အခန်း (၁၂၃)
Vol. 9 Ch. 123
ချန်မျိုးနွယ်အကြီးအကဲလည်း ထိတ်လန့်သွား၏။ သူသည် တုန်တုန်ယင်ယင်ဖြင့် ပြောသည်။
“ဟုတ်ပါတယ် သင်္ဘောခေါင်းဆောင်သခင်ကြီး၊ ဘာများ မိန့်ကြားစရာရှိလို့ပါလဲ”
“အမ်း ကျုပ် သူတို့ကို ရိုက်နှက်နေတာကို ရပ်ပြီး သူတို့အသက်ကိုလည်း ချမ်းသာပေးလို့ ရတယ်။ ဒါပေမဲ့ ကျုပ်တို့ ငါးဖမ်းကုန်သည်အဖွဲ့ ညီနောင်နှစ်ယောက်ရဲ့ ဆုံးရှုံးမှုတွေကို ဘယ်လိုလုပ်မလဲ”
“ကျွန်တော်တို့ မူရင်းဈေးနှုန်းအတိုင်း ပြန်ပေးလျော်ပါ့မယ်!”
“အဲ့လိုတော့ ဘယ်ဖြစ်ပါ့မလဲ!”
ကျိုးချူသည် ချန်မျိုးနွယ်အကြီးအကဲကို ကြည့်နေ၏။ ချန်မျိုးနွယ်အကြီးအကဲ၏မျက်နှာမှာ ပြောင်းလဲသွား၍ မေးလာခဲ့သည်။
“ဘာကို ဆိုလိုတာလဲဗျ”
ကျိုးချူမှ ပြောသည်။
“ညီနောင်ကျိုစစ်တို့အိမ်ရဲ့အခြေအနေကို မြင်လား။ တံခါးကို ကန်ဖွင့်ထားပြီး အတွင်းထဲမှာက အထက်အောက်ပြောင်းပြန်လှန်ထားခံရတယ်။ အဲဒီဆုံးရှုံးမှုအတွက် ဘယ်လိုဖြေရှင်းမယ် ရည်ရွယ်ထားလဲ”
“ပြီးတော့ ကျုပ်တို့ညီနောင်ရှောင်ဟူ၊ သူရဲ့မိဘတွေက ခြေထောက် ထော့နဲ့ထော့နဲ့ဖြစ်တဲ့အထိ အရိုက်ခံထားရတယ်။ ခြေထောက်နှစ်ချောင်းရဲ့တန်ဖိုးကို ခင်ဗျား ဘယ်လိုတွက်ချက်မလဲ”
ချန်မျိုးနွယ်အကြီးအကဲသည် အလျင်အမြန် ပြန်လည်တုံ့ပြန်သည်။
“အာ့ပါးရဲ့ခြေက သူငယ်ငယ်လေးကတည်းက အဲဒီလိုဖြစ်နေခဲ့တာပါ၊ အခုမှ မဟုတ်–”
“ကျုပ် ညီနောင်ရှောင်ဟူဆီက ကြားတာတော့ အခုနောက်ပိုင်း သူ့ရဲ့အခြေအနေက တိုးတက်လာနေခဲ့တာ၊ ဒါပေမဲ့ ခင်ဗျားတို့လူ ဒေါသဖြေတာကြောင့် ရောဂါပြန်ဆိုးရွားသွားခဲ့တာတဲ့လေ။ အဲဒီအတွက် ခင်ဗျားတို့ဘက်က တာဝန်ယူဖို့ အစီအစဉ်မရှိဘူးပေါ့လေ အဲဒီလိုလား”
“မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ကျွန်တော်တို့ တာဝန်ယူမှာပါ!”
“ကောင်းပြီ၊ ဒါဆိုရင် မူရင်းဈေးအတိုင်း လျော်ကြေးငွေအပြင် မိသားစုတစ်စုကို ငွေ၅တုံး ပိုပေးရမယ်!”
“ငွေ၅တုံး!”
