← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

ပင်ပန်းနွမ်းလျနေတဲ့ ကလိုင်းဟာ ချိပ်ပိတ်ထားတဲ့ စိတ်ဝိညာဉ်တံတိုင်းကို ဖယ်ရှားပြီး လေပြေအေးကို သူ့မျက်နှာပေါ် တိုက်ခိုက်စေပါတယ်။ လေပြေအေးနဲ့ အတူပါလာတဲ့ သစ်ပင်ပန်းမန်တွေရဲ့ ရနံ့က သူ့ကို လန်းဆန်း ပေါ့ပါးသွားစေပါတယ်။

သူဟာ တနွေးတထွေးရှိတဲ့ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို လက်နဲ့ ပွတ်သပ်ပြီး သက်ပြင်းချလိုက်ပါတယ်။

‘ဒီတံဆိပ်ထဲမှာ နတ်ဘုရားရဲ့ သွေးစက် ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ... အနှိုင်းမဲ့တောက်ပတဲ့ နေမင်း ဘုရားကျောင်းက ပညာရှင်တွေ အရင်တုန်းက ဒီပစ္စည်းကို အသည်းအသန် လိုက်ရှာခဲ့လောက်တယ်... ဒါပေမဲ့ သူတို့တွေ တွေ့မသွားရှာဘူး...’

ကလိုင်းဟာ ခေါင်းဆန့်လိုက်ပါတယ်။ သူဟာ မျိုးပြောင်း နေမင်းတံဆိပ်တော်မြတ်ကို လေကာအင်္ကျီရဲ့ အတွင်းအိတ်ကပ်ထဲမှာ သိမ်းထားတာကလွဲရင် တခြားဘာမှ မစမ်းကြည့်ရဲပါဘူး။

အဲဒီနောက် သူဟာ အိတ်ဆောင်နာရီကို ထုတ်ပြီး ဖွင့်ကြည့်လိုက်တဲ့အခါ အလောင်းကောက်သမား ဖရိုင်းနဲ့ တာဝန်ချင်းလဲဖို့ တစ်နာရီလောက် လိုနေသေးတာ တွေ့လိုက်ရပါတယ်။

‘ငါ့မျက်ခွံတွေက မီးခြစ်ဆံနဲ့ ထောက်ထားရမယ် ထင်တယ်...’

ဒါက သေခါနီး အတွေ့အကြုံရဲ့ ဘေးထွက် ဆိုးကျိုးပါ။ ကလိုင်းဟာ တခြား အကြံမရှိတဲ့အတွက် လျှို့ဝှက် အိတ်ကပ် သေးသေးလေးထဲက သတ္တုပုလင်း သေးသေးလေး တစ်လုံးကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် အဖုံးဖွင့်ပြီး နှာခေါင်းနားကပ်လိုက်ပါတယ်။

ပူဒီနာနဲ့ ပိုးသတ်ဆေး ရောထားတဲ့ အနံ့စူးစူးက နှာခေါင်းထဲ အလျင်အမြန် ဝင်လာပြီး ကလိုင်းကို ကြက်သီးမွေးညင်း ထသွားစေပါတယ်။ သူ့အာရုံတွေဟာ လှန့်နှိုးလိုက်သလို ဖြစ်သွားပြီး ပင်ပန်းနွမ်းနွယ်မှုတွေကို ယာယီ မေ့ပျောက်သွားပါတယ်။

သူ ဒီဆေးဖော်မြူလာကို အလောင်းကောက်သမား ဖရိုင်းဆီကနေ ရထားတာပါ။ ခွေလော့ဂ်အဆီလို့ ခေါ်တဲ့ ဒီဆေးက ပုပ်ဆွေးနေတဲ့ အလောင်းတွေရဲ့ ပုပ်စော်နံ့ကို လျစ်လျူရှုနိုင်အောင် ကူညီပေးနိုင်ပြီး စိတ်ကို ကြည်လင် လန်းဆန်းစေပါတယ်။

နောက်ထပ် တစ်နာရီက ကလိုင်းအတွက် နှိပ်စက်ခန်းလိုပါပဲ။ မကြာမကြာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တဲ့အတွက် တောအုပ်ထဲက ခြင်တွေ ကိုက်တာလည်း ခံရပါတယ်။

