ရင်းရင်းနှီးနှီးရှိကြောင်း သတိထားမိလိုက်ပေသည်။
ကျိုးချူကို ပြောလို့မရနိုင်ဘူးဆို ရှောင်ဟူကိုတော့ ပြောရနိုင်မယ်မလား။
ချန်မျိုးနွယ်အကြီးအကဲသည် ရှောင်ဟူအနီးသို့ ရုတ်ချည်း ချဉ်းကပ်သွား၍ ပြောသည်။
“ဟူဇစ် ဟူဇစ်!”
ချန်ရှောင်ဟူ လှည့်ကြည့်လိုက်ရာ သူအရင်က တရားမျှတပြီး အကျင့်သိက္ခာရှိသူဟု လေးစားခဲ့ရသော ဦးလေးကို မြင်တွေ့လိုက်ရသည်။ သို့သော် ဒီနေ့မနက်တွင် သူ၏အဖေမှ ထိုဦးလေးအား အစ်ကိုချန်ကျိုစစ်ကို အိမ်ထောင်စုဇယားမှ မထုတ်ပယ်ပါရန် တောင်းပန်တိုးလျှိုးခဲ့သည်။ ထိုဦးလေးသည် အဖေဖြစ်သူအား မထီမဲ့မြင်ပြု ငြင်းပယ်၍ ထွက်သွားခဲ့သည်။
သို့ဖြင့် အဖေဖြစ်သူမှာ ဒေါသကြောင့် သတိလစ်လုနီးပါး ဖြစ်သွားခဲ့ရ၏။ ထိုအချိန်မှသာ ချန်ရှောင်ဟူသည်– ထိုဦးလေးဆိုသူသည်– ထိုလူအိုကြီးသည် ပြဿနာများရမည်ကို ကြောက်ရွံ့သော လောဘကြီးသည့် လူအိုကြီးတစ်ယောက်သာဖြစ်ကြောင်း– နားလည်ခဲ့ရပေသည်။
အဖိုးယုံဝမ် အသက်ရှိစဉ်အခါက ထိုလူအိုကြီးသည် အဖိုးယုံဝမ်၏နောက်ကွယ်တွင် စကားတစ်ခွန်းတစ်လေသော်မျှ အသံမထွက်ဝံ့ပေ။
သို့သော် အဖိုးယုံဝမ် ကွယ်လွန်ပြီးနောက်၌ ထိုလူအိုကြီးသည် ကျင့်ကြံမှုကြောင့် ပြောင်းလဲသွားသော ဖားပြုပ်တစ်ကောင်ကဲ့သို့ ချန်မျိုးနွယ်မိသားစုအတွင်းတွင် မျိုးဆက်ဟောင်းတစ်ယောက်အဖြစ် အဆင့်အတန်းမြင့်တက်သွားခဲ့သည်။ ထိုလူအိုကြီးသည် ဤနှစ်များအတွင်း သူ၏မိသားစုအရင်းအချာများကို တစ်လျှောက်လုံး ဘက်လိုက်ပြုမူခဲ့သည်။
မိသားစုဝင်များသည် စိတ်ထဲတွင် မကျေနပ်ကြသော်ငြား သူ၏အဆင့်အတန်းကြောင့် ထုတ်မပြောရဲခဲ့ကြပေ။
ယခုတွင် ရှောင်ဟူသည် ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ဦးဖြစ်ရာ ထိုလူအိုကြီး၏အဆင့်အတန်းကို လျစ်လျူရှုထားနိုင်လေပြီ။
ဒီလူအိုကြီးက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်နိုင်မှာတဲ့လား။
ဟူဇစ်သည် အေးစက်စွာဖြင့် ထိုလူအိုကြီးအား လျစ်လျူရှုထားခဲ့သည်။ သို့သော် ထိုလူအိုကြီးသည် သူ၏မာနဂုဏ်သိက္ခာကို လျစ်လျူရှု၍ ပြောလာသည်။
“ဟူဇစ် ဘာလုပ်နေတာလဲ။ မင်းဦးလေးစန်းလျို့ကို ဒီလိုရိုက်နှက်နေတာ”
ဟူဇစ်သည် ထိုလူအိုကြီးကို တစ်ချက်ကြည့်လိုက်ပြီး တရားဝင်အလုပ်ကိစ္စကို ပြုလုပ်နေရသူတစ်ဦး၏ လေသံဖြင့် ပြောလိုက်သည်။
“ဦးလေး၊ ဦးလေး ဒီကိစ္စကနေ ရှောင်နေတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ချန်စန်းလျို့နဲ့ လုစန်းက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့သစ္စာဖောက် ကျောင်းရွှမ်နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့အဖွဲ့သားတွေကို အန္တရာယ်ပြုခဲ့တယ်။ သူတို့ကိုသတ်လိုက်ရင်တောင် မလွန်ဘူးရယ်!”