ချန်မျိုးနွယ်အကြီးအကဲ၏ မျက်လုံးများပြူးကျယ်သွား၏။ ငွေ၅တုံးသည် လယ်ကွက်ကောင်းကောင်း ၂ဧကခန့် ဝယ်ယူရန် လုံလောက်သောပမာဏ ဖြစ်ပေသည်။
“အို ခင်ဗျား မပေးနိုင်ဘူးလား? ကောင်းပြီလေ၊ ဒါဆိုလည်း ဆက်ရိုက်တာပေါ့”
ကျိုးချူမှ လက်ဝှေ့ရမ်းလိုက်ရာ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ရုတ်ချည်း ဟစ်အော်ကြွေးကြော်၍ စတင်ရိုက်နှက်ရန် ဟန်ပြင်ကြလေသည်။
ချန်မျိုးနွယ်အကြီးအကဲသည် အမြန် လက်ဟန်ပြဟန့်တား၏။
“ယူလိုက်ပါ။ မရိုက်ပါနဲ့တော့!”
ကျိုးချူမှ ပြောသည်။
“ဒါဆို ခင်ဗျားတို့ကို အချိန်သုံးရက်ပေးမယ်။ သုံးရက်အတွင်း ငွေမပေးနိုင်ရင် ကျုပ်တို့ ပြန်လာခဲ့မယ်!”
“ကျုပ်တို့အပေါ် လှည့်ကွက်တွေ လာမသုံးဖို့ အကြံပေးလိုက်မယ်။ ငါးဖမ်းကုန်သည်အဖွဲ့က သူတော်ကောင်းတွေ၊ နတ်သားတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူးဗျ။ ကျုပ်တို့်က ခင်ဗျားတို့ လူနည်းနည်းလေးကို သတ်လိုက်လည်း အစိုးရက နည်းနည်းလေးတောင် ဂရုစိုက်မှာမဟုတ်ဘူးရယ်။ ကျုပ်ပြောတာ နားလည်ရဲ့လား”
“နားလည်ပါတယ် နားလည်ပါတယ်”
ထိုအခါ ကျိုးချူသည် ရှောင်ဟူသို့လှည့်၍ ပြောသည်။
“ရှောင်ဟူ မင်းက ဦးလေးနဲ့ အဒေါ်ကို အိမ်ပြန်လိုက်ပို့လိုက်ဦး။ ကျန်တာ ငါဖြေရှင်းလိုက်မယ်”
“ပြီးတော့ နောက်ကို စကားပြောတဲ့အခါ ပိုပြီးခက်ခက်ထန်ထန်လေး ပြောစမ်းပါ။ ငါတို့ ငါးဖမ်းကုန်သည်အဖွဲ့သားတွေက အနိုင်ကျင့်လို့လွယ်ကူတဲ့သူတွေ မဟုတ်ဘူးကွ။ အဲဒါကို သဘောမတူတဲ့သူရှိရင် လာကြိုးစားကြည့်လို့ရတယ်”
ထိုသို့ပြောပြီးနောက် ကျိုးချူသည် မြေပြင်တွင် မထနိုင်ဘဲ လဲလျောင်းနေသည့် ချန်စန်းလျို့ကို ကန်လိုက်၏။
“ခင်ဗျားတို့ တစ်ယောက်ယောက်ကို တောင်းဆိုတာဖြစ်ဖြစ်၊ လူငှားတာဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး။ အခုချက်ချင်း ညီနောင်ကျိုစစ်ရဲ့အိမ်ကို မူလအခြေအနေအတိုင်းဖြစ်အောင် သွားပြင်ဆင်ချည်။ ညီနောင်ကျိုစစ် အိမ်ပြန်လာလို့ တစ်ခုခု မကျေနပ်တာရှိခဲ့ရင် ကျုပ်လူတွေနဲ့အတူ ပြန်လာပြီး ခင်ဗျားကို ထပ်ရိုက်ပစ်မယ်!”
“သွားကြမယ်!”
