အက်ဇစ်ရဲ့ ရှာဖွေတွေ့ရှိမှု
Vol. 15 Ch. 150
အမှတ် (၂) ဒက်ဖဒိုလမ်း။
ကလိုင်းဟာ အက်ဇစ်ကို ခေါင်းညိတ်ပြပြီးနောက် သူ့အိမ်တံခါးဆီ ခပ်သွက်သွက် လျှောက်သွားပါတယ်။ အဲဒီနောက် သော့ထုတ်ပြီး တံခါးဖွင့်ပါတယ်။
မလီဆာက အိမ်ပြန်ရောက်နေပြီမလို့ တံခါးဖွင့်သံ ကြားတာနဲ့ မီးဖိုးချောင်ထဲကနေ ဧည့်ခန်းထဲကို အလျင်အမြန် ထွက်လိုက်တဲ့အခါ ကလိုင်းကို တွေ့လိုက်ရတဲ့အတွက် သူမရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။
“ညီမ စားစရာတွေ ဝယ်လာတယ်... ကြက်သား၊ အာလူး၊ ကြက်သွန်နီ၊ ငါး၊ တရုတ်မုန်လာ၊ ပဲ... အစုံပဲ... ပျားရည်လည်း ပါတယ်”
‘ငါ့ညီမက နောက်ဆုံးတော့ ဇိမ်ခံတက်လာပြီပဲ’ ကလိုင်းဟာ ပြုံးလိုက်ပါတယ်။
“ဒီနေ့ ညစာကိုတော့ ညီမပဲ ပြင်ရလိမ့်မယ်... အစ်ကို မြို့ပြင်သွားဖို့ ရှိတော့ အရုဏ်တက်လောက်မှ ပြန်ရောက်လိမ့်မယ်... အင်း... အစ်ကို့ကို ခွိုင်းတက္ကသိုလ် သမိုင်းဌာနက ဆရာအက်ဇစ် အကူအညီတောင်းလို့...”
ကလိုင်းဟာ ပြောပြောဆိုဆို ဘေးတိုက်လှည့်ပြီး အပြင်မှာ စောင့်နေတဲ့ မြင်းလှည်းကို ထိုးပြပါတယ်။
မလီဆာရဲ့ နှုတ်ခမ်းဟာ နှစ်ကြိမ်ဟပြီး နှစ်ကြိမ် ပိတ်သွားပါတယ်။ နောက်ဆုံးမှာတော့...။
“ဟုတ်ကဲ့”
ကလိုင်းဟာ သူ့ညီမကို နှုတ်ဆက်ပြီးတာနဲ့ အိမ်ထဲကနေ ထွက်ပါတယ်။ အဲဒီနောက် မစ္စတာအက်ဇစ် ငှားထားတဲ့ မြင်းလှည်းပေါ် တက်ပြီး လမိုဒ်မြို့ဆီ ခရီးနှင်ပါတယ်။
သူတို့တွေ လမိုဒ်မြို့ကို ရောက်တော့ ၉ နာရီ ထိုးခါနီးပါပြီ။ ညအမှောင်ထုက ကြီးစိုးနေတဲ့အတွက် လမ်းမီးတိုင် မရှိတဲ့နေရာတွေမှာ သူတို့တွေဟာ ကြက်သွေးရောင်လနဲ့ မှိတ်တုတ်မှိတ်တုတ် တောက်ပနေတဲ့ ကြယ်ကလေးတွေကိုပဲ အားကိုးရပါတယ်။
မြင်းလှည်းမောင်းသမားကို မြို့ထဲမှာ စောင့်နေဖို့ ပြောပြီးနောက် ကလိုင်းဟာ အက်ဇစ်ကို ရှေးဟောင်း ရဲတိုက်ပျက်ဆီ ခေါ်သွားပါတယ်။