“အာ ဟူဇစ်၊ မဟုတ်တာ မဖြစ်နိုင်ဘူး! စန်းလျို့က ပင်ကိုစရိုက်ကိုက ကောင်းမွန်ရိုးသားပြီး ဖြောင့်မတ်တဲ့ကလေးတစ်ယောက်ပါ။ သူက အဲဒီလိုကိစ္စမျိုး မလုပ်နိုင်လောက်ပါဘူး”
“မလုပ်နိုင်ဘူးတဲ့လား။ ဟက်.. အဲဒါဆို ကျွန်တော်တို့အိမ်နဲ့ အစ်ကိုကျိုစစ်တို့အိမ်တွေ ဘယ်လိုများ အပြောင်ရှင်းခံလိုက်ရတာများလဲ။ ဦးလေး ကျွန်တော် ဦးလေးကို ဒီကိစ္စမှာ ဝင်မပါဖို့ အကြုံပေးချင်တယ်။ မဟုတ်ရင် ဦးလေးကိုပါ ငြိစွန်းသွားမှာ စိုးရတယ်။ ငါးဖမ်းကုန်သည်အဖွဲ့က လှုပ်ရှားပြီဆိုရင် သက်ညှာမှုမရှိဘူးဗျ”
ဟူဇစ် အေးစက်စွာပြောလိုက်သည်။
ဟူဇစ်သည် ချန်ကျဲ့နှင့် အချိန်အတော်ကြာ နီးကပ်နေခဲ့သောကြောင့် ကိစ္စများအား မည်သို့ကိုင်တွယ်ရမည်ကို သင်ယူခဲ့ထားခဲ့၏။
“ဟူဇစ် ဟူဇစ်၊ ဒီကိစ္စမှာ တစ်ခုခုအထင်လွဲတာ ရှိလိမ့်မှာပါ။ မင်းသူတို့ကို အခုလောလောဆယ် ရပ်ခိုင်းလိုက်ပါလား။ ငါ လျှောက်ပတ်စုံစမ်းကြည့်ပါရစေ။ သေချာပေါက် အထင်လွဲတာတစ်ခုခု ရှိနေမှာပါ”
ချန်မျိုးနွယ်အကြီးအကဲမှ တိုက်တွန်းသည်။
“ရပ်ခိုင်းရမယ်? ဦးလေးက ကျွန်တော့်ကို ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အလုပ်ကိစ္စကို ဘယ်လိုဘယ်၍ စီမံလုပ်ဆောင်ရမယ့်အကြောင်း လာပြောနေတာလားဗျ”
ဟူဇစ် အေးစက်စွာ ပြောလိုက်သည်။
“မင်း ကိုယ့်ဦးလေးကို ဘယ်လိုတောင် အဲဒီလိုပုံစံနဲ့ စကားပြောနိုင်ရတာလဲ”
ထိုအခါ ချန်မျိုးနွယ်အကြီးအကဲမှ ဆူပူကြိမ်းမောင်းတော့သည်။
ချန်အာ့ပါးသည် စိတ်သဘောထားကြင်နာသူဟု လူအများမှ သိကြသည်။ ထို့ကြောင့် လူအများစုသည် ဟူဇစ်အပါအဝင် ချန်အာ့ပါးမိသားစုကို အလွယ်တကူ အနိုင်ကျင့်နိုင်သည်ဟု တွေးထင်ကြသည်။
ထိုအခါ ဟူဇစ်မှ အေးစက်စွာ ပြန်ပြော၏။
“ဦးလေးက ကျွန်တော် စကားပြောတဲ့ပုံစံကို ဘာလို့ လာဂရုစိုက်နေတာပါလဲ။ ဒီကိစ္စကို ငါးဖမ်းကုန်သည်အဖွဲ့က ကိုင်တွယ်နေတာ။ ဦးလေး ကျွန်တော်တို့ကို ဆက်နှောင့်ယှက်နေမယ်ဆိုရင် ကျွန်တော်က ဦးလေးကို မျက်နှာထောက်ပေးကောင်း ပေးနိုင်ပေမဲ့ အဲဒီက ခေါင်းဆောင်ကျိုးကတော့ ဘာမှ ထောက်ထားနေမှာ မဟုတ်ဘူးဗျ”
