တစ်ချိန်တည်း ဘာသာပြန်ပေးခြင်း
Vol. 15 Ch. 143
ကလိုင်းဟာ သေနတ်ပစ်ကွင်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ထာဝရည နတ်ဘုရားမ ဘုရားကျောင်းက အမြင်ဆရာ လမ်းကြောင်းကို ဘယ်လို သဘောထားလဲဆိုတာ စဉ်းစားပါတယ်။
‘ညသိမ်းငှက်တွေကို ဒီလမ်းကြောင်း မရွေးစေချင်တာလား... ဒါမှမဟုတ် ဒီလမ်းကြောင်းလျှောက်တဲ့ သာလွန်သူတွေ စွမ်းအားကြီးလာမှာကို မလိုချင်တာလား... အဲဒါကြောင့် အကူဖြစ်တဲ့ ဆုံမှတ် ၉ အမြင်ဆရာကိုပဲ ထုတ်ပြထားတာလား... ကပ္ပတိန်က သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းမှာ နောက်ပိုင်း ဖော်မြူလာတွေ ရှိနိုင်တယ်လို့လည်း ပြောထားတယ်...’
‘မဟုတ်ဘူး... ငါ ဖတ်ထားတဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေထဲမှာ ဆုံမှတ် ၈ နဲ့ ဆုံမှတ် ၇ ရဲ့ ဆေးရည်နာမည်တွေတောင် မပါဘူး... ဆုံမှတ်တွေရဲ့ အစွမ်းအစကို ပါတယ်ဆိုရုံပဲ ဖော်ပြထားတာ... ဒီတော့ သူတို့တွေက သူတို့ရဲ့ လက်အောက်ငယ်သားတွေကို သူတို့လက်ထဲမှာ ဖော်မြူလာ ရှိတယ်ဆိုတာ မသိစေချင်ဘူး...’
‘ဒီလမ်းကြောင်းကို ရွေးချယ်တဲ့ သာလွန်သူတွေက အန်တီဂိုနပ်မိသားစုအတွက် အငြိုးအတေး စိတ်ဝိညာဉ်တွေ ဖြစ်လာလို့ ဘုရားကျောင်းရဲ့ အထက်လူကြီးတွေက ဒီလိုဆုံးဖြတ်ချက် ချထားတာလား... ဒါမှမဟုတ် တခြားအကြောင်းအရင်း တစ်ခုခု ရှိနေတာလား...’
ကလိုင်းဟာ ရုတ်တရက်ဆိုသလို တော်တော်လေး သံသယဝင်စရာကောင်းတယ်လို့ ခံစားလိုက်ရပြီး ဘုရားကျောင်းရဲ့ အထက်လူကြီးတွေကို မယုံသင်္ကာဖြစ်ကာ သတိကြီးကြီး ထားမိသွားပါတယ်။ သူဟာ လူရွှင်ဖြစ်ဖို့ အထူးအစီရင်ခံစာကို တင်သင့် မတင်သင့်တောင် စပြီးတော့ စဉ်းစားလာပါတယ်။
‘ဒီနောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေရင် ငါ မီးပုံထဲ ခုန်ဆင်းသလို ဖြစ်နေလိမ့်မယ်... ရိုးရိုးသားသား ပြောရရင် ငါက တင်းတင်းကျပ်ကျပ် စုံစမ်းစစ်ဆေးမှုအောက်မှာ နေနိုင်တဲ့လူ မဟုတ်ဘူး...’
‘ဒါပေမဲ့ ထင်းဂန်မြို့ ရုံးခွဲက လူရွှင် ဆေးရည်ဖော်မြူလာကို ဘုရားကျောင်းဆီ အပ်လိုက်ပြီ... ဒီကိစ္စကို သိသွားတဲ့ ဘယ်အမြင်ဆရာမဆို အဆင့်တက်နိုင်ဖို့ မျှော်လင့်မှာပဲ... ဒါက သာမန်ပဲ... ဆုံမှတ် ၈ က အဆင့်နိမ့် ဆုံမှတ်လို့ သတ်မှတ်ထားတုန်းဆိုတော့ အများကြီး အာရုံစိုက် မခံရလောက်ပါဘူး...’