လမ်းလျှောက်ရင်းနဲ့ အက်ဇစ်ရဲ့ ခြေလှမ်းတွေက ပိုပိုမြန်လာတာကြောင့် ကလိုင်းဟာ ခပ်ဖွဖွပြေးပြီး အမီလိုက်ရပါတယ်။ နောက်ဆုံးမှာ ကလိုင်းက ရှေ့က မသွားရဘဲ အက်ဇစ်က ရှေ့ကနေ ဦးဆောင်သွားပါတယ်။
ကလိုင်းဟာ ပထမတော့ တစ်ခုခု ပြောချင်ပေမဲ့ အက်ဇစ်ရဲ့ လေးနက်တဲ့ အမူအရာနဲ့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေကို ကြည့်ပြီး သူ့စကားလုံးတွေကို ပြန်မျိုချလိုက်ပါတယ်။
သာမန် လမ်းလျှောက်တာထက် မြန်တဲ့ အလျင်မလို့ သူတို့နှစ်ယောက်ဟာ ရှေးဟောင်းရဲတိုက်ဆီ ခပ်မြန်မြန်ပဲ ရောက်သွားပါတယ်။
အပျက်အစီး ဖြစ်လုနီး ရဲတိုက်ဟာ အရပ်လေးမျက်နှာအနှံ့ ဆန့်တန်း တည်ရှိနေပြီး ခေါင်မိုးကတော့ အထီးကျန်တဲ့ တိတ်ဆိတ်တဲ့ ခက်ထန် မှောင်မိုက်တဲ့ ခံစားချက်ကို ပေးစွမ်းနေပါတယ်။
အက်ဇစ်ဟာ ရှေးဟောင်းရဲတိုက်ကို ကြည့်ပြီး ခြေလှမ်းတွေ နှေးကွေးသွားပါတယ်။
သူဟာ တစ်နေရာမှာ ရပ်ပြီး ငေးကြည့်နေပါတယ်။ သူ့အကြည့်တွေဟာ သိမ်မွေ့ညင်သာ နက်နဲလွန်းပြီး အိပ်မက်နဲ့ လက်တွေ့လောကကြားမှာ ကူလူးရစ်ဝဲနေဟန် ရှိပါတယ်။
ရုတ်တရက် သူဟာ နာနာကျင်ကျင် ညည်းတွားပြီး နဖူးကို လက်နဲ့ နှိပ်လိုက်ပါတယ်။ သူ့ကြွက်သားတွေကလည်း မချိမဆံ့ ဝေဒနာကြောင့် ရှုံ့တွသွားပါတယ်။
“မစ္စတာအက်ဇစ်... အဆင်ပြေရဲ့လား” ကလိုင်းဟာ စိတ်ဝိညာဉ်အာရုံဖွင့်ပြီး ဂရုတစိုက် မေးပါတယ်။
သူတို့နှစ်ယောက် ဒက်ဖဒိုလမ်းကနေ လမိုဒ်မြို့ဆီလာတဲ့ လမ်းမှာ ကလိုင်းဟာ ဒီခရီးက အန္တရာယ်ရှိမရှိ ခေါင်းပန်းလှန်ပြီး ဗေဒင် အမြန်တွက်ခဲ့ပါတယ်။
ဒါပေမဲ့ ကလိုင်းဟာ ဗေဒင်တွက်တာက အကုန်လုံးကို သိနိုင်တဲ့အထိ မစွမ်းဘူးလို့ ယုံကြည်ထားတဲ့အတွက် အဓိပ္ပာယ် မှားကောက်မှာကို အမြဲတမ်း သတိထားပါတယ်။ နောက်ပြီး အက်ဇစ်ကလည်း တော်တော် လျှို့ဝှက် ဆန်းကြယ်ပါတယ်။ သူ့အတိတ်ကို ဘယ်သူမှ မသိပါဘူး။ အဲဒါကြောင့် အတိတ်က အဖြစ်အပျက်နဲ့ ထိတွေ့ပြီး လှုံ့ဆော်ခံရရင် သူ ဘယ်လို တုံ့ပြန်မယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ အဲဒါကြောင့် သောကနဲ့ သတိက ဒီခရီးစဉ် တစ်လျှောက်လုံးမှာ ကလိုင်းကို အဖော်ပြုလာပါတယ်။