ထိုသို့ပြောလိုက်ရာ အားလုံးသည် ကျိုးချူကို ကြည့်လိုက်ကြသည်။ ကျိုးချူမှလည်း ပြန်ကြည့်လာ၏။
ချန်မျိုးနွယ်အကြီးအကဲ၏မျက်နှာမှာ ဖြူဆုတ်သွား၏။ သူ ဟူဇစ်ကို ဆူပူကြိမ်းမောင်းနိုင်သော်ငြား ခေါင်းဆောင်ကျိုးကိုမူ ရိုင်းပျစွာ မပြုမူဝံ့ပါချေ။
ချန်မျိုးနွယ်အကြီးအကဲသည် အလျင်လိုနေ၏။ ဤသို့ ဆက်လက်ရိုက်နှက်နေပါက ချန်စန်းလျို့မှာ သေချာပေါက် သေဆုံးသွားရပေလိမ့်မည်။ မဖြစ်ချေ– ငါ့အစ်ကိုမှာ မျိုးဆက်ဆိုလို့ ဒီသားတစ်ယောက်ပဲ ကျန်ခဲ့တာလေ။
ထိုသို့တွေးတောနေစဉ် ချန်မျိုးနွယ်အကြီးအကဲသည် လူအုပ်ထဲရှိ ချန်အာ့ပါးကို သတိထားမိလိုက်သည်။
ထိုအချိန်၌ တွန်းလှဲခံခဲ့ရသောကြောင့် ဒဏ်ရာအနည်းငယ်ရခဲ့သော ချန်အာ့ပါးနှင့် ဇနီးသည် တစ်ဦးကိုတစ်ဦး တွဲကူပေးရင်း သူတို့၏သားဖြစ်သူမှ သူတို့အတွက် လက်စားချေပေးသည့်မြင်ကွင်းကို ကြည့်ရှုရန် ထွက်လာခဲ့ကြသည်။
ချန်မျိုးနွယ်အကြီးအကဲသည် သူ၏ဘေးရှိ လူတစ်ယောက်ကို ပြောလိုက်သည်။
“ချန်အာ့ပါးကို သွားရှာမယ်”
မကြာမီ သူတို့သည် ချန်အာ့ပါးဆီသို့ ရောက်ရှိခဲ့သည်။
ချန်မျိုးနွယ်အကြီးအကဲမှ ရယ်မောလျက် နှုတ်ဆက်သည်။
“အာ့ပါး”
“ဦးလေး”
ချန်အာ့ပါးသည် ယဉ်ကျေးမှုဖြင့် တုံ့ပြန်သော်ငြား အကွာအဝေးခြားထား၏။
ထို့နောက် ချန်မျိုးနွယ်အကြီးအကဲသည် ပြုံးလျက် ပြောသည်။
“အာ့ပါး မင်းဦးလေးကို စိတ်ဆိုးနေတုန်းပဲလား ဟမ်။ အာ ဒီမနက်က ဦးလေးရဲ့အပြုအမူ မှားယွင်းခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဦးလေး တောင်းပန်ပါတယ်”
“ကျွန်တော် မလုပ်ရဲပါဘူး။ ဦးလေး ကျွန်တော့်ကို မျက်နှာသာပေးလွန်းနေပါပြီ”
“ကြည့်ပါလား မင်း ဦးလေးကို စိတ်ဆိုးနေတုန်းပဲလေ။ အာ့ပါး ဦးလေးက မိသားစုအတွက် စဉ်းစားပေးတာပါကွာ… အခု စန်းလျို့လည်း သူ့အမှားသူ သိပါပြီ။ ငါတို့တွေ သူ့ကို ဒီတိုင်း သေအောင်လွှတ်ထားလိုက်လို့ မဖြစ်ဘူးလေ ဟုတ်တယ်မလား။ စန်းလျို့ အမှားလုပ်ခဲ့တာမှန်ပေမဲ့ အဲဒါက သေဖို့ ထိုက်တန်လောက်တဲ့အထိတော့ မဟုတ်ဘူးလေကွာ”
