← Chapters

အခန်း (၁၂၄)

Vol. 9 Ch. 124

အခန်း (၁၂၄)

Vol. 9 Ch. 124

“ညီနောင်ဟူ”

“ညီနောင်ရှောင်ဟူ”

“ညီနောင်ဟူ…”

…

ချန်ရှောင်ဟူသည် သူ၏ခြံတံခါးဝတွင် ရပ်နေ၏။ ယခင်က သူ့ကို လျစ်လျူရှုခဲ့ကြသူများ၊ အထင်မြင်သေးခဲ့ကြသူများသည် ယခုတွင် သူ့ကို လာရောက်နှုတ်ဆက်နေကြသည်။

ဤသို့အရေးပေးခံရခြင်းသော ခံစားချက်သည် ရှောင်ဟူ၏ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးသော ခံစားချက်ဖြစ်ပေသည်။

…

ထို့နောက် ချန်ရှောင်ဟူ နားလည်သွားခဲ့သည်။

ဒီနေ့ ငါရရှိခဲ့တဲ့လေးစားမှုတွေက ငါကိုယ်တိုင်ရယူနိုင်ခဲ့တာလား။

မဟုတ်ပေ၊ အားလုံးမှာ အစ်ကိုကျိုစစ်မှ သူ့ထံ ပေးထားခဲ့ခြင်းဖြစ်သည်။ အစ်ကိုကျိုစစ်ကြောင့်သာ မဟုတ်ခဲ့ပါက သူသည် ကြိမ်တဲလေးထဲတွင် ကုပ်ကုပ်ငြိမ်ငြိမ်လေး နေထိုင်ကာ မည်သူမျှ မမြင်‌ေတွ့နိုင်‌ေသာ စိတ်ပျက်အားငယ်မှုများထဲ နစ်မြုပ်နေသည့် ခြင်းတောင်းရက်လုပ်သူတစ်ဦးသာ ဖြစ်နေလိမ့်ပေဦးမည်။

တစ်ဘဝလုံး အထင်မြင်သေးခံရသူတစ်ယောက် ဖြစ်နေရပေလိမ့်မည်။

သို့သော် ယခု၌ သူသည် ငါးဖမ်းကုန်သည်အဖွဲ့၏ အလုပ်သမားတစ်ယောက်ဖြစ်လာနိုင်ခဲ့ပြီး အစ်ကိုကျိုစစ်ထံမှ သိုင်းပညာလည်း သင်ယူနိုင်ခဲ့ပေသည်။

အစ်ကိုကျိုစစ်သည် တစ်နေ့နေ့တွင် သူ့ကို ပို၍ကြီးမားကျယ်ပြန့်သည့် လောကကြီးထဲသို့ ခေါ်ဆောင်သွားပေးမည်ဟုပင် ပြောခဲ့သေးသည်။

သူသည်လည်း သူ၏အစ်ကိုကျိုစစ်သည် ထိုစကားကို သေချာပေါက် အမှန်တကယ် ဖြစ်မြောက်စေလိမ့်မည်ဟု ယုံကြည်ပါ၏။

‌သူသည် အစ်ကိုကျိုစစ်အား စိတ်ရင်းဖြင့် ကျေးဇူးတင်မိပေသည်။ အစ်ကိုကျိုစစ် မရှိခဲ့ပါက ဒီနေ့ဒီအချိန်၏ ချန်ရှောင်ဟူလည်း ရှိလာခဲ့မည် မဟုတ်ပေ။

သူသည် အစ်ကိုကျိုစစ်အတွက် မည်သည့်အရာမဆို ဆောင်ရွက်ပေးလိုသည်။ အသက်ရင်းရမည်ဆိုလျှင်သော်မှ ကြောက်ရွံ့နေမည် မဟုတ်ပါချေ။

အဘယ်ကြောင့်ဆိုသော် အစ်ကိုကျိုစစ်သည် သူ့အား လူသားတစ်ယောက်၏ ဂုဏ်သိက္ခာကို ပေးခဲ့သောကြောင့်ဖြစ်သည်။

…

ထိုနေ့တွင် ရှန်းထောင်တစ်ရွာလုံး၌ ချန်စန်းလျို့နှင့် လုစန်းတို့ သေလုမျောပါး ရိုက်နှက်ခံခဲ့ရသော သတင်းစကားများ ပျံ့နှံ့နေတော့သည်။

တစ်ပြိုင်နက်တည်းပင် ရှန်းထောင်ရွာသည် ငါးဖမ်းကုန်သည်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုကို တစ်ဖန်ပြန်၍ မျက်မြင်တွေ့ခဲ့ရပေသည်။ ဝူကျုံးသည် ပုံမှန်အားဖြင့် ခပ်အေးအေးနေတတ်သောကြောင့် လူအများစုသည် ငါးဖမ်းကုန်သည်အဖွဲ့သည် ချောင်ကုန်သည်အဖွဲ့လောက် ရက်စက်ကြမ်းကြုတ်ခြင်းမရှိဟု ယုံကြည်နေခဲ့ကြသည်။