ပြင်းထန်စွာခြိမ်းခြောက်လိုက်ပြီးနောက် ကျိုးချူ လက်ဝှေ့ရမ်းလိုက်သည်။ ငါးဖမ်းကုန်သည်အဖွဲ့သားများသည် ချက်ချင်းရပ်တန့်လိုက်ကြ၏။
ကျိုးချူထွက်သွားပြီးနောက် ချန်စန်းလျို့၏ဇနီးသည် ငိုကြွေးမြည်တမ်းလျက် အပြေးရောက်လာသည်။ ကျိုးချူသည် တိုက်ခိုက်ချိန်တွင် အမျိုးသမီးအပေါ် မထိခိုက်၍ တော်သေးပေသည်။
ယခုတွင် ချန်မျိုးနွယ်အကြီးအကဲလည်း သက်ပြင်းချလိုက်၏။
“ကျိုစစ်အိမ်က ပစ္စည်းတွေကို သူ့အတိုင်း အတိအကျပြန်ထားဖို့ လူနည်းနည်းခေါ်လိုက်။ ကျိုးပဲ့သွားတာမျိုးရှိခဲ့ရင် အသစ်အစားထိုးပေးလိုက်”
ထိုအချိန်တွင် ရှောင်ဟူသည် ချန်အာ့ပါးနှင့်ဇနီးတို့ကို အိမ်ပြန်လိုက်ပို့ပြီးဖြစ်သည်။
“သား ဒီနေ့…”
ချန်အာ့ပါးသည် စိုးရိမ်နေဆဲပင်။ သို့သော် ရှောင်ဟူမှ ပြောသည်။
“အဖေ ဘာမှမဖြစ်ပါဘူး။ စိတ်ချလက်ချနေပါ”
“ဟုတ်သား၊ ကျိုစစ် ဘယ်မှာလဲ”
“အိုး အစ်ကိုကျိုစစ် အဆင်ပြေပါတယ်။ မနေ့ညက ကျွန်တော်တို့ သင်္ဘောခေါင်းဆောင်ကြီးက သစ္စာဖောက်သွားလို့ အခြေအနေတွေ ရှုပ်ယှက်ခတ်ကုန်တာ။ ဒါပေမဲ့ ဒီနေ့တော့ အကုန်လုံး ပုံမှန်အတိုင်း ပြန်ဖြစ်စပြုနေပါပြီ။ အဖေ ဘာမှ မစိုးရိမ်ပါနဲ့”
“အဲဒါဆိုကောင်းတယ်၊ အဲဒါဆိုကောင်းတယ်”
ရှောင်ဟူမှ ပြောသည်။
“အဖေနဲ့ အမေ အနားယူလိုက်ကြဦး။ ကျွန်တော် အပြင်ထွက်ပြီး တစ်ချက်ကြည့်လိုက်ဦးမယ်”
ထိုစဉ် အပြင်ဘက်၌ ချန်စန်းလျို့၏ဇနီးမှာ ငိုကြွေးမြည်တမ်းနေပေသည်။
“သူတို့က အရမ်းအကြင်နာကင်းမဲ့ကြတာပဲ။ ကျွန်မတို့အားလုံးက မျိုးရိုးတစ်ခုတည်းက ဆင်းသက်လာကြသူတွေပဲကို သူတို့က ဒီလိုမျိုးရက်ရက်စက်စက် လုပ်ခဲ့ကြတယ်… အရမ်းလူမဆန်ကြတာပဲ!”