အက်ဇစ်ဟာ ချက်ချင်း ပြန်မဖြေဘဲ နာကျင်နေတဲ့ကြားက ရှေ့ကို ခြေနှစ်လှမ်း လှမ်းလိုက်ပါတယ်။ အဲဒီနောက် သူဟာ နဖူးကို ကိုင်ထားတဲ့ လက်ကို လွှတ်ချပြီး ရှေ့ကို လက်ညှိုးထိုးကာ ယောင်ဝါးဝါး လေသံနဲ့...။
“ငါ ဒီရှေးဟောင်းရဲတိုက်ကို အိပ်မက်ထဲမှာ မြင်ဖူးတယ်”
“အဲဒီတုန်းက ဒီရှေးဟောင်းရဲတိုက်မှာ တောင့်တင်းခိုင်မာတဲ့ အပြင်တံတိုင်းနဲ့ မြင့်မားတဲ့ အမိုး ရှိတယ်”
“ငါ မှတ်မိနေသေးတယ်... အဲဒီမှာက မြင်းဇောင်း... အဲဒီမှာက ရေတွင်း... အဲဒီမှာက စစ်တန်းလျား... ဟိုဘက်မှာက အာလူးနဲ့ ကန်စွန်းဥ စိုက်လေ့ရှိတဲ့ ဥယျာဉ်”
“အဲဒီနေရာက လေ့ကျင့်ရေးကွင်းပဲ... ငါ့ရဲ့ကလေးက ယောက်ျားလေး... သူက ၇ နှစ် ၈ နှစ်လောက်ပဲ ရှိဦးမယ်... သူ့အရပ်ထက်ရှည်တဲ့ ဓားတစ်ချောင်းကို တရွတ်တိုက်ဆွဲပြီး ဆော့နေတာ... သူက သူ ကြီးလာရင် စစ်သူရဲ ဖြစ်ချင်တယ်လို့ ငါ့ကို ပြောတယ်...”
“ရဲတိုက်က မှောင်တယ်လို့ ငါ့မိန်းမက အမြဲတမ်း စောဒကတက်တယ်... သူက နေရောင်ခြည်နဲ့ နွေးထွေးမှုကို ကြိုက်တာ...”
...
ကလိုင်းဟာ အက်ဇစ်ရဲ့ စွမ်းအင်စက်ကွင်း အရောင်ကို ကြည့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အက်ဇစ်ရဲ့ စကားက သူ့ကို ကြက်သီးမွေးညင်း ထသွားစေလို့ပါပဲ။ သို့ပေမဲ့ သူဟာ အဲဒီဇာတ်လမ်းကို သူကိုယ်တိုင် ခံစားနေရသလိုမျိုး ရင်ထဲမှာ နည်းနည်း ထိသွားပါတယ်။
‘ဒီရှေးဟောင်းရဲတိုက်က မစ္စတာအက်ဇစ်နဲ့ တကယ်ကြီး ပတ်သက်နေတာလား... သူက တကယ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၄၀၀ ကျော်က ပထမ လမိုဒ်မြို့စားလား... ဒါဆို သူက လူလား... မကောင်းဆိုးဝါး စိတ်ဝိညာဉ်လား... မဖြစ်နိုင်ဘူး... နေရောင်အောက်မှာ လျှောက်သွားပြီး ညသိမ်းငှက်နဲ့ ဆက်ဆံရဲတဲ့ မကောင်းဆိုးဝါး စိတ်ဝိညာဉ်ဆိုတာ မရှိနိုင်ဘူး...’