‘ပြဿနာက ငါ ဆေးရည်ကို တစ်လအတွင်း အကုန်အစင် ချေဖျက်ပြီး အထူးအစီရင်ခံစာ တင်တာပဲ... အထက်လူကြီးတွေသာ သရုပ်ဆောင်တဲ့ နည်းလမ်းနဲ့ ရင်းနှီးမယ်ဆိုရင် ငါ ဘာလုပ်တယ်ဆိုတာ ချက်ချင်း သိသွားမှာပဲ...’
‘ဒါပေမဲ့ ငါ့မှာ ဆင်ခြေပြစရာ ရှိတယ်... နတ်ဝင်သည် ဒေလီနဲ့ သိတယ်ဆိုပြီး ဆင်ခြေပေးလို့ရတယ်... လူအိုကြီးနီးလ်ကလည်း လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေရဲ့ ဆောင်ပုဒ်ကို တင်းတင်းကျပ်ကျပ် လိုက်နာတဲ့လူပဲ... ငါ သူတို့ဆီကနေ အကြံရပြီး သရုပ်ဆောင်တဲ့ နည်းလမ်းကို ရှာတွေ့သွားတယ်လို့ ပြောရင် ယုံကြည်ဖို့ သိပ်မခက်တော့ဘူး...’
‘ဟုတ်တယ်... ဒေလီတောင် ဆုံမှတ် ၇ ဆေးရည်ကို သုံးနှစ်အတွင်း ချေဖျက်နိုင်တဲ့ လက္ခဏာပြမှ အထက်လူကြီးတွေ အာရုံစိုက်တာခံရပြီး အခု ဂိုဏ်းချုပ်ဘုန်းတော်ကြီးရဲ့ ပျိုးထောင်ခြင်းကို ခံရတာ... လူရွှင်အဆင့်လောက်က သိပ်ပြီးတော့ အာရုံစိုက်ခံရမှာ မဟုတ်ဘူး... ငါက လူရွှင်ဆေးရည်ကို သုံးလေးလအတွင်း အကုန်အစင် ချေဖျက်နိုင်ရင်တော့ တစ်မျိုးပေါ့... အဲဒီလိုဆို သူတို့က ငါ သရုပ်ဆောင်တဲ့ နည်းလမ်းကို အမှန်တကယ် တတ်မြောက်တယ်လို့ အတည်ပြုနိုင်သွားလိမ့်မယ်...’
‘အဲဒီတော့ ငါ လူရွှင်ဆေးရည်အတွက် အစီရင်ခံစာ တင်တာက စွန့်စားရာ မရောက်ဘူး... စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်လို့ရတယ်... ဒါပေမဲ့ နောက်ကျရင် သတိတော့ ထားရလိမ့်မယ်... ဟင်း... ငါ ခြေတစ်လှမ်းချင်း လှမ်းရမှာပဲ... အိမ်ပြန်ရောက်မှ တွက်ချက်ကြည့်ရမယ်...’