နောက်ဆုံးမှာတော့ သူဟာ အနက်ရောင် ဆံပင်၊ အပြာရောင် မျက်လုံး၊ လေကာအင်္ကျီ ဝတ်ဆင်ထားတဲ့ ဖရိုင်းက လက်ကိုင်တုတ်ကိုင်ပြီး မြို့ထဲကနေ ထွက်လာတာ တွေ့လိုက်ရပါတယ်။

ဖရိုင်းက သက်ရှိ အလောင်းကောင်နဲ့ တူတယ်ဆိုပေမဲ့ လောလောဆယ်မှာ ကလိုင်းအတွက်တော့ ကယ်တင်ရှင်ပါပဲ။ ကလိုင်းဟာ ပါးစပ်ကို လက်နဲ့ကာပြီး သမ်းဝေလိုက်ပါတယ်။ အဲဒီနောက် ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို အိတ်ကပ်ထဲက ထုတ်ပြီး ဖရိုင်းဆီ လျှောက်သွားပါတယ်။

“ဘာဖြစ်တာလဲ” ဖရိုင်းဟာ ကလိုင်းရဲ့ ဖြူဖတ်ဖြူရော် မျက်နှာကို ကြည့်ပြီး မေးပါတယ်။

ကလိုင်းဟာ သက်ပြင်းချလိုက်ပါတယ် “မနေ့ညက ငါ ချန်စီဂိတ်ကို စောင့်ကြပ်ရတယ်လေ... ဒီမနက်လည်း အိပ်ရေးဝအောင် မအိပ်ရတော့ ငါ တော်တော်လေး အိပ်ချင်နေပြီ”

သူဟာ ဒီအကြောင်းကို ဆက်မပြောတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “နောက်လေးနာရီကြာရင် ငါအလှည့်လား”

“၇ နာရီ... ကပ္ပတိန်က ညဘက် အိပ်ဖို့ မလိုဘူးလေ” ဖရိုင်းက ကလိုင်းဆီက မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ကို ယူလိုက်ပါတယ်။

‘ညဘက် မအိပ်ဘဲ နေနိုင်တဲ့လူ ရှိတာကို ငါ တကယ် ဝမ်းသာမိတယ်...’ ကလိုင်းဟာ ကပ္ပတိန်ကို စိတ်ထဲမှာ ပြက်ရယ်ပြုလိုက်ပါတယ်။ အဲဒီနောက် သူဟာ ဖရိုင်းကို နှုတ်ဆက်ပြီး မြို့ထဲ လျှောက်လာခဲ့ပါတယ်။

တည်းခိုခန်းဆီ ပြန်တဲ့လမ်းမှာ သူဟာ အိတ်ဆောင်နာရီ ထပ်ထုတ်ပြီး နာရီကြည့်ပါတယ်။

‘အင်း... သဘောတူထားတဲ့ အချိန်ထက် ဆယ်မိနစ် စောတာပဲ... တော်တော် သဘောကောင်းတာပဲ...’ ကလိုင်းဟာ ရယ်လိုက်ပြီး ခပ်မြန်မြန် လျှောက်ပါတယ်။ တည်းခိုခန်းကို ပြန်ရောက်တဲ့အခါ သူဟာ တစ်ဝက်ပိတ်တံခါးကို ဖွင့်လိုက်ပါတယ်။ သူဌေးရဲ့ အကြည့်အောက်မှာ သူဟာ ဒုတိယထပ်ဆီ လျှောက်သွားပြီး သူ့အခန်းထဲ ဝင်လိုက်ပါတယ်။

အဲဒီနောက် သူဟာ တံခါးကို လော့ချပြီး ကုတ်အင်္ကျီနဲ့ ဖိနပ်ကို ချွတ်လိုက်ပါတယ်။ သူဟာ ရေတောင် မချိုးအားတော့ဘဲ တစ်ခါတည်း အိပ်ရာပေါ် လဲလျောင်းလိုက်ပါတယ်။

လေးငါးဆယ်စက္ကန့် အတွင်းမှာ သူ့အသက်ရှူသံဟာ လေးလံသွားပြီး အဲဒီနောက် ရှည်လျားကာ အေးချမ်းသွားပါတယ်။