၎င်းမှာ ဖြစ်နိုင်ပါ၏လော။

အဘယ်သို့များ ဖြစ်နိုင်ပါအံ့နည်း။ ၎င်းမှာ ငါးဖမ်းကုန်သည်အဖွဲ့၏ စစ်မက်ငြိမ်းအေးရေး မူဝါဒမျှသာ ဖြစ်ပေသည်။

ငါးဖမ်းကုန်သည်အဖွဲ့သည် အမှန်တကယ်ပင် အလွန်တရာ ကြင်နာထောက်ထားမှုရှိ၍ အနိုင်ကျင့်ရ လွယ်ကူပါလျှင် လွန်ခဲ့သည့်အချိန်များကတည်းက ချောင်ကုန်သည်အဖွဲ့၏ ဝါးမြိုခြင်းကို ခံခဲ့ရပြီးလောက်ပေပြီ။

အဆုံးသတ်တွင်တော့ သူတို့သည် ဒေသတွင်းပဋိပက္ခများကို ထိန်းချုပ်ရန်အတွက် တရားရုံးတော်မှ ထောက်ပံ့ပေးထားသော ဒေသခံကုန်သည်အဖွဲ့များ ဖြစ်ကြပေသည်။ ယနေ့တွင် ရှန်းထောင်ရွာသည် ၎င်းကုန်သည်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုကို ကြုံတွေ့ခဲ့ရလေပြီ။

ချန်စန်းလျို့တို့မိသားစုသည် ကြောက်ရွံ့နေကြ၏။ ဦးလေးဖြစ်သူ ချန်မျိုးနွယ်အကြီးအကဲ၏ အကူအညီဖြင့် သူတို့သည် နောက်တစ်နေ့တွင် လယ်ကွက်များကို ရောင်းချ၍ လျော်ကြေးငွေများကို ပေးအပ်ခဲ့သည်။ ရွာသားအချို့သည် ချန်စန်းလျို့တို့သားအဖမှာ ယခင်ကဲ့သို့ ထောင်လွှားခြင်းမရှိတော့ကြောင်း သတိထားမိကြသည်။ သူတို့သည် အခြားသူများကို စကားပြောဆိုရာတွင်လည်း ဖော်ရွေကြည်သာလာခဲ့သည်။

ရွာသားတစ်ယောက်မှ ‘ဒီလိုလူမျိုးသည် ရိုက်နှက်ခံရရန် ထိုက်တန်သည်'ဟု ရယ်မော၏။

တစ်ပြိုင်နက်တည်းပင် ငါးဖမ်းကုန်သည်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့လိုက်ရခြင်းကြောင့် ထက်သန်တက်ကြွသော လူငယ်တစ်အုပ်မှာ ဆွဲဆောင်ခံလိုက်ရပြီး ငါးဖမ်းကုန်သည်အဖွဲ့သို့ ဝင်ရောက်လိုကြကုန်သည်။ သို့သော် ငါးဖမ်းကုန်သည်အဖွဲ့သို့ ဝင်ရောက်နိုင်ရန်မှာ အဆက်အသွယ်လိုအပ်၏။

သူတို့အားလုံးသည် ချန်ကျဲ့နှင့် မိတ်ဖွဲ့လိုကြသည်။ သို့သော် ချန်ကျဲ့သည် မိမိကိုယ်ကိုယ် အင်အားတိုးတက်စေရန် လေ့ကျင့်ခြင်းအပေါ် အာရုံစိုက်နေရ၏။ ရွာအကြီးအကဲ‌ရွေးချယ်ပြိုင်ပွဲစင်မြင့်ထက်တွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နိုင်ရန် ပြင်ဆင်နေရသည့်အပြင် ပိုင်မိသားစုနေအိမ်တွင် ပုန်းအောင်းလေ့ကျင့်ရင်း ယွီပင်း၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများကိုလည်း ရှောင်ရှားနေရသည်။

ချန်ကျဲ့သည် အပြင်မထွက်တော့ပေ။

ရလဒ်အနေဖြင့် ရှန်းထောင်ရွာသားများသည် ချန်ကျဲ့ကို ရှာမတွေ့ကြသောကြောင့် ချန်ရှောင်ဟူဆီသို့ ဦးတည်သွားကြတော့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချန်ရှောင်ဟူနှင့်တွေ့ရန် လာရောက်ကြသည့် လူအရေအတွက်သည် ချန်အာ့ပါး၏ တံခါးဘောင်ကြီး ကျိုးပဲ့ပြိုကျလုနီးပါးပင်။ သူတို့တစ်နှစ်ပတ်လုံး လက်ခံတွေ့ဆုံခဲ့ဖူးသည့် ဧည့်သည်အရေအတွက်ထက်ပင် ပမာဏ ပိုများနေခဲ့သည်။