ကလိုင်းရဲ့ ခေါင်းထဲမှာ အတွေးမျိုးစုံ ပေါ်လာပါတယ်။ သူဟာ အကြံဉာဏ်သစ်တွေ ရအောင်လည်း ဆန့်ကျင်ဘက် အတွေးတွေကို အချင်းချင်း ထိတွေ့စေပါတယ်။
အဲဒီအချိန်မှာ အက်ဇစ်ဟာ ရေရွတ်နေတာ ရပ်ပြီး ခြေလှမ်းအကျယ်ကြီး လှမ်းကာ အဓိကတံခါးကို ဖြတ်လျှောက်ပါတယ်။
သူဟာ ကလိုင်းရဲ့ လမ်းညွှန်မှု မပါဘဲ ရဲတိုက်ထဲ လျှောက်သွားပါတယ်။ သူဟာ လျှို့ဝှက်ခလုတ်ကို တရင်းတနှီး ရှိလွန်းတဲ့ ပုံစံမျိုးနဲ့ ရှာပြီး မြေအောက်ခန်းဆီ ဆင်းတဲ့ လျှို့ဝှက်တံခါးကို ဖွင့်လိုက်ပါတယ်။
ကလိုင်းဟာ လက်ကိုင်တုတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း အက်ဇစ်နောက်က လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ လှေကားထစ်အတိုင်း အောက်ဆင်းတဲ့အခါ ခေါင်းတလားထားတဲ့ နေရာကို ပြန်ရောက်သွားပါတယ်။
အရင်တစ်ခေါက်နဲ့ မတူတာက ခေါင်းတလောင်းဟာ ပိတ်နေပြီး နွေးထွေး သန့်စင်တဲ့ ခံစားချက် မရှိတော့တာပါ။
‘အခေါင်းကို ပိတ်ထားတယ်... ဒါ ဖရိုင်းလက်ချက် ဖြစ်မယ်... ဒါက သူ့ရဲ့ အလောင်းကောက်သမား ကျင့်ဝတ်ပဲ...’ ကလိုင်းဟာ တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်ပြီး အက်ဇစ် ခေါင်းတလားရှေ့ လျှောက်သွားတာကို စိတ်ဝိညာဉ်အာရုံနဲ့ ကြည့်နေပါတယ်။
အက်ဇစ်ဟာ ခေါင်းတလားအဖုံး ဟသွားတဲ့အထိ တွန်းလိုက်ပါတယ်။
သူဟာ ဦးခေါင်းခွံ မရှိတော့တဲ့ အရိုးစုကို အတန်ကြာအောင် ငေးကြည့်နေပါတယ်။ အဲဒီနောက် သူဟာ ရုတ်တရက်ဆိုသလို ဝမ်းပန်းတနည်း ငိုကြွေးပါတယ်။
အက်ဇစ်ဟာ လေးလံတဲ့ ခြေလှမ်းတွေနဲ့ နောက်ပြန် ဆုတ်ပြီးနောက် ဒယီးဒယိုင်ဖြစ်ကာ နံရံကို မှီပြီး လဲကျသွားပါတယ်။ ကလိုင်းမှာ တုံ့ပြန်ချိန်တောင် မရလိုက်ပါဘူး။
အက်ဇစ်ဟာ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ပြီး စိတ်ပျက်လက်ပျက် ထိုင်နေပါတယ်။ ပတ်ဝန်းကျင်ဟာလည်း ရုတ်တရက်ဆိုသလို ပိုမှောင်လာပါတယ်။
ကလိုင်းဟာ အက်ဇစ်ဆီ ခပ်သွက်သွက်လျှောက်ပြီး ကူညီဖို့ လက်လှမ်းလိုက်ပေမဲ့ မနှောင့်ယှက်ရဲတာကြောင့် သူ့လက်ကို အမြန် ပြန်ရုပ်လိုက်ပါတယ်။
အဲဒီအချိန်မှာ လက်ရှိ မစ္စတာအက်ဇစ်က တော်တော် ကြောက်ဖို့ကောင်းတယ်လို့ သူ့စိတ်ဝိညာဉ်အမြင်က ပြောနေပါတယ်။ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုရင် မြေအောက်ခန်းတစ်ခုလုံး မည်းမှောင်ပြီး ချောက်ချားဖို့ ကောင်းလာတဲ့အထိပါပဲ။
ကလိုင်းဟာ လှေကားနားကို ဖြည်းဖြည်းချင်း ကပ်သွားပါတယ်။
သူဟာ မစ္စတာအက်ဇစ်ကို ယုံကြည်ပေမဲ့ မစ္စတာအက်ဇစ် စိတ်လွတ်သွားမှာကိုတော့ ကြောက်ပါတယ်။
ဒီလို ရတက်မအေးနိုင်တဲ့ အခြေအနေမှာ သူဟာ လေးငါးမိနစ်ကြာအောင် စောင့်ပါတယ်။ အဲဒီနောက် သူဟာ အက်ဇစ်က လက်ချပြီး ဖြည်းဖြည်းချင်း မတ်တတ်ရပ်တာ တွေ့လိုက်ရပါတယ်။
‘သူ တစ်ခုခု ပြောင်းလဲသွားတယ်... ငါ့စိတ်ဝိညာဉ်အမြင်က ဒီလိုပြောနေပေမဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံထဲမှာ သူ့ရောင်ဝါက သိသိသာသာ ပြောင်းလဲမသွားဘူး... သူ့ခံစားချက်တွေက အရင်အတိုင်း စိတ်ဓာတ်ကျပြီး နာကျင်နေတုန်းပဲ...’