ကလိုင်းဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ခြောက်လုံးပြူးကို ထုတ်ယူကာ ပုံမှန်အတိုင်း သေနတ်ပစ် လေ့ကျင့်ပါတယ်။
ဝဲလ်ဆီကနေ ရထားတဲ့ ဒီခြောက်လုံးပြူးရဲ့ အရည်အသွေးက တော်တော် ကောင်းပါတယ်။ ကြီးကြီးမားမား မထိခိုက်ဘူးဆိုရင် နှစ်တော်တော်ကြာတဲ့အထိ သုံးလို့ရဦးမှာပါ။ ဒီလိုနှစ်အကြာကြီး သုံးနိုင်အောင် သူ့ကို သေနတ်ထိန်းသိမ်းနည်း သင်ပေးတဲ့ ဒန်းစမစ်နဲ့ လန်နာ့ဒ်ကိုလည်း ကျေးဇူးတင်ရပါမယ်။
‘ရိုးရိုးသားသား ပြောရရင် ထိခိုက်သွားလည်း ကိစ္စမရှိပါဘူး... အစားတောင်းလို့ ရတာပဲ...’ ကလိုင်းဟာ ပစ်မှတ်ကို ကြည့်ပြီးနောက် ခြောက်လုံးပြူးကို သိမ်းကာ သေနတ်ပစ်ကလပ်ကနေ ထွက်လိုက်ပါတယ်။
သူဟာ အများသုံးမြင်းလှည်းနဲ့ ဒက်ဖဒိုလမ်းဆီ ပြန်ပါတယ်။ သူ့အိမ်ရှေ့ မရောက်ခင်မှာဘဲ သူ့အိမ်တံခါးရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတဲ့ မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရပါတယ်။
ဒီမိန်းမပျိုဟာ အပြာရောင် ဇာအင်္ကျီကို ဝတ်ဆင်ထားပြီး ပါးလျတဲ့ ဇာဦးထုပ်ကို ဆောင်းထားပါတယ်။ သူမဟာ မလီဆာရဲ့ အတန်းဖော် ပါးနည်းနည်းဖောင်းတဲ့ အဲလစ်ဇဘတ်ပါ။
သူမဟာ ကလိုင်းကို မြင်လိုက်ရတဲ့အခါ ဦးထုပ်ချွတ်ပြီး ဝမ်းသာပျော်ရွှင်တဲ့ မျက်နှာနဲ့ ကလိုင်းနားကို မပြေးရုံတမယ် ချဉ်းကပ်သွားပါတယ်။ သူမဟာ နှစ်စက္ကန့်လောက် ရပ်ပြီးမှ ပြုံးလိုက်ပါတယ်။
“မင်္ဂလာ နေ့လည်ခင်းပါ မစ္စတာမိုရက်တီ... ကျွန်မအထင် ရှင် လမိုဒ်မြို့ကနေ ပြန်လာတာမလား...”
‘မဟုတ်ဘူး... ငါ မနက်ကတည်းက ပြန်ရောက်နေတာ...’ ကလိုင်းဟာ ပြုံးလိုက်ပါတယ်။
“မဟုတ်ဘူး... ငါ ဇိုးတလန်လမ်းကနေ ပြန်လာတာ”
‘ဟီးဟီး... ဒါက မှန်မှန်ကန်ကန် ဖြေတာပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ ရယ်လိုက်ပါတယ်။
အဲလစ်ဇဘတ်ဟာ တစ်ခဏ ခဲသွားပြီးနောက် စိတ်လှုပ်တရှား ပြောပါတယ်။
“ဟုတ်ပါပြီ... ကျွန်မ မှန်းတာ မှားသွားပါတယ်ရှင့်... ကျွန်မ ရှင့်ကို လာရှာတာ မနေ့ညက အိပ်မက်ဆိုး မမက်တဲ့အကြောင်း ပြောမလို့... အဲဒီ အနက်ရောင်ချပ်ဝတ်နဲ့ စစ်သူရဲက ကျွန်မ အိပ်မက်ထဲမှာ ပေါ်မလာတော့ဘူး... ဒါက ရှင်တွက်ချက်ထားတဲ့ အတိုင်း ကွက်တိပဲ”
‘ဒီလိုပဲ ဖြစ်ရမယ်လေ... အဲဒီတစ္ဆေကို ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို လုံးဝ သန့်စင်လိုက်ပြီ... ငါတောင် သူ့စိတ်ဝိညာဉ်နဲ့ ဆက်သွယ်လို့ မရတော့တာ နင့်အိပ်မက်ထဲမှာ ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်မှာလဲ...’