“ကျေးဇူးပြုပြီး ငါ့အတွက် ဟူဇစ်ကို ပြောပေးစမ်းပါ။ ငါတို့ ညှိနှိုင်းမှုလုပ်ရအောင်၊ ပြီးရင် ဆုံးရှုံးမှုတွေအတွက် မူရင်းဈေးနှုန်းနဲ့ ပြန်လည်ပေးလျော်ပါ့မယ်…”
နောက်ဆုံးတွင်တော့ ချန်အာ့ပါးသည် ချန်မျိုးနွယ်အကြီးအကဲ၏ ချန်စန်းလျို့အား မသေဆုံးစေရန်အတွက် ပြစ်ဒဏ်လျော့ပေါ့ရန်ညှိနှိုင်းမှုဖြင့် ဖျောင်းဖျခံလိုက်ရပေသည်။
ဟုတ်တယ်၊ ဒီကိစ္စက အသက်သေတဲ့အထိ မဖြစ်သင့်ဘူး။ သူတို့လည်း ဒီတစ်ကြိမ်ပြီးရင်တော့ ကိုယ့်အမှားကိုယ် သိသွားကြလောက်ပါပြီလေ။
ထိုသို့တွေးတောလျက် ချန်အာ့ပါးသည် ဟူဇစ်ကို သွားရှာသည်။
“ဟူဇစ် ဒီလောက်ဆိုတော်လောက်ပြီ။ ဒီလိုရိုက်နှက်ခံထားရတာ သူတို့လည်း အနည်းဆုံး တစ်လလောက်တော့ အိပ်ရာထဲက ထနိုင်မှာ မဟုတ်တော့ဘူး။ ကျန်တာတွေကိုတော့ ဖြည်းဖြည်းချင်း ပေးလျော်ခိုင်းလိုက်ပါ”
ထို့နောက် ဟူဇစ်သည် ကျိုးချူဆီ သွားခဲ့သည်။
ကျိုးချူမှ အပြုံးဖြင့် ပြောသည်။
“ကျိုစစ် လက်ခံနိုင်သ၍ ဘယ်လိုလုပ်လုပ် ငါ့အတွက် ကိစ္စမရှိဘူး”
ဟူဇစ် ပြန်ပြောလိုက်သည်။
“အစ်ကိုကျိုစစ်က ပြောခဲ့တယ်။ သူတို့ သင်ခန်းစာရသွားပြီး နောက်တစ်ကြိမ် ထပ်မလုပ်ရဲတော့ဘူးဆိုရင် လုံလောက်ပါပြီတဲ့”
ကျိုးချူ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“မင်းဦးလေး ရောက်လာပြီ”
မကြာမီ၌ ချန်မျိုးနွယ်အကြီးအကဲသည် သူတို့၏အနီးသို့ ချဉ်းကပ်လာ၏။
ကျိုးချူသည် ချန်မျိုးနွယ်အကြီးအကဲကိုကြည့်၍ မေးလိုက်သည်။
“အဲဒီတော့ ခင်ဗျားက သူတို့ရဲ့ဦးလေးပေါ့?”
ထိုစကားကိုကြားသောအခါ ကွေးကျုံ့နေအောင် ရိုက်နှက်ခံထားရသော ချန်စန်းလျို့သည့် ကိုယ်ကို ပြန်ဆန့်လာခဲ့၏။
သွားပြီ၊ အခု ဦးလေးလည်း အရိုက်ခံရတော့မယ်!
ထိုမေးခွန်းအား ကြားလိုက်ရုံမျှ ကြားလိုက်ပြီးနောက် ချန်စန်းလျို့မှာ ရိုက်နှက်မှုများ ပြန်လည်စတင်လာခြင်းကို ခံစားလိုက်ရသည်။