အိပ်မက်ထဲမှာ ကလိုင်းဟာ ၂၁ ရာစုက ကမ္ဘာမြေဆီ ပြန်ရောက်သွားပြီး သူ မနိုင်ခဲ့တဲ့ ဂိမ်းတစ်ဂိမ်းကို ဆော့နေပါတယ်။ ဆိုဒါတစ်ခွက်နဲ့ ကြက်တောင်ပံစပ်ကြော် တစ်ပန်းကန်က သူ့ဘယ်ဘက်မှာ ရှိနေပြီး သူ့ရဲ့ ညာဘက်မှာတော့ မျှစ်နဲ့အသား စွပ်ပြုတ်တစ်ပွဲနဲ့ ထမင်းတစ်ပန်းကန် ရှိနေပါတယ်။

သူဟာ မျှစ်ကို မကြိုက်ပါဘူး။ ဒါပေမဲ့ အသားနဲ့ ရောပြီး ချက်တာကိုတော့ ကြိုက်ပါတယ်။ လတ်ဆတ်တဲ့ အရသာနဲ့ အသားမှာပါတဲ့ အဆီဓာတ် နည်းနည်းက သွားရည်ကျဲစေပြီး ထမင်းနဲ့စားရင် ကွက်တိပါပဲ။ တို့စားဖို့ ချဉ်ရည်ကောင်းကောင်းရှိရင် ထမင်း နောက်တစ်ပန်းကန်တောင် သူ စားနိုင်ပါတယ်။

ကလိုင်းဟာ ထမင်းစားပြီးတာနဲ့ ဂိမ်းဆက်ကစားမဲ့ ဆဲဆဲမှာ သူ့အိပ်မက်က ထပ်ပြောင်းလဲသွားပါတယ်။ သူဟာ ဒက်ဖဒိုလမ်းထဲက အမှတ်(၂) အိမ်ထဲ ရောက်သွားပါတယ်။

ကလိုင်းဟာ ရုတ်တရက်ဆိုသလို နှိုးနှိုးကြားကြား ဖြစ်သွားပြီး သူ အိပ်မက် မက်နေတယ်ဆိုတာ သိလိုက်ပါတယ်။

သူဟာ သူက ထမင်းစားပွဲဘေးမှာ ထိုင်ပြီး လက်ထဲမှာ ထင်းဂန်မြို့ နေ့စဉ်သတင်းစာ ကိုင်ထားတာကို မြင်လိုက်ရပါတယ်။ သူ့ရှေ့မှာ အမဲမြီးဟင်း၊ သိုးသားကြော်၊ အာလူးထောင်းနဲ့ ပေါင်မုန့်ဖြူတွေ ရှိနေပါတယ်။

သူဟာ တံခါးဆီကို အလိုလို လှည့်ကြည့်မိလိုက်တဲ့အခါ ဧည့်ခန်းရဲ့ ပြတင်းပေါက် အပြင်ဘက်မှာ ရပ်နေတဲ့ လူတစ်ယောက်က အိမ်ထဲကို တိတ်တဆိတ် စိုက်ကြည့်နေတယ်ဆိုတာ ရုတ်တရက် သတိထားမိလိုက်ပါတယ်။

ကလိုင်းဟာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက မီးခိုးရောင်မျက်လုံးနဲ့ ဒန်းစမစ် ဖြစ်နေလို့ပါပဲ။ သူ့ရဲ့ မျက်နှာတစ်ဝက်က ပြတင်းပေါက်နား ကပ်နေပြီး အိမ်ထဲက လူတွေကို တိတ်တဆိတ် စောင့်ကြည့်နေပါတယ်။

‘... ကပ္ပတိန်... အိပ်မက်ထဲမှာ လူကို မခြောက်လို့ မရဘူးလား... ဒါက ကပ္ပတိန် အိပ်မက်ဆိုးအဖြစ် သရုပ်‌ဆောင်တာလား...’ ကလိုင်းဟာ တွေးရင်းနဲ့ ရယ်ချင်သွားပါတယ်။