ကလိုင်းဟာ အလျင်အမြန် ကောက်ချက် ချလိုက်ပါတယ်။ သူဟာ အက်ဇစ်က ပိုမှောင်ပြီး ပိုထည်ဝါလာတယ်လို့လည်း ခံစားလိုက်ရပါတယ်။
“ငါ ကိစ္စတချို့ကို သတိပြန်ရသွားပြီ... ဒါပေမဲ့ ဒီကိစ္စတွေက အသေးအမွှားလေးတွေပါ” အက်ဇစ်ဟာ ခံစားချက် ကင်းမဲ့တဲ့ လေသံနဲ့ ပြောပါတယ်။ အဲဒီနောက် သူဟာ ဘေးဘီဝန်းကျင်ကို ကြည့်ပြီး...။
“မင်းရဲ့ ကံကြမ္မာကို ဟန်ချက်ပျက်အောင် လုပ်နေတဲ့ စွမ်းအားကို ငါ ခံစားမိတယ်...”
“ဟင်...” ကလိုင်းဟာ မှင်တက်သွားပါတယ်။ အဲဒီနောက် ကျေနပ် အံ့အားသင့်သွားပြီး မေးလိုက်ပါတယ်။
“အဲဒီစွမ်းအားရဲ့ ဇာစ်မြစ်ကို လိုက်လို့ရလား”
‘မီးခိုးခေါင်းတိုင်နီ အိမ်မှာနေပြီး တိုက်ဆိုင်မှုတွေကို လျှို့ဝှက်ဖန်တီးတဲ့ နောက်ကွယ်မှာ ပုန်းနေတဲ့လူက ဒီကိုလာပြီး အနက်ရောင် သံချပ်ကာနဲ့ စစ်သူရဲရဲ့ ခေါင်းကို ယူသွားတာလား... သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... သူ့ရဲ့ ရည်ရွယ်ချက်အမှန်က ဘာလဲ’
“တော်တော်တော့ ကြာသွားပြီ... ဒါပေမဲ့ ငါ စမ်းကြည့်မယ်...” အက်ဇစ်ရဲ့ အသံနက်ဟာ ပေါက်ကွဲထွက်လုနီး မီးတောင်တစ်တောင်လိုပါပဲ။
“ဘယ်လို စမ်းသပ်မှာလဲ” ကလိုင်းက သိချင်စိတ်နဲ့ မေးပါတယ်။
အက်ဇစ်ဟာ ခေါင်းတလားဆီ လျှောက်သွားပြီး အခေါင်းထဲက အရိုးစုကို ကြည့်ပါတယ်။
“သူက ငါ့ကလေးရဲ့ ခေါင်းခွံကို ယူသွားတယ်... အဲဒီတော့ သွေးဆက်သွယ်မှုကနေ ငါ သူ့ကို ရှာမယ်”
‘ခင်ဗျားရဲ့ ကလေး... မစ္စတာအက်ဇစ်... အဲဒီ အနက်ရောင် သံချပ်ကာနဲ့ စစ်သူရဲက ခင်ဗျားရဲ့ ကလေးဆိုတာ သေချာရဲ့လား... အဲဒါဆို ခင်ဗျားက တကယ်ကို ရှေးဟောင်းပစ္စည်းကြီးပဲ... ဒီလောက်ရှည်ကြာတဲ့ မှတ်ဉာဏ်တွေကို ခင်ဗျား တကယ် ဆုံးရှုံးသွားတာလား... ဒါက ဒီလိုမျိုး အသက်ရှည်ဖို့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးလား...’
ကလိုင်းဟာ တိတ်တဆိတ် အသက်ရှူရှိုက်ပြီး ဒဏ္ဍာရီသက်ရှိနဲ့ ထိတွေ့ဆက်ဆံရတာကို တစ်မျိုး ခံစားလိုက်ရပါတယ်။
အဲဒီနောက် အက်ဇစ်ဟာ ညာလက်ဆန့်ပြီး လက်မရဲ့ လက်သည်းနဲ့ လက်ညှိုးကို လှီးလိုက်ပါတယ်။
လက်ဆတ်တဲ့ သွေးတစ်စက်ဟာ အဖြူရောင် အရိုးစုပေါ် ကျသွားပါတယ်။ အဲဒီသွေးစက်ဟာ အရိုးစုထဲ စိမ့်ဝင်သွားပြီး အရိုးစုတစ်ခုလုံး ရုတ်တရက် သွေးလို နီရဲလာပါတယ်။
“ဝါး... ဝါး... ဝါး...”