ကလိုင်းဟာ ရယ်ပြီး ချိုချိုသာသာ ဖြေပါတယ် “မင်း အဆင်ပြေသွားတာ ငါ ဝမ်းသာပါတယ်... ငါ့ရဲ့ တွက်ချက်မှု မှန်တာကိုလည်း ကျေနပ်အားရမိတယ်”
“ကျေးဇူးပါပဲ... တကယ်ကို ကျေးဇူးတင်တာပါ.. အင်း... ကျွန်မ သွားရတော့မယ်... အတန်းရှိသေးတယ်... ဘိုင်... ဘိုင်... မစ္စတာမိုရက်တီ... ကျွန်မ အားရင် မလီဆာဆီ လာလည်ဦးမယ်” အဲလစ်ဇဘတ်ဟာ လမ်းဘေးမှာ ရပ်ထားတဲ့ မြင်းလှည်းတစ်စီးငှားပြီး ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားပါတယ်။
မြင်းလှည်းဘီး စရွှေ့တဲ့အခါ သူမဟာ ပြုံးပြီး မော်မော်ကြွားကြွား တွေးလိုက်ပါတယ် ‘မလီဆာက သူ့အစ်ကို ဘယ်လောက် တော်တယ်ဆိုတာ သေချာပေါက် မသိသေးဘူး’
...
‘ငါ့ရှင်းပြချက်က သုံးစားမရပေမဲ့ ဒီလို ကောင်မလေးတွေက သူတို့ရဲ့ ဆဋ္ဌမအာရုံကို ပိုယုံတာဆိုတော့ သူ့ဘာသာ စိတ်ကူးယဉ်တွေးပြီး ယုံလိုက်မှာပဲ...’
အဲလစ်ဇဘတ် မြင်းလှည်းပေါ် တက်သွားတဲ့အခါ ကလိုင်းလည်း တံခါးဖွင့်ပြီး အိမ်ထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် သူ့အခန်းဆီ လျှောက်သွားပါတယ်။
သူဟာ ခဏနားပြီးနောက် ပြီးခဲ့တဲ့အပတ်မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို စပြီးတော့ စုစည်းပါတယ်။ သူ အဖြေရှာမရသေးတဲ့ မေးခွန်းတွေလည်း ပါပါတယ်။
ပြီးတဲ့အခါမှာတော့ သူဟာ ချရေးထားတဲ့ မှတ်စုတွေကို မီးရှို့ပစ်ပြီး အိတ်ဆောင်နာရီ ထုတ်ကာ နာရီကြည့်ပါတယ်။
“နှစ်နာရီတောင် ခွဲသွားပြီလား... ဆယ့်ငါးမိနစ်ကျော်ပဲ ကျန်တော့တယ်...”
အချိန်နည်းနည်း ရှိသေးတဲ့အတွက် ကလိုင်းဟာ အဝတ်အစား အဟောင်း ဝတ်ပြီး သံကြက်ခြေခတ်လမ်းမှာရှိတဲ့ စမရင်မုန့်ဆိုင်ဆီသွားကာ မစ္စဝင်ဒီဆီကနေ လက်ဖက်ရည်အေးတစ်ခွက် ဝယ်သောက်ပါတယ်။