သူဟာ အမဲမြီးဟင်းကို တစ်ဇွန်း ‌ခပ်စားလိုက်ပါတယ်။

‘အား... ဒါက ငါ့လက်ရာပဲ...’ သူဟာ သူ့ဘာသာ သက်ပြင်းချလိုက်ပါတယ်။ သူဟာ သူ ဘာဖြစ်လို့ ရုတ်တရက်ကြီး နိုးနိုးကြားကြား ဖြစ်လာပြီး ၂၁ ရာစုက မြင်ကွင်းတွေ ပျောက်ကွယ်သွားလဲ ဆိုတာ နားလည်လိုက်ပါတယ်။

တစ်ယောက်ယောက်က သူ့အိပ်မက်ထဲ တိုးဝင်လာရင် သူ သေချာပေါက် သတိထားမိမှာပါ။

အဲဒီအချိန်မှာ ဒန်းစမစ်က ပြတင်းပေါက် အပြင်ဘက်မှာ မရှိတော့ဘဲ တစ်ခါတည်း အိမ်ထဲဝင်လာပါတယ်။ အနက်‌ရောင် လေကာအင်္ကျီနဲ့ ဒန်းစမစ်ဟာ ကလိုင်းရှေ့ကို တိတ်တိတ်လေး လျှောက်လာပါတယ်။

သူဟာ ဦးထုပ်ချွတ်ကာ ခေါင်းညိတ်ပြပြီးမှာ ထိုင်ခုံမှာ ဝင်ထိုင်ပါတယ်။ အဲဒီနောက် သူဟာ ဘာဘာညာညာ ပြောမနေဘဲ ခက်ရင်းနဲ့ဓား ‌ကောက်ကိုင်ပြီး စားပွဲပေါ်က အမဲမြီး၊ သိုးသားကြော်နဲ့ ပေါင်မုန့်ဖြူတွေကို စပြီးတော့ စားသောက်ပါတယ်။

ကလိုင်းဟာ ဒါကို ကြည့်ပြီး ကြက်သေသေသွားပါတယ်။ သူဟာ ကပ္ပတိန်က ဘာလုပ်နေလဲ ဆိုတာ နားမလည်ပါဘူး။

“ဟူး...”

ဒန်းစမစ်ဟာ ကျေကျေနပ်နပ် လေပူတစ်ချက် မှုတ်ထုတ်ပြီး ကလိုင်းကို လက်မ ထောင်ပြပါတယ်။ အဲဒီနောက် သူဟာ ဆေးတံနဲ့ မီးခြစ်ဆံတစ်ချောင်း ထုတ်ယူပြီး ဆေးတံ စသောက်ပါတယ်။

အဲဒီနောက် သူဟာ မီးခိုးငွေ့တွေ မှုတ်ထုတ်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဦးထုပ်ဆောင်းကာ ဦးညွှတ်ပြီး အိမ်ထဲနဲ့ အိပ်မက်ထဲကနေ ထွက်သွားပါတယ်။

“...” ကလိုင်းဟာ ဒန်းစမစ်ရဲ့ ကျောပြင်ကို ကြည့်ရင်း အချိန် တော်တော်ကြာတဲ့အထိ ကြောင်တောင်တောင် ဖြစ်နေပါတယ်။

သူဟာ ပြောင်စင်သွားတဲ့ ပန်းကန်တွေကို ငုံ့ကြည့်ပြီး စောစောက အစားအစာတွေကို ဖန်တီးချင်စိတ် ပေါ်လာပါတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အမဲမြီး၊ သိုးသားကြော်နဲ့ အာလူးထောင်းက သူ့အိပ်မက်ထဲမှာ ပေါ်မလာတော့ပါဘူး။

‘လုံးဝ ကုန်သွားတာလား... အိပ်မက်ဆိုးက အဲဒီလို လုပ်နိုင်တာပဲလား...’ ကလိုင်းဟာ နှုတ်ခမ်း တွန့်လိုက်ပြီး မကျေမချမ်း တွေးလိုက်ပါတယ် ‘ဒါဆို ကပ္ပတိန်ရဲ့ ရည်ရွယ်ချက်က ငါ အိပ်မက်ထဲမှာ ထမင်းစားလို့ မရအောင် လုပ်တာပဲ... ဒါက တကယ့်ကို အိပ်မက်ဆိုးပဲ... အိပ်မက်ဆိုးအဖြစ် သရုပ်ဆောင်တာ တကယ်ကို ပညာသားပါတယ်...’