ထိုအချိန်များအတွင်း ချန်ရှောင်ဟူသည် မိမိမှာ ထိုသို့အရေးကိစ္စများကို မဆုံးဖြတ်နိုင်ပါကြောင်း၊ ကျိုစစ်သာလျှင် နောက်ဆုံး ဆုံးဖြတ်ချက်ကို ပြောဆိုနိုင်မည်ဖြစ်ကြောင်း လိမ္မာပါးနပ်စွာ ပြောဆိုခဲ့သည်။

သို့ဖြင့် ထိုလူငယ်များသည် ချန်ကျိုစစ်နှင့် တွေ့ဆုံရန်အတွက် ရုတ်ချည်း ပို၍စိတ်အားထက်သန်လာကြတော့သည်။

ရှန်းထောင်ရွာ၌ ယောက်ယက်ခတ်နေစဉ် ရှန်းထောင်မြို့တွင်လည်း ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့သည်– ချောင်ကုန်သည်အဖွဲ့ ဦးစီးမှူး၊ သခင်ကြီးယွီပင်း၏ အကြီးဆုံးသားဖြစ်သူ ယွီစန်းလျို့ ရုတ်တရက် သေဆုံးသွားခဲ့ခြင်းပင်။

သခင်ကြီးယွီသည် ဈာပနအခမ်းအနားကို အကြီးအကျယ်ကျင်းပရန် စီစဉ်ထား၏။

သို့တိုင် ရှန်းထောင်မြို့သားများသည် ယွီစန်းလျို့သေဆုံးသည့်သတင်းကို ကြားသိသောအခါ အလွန်တရာ ဝမ်းမြောက်ပျော်ရွှင်ကြသည်မှာ မောင်းသံ၊ ဗုံသံများ တီးခတ်လုနီးပါးပင်။ သို့သော် ယွီပင်း၏အမျက်ဒေါသကို ကြောက်ရွံ့သောကြောင့် လက်တွေ့မလုပ်ဆောင်ဝံ့ကြပေ။ ထိုအကြောက်တရားကြောင့် မဟုတ်ပါက သူတို့သည် လမ်းမပေါ်တက်၍ မီးရှူးမီးပန်းများပင် ပစ်ဖောက်မိကြလောက်ပါသည်။

ယွီစန်းလျို့သည် ရှန်းထောင်မြို့၏ မကောင်းဆိုးဝါးကောင်ဖြစ်၏။

သူ့လက်ထဲမှာ မိသားစုတွေ ဘယ်လောက်များများ ပြိုကွဲပျက်စီးခဲ့ပြီးပြီလဲ။ ချစ်မြတ်နိုးရသူတွေရဲ့ သေဆုံးမှုအတွက် ဘယ်လောက်တောင် ဝမ်းနည်းပူ‌ဆွေးခဲ့ကြရပြီလဲ။ လူဘယ်နှယောက်တောင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီးပြီလဲ။ အထက်မက်မွန်ရွာက ချွေ့ဟွား၊ ကျုံးထောင်ရွာက ကွေ့ယင်းတို့ဇနီးမောင်နှံအပြင် နောက်ထပ် နစ်နာသူတွေ အများကြီးရှိသေးတယ်…

သူ့လုပ်ရပ်‌တွေက ဖော်ပြနိုင်တာထက်ကို လွန်နေခဲ့ပြီလေ။

ယွီစန်းလျို့ရဲ့ မနက်ခင်းအတန်းနဲ့ ညနေခင်းအတန်းတွေက လူသားဂုဏ်သိက္ခာကို တက်နင်းပစ်နေခဲ့တာ။

လူတို့၏ ယွီစန်းလျို့အပေါ် အမုန်းတရားသည် အရိုးထဲထိတိုင် စိမ့်ဝင်နေခဲ့ပြီဖြစ်၏။ ယွီမိသားစုသည် အလွန်အင်အားကြီးမားသောကြောင့် မဟုတ်ခဲ့လျှင် ထိုလူများမှာ ဟိုးယခင်အချိန်များကတည်းက ပုန်ကန်ထကြွပြီးလောက်ပေပြီ။ သို့သော် လူထောင်ပေါင်းများစွာရှိ‌သော ချောင်ကုန်သည်အဖွဲ့နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ထိုအင်အားပမာဏသည် သာမန်လူများ၏ အမြင်တွင်မူ အစိုးရ၏အင်အားတစ်ရပ်နှင့် ဆင်တူသွားခဲ့သည်။