သူဟာ အိမ်အပြန်လမ်းမှာ လက်ဖက်ရည်အေး သောက်ပြီး အိမ်ပြန်ရောက်တဲ့အခါ သူ့အခန်းကို စိတ်ဝိညာဉ်တံတိုင်းနဲ့ ချိပ်ပိတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ သုံးနာရီထိုးဖို့ ၁၅ မိနစ်ပဲ လိုပါတော့တယ်။ သူဟာ နာရီလက်တံ ပြောင်းပြန်အတိုင်း ခြေလှမ်း လေးလှမ်း လေးပြီး မီးခိုးရောင်မြူခိုးထက်က လောကထဲ ဝင်လိုက်ပါတယ်။
တိတ်ဆိတ်ငြိမ်သက်တဲ့ ရှေးဟောင်း နန်းတော်ကြီးမှာ ကလိုင်းဟာ သိုးသားရေ စာရွက်တစ်ရွက်ကို တွေးယူဖန်တီးပြီး ဗေဒင်တွက်မဲ့ စာကြောင်းတစ်ကြောင်းကို ချရေးလိုက်ပါတယ်။
“ငါ လူရွှင်ဆေးရည်ကို ညသိမ်းငှက်တွေဆီကနေ ရယူသင့်တယ်”
သူဟာ ဖော့ပင်ကို အောက်ချပြီး လက်ကောက်ဝတ်က စိတ်ဝိညာဉ်ချိန်သီးကို ဖြုတ်လိုက်ပါတယ်။ သူဟာ ချိန်းကြိုးကို ဘယ်လက်ထဲမှာ မြဲမြဲကိုင်ပြီး ဥဿဖရားကို စာရွက်နဲ့ ထိလုနီးပါး တွဲလောင်းချလိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ သူဟာ ဗေဒင်တွက်မဲ့ စာကြောင်းကို ခုနစ်ခေါက် ရွတ်ဆိုပါတယ်။ အဲဒီနောက် သူ့ရဲ့ မျက်လုံးတွေဟာ မည်းမှောင်သွားပြီး သူ့လက်ထဲက ဥဿဖရားဟာ စပြီးတော့ လည်ပါတယ်။ နာရီလက်တံအတိုင်း လည်တာပါ။
‘အခြေအနေ ကောင်းတယ်ဆိုတော့ ငါ့အစီအစဉ်က သင့်လျော်တယ်ပေါ့... ဒါပေမဲ့ လူရွှင် နောက်ပိုင်း ဆုံမှတ်တွေအတွက်က ပြောဖို့ခက်တယ်... ငါ့ရဲ့ တဲရော့ကလပ်ကို တိုးတက်လာအောင် အလေးထား လုပ်ဆောင်သင့်ပြီ...’ ကလိုင်းဟာ အဖြေမှန်ကို အတည်ပြုဖို့ နောက်တစ်ခါ တွက်ချက်ပါတယ်။
ပြီးတဲ့အခါမှာတော့ သူဟာ နေမင်းကို ကိုယ်စားပြုတဲ့ နီမှောင်ရောင်ကြယ်ကို လက်နဲ့ဖိလိုက်ပါတယ်။
သူ ငွေမြို့တော်က လူငယ်လေးကို စောစောခေါ်လိုက်တာက ဒီလောကမှာ ဖြစ်ပျက်တာတွေကို ခြောက်ဦးကောင်စီဆီ ပြန်ပြောလား မပြောဘူးလားဆိုတာ မေးချင်လို့ပါ။ မပြောဘူးဆိုရင်တော့ တွေ့ဆုံပွဲ ဘယ်အချိန်စလဲဆိုတာ သိနိုင်တဲ့ ပိုကောင်းတဲ့ နည်းလမ်းကို ပြောပြမှာပါ။
...