ကလိုင်းဟာ ရုတ်တရက်ဆိုသလို ကလေးငိုသံ ကြားလိုက်ရပြီး တစ်ယောက်ယောက်က သူ့ကို နောက်ကနေ စိုက်ကြည့်နေတယ်လို့ ခံစားလိုက်ရပါတယ်။
သူဟာ ခြောက်လုံးပြူး ဆွဲထုတ်ပြီး နောက်ကို ချိန်ကာ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်ပါတယ်။ သို့ပေမဲ့ သူ့နောက်မှာ ဘာမှ မရှိပါဘူး။ ဘာဆိုဘာမှကို မရှိတော့တာပါ။
မြေညီထပ်နဲ့ ဆက်သွယ်ထားတဲ့ လှေကားလည်း ပျောက်သွားပါတယ်။
“ဝါး... ဝါး...”
ကလေးငိုသံဟာ ကလိုင်းရဲ့ နားထဲကို တိုးဝင်လာပါတယ်။ သူ ခေါင်းတလားကို ပြန်ကြည့်လိုက်တဲ့အခါ သဏ္ဌာန်မဲ့ကာ ပုံပန်းပျက်နေတဲ့ မျက်နှာတွေကို အနက်ရောင် မြူခိုးတွေကြားမှာ တွေ့လိုက်ရပါတယ်။ အဲဒီနောက် သူတို့တွေဟာ ထူးဆန်းတဲ့ တံခါးပေါက် တစ်ပေါက်အဖြစ် ပြောင်းလဲသွားပါတယ်။
“ကျွီ...”
ပုံရိပ်ယောင်တံခါး ပွင့်သွားပြီး ဖြူဖတ်ဖြူရော် လက်တွေ တစ်လက်ပြီး တစ်လက် ထွက်လာပါတယ်။ ဒါပေမဲ့ အဲဒီလက်တွေ အကုန်လုံး အက်ဇစ်ရှေ့က မြူခိုးနက်ထဲမှာ အစအနမကျန်အောင် ပျောက်ကွယ်သွားပါတယ်။
ဟနေတဲ့ တံခါးကနေ ကလိုင်းဟာ အဖြူရောင် ခေါင်းခွံကို မြင်လိုက်ရပါတယ်။ သစ်ပင်ညိုအောက်မှာ အမှုန့်ဖြစ်နေတဲ့ အဖြူရောင် ခေါင်းခွံကို လွှင့်ပစ်ထားပါတယ်။
“ကျွီ...”
ရုတ်တရက် ပိတ်သွားတဲ့ တံခါးကြောင့် ဖြူဖတ်ဖြူရော် လက်တွေဟာ ပြတ်ထွက်ပြီး အောက်ပြုတ်ကျကုန်ပါတယ်။
အဲဒီနောက် ကလိုင်းဟာ မစ္စတာအက်ဇစ်ရဲ့ သက်ပြင်းရှည် ချသံကို ကြားလိုက်ရပါတယ်။ ဒီသက်ပြင်းရဲ့ နောက်ကွယ်မှာ သမိုင်းစုံစုံလင်လင် ရှိနေတယ်ဆိုတာ ကလိုင်း ခံစားနိုင်ပါတယ်။
သက်ပြင်းချသံနဲ့အတူ မြူခိုးနက်ဟာ ပျောက်ကွယ်သွားပြီး ကလေးငိုသံလည်း ရပ်သွားပါတယ်။ အရာအားလုံးဟာ နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ အေးစက်မှုကတော့ ထင်ထင်ရှားရှားကို ကျန်နေခဲ့ပါတယ်။
ကလိုင်းဟာ တုန်တက်နေတဲ့ သွားတွေကို ကြိတ်ပြီး ခေါင်းတလားကို ကြည့်လိုက်တဲ့အခါ သွေးလိုနီရဲနေတဲ့ အရိုးစုက နဂိုအတိုင်း အဖြူရောင် အရိုးစု ပြန်ဖြစ်သွားတာ တွေ့လိုက်ရပါတယ်။
“တောင်းပန်ပါတယ်... ငါ သူ့ကို မရှာနိုင်ဘူး...” ကလိုင်းကို ကျောပေးထားတဲ့ အက်ဇစ်က အသံနက်နဲ့ ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ ခေါင်းတလားကို ပိတ်လိုက်ပါတယ်။