သူဟာ ရယ်မောပြီး အိပ်မက်ထဲက ထွက်လိုက်တဲ့အခါ အိပ်မော ထပ်ကျသွားပါတယ်။

နောက်တစ်နေ့ ငါးနာရီခွဲလောက်မှာ ကလိုင်းဟာ ရွေးချယ်စရာ မရှိတာကြောင့် အိပ်ရာစောစောထပြီး ကော်ဖီသောက်ကာ ပေါင်မုန့်ကင်နဲ့ ဝက်ဆားနယ်ခြောက် စားပါတယ်။ အဲဒီနောက် မြို့ထဲက မြန်မြန်ထွက်ပြီး ဒန်းစမစ်နဲ့ လူချင်းလဲပါတယ်။

ခုနစ်နာရီ ထိုးတဲ့အခါမှာတော့ သူတို့တွေဟာ ထင်းဂန်မြို့ဆီပြန်ဖို့ ပြင်ဆင်ပါတယ်။

သူတို့တွေ အမှတ် (၃၆) ဇိုးတလန်လမ်းကို ပြန်ရောက်တော့ ဆယ်နာရီတောင် မထိုးသေးပါဘူး။ အားအင်အရှိဆုံး ဒန်းစမစ်က ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို ချန်စီဂိတ်ထဲ ပြန်ပို့ချိန်မှာ ဖရိုင်းဟာ စာရိုက်စက်ရှေ့ ထိုင်လိုက်ပါတယ်။ သူဟာ စာရေး မရောက်သေးတာကို အခွင့်ကောင်းယူပြီး တာဝန်အကြောင်း အစီရင်ခံစာ ရေးကာ ကုန်ကျစရိတ် တောင်းခံပါတယ်။

ဘေးကနေ ကြည့်နေတဲ့ ကလိုင်းဟာ သူ ပိုးမွှားတွေနဲ့ ခြင်တွေကို မောင်းထုတ်တဲ့ ပစ္စည်းတွေပါ စာရင်းထဲ ပါတာ တွေ့လိုက်ရတဲ့အတွက် ကျေနပ်သွားပါတယ်။

သူဟာ အိမ်ကို ချက်ချင်း တန်းမပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါက်တာ ဒက်တာနဲ့ နေ့ခင်း တစ်ချက်ထိုးမှာ တွေ့ဖို့ လျှို့ဝှက်စာနဲ့ ချိန်းထားလို့ပါပဲ။

‘သုံးနာရီမှာ တဲရော့ တွေ့ဆုံပွဲလည်း ရှိသေးတယ်... ဘယ်လိုလုပ်ပြီး လျှို့ဝှက် အဖွဲ့အစည်း ခေါင်းဆောင်က ဒီလောက်ပင်ပန်းတဲ့ ဘဝ ရှိရတာလဲ...’ ကလိုင်းဟာ သူ့ကိုယ်သူ တွေးလိုက်ပါတယ်။ အဲဒီနောက် သူဟာ ညသိမ်းငှက် နားနေခန်းမှာ နှစ်နာရီ အိပ်ပါတယ်။

သူဟာ မနေ့က ရထားတဲ့ သတင်း အချက်အလက်တွေကို မမေ့ပါဘူး။ မေ့သွားမှာကိုလည်း မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီသတင်း အချက်အလက်တွေကို တွက်ချက်ပြီး ပြန်တွေးယူလို့ ရလို့ပါပဲ။ သူ ကြောက်တာက ဒီသတင်း အချက်အလက်တွေရဲ့ တည်ရှိမှုကို လျစ်လျူရှုမိမှာနဲ့ အဲဒါတွေကို ပြန်တွက်ချက်နိုင်စွမ်း ဆုံးရှုံးသွားမှာကိုပါ။ အဲဒါကြောင့် သူဟာ မအိပ်ခင် အဲဒီသတင်း အချက်အလက်တွေကို နောက်တစ်ခါ ပြန်တွေးပြီး ပိုမှတ်မိအောင် လုပ်ပါတယ်။

ဒီအကြောင်းကြောင့်ပဲ ကလိုင်းဟာ အပတ်တိုင်း ပြန်ဆန်းစစ်ပြီး သူ သိတဲ့ သတင်း အချက်အလက်တွေကို အစီအစဉ် ပြန်ချတာပါ။