ငွေမြို့တော်၊ ဘာ့ဂ်အိမ်၊ အခန်းတစ်ခန်းအတွင်း။
ဒဲရစ်ဟာ ခုတင်ဘေးမှာ တိတ်တဆိတ် ထိုင်ပြီး အရူး ဆင့်ခေါ်တာကို စောင့်ဆိုင်းနေပါတယ်။ ဘေးနားမှာ လူတွေရှိမှာစိုးတဲ့အတွက် သူဟာ ပြန်ရောက်လာကတည်းက အိမ်ပြင်ကို မထွက်ပါဘူး။ အဲဒါကြောင့် သူ့ဆီမှာရှိတဲ့ အစားအစာတွေက ကုန်လုနီးပါး ဖြစ်သွားပါပြီ။
ဆာလောင်မှုကို မြိုသိပ်ပြီး တဂွီဂွီအသံကို နားထောင်လိုက်ရတဲ့ ဒဲရစ်ဟာ အမှောင်ထု လွင်ပြင်မှာ လျှောက်သွားနေတဲ့ သက်ရှိအလောင်းကောင်လို ခံစားလိုက်ရပါတယ်။ သို့ပေမဲ့ သူဟာ တိတ်တိတ်လေး ဆက်နေပြီး မတ်တတ်လည်း မရပ်ပါဘူး။
အဲဒီအချိန်မှာပဲ သူဟာ လေထဲမှာ နီမှောင်ရောင် ပေါ်လာတာကို တွေ့လိုက်ရပြီး အဲဒီအရောင်တွေက သူ့ကို လျင်လျင်မြန်မြန် ဝါးမျိုသွားပါတယ်။
အပြောကျယ်ပြီး အထီးကျန်ဆန်လှတဲ့ မီးခိုးရောင်လောကဟာ သူ့မြင်ကွင်းထဲမှာ တစ်ဖန် ပြန်ပြီးတော့ ပေါ်လာပါတယ်။ စားပွဲရှည်ရဲ့ ထိပ်ဆုံးထိုင်ခုံမှာ ထိုင်နေတဲ့ မျက်နှာကို ထူထဲတဲ့ မြူခိုးတွေ ဖုံးနေတဲ့ အရူးကိုလည်း ထပ်ပြီးတော့ တွေ့လိုက်ရပါတယ်။
ကလိုင်းဟာ သူ့ဆင့်ခေါ်မှု နှောင့်ယှက်မခံရတဲ့အတွက် ကျေနပ်သွားပါတယ်။ ဘယ်လို ဘေးအန္တရာယ်မှ ချက်ချင်း မကျရောက်ဘူးဆိုတာလည်း အတည်ပြုနိုင်လိုက်ပါတယ်။
“နေမင်း... ငါတို့တွေ ထပ်တွေ့ပြန်ပြီ” သူဟာ ဂျိုဒင်စကားသုံးပြီး အပြုံးနဲ့ နှုတ်ဆက်လိုက်ပါတယ်။
ဒဲရစ်ဟာ ဖြစ်ပျက်သွားတာတွေကြောင့် လန့်နေတုန်းမလို့ ခေါင်းငုံံ့လိုက်ပါတယ်။
“အရှင်က ကတိတည်တဲ့ အရူးပဲ”
“တခြားအဖွဲ့ဝင်တွေလည်း ခဏနေရင် ရောက်လာလိမ့်မယ်... အဲဒီမတိုင်ခင် ငါ မင်းနဲ့ အရင်ဆုံး အတည်ပြုစရာ နည်းနည်း ရှိတယ်”
ကလိုင်းဟာ ဒီတစ်ကြိမ်မှာတော့ လိုအင်စကား သုံးလိုက်ပါတယ်။ ဒါပေမဲ့ ဆန်းကြယ်လောကကို ဂျိုဒင်စကားအဖြစ် ပြောင်းပေးဖို့ အမိန့်ပေးလိုက်ပါတယ်။ အဲဒါကြောင့် သူ့ရဲ့ လိုအင်စကားသံက ဒဲရစ်ရဲ့ နားထဲကို ရောက်သွားတဲ့အခါ ဂျိုဒင်စကားသံ ဖြစ်သွားပါတယ်။
နေမင်းက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
“ဘာကိစ္စလဲ”
‘အင်း... ငါက အခု ဂျိုဒင်စကားကို အတိုင်းအတာ တစ်ခုအထိ တတ်မြောက်သွားပြီ... မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောက,ကလည်း ငါပြောတာကို တစ်ချိန်တည်းမှာ ဘာသာပြန်ပေးနိုင်တယ်... ဒီတော့ နေမင်းပြောတာကို တရားမျှတမှုနဲ့ လူဇောက်ထိုး နားမလည်မှာ စိုးရိမ်စရာ မလိုတော့ဘူး... ဟင်း... ငါ့လိုမျိုး ဘော့စ်တစ်ယောက်က ဘာဖြစ်လို့ မနားမနေ အလုပ်လုပ်နေရတာလဲ...’