“ကျွန်တော်တို့တွေ သူ့ကို မရှာနိုင်တာ မထူးဆန်းပါဘူး... ရှာနိုင်မှ ထူးဆန်းမှာ...” ကလိုင်းဟာ အက်ဇစ်ကို နှစ်သိမ့်ပါတယ်။
‘ဘာပဲဖြစ်ဖြစ် ငါ တစ်ခါမက ကျရှုံးပြီးပြီပဲ... နောက်တစ်ခါ တိုးသွားတာက ကိစ္စမရှိပါဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။
အက်ဇစ်ဟာ သူ့ရှေ့က ခေါင်းတလားကို နောက်တစ်ကြိမ် ထပ်ကြည့်ပါတယ်။ အဲဒီနောက် သူဟာ ဖြည်းဖြည်းချင်း နောက်လှည့်လာပြီး တစ်လုံးချင်း ပြောပါတယ်။
“ငါ ဆက်ပြီးတော့ စုံစမ်းဦးမယ်... မင်း ငါ့ကို ကူညီနိုင်မလား”
“ရတယ်... ဒါက ကျွန်တော် လုပ်ချင်နေတဲ့အရာပဲ” ကလိုင်းဟာ မီးခိုးခေါင်းတိုင်နီ အကြောင်း ပြောချင်စိတ်ကို မနည်းထိန်းလိုက်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြောလည်း အသုံးမဝင်လို့ပါ။ ပစ်မှတ်ကို အတည်ပြုဖို့က သူ့ကိုယ်သူပဲ အားကိုးရမှာ မဟုတ်ပါလား။
သို့ပေမဲ့ ဒါက သူ့ရဲ့ အဓိက ပြဿနာတစ်ခုကို ဖြေရှင်းပေးလိုက်ပါတယ်။ အဲဒါက သူ မီးခိုးခေါင်းတိုင်နီအိမ်ကို ရှာတွေ့တဲ့အခါ ညသိမ်းငှက်တွေကို ဒီကိစ္စထဲ ဆွဲသွင်းမဲ့ ကိစ္စပါ။ ကလိုင်းဟာ ဒီလောက် ကြောက်စရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ရုပ်သေးဆရာကို သူ တစ်ယောက်တည်း ရင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ချက် မရှိပါဘူး။
အခု သူ မစ္စတာအက်ဇစ်ဆီကနေ အကူအညီ တောင်းလို့ ရသွားပါပြီ။
အက်ဇစ်ဟာ ပါးစပ်ဟလိုက်ပေမဲ့ နောက်ဆုံးမှာ ဘာမှ မပြောပါဘူး။ သက်ပြင်းပဲချပြီး လှေကားဆီ တိတ်တဆိတ် လျှောက်သွားပါတယ်။
မြေအောက်ခန်းက ထွက်ကာ လျှို့ဝှက်တံခါးကို ပြန်ပိတ်ပြီးနောက် သူတို့နှစ်ယောက်ဟာ မြက်ရိုင်းတွေ ဖုံးနေတဲ့ လမ်းကလေးအတိုင်း တောင်အောက်ဆင်းပါတယ်။ သူတို့နှစ်ယောက်စလုံး တစ်ယောက်မှ စကားမပြောကြပါဘူး။
မှောင်မိုက်တဲ့ ညချမ်းမှာ အက်ဇစ်က ရုတ်တရက် ပြောပါတယ်။
“ဒီကိစ္စကို ဖြေရှင်းလို့ မပြီးမချင်း ငါ အလုပ်ထွက်ပြီး ထင်းဂန်မြို့ကနေ ထွက်သွားမယ်... ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ အတိတ်ကို ရှာမယ်”
“မစ္စတာအက်ဇစ်... ဘာဖြစ်ခဲ့လဲ ဆိုတာကို ရှာဖွေချင်တာလား” ကလိုင်းဟာ စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။