“အဟမ်း… အဟွတ် အဟွတ်…”
ထိုစဉ် ချန်ရှောင်ဟူ အပြင်ထွက်လာ၏။
ချန်စန်းလျို့သည် ကြောက်ရွံ့ထိတ်လန့်သွား၍ ဇနီးဖြစ်သူအား နောက်ပြန်ဆွဲလိုက်သည်။
“တိတ်တိတ်နေ တိတ်တိတ်နေ”
“အမေ ကျေးဇူးပြုပြီး မပြောပါနဲ့တော့”
ချန်ရှုံးသည်လည်း ငိုသံပါကြီးဖြင့် ပြောသည်။
သင်္ဘောခေါင်းဆောင်ကြီး၏ သစ္စာဖောက်မှုဖြင့် သူတို့၏စိတ်ကူးယဉ်အိပ်မက်ကြီးမှာ ပြိုကွဲသွားခဲ့ရပြီး ငါးဖမ်းကုန်သည်အဖွဲ့၏ရိုက်နှက်မှုကြောင့် အကြောက်တရား ကြီးစိုးသွားခဲ့ရသည်။ သို့ဖြစ်ရာ ချန်စန်းလျို့တို့သည် ချန်ကျိုစစ် အမှန်တကယ်ပင် ထပ်မံ၍ စိန်မခေါ်ရဲပါတော့ချေ။
ယခုတွင်မူ ချန်ရှောင်ဟူကို မြင်တွေ့လျှင်ပင် ကြောက်ရွံ့နေပြီဖြစ်၏။
ချန်စန်းလျို့သည် ကြောက်ရွံ့သွားခဲ့သည့်အပြင် သူနှင့် ချန်ကျိုစစ်ကြားရှိ ကွာဟမှုကိုလည်း နားလည်လာခဲ့ပြီဖြစ်၏။
အတိတ်ကာလ၌ ချမ်းသာကြွယ်ဝမှု ကွာခြားရုံမျှဖြစ်ခဲ့သည်– တစ်ဖက်လူထက် ငွေကြေးဥစ္စာပိုများသည်မှအပ ဘာမျှမပိုပေ– သို့သော် လက်ရှိအချိန်တွင်မူ အင်အားအာဏာကွာခြားနေခြင်းဖြစ်၏။
ငါဆန့်ကျင်ရပ်တည်လိုက်တာနဲ့ တစ်ဖက်လူက အေးအေးဆေးဆေးလေး လူလွှတ်ပြီး ရိုက်နှက်ခိုင်းလိုက်ရုံပဲ– ဘယ်သူက အဲဒီလိုအင်အားကို ဆန့်ကျင်နိုင်မှာတဲ့လဲ။
ရှောင်ဟူသည် မိမိ၏ခြံတံခါးဝတွင် ရပ်၍ ချန်စန်းလျို့တို့မိသားစုကို ကြည့်နေခဲ့သည်။
ထိုစဉ် ချန်မျိုးနွယ်အကြီးအကဲမှလည်း ပြောလာ၏။
“နောက်ထပ် ပြဿနာမဖြစ်စေနဲ့တော့!”
ထိုသို့ပြောပြီးနောက် ချန်မျိုးနွယ်အကြီးအကဲသည် သူ၏တုတ်ကောက်ကိုအမှီပြုလျက် ထွက်ခွာသွားတော့သည်။ ချန်အာ့ပါးမိသားစုနေအိမ်ကို ဖြတ်လျှောက်သွားချိန်တွင် ရှောင်ဟူကို ပြုံးပြခဲ့သေး၏။
“ရှောင်ဟူ ဦးလေးသွားပြီ။ မင်းအချိန်အားတဲ့အခါ ဦးလေးအိမ်ကို အလည်လာခဲ့ပါဦး”
“အင်း!”
ချန်ရှောင်ဟူသည် အရေးမထားဟန် တုံ့ပြန်လိုက်သည်။
ချန်မျိုးနွယ်အကြီးအကဲသည် စိတ်အနှောင့်အယှက် ဖြစ်မသွားပေ။ သူသည် ငါးဖမ်းကုန်သည်အဖွဲ့သားဖြစ်သူတစ်ယောက်၏ မိမိကိုယ််ကိုယ်ယုံကြည်မှုကို နားလည်ပါ၏။
ထို့နောက် အခြားရွာသားများသည်လည်း ရှောင်ဟူကို အရင်က မရှိခဲ့ဖူးသော နွေးထွေးမှုများကို ထုတ်ဖော်ပြသကာ လာရောက်နှုတ်ဆက်ကြသည်။
ရွာသားများသည် အတော်ဝေးဝေးကိုရောက်သောအခါမှ ချန်ရှောင်ဟူကိုကြည့်၍ အားကျခြင်းကြီးစွာ ပြော၏။
“အာ အရင်တုန်းက ချန်ကျိုစစ်အပေါ် ကောင်းပေးခဲ့ရင်ကွာ။ ချန်ရှောင်ဟူကို ကြည့်စမ်းပါဦး။ သူအရင်က ဘာအစွမ်းအစမှ မရှိတဲ့ ခြင်းတောင်းရက်တဲ့သူတစ်ယောက် ဖြစ်ခဲ့တာ၊ ချန်အာ့ပါးလိုမျိုး သူ့ဘဝတစ်လျှောက်လုံး ဆင်းရဲနုံချာစွာနဲ့ နေထိုင်ရဖို့ ကံကြမ္မာဆိုးရှိခဲ့တာကို။ ဒါပေမဲ့ ချန်ကျိုစစ်နောက်ကို ရက်နည်းနည်းလောက် လိုက်,လိုက်တာနဲ့ သူ့ကိုကြည့်စမ်းပါဦး… လုံးဝ ရှိန်လောက်စရာဖြစ်သွားတာပဲ!”