ကလိုင်းဟာ ခေါင်းခါပြီး ရယ်လိုက်ပါတယ်။
“မင်းကို ငါ့အမည်နာမ ခေါ်ဆိုဖို့ ခွင့်ပြုမယ်... ငါပြောမဲ့ မန္တန်ကို မှတ်ထားချည်”
“ဒီလောကက မပိုင်ဆိုင်တဲ့အရူး... မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ်တဲ့ စိုးမိုးသူ... ကံကောင်းခြင်းကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်”
ဒါကို ကြားလိုက်ရတဲ့ ဒဲရစ်ရဲ့ မျက်ဆံတွေဟာ ကျုံ့ဝင်သွားပြီး နည်းနည်းလေးတောင် အာရုံမထွေပြားရဲပါဘူး။ သူဟာ စိတ်ထဲမှာ ထပ်ခါထပ်ခါ ရွတ်ဆိုပြီး သူရထားတဲ့ မန္တန် မှန်မှန်ဆိုတာကို အရူးနဲ့ အတည်ပြုပါတယ်။
“မင်း ငွေမြို့တော်ကို ပြန်ရောက်တိုင်း အစီအရင် ရိုးရိုးတစ်ခုလုပ်ပြီး ငါ့အမည်နာမကို ရွတ်ဆိုချည်... နောက်တွေ့ဆုံပွဲတွေကို ငါ ကြိုပြီးတော့ သတိပေးမယ်... တခြားရက်တွေမှာ မင်း အများကြီး အာရုံစိုက်စရာ မလိုဘူး... ဘယ်သူ့ကိုမှလည်း ရှောင်စရာ မလိုဘူး... ငါ့ဆီက သတိပေးချက်ရရင် နှလုံးခုန်ကြိမ် တစ်ထောင်အတွင်း တစ်ယောက်တည်း သီးသန့်ဖြစ်အောင်နေ”
ကလိုင်းဟာ အချိန်တော်တော်ကြာအောင် စဉ်းစားထားတဲ့ နည်းလမ်းကို ပြောပြပါတယ်။
ဒီဟာက သေချာဆန်းစစ်ကြည့်ရင် ဆုတောင်းတာကို တုံ့ပြန်တာပါပဲ။
ငွေမြို့တော်ရဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားရတဲ့အပြင် အချိန်ကုန်မှာလည်း စိုးတာကြောင့် ကလိုင်းဟာ အစီအရင်ရဲ့ တခြားအဆင့်တွေကို ဖယ်ထုတ်ပြီး သူ့ဆီကို တိုက်ရိုက် ဆက်သွယ်ခိုင်းတာပါ။
“နှလုံးခုန်ကြိမ် တစ်ထောင်...” ဒဲရစ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ကလိုင်းဟာ တဲရော့ကလပ်ရဲ့ အကြမ်းဖျင်း အခြေအနေကို ဒဲရစ်သိအောင် ရှင်းပြပြီးနောက် အိတ်ဆောင်နာရီထုတ်ကာ နာရီကြည့်လိုက်ပါတယ်။
ဒဲရစ်ဟာ တစ်ခဏ ခဲသွားပြီး ဒီထူးဆန်းတဲ့ပစ္စည်းကို အလိုလို ကြည့်မိလိုက်ပါတယ်။
သုံးနာရီ ထိုးခါနီးတဲ့အခါ ကလိုင်းဟာ လက်ဆန့်ပြီး တရားမျှတမှုနဲ့ လူဇောက်ထိုးကို ကိုယ်စားပြုတဲ့ နီမှောင်ရောင်ကြယ်တွေကို ထိလိုက်ပါတယ်။
ဒါကို မျက်တောင်မခတ်ဘဲ ကြည့်နေတဲ့ ဒဲရစ်ဟာ သူ့ရဲ့ မျက်နှာချင်းဆိုင်နဲ့ သူ့ဘေးမှာ အလင်းရောင် တောက်ပသွားပြီး ဝေဝါးတဲ့လူနှစ်ယောက် ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