နေ့လည်စာ စားပြီးတဲ့အခါ သူဟာ အိတ်ဆောင်နာရီကို တစ်ချက်ကြည့်ပြီး ဆူးနက် လုံခြုံရေးကုမ္ပဏီကနေ ထွက်ကာ အမှတ် (၃) ဇိုးတလန် လမ်းက သေနတ်ပစ်ကလပ်ဆီ သွားပါတယ်။

ကလိုင်းဟာ တံခါးကို တွန်းဖွင့်ပြီး သေနတ်ပစ်ကလပ်ရဲ့ ဧည့်ကြိုနေရာထဲ ဝင်လိုက်ပေမဲ့ ညသိမ်းငှက်တွေ ပိုင်တဲ့ သေနတ်ပစ်ကွင်းဆီ တန်းမသွားပါဘူး။ အဲဒီအစား သူဟာ ခန်းမထဲမှာ နေရာတစ်နေရာ ရှာထိုင်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။ သူ့လက်ထဲမှာလည်း အနက်ရောင် လက်ကိုင်တုတ်တစ်ချောင်း ကိုင်ထားပါတယ်။

သူဟာ ဒီနေရာမှာ ဒက်တာနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။ လက်ရေးစာစောင်တွေကနေ တစ်ဆင့် စီစဉ်ခဲ့တာပါ။ ကလိုင်းဟာ ဒေါက်တာ ဒက်တာ ဂျူဒေးရီယန်နဲ့ တွေဆုံဖို့လိုတိုင်း လူနာမိသားစုဝင် နေရာကနေ စာရေးပြီး စရိုက်ကွဲရောဂါ အကြောင်းကို မေးမြန်းပါတယ်။ သူဟာ စာထဲမှာ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ပွဲကြည့်သမား ဆိုတာကို ထည့်ပြောပါတယ်။ အဲ့ဒါအပြင် သူဆိုတာကို သက်သေပြတဲ့ လျှို့ဝှက်မှင် အမှတ်အသားလည်း ထည့်ပါတယ်။ စာထဲမှာ တွေဆုံမဲ့အချိန်ကိုလည်း သာမန်ကာလျှံကာ ထည့်ရေးပါတယ်။

တွေ့ဆုံမဲ့နေရာကိုတော့ သူတို့တွေ ပထမဆုံးအကြိမ် တွေ့ဆုံကတည်းက သတ်မှတ်ထားပြီးသားပါ။ ကလိုင်းက နေရာပြောင်းဖို့ လိုတယ်လို့ ခံစားရရင် လူချင်းတွေ့တဲ့အခါ ကိုယ်တိုင်ပြောမှာပါ။

ဒက်တာ ဂျူးဒေးရီယန်က အရေးမကြီးတဲ့ ကိစ္စတွေအတွက် တွေ့ဆုံဖို့ လိုလာရင်လည်း အမဲလိုက်ခွေး အရက်ဆိုင်ကိုပဲဖြစ်ဖြစ် သေနတ်ပစ်ကလပ်ကိုပဲဖြစ်ဖြစ် စာပို့လို့ရပါတယ်။ စာလက်ခံတဲ့ နာမည်ကတော့ မစ္စတာ ဟွန်းနာဆစ် ဖြစ်ပြီး ကလိုင်းက သတ်မှတ်ထားတဲ့အချိန်မှာ သွားယူလေ့ရှိပါတယ်။

အရေးကြီးတဲ့ အခြေအနေဆိုရင်တော့ အမဲလိုက်ခွေး အရက်ဆိုင်ရဲ့ သူဋ္ဌေးရိုက်ကို တိုက်ရိုက်ပေးပြီး ကြေးစား ရှာနေတယ်လို့ ပြောရပါတယ်။ ဒီလိုဆိုရင် ရိုက်က ညသိမ်းငှက်တွေနဲ့ ပတ်သက်နေတာ သိပြီး ဆူးနက် လုံခြုံရေးကုမ္ပဏီဆီ ချက်ချင်း ပို့ပေးပါတယ်။

တစ်ခဏ စောင့်ပြီးတဲ့နောက်မှာတော့ ကလိုင်းဟာ သေနတ်ပစ်ကလပ်ထဲ ဝင်လာတဲ့ ဒက်တာကို တွေ့လိုက်ရပါတယ်။