“အဲဒါအမှန်ပဲ မဟုတ်လား။ ချန်မျိုးနွယ်အကြီးအကဲက ပုံမှန်ဆို အရမ်းအထက်စီးဆန်တာလေ။ ဒါပေမဲ့ သူဒီနေ့ ဘယ်လောက်တောင် ရိုကျိုးနေလဲဆိုတာ ကြည့်ပါလား။ သူ့ထက် အငယ်တစ်ယောက်ကို အရမ်းယဉ်ကျေးနေတော့တာ။ ဒီနေ့တော့ ချန်ရှောင်ဟူက သူ့အင်အားကို သေချာပြသခဲ့တာပဲ”
“ငါပြောတာ အဲဒါလေ။ ချန်ကျိုစစ်နောက်ကိုလိုက်တာက တစ်ခုခုဖြစ်မြောက်နိုင်မယ့် လမ်းကြောင်းပဲ။ ဟေး ငါတို့အခုနေ ချန်ကျိုစစ်နဲ့ ပေါင်းသင်းရင် အောင်မြင်မှုရနိုင်လိမ့်မယ်ထင်လား”
“အခုမှလား။ အင်း ငါတို့က ချန်ရှောင်ဟူနဲ့တော့ သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တခြားသူတွေထက်တော့ ပိုကောင်းနိုင်မှာ သေချာတယ်”
“ချန်ရှောင်ဟူနဲ့ ယှဉ်ရင်လား။ သူတို့နှစ်ယောက်က ဘယ်လိုဆက်ဆံရေးမျိုးမလို့လဲ! ဒါပေမဲ့ အကယ်၍ ညီနောင်ကျိုစစ် မဟုတ်ဘူး၊ အခု ညီနောင်ကျိုစစ်က ငါတို့ကို လက်တစ်ဖက်ကမ်းပေးမယ်ဆိုရင် အနာဂတ်မှာ ငါတို့တွေ ငါးဖမ်းကုန်သည်အဖွဲ့ကို ဝင်ကောင်းဝင်ရနိုင်တယ်။ အဲဒါဆို အရမ်းကောင်းတာ မဟုတ်ဘူးလား”
“အိုက်ယိုး မင်းက သူ့ကို အခုတည်းက ညီနောင်ကျိုစစ်လို့ ခေါ်နေပြီပေါ့လေ”
“အဲဒီတော့ ဘာဖြစ်လဲ။ ညီနောင်ကျိုစစ်က တကယ်အရည်အချင်းရှိတယ်။ ငါသူ့ကို ငါ့ရင်ထဲနှလုံးထဲကနေကို ‘ညီနောင်'လို့ ခေါ်ဖို့ဆန္ဒရှိတယ်။ မင်းတို့ကရော ဒီတစ်ဘဝလုံးကို ရှန်းထောင်ရွာက သာမန်လယ်သမားလေးအဖြစ်နဲ့ ကုန်ဆုံးချင်ကြလို့လား”
အားလုံး တိတ်ဆိတ်သွား၏။
ခဏကြာပြီးနောက် လူတစ်ယောက်မှ ပြောလာသည်။
“ဒီတိုင်း ကျိုစစ်က ငါတို့ကို လက်ခံပေးပါ့မလားဆိုတာ မသိတာကြောင့်ပါပဲ။ အဆုံးသတ်တော့လည်း ငါတို့ အရင်က သူ့ကို တကယ်ပဲ တစ်ခါမှ မကူညီခဲ့ကြဖူးဘူးလေ!”