အော်ဒရီဟောလ်ဟာ သူမရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ရုတ်တရက်ဆိုသလို ခဲသွားပါတယ်။ အဲဒီနောက် သူမဟာ အမြဲတမ်း တည်ငြိမ်နေတဲ့ မစ္စတာအရူးရဲ့ အသံကို ကြားလိုက်ရပါတယ်။
“ဒါက ငါတို့ရဲ့ အဖွဲ့ဝင်အသစ်... သူ့လျှို့ဝှက်နာမည်က နေမင်းပဲ”
“ဒါက မစ္စတရားမျှတမှု... ဒါက မစ္စတာ လူဇောက်ထိုးပဲ”
‘အဖွဲ့ဝင်အသစ်...’ အော်ဒရီဟာ ပထမတော့ တအံ့တဩ ဖြစ်သွားပေမဲ့ ချက်ချင်းဆိုသလို ဝမ်းသာပျော်ရွှင်သွားပါတယ်။ သူမဟာ တဲရော့ကလပ် ဖွံ့ဖြိုးတိုးတက်လာတာကို ကြည့်ပြီး တော်တော်လေး စိတ်လှုပ်ရှားသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လိုက်တစ်ယောက်လိုမျိုး ခံစားလိုက်ရလို့ပါပဲ။
လူဇောက်ထိုး အယ်ဂျာကတော့ အရူးက အဖွဲ့ဝင်အသစ်ကို ရုတ်တရက် ဆွဲသွင်းလိုက်တဲ့အတွက် မျက်မှောင်ကြုတ်ပြီး နည်းနည်း စိတ်မချမ်းမသာ ဖြစ်သွားပါတယ်။
‘အနည်းဆုံး ငါတို့ကို ကြိုပြောထားသင့်တယ်... ဒါပေမဲ့ မစ္စတာအရူးလိုမျိုး ကြီးမြတ်တဲ့ တည်ရှိမှုက ငါတို့ရဲ့ ခံစားချက်ကို ဂရုစိုက်စရာမှ မလိုတာ...’ အယ်ဂျာဟာ စိတ်ထဲမှာ တွေးလိုက်ပြီးနောက် တရားမျှတမှုနဲ့ နေမင်းကို ရိုးရိုးရှင်းရှင်း နှုတ်ဆက်ပါတယ်။
အဲဒီအချိန်တိုလေးအတွင်းမှာ အော်ဒရီဟာ ပွဲကြည့်သမား အခြေအနေထဲ ဝင်လိုက်ပြီး အဖွဲ့ဝင်အသစ် နေမင်းကို သေချာအာရုံစိုက် လေ့လာပါတယ်။
‘သူက တော်တော် ငယ်တယ်... သူ့ကိုယ်အမူအရာကို ကြည့်ရတာ နည်းနည်း ရင်ထိတ်ပြီး ချုပ်တည်းထားပုံ ရှိတယ်... ဒါပေမဲ့ တိတ်ဆိတ် ငြိမ်သက်ပြီး တော်ရုံတန်ရုံ ဂရုမစိုက်တဲ့ပုံရှိတယ်... အင်း... အထီးကျန်တဲ့ ဝံပုလွေ... ဟုတ်တယ်... အထီးကျန်တဲ့ ဝံပုလွေလိုမျိုးပဲ...’
အော်ဒရီဟာ ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးမှာ ထိုင်နေတဲ့ အရူးကို တစ်ချက်ကြည့်ရင်း တွေးလိုက်ပါတယ်။ အဲဒီနောက် သူမဟာ ဝမ်းသာအားရ ပြောလိုက်ပါတယ်။
“မစ္စတာအရူး... ကျွန်မ ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီရဲ့ နောက်ထပ် စာရွက်နှစ်ရွက် စုဆောင်းမိထားတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။