အစိုးရ၏အင်အားတစ်ရပ်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ယခု၌ ယွီစန်းလျို့ သေသွားပြီဖြစ်ရာ လူများသည် မောင်းသံ၊ဗုံသံ တီးခတ်ခြင်းများ မပြုလုပ်နိုင်ကြသော်ငြား အိမ်ထဲတွင် ခိုးကြောင်ခိုးဝှက် အောင်ပွဲခံကြသည်။

မိသားစုများစွာသည် အိမ်တွင်းအောင်း၍ ကွယ်လွန်ပြီးသော ဘိုးဘေးဆွေမျိုးများကို ပူဇော်ပသလျက် ယွီစန်းလျို့ကို သတ်ဖြတ်ခဲ့သည့် သူရဲကောင်းကိုလည်း ကျေးဇူးတင်နေကြသည်။

ထို့ပြင် ယွီစန်းလျို့ကိုသတ်ခဲ့သည့် သူရဲကောင်းမှာ ချန်ကျိုစစ်မှတစ်ပါး တခြားသူမဖြစ်နိုင်ဟူသော ကောလာဟလများလည်း ပျံ့နှံ့နေခဲ့သည်။ ချန်ကျိုစစ်တွင် လတ်တလော ထွန်းတောက်မှုများရှိပါသည့်တိုင် ထိုကောလာဟလကို လူနည်းစုသာ ယုံကြည်ကြ၏။

ချန်ကျိုစစ်က ဘယ်လိုလုပ်ပြီး သိုင်းပညာမြင့်မားတဲ့ ယွီစန်းလျို့ကို သတ်နိုင်မှာတဲ့လဲ?

သို့ဖြင့် လူအများစုသည် ထိုသူရဲကောင်းမှာ ငါးဖမ်းကုန်သည်အဖွဲ့မှ သိုင်းပညာရှင်ကြီးဖြစ်သည်ဟု ပြောဆိုကြသည်။

အချို့သူများသည် ထိုသူရဲကောင်းမှာ မကြာသေးမီက မြို့ထဲတွင် ဖမ်းဝရမ်းထုတ်ခံခဲ့ရသည့် သိုင်းလောကသူရဲကောင်းကြီးဖြစ်သည်ဟုပင် ပြောကြလေသည်။

ထို့နောက် သိုင်း‌လောကသူရဲကောင်းကြီးဟူသည့် ကောလာဟလသည် ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်။

သို့သော် အမှန်တရားကို သိထားသူများသည် ထိုကောလာဟလကို လှောင်ရယ်ကြ၏။

သိုင်းလောကသူရဲကောင်းကြီးတဲ့?

သူတို့ပြောတဲ့ အဲဒီသိုင်းလောကသူရဲကောင်းကြီးက မင်းသမီးရှန်းနင်ကို ပြန်ပေးဆွဲရဲတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နီမန့်ဇစ်က လွဲပြီး ဘယ်သူဖြစ်နိုင်မှာတဲ့လဲ။ သူတို့က နီမန့်ဇစ်က အဲဒီလိုလူရမ်းကားတစ်ယောက်ကို သတ်ဖို့အတွက် အလုပ်ရှုပ်ခံမယ်လို့ ထင်နေကြတာလား။

အင်း အဲဒါက လုံးဝ မဖြစ်နိုင်ဘူး။

နီမန့်ဇစ်က ယွီစန်းလျို့ကို လမ်းခုလတ်မှာတွေ့ပြီး စက်ဆုပ်ရွံရှာဖို့ကောင်းတယ်ခံစားရလို့ သေအောင်ရိုက်သတ်ပစ်လိုက်တယ်– ဘယ်လိုမှ မဖြစ်နိုင်တာကြီး။

ပြီးတော့ နီမန့်ဇစ်က ထွက်ပြေးသွားပြီလေ၊ သူ မဖြစ်နိုင်ဘူး။ ငါးဖမ်းကုန်သည်အဖွဲ့က သိုင်းပညာရှင်ကြီးကတော့ ဘယ်သူဖြစ်နိုင်မလဲ။

သင်္ဘောခေါင်းဆောင်ကြီးကတော့ အဲ့လိုအင်အားရှိလောက်ပေမဲ့ သူတို့က တစ်ဖွဲ့တည်းလေ။

သင်္ဘောခေါင်းဆောင်၂ လီစန်းတင်းများလား?

သေချာပေါက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယွီစန်းလျို့ကို သတ်ဖို့ဆိုတာ အရမ်းရိုးရှင်းနေမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား။

တကယ်ပဲ ချန်ကျိုစစ်များလား။

All Chapters