ဒက်တာဟာ အနက်ရောင် ဦးထုပ် ဆောင်းထားပြီး ထက်စီဒိုကို ဝတ်ဆင်ထားပါတယ်။ လက်ထဲမှာလည်း ငွေကွပ်ထားတဲ့ လက်ကိုင်တုတ်တစ်ချောင်း ကိုင်ထားပြီး မျက်နှာမှာလည်း ရွှေမျက်မှန်တစ်လက် တပ်ထားပါတယ်။

ဒက်တာဟာ ပုံမှန်အတိုင်း ကလပ်ထဲမှာ လျှောက်ကြည့်ရင်း သူ့ကို ခေါင်းမသိမသာ ညိတ်ပြတဲ့ ကလိုင်းကို တွေ့သွားပါတယ်။ အဲဒီနောက် သူဟာ အကြည့်ကို ပြန်ရုပ်သိမ်းပြီး ကောင်တာဆီ လျှောက်သွားကာ သေနတ်ပစ်ကွင်းနဲ့ သေနတ်တစ်လက် ငှားပါတယ်။

သူ ဒီကိုရောက်တာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။

“သေနတ်ပစ်ကွင်း အသေး ခုနစ်... တစ်နာရီကို သုံးဆိုလီ... ခြောက်လုံးပြူးငှားခက တစ်နာရီကို တစ်ဆိုလီနဲ့ ခုနစ်ပဲနိ... ကျည်ခြောက်တောင့်ပါတယ်” ဧည့်ကြိုဟာ ဒက်တာရဲ့ တောင်းဆိုချက်ကို လျင်လျင်မြန်မြန်ပဲ ဆောင်ရွက်ပေးပါတယ်။

ဒက်တာဟာ တစ်နာရီငှားမယ်ဆိုတာ အတည်ပြုပြီးနောက် ၁၀ ဆိုလီ ပေးလိုက်ပါတယ်။ အဲဒီနောက် သူဟာ ခြောက်လုံးပြူးနဲ့ ကျည်ဆံအပိုတွေကို ယူပြီး အကူဝန်ထမ်းရဲ့ ဦးဆောင်မှုအောက်မှာ သူငှားထားတဲ့ သေနတ်ပစ်ကွင်းဆီ လျှောက်သွားပါတယ်။

ကလိုင်းဟာ နောက်ထပ် ငါးမိနစ် စောင့်ပြီးမှ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် လက်ကိုင်တုတ်ကိုင်ရင်း သေနတ်ပစ်ကွင်း ခုနစ်ဆီ လျှောက်သွားကာ တံခါးခေါက်လိုက်ပါတယ်။

တံခါးဟာ ကျွီခနဲ မြည်ပြီး နည်းနည်း ဟသွားပါတယ်။ ဒက်တာဟာ ပထမဆုံး ဘေးဘီဝန်းကျင်ကို သတိကြီးကြီးနဲ့ ကြည့်ပြီးမှ တံခါးကို အပြည့်ဖွင့်ပေးပါတယ်။

ကလိုင်းဟာ ချက်ချင်း အထဲဝင်ပြီး တံခါးကို ပြန်ပိတ်လိုက်ပါတယ်။

“မင်္ဂလာ နေ့လည်ခင်းပါ မစ္စတာဒက်တာ...” ကလိုင်းဟာ ၁၀ ဆိုလီတန် တစ်ရွက် ထုတ်ရင်း နှုတ်ဆက်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ၁၀ ဆိုလီတန်ကို ဒက်တာဆီ ကမ်းပေးလိုက်ပါတယ် “လုပ်ဖော်ကိုင်ဖက်ကို အပိုကုန်ခိုင်းလို့ မဖြစ်ဘူးမလား”

‘တကယ်က ငါ အစားပြန်တောင်းလို့ ရလို့...’ ကလိုင်းဟာ စိတ်ထဲမှာ ဖြည့်ပြောလိုက်ပါတယ်။

ဒက်တာဟာ မငြင်းပါဘူး။ ၁၀ ဆိုလီတန်ကို အိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။

“မစ္စတာမိုရက်တီ... ကျွန်တော်နဲ့ တွေ့ချင်တာ ဘာကိစ္စရှိလို့လဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters