← Chapters

ဧည့်သည်

Vol. 15 Ch. 147

ဧည့်သည်

Vol. 15 Ch. 147

အလွတ်တမ်း စုံထောက် ရုံးခန်းအတွင်း။

“လူကြီးမင်း... လူကြီးမင်း စုံစမ်းခိုင်းထားတာ စုံစမ်းလို့ ရပြီ” စုံထောက် ဟန်နရီဟာ သူ့ရှေ့က လူကြီးမင်းကို အသံဩဩနဲ့ ပြောပါတယ်။ အဲဒီနောက် သူဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

“ဒီတာဝန်က မလွယ်ဘူး... သိပ်ပြီးတော့ မခက်ခဲပေမဲ့ အားတော်တော် စိုက်ရတယ်... အမှန်အတိုင်း ပြောရရင် ကျွန်တော် ဒီတာဝန်ကို ဈေးလျှော့တောင်းမိလို့ နည်းနည်းတောင် နောင်တ ရမိတယ်”

‘ဟင်း... မင်း ဘာပဲပြောပြော ငါက နောက်ထပ် တစ်ပဲနိတောင် ထပ်ပေးမှာ မဟုတ်ဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ လေးလေးနက်နက် ပြောလိုက်ပါတယ်။ သူဟာ အဲဒီနောက် ကော်ဖီစားပွဲပေါ်က စာရွက်တွေကို လက်ညှိုးထိုးပြီး မေးပါတယ်။

“ဒါက စုံစမ်းမှု အစီအရင်ခံစာလား”

“ဟုတ်ပါတယ်” ဟန်နရီဟာ အနည်းဆုံး စာရွက်ခြောက်ဆယ်လောက် ရှိတဲ့ အစီအရင်ခံစာကို လက်နဲ့ဖိပြီး သက်ပြင်းချလိုက်ပါတယ် “ဒါက ကျွန်တော် ရေးခဲ့တဲ့ အစီရင်ခံစာတွေထဲမှာ အလုပ် အများဆုံး အစီရင်ခံစာပဲ...”

သူ့စကား မဆုံးခင်မှာဘဲ ကလိုင်းက လေးပေါင် ပေးလိုက်ပါတယ်။ ချက်ချင်းပဲ သူ့အာရုံက ပိုက်ဆံတွေ စစ်မစစ် ဆုံးဖြတ်တဲ့ဆီ ရောက်သွားပါတယ်။

“ဒါက ကျန်တဲ့ငွေပဲ” ကလိုင်းဟာ ပိုက်ဆံကို လက်ထဲမှာ ကိုင်ရင်း ပြောပါတယ်။

ဟန်နရီဟာ ချောင်းတစ်ချက် ဟန့်ပါတယ်။

“လူကြီးမင်းက တကယ်ကို ကတိတည်တဲ့ လူကြီးလူကောင်း တစ်ယောက်ပဲ... ဟင်း... စုံစမ်းမှု အစီရင်ခံစာမှာ စာရွက်တွေ ဒီလောက် အများကြီး သုံးရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... တွက်ချက်ထားတဲ့ ဘတ်ဂျက်ထက် ပိုကုန်သွားတယ်”

အဲဒီအချိန်မှာ ကလိုင်းဟာ စုံစမ်းမှု အစီရင်ခံစာ အထူကြီးကို ယူပြီး မတ်တတ်ရပ်လိုက်ပါတယ်။ သူဟာ ဟန်နရီကို အသာ ဦးညွှတ်ပြီးတာနဲ့ လက်ကိုင်တုတ်ကိုင်ကာ တံခါးဆီ လျှောက်သွားပါတယ်။

စုံထောက် ဟန်နရီရဲ့ နောက်ဆုံးစကားဟာ လည်ချောင်းထဲမှာ တစ်သွားပါတယ်။

‘ဟေး... အစီရင်ခံစာ ရေးတဲ့နေရာမှာသုံးတဲ့ စာရွက်တွေအတွက် ပိုက်ဆံထပ်ရဖို့ မျှော်လင့်နေတာလား... အဲဒါက လုပ်အားခထဲမှာ ပါပြီးပြီလေ’ ကလိုင်းဟာ ကျန်တဲ့ပိုက်ဆံ ငါးပေါင်နဲ့ ရှစ်ဆိုလီကို ကိုင်ကြည့်ရင်း စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ဘက်ဆစ်လမ်းပေါ် ခပ်သွက်သွက် လျှောက်သွားပါတယ်။

သူဟာ ပတ်ဝန်းကျင်ကို သေချာစစ်ဆေးပြီး သူ့ကို ဘယ်သူမှ အာရုံစိုက်မနေဘူးဆိုတာ အတည်ပြုပြီးမှ နေရာကနေ ထွက်ခွာပါတယ်။ အဲဒီနောက် အခွင့်အရေးရှာပြီး မျက်နှာဖုံး ချွတ်ပါတယ်။

ကလိုင်းဟာ အိမ်ကို တန်းပြန်ဖို့ အစီအစဉ် မရှိပါဘူး။ ကော်ဖီဆိုင် ထိုင်ပြီး စုံစမ်းမှု အစီရင်ခံစာကို ပြန်စီမှာပါ။ သူဟာ အိမ်ငှား အပြောင်းအလဲရှိတဲ့ မီးခိုးခေါင်းတိုင်နီ အိမ်တွေကို ညစာမတိုင်ခင် ရှာချင်ပါသေးတယ်။

ဒီနားမှာ ကော်ဖီဆိုင်တွေ အများကြီး ရှိပေမဲ့ ကလိုင်းဟာ တစ်ဆိုင်မှ အကြိုက် မတွေ့ပါဘူး။ ရေနွေးငွေ့နဲ့ စက်ယန္တရားက ‌ခေတ်သစ်ရဲ့ သင်္ကေတ ဖြစ်လာကတည်းက ကော်ဖီဆိုင်တွေဟာ ဈေးချိုတဲ့ စားသောက်ဆိုင်တွေ ဖြစ်လာပါတယ်။ သူတို့တွေဟာ အလုပ်များတဲ့ အလုပ်သမားတွေအတွက် အစားအစာ၊ ကော်ဖီ၊ ပေါင်မုန့်၊ သိုးသားနဲ့ ပဲဟင်းလိုမျိုး ဟင်းလျာတွေ ရောင်းချလာပါတယ်။

အဲဒါကြောင့် ဂုဏ်သရေရှိ မိန်းမပျိုတွေနဲ့ လူကြီးလူကောင်းတွေက ကော်ဖီဆိုင်ထိုင်ပြီး စကား မပြောချင်ကြတော့ပါဘူး။ ကော်ဖီဆိုင် ထိုင်တာကို သူတို့ရဲ့ အဆင့်အတန်းနဲ့ မသင့်လျော်ဘူးလို့ မြင်လာကြပါတယ်။ အဲဒါကြောင့် ကလပ်အမျိုးမျိုး ပေါ်လာပြီး ကော်ဖီဆိုင်တွေရဲ့ မိတ်ဆွေဖွဲ့တဲ့နေရာကို အစားထိုး လာကြပါတယ်။

တစ်ခဏ အကြာမှာတော့ ကလိုင်းဟာ ပတ်ဝန်းကျင် အသင့်အတင်ရှိတဲ့ ကော်ဖီဆိုင် တစ်ဆိုင်ကို ရှာတွေ့သွားပါတယ်။

သူဟာ ထောင့်တစ်နေရာမှာ ဝင်ထိုင်ပြီး တစ်ပဲနိတန် တောင်ပိုင်းဗီးလ် ကော်ဖီ တစ်ငုံသောက်ကာ စုံစမ်းမှု အစီရင်ခံစာကို စလှန်ပါတယ်။

“ထင်းဂန်မြို့ရဲ့ မြောက်ပိုင်းမြို့နယ်၊ တောင်းပိုင်မြို့နယ်၊ အရှေ့ပိုင်းမြိုန့ယ်၊ အနောက်ပိုင်းမြို့နယ်၊ ရွှေရောင်စက်မှုဇုန်၊ ဆိပ်ကမ်းမြို့နယ်နဲ့ တက္ကသိုလ်မြို့နယ်တွေမှာ အနီရောင် မီးခိုးခေါင်းတိုင်ရှိတဲ့ အဆောက်အဦးက ၁,၁၇၉ ခု ရှိတယ်... ထင်းဂန်မြို့ ဆင်ခြေဖုံးမှာ အနီရောင် မီးခိုး‌ခေါင်းတိုင်ရှိတဲ့ အဆောက်အဦးက ၅၄၆ ခု ရှိတယ်... ဒီထဲမှာ နည်းနည်း အလှမ်းဝေးတဲ့ ထင်းဂန်မြို့လက်အောက်က မြို့တွေ ရွာတွေမှာရှိတဲ့ အဆောက်အဦးတွေ မပါဘူး”

“အောက်မှာ ဖော်ပြထားတာက အဲဒီအဆောက်အဦး တစ်ခုချင်းစီရဲ့ လိပ်စာနဲ့ အိမ်ငှားစာရင်းပဲ... တောင်းဆိုချက်အတိုင်း ပြီးခဲ့တဲ့ သုံးလအတွင်းက အပြောင်းအလဲတွေကို အသေးစိတ် ဖော်ပြထားတယ်”

...

ကလိုင်းဟာ တစ်ရွက်ပြီး တစ်ရွက် လှန်ဖတ်ကာ သူ ကိုယ်နဲ့မကွာ ဆောင်ထားလေ့ရှိတဲ့ စာရွက်နဲ့ ဖော့ပင်ထုတ်ပြီး မှတ်စုထုတ်ပါတယ်။

နောက်ဆုံးမှာတော့ သူ မြင်ဖူးတဲ့ မီးခိုးခေါင်းတိုင်နီရှိတဲ့ အိမ်တွေမှာ အိမ်ငှား အပြောင်းအလဲရှိတာက ၂၅ အိမ် ရှိတာ တွေ့လိုက်ရပါတယ်။

‘ဒါက သိပ်မများပါဘူး... ငါ ဒီကိစ္စကို နှစ်ရက်အတွင်း အပြီး စုံစမ်းနိုင်အောင် ကြိုးစားရမယ်... အိပ်မက်ထဲမှာ မီးခိုးခေါင်းတိုင်နီနဲ့ အဲဒီအိမ် အစိတ်အပိုင်းတွေကို ငါ မြင်ဖူးထားတာပဲ... အဲဒီတော့ ငါ အဲဒါတွေကို ထပ်မြင်ရရင် ငါ့စိတ်ဝိညာဉ်အာရုံက ရင်းနှီးတဲ့ ခံစားချက်တော့ ရမှာပဲ... ဒီနည်းလမ်းနဲ့ ငါ့ပစ်မှတ်ကို အတည်ပြုနိုင်တယ်... တခြားစကားနဲ့ ပြောရရင် ငါက စုံစမ်းစစ်ဆေးရေး စက်ပဲ...’

ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ်။ သူဟာ အဆောက်အဦးတွေကို တည်နေရာအလိုက် ခွဲခြားပြီး အဆောက်အဦး ၁၅ ခုကို အရင်ဆုံး စုံစမ်းဖို့ စီစဉ်ပါတယ်။

သူဟာ ဒီစုံစမ်းမှုက အန္တရာယ်များလားဆိုတာ ဗေဒင်တွက်ဖို့ မလိုပါဘူး။ အိမ်ငှား အပြောင်းအလဲ ရှိတယ် ဆိုကတည်းက နောက်ကွယ်က လက်သည် ထွက်သွားပြီဆိုတာ သေချာပါတယ်။

‘အိမ်ငှားအသစ်တွေက အရင် အိမ်ငှား ဘယ်လိုပုံစံ ရှိတယ်ဆိုတာကို သိဖို့ မျှော်လင့်ရတာပဲ... ဒါပေမဲ့ နောက်ကွယ်မှာရှိတဲ့လူက ငါ့ကံကြမ္မာကို ဘယ်သူမှ သတိမထားမိအောင် သဘာဝအတိုင်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်အောင် ထိန်းချုပ်နိုင်မှတော့ သူ ချန်ထားခဲ့တဲ့ သဲလွန်စတွေကို ရှင်းပစ်ဖို့ သေချာပေါက် နည်းလမ်းရှိမှာပဲ... ဟင်း... သဲလွန်စတချို့ ကျန်နေခဲ့ဖို့ အရှင်မဆီ ဆုတောင်းရမှာပဲ...’

ကလိုင်းဟာ သက်ပြင်းချလိုက်ပြီး မတ်တတ်ရပ်ကာ ဦးထုပ်‌ ဆောင်းပါတယ်။ အဲဒီနောက် လက်ကိုင်တုတ်နဲ့ အစီရင်ခံစာကို ဆွဲယူပြီး ‌ကော်ဖီဆိုင်ထဲကနေ ထွက်သွားပါတယ်။

ကလိုင်းဟာ နှစ်ဆိုလီနဲ့ မြင်းလှည်းတစ်စီး ငှားကာ အနီရောင် ခေါင်းတိုင်ရှိတဲ့ အဆောက်အဦးတွေကို ညစာမတိုင်ခင် စုံစမ်း စစ်ဆေးပါတယ်။ ကံမကောင်းချင်တော့ ဘယ်အဆောက်အဦးမှ သူ အိပ်မက်ထဲမှာ မြင်ဖူးတဲ့ဟာ မဟုတ်ပါဘူး။

‘မနက်ဖြန်ကျရင်လည်း ဒီလိုရလဒ်ပဲ ရမယ်ဆို တော်တော် ဒုက္ခများမယ်... သူက ငါ ဗေဒင်တွက်တုန်းက မြင်ခဲ့ရတဲ့ အဲဒီမီးခိုးခေါင်းတိုင်နီ အိမ်မှာ ဆက်နေကောင်း နေနိုင်တယ်... ဒီလိုဆို သူက သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိပြီး ငါ စုံစမ်းစစ်ဆေးတာကို မကြောက်လို့ပဲ... ထင်းဂန်မြို့ ညသိမ်းငှက်တွေကို မကြောက်တာတောင် ဖြစ်နိုင်တယ်... ဒါမှမဟုတ် သူ ပေါ်သွားတယ်ဆိုတာကို မသိလို့လည်း ဖြစ်နိုင်တာပဲ... ဒီလိုဆို ငါ ဗေဒင်တွက်တာကို ခုခံတဲ့စွမ်းအားက သူ့ကိုယ်ပိုင် စွမ်းအား မဟုတ်ဘူးလို့ ဆိုလိုတာပဲ...’

ကလိုင်းဟာ အမှတ် (၂) ဒက်ဖဒိုလမ်းရှေ့မှာ ရပ်ရင်း ဖြစ်နိုင်ခြေ အမျိုးမျိုးကို စိစစ်သုံးသပ်ပါတယ်။

သုံးလေးမိနစ် အကြာမှာတော့ သူဟာ ထက်စီဒိုကို ပုတ်ပြီး ဖုန်မှုန့်တွေ ခါချကာ ဦးထုပ်ကို ဖိဆောင်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သော့ထုတ်ပြီး တံခါးဖွင့်ကာ အိမ်ထဲကို အပြုံးနဲ့ ဝင်လိုက်ပါတယ်။

သူဟာ ဒီနေ့ညစာကို ဘန်ဆင်နဲ့ မလီဆာအတွက် သိုးသားဟင်းနဲ့ ပျားရည်စိမ် အသားကင် လုပ်ဖို့ စီစဉ်ထားပါတယ်။

...

ည ၁၁ နာရီ ထိုးတဲ့အခါ မောင်နှမသုံးယောက်ဟာ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ပြီး သူတို့အခန်းထဲ ပြန်ကြပါတယ်။

ကလိုင်းဟာ အိပ်ခန်းတံခါးကို ပိတ်ပြီး စားပွဲရှေ့ ရပ်လိုက်ပါတယ်။ သူဟာ ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင်နဲ့ အစွန်းထွက်နေတဲ့ ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာ အမှောင်ထုက လမ်းတွေကို စိုးမိုးထားပြီး လမ်းမီးအိမ်တွေရဲ့ အလင်းရောင် နည်းနည်းပဲ ရှိနေပါတယ်။ ကောင်းကင်ယံမှာတော့ ကြက်စက်လေးတွေကို အမြောက်အမြား တွေ့မြင်နိုင်ပါတယ်။ ကြယ်တွေက အများကြီး ရှိပေမဲ့ တချို့ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်ပါဘူး။

‘မျှော်လင့်ချက်နယ်မြေ၊ မြို့တော်တို့ရဲ့ မြို့တော်လို့ နာမည်ရတဲ့ ဘက်ကလင်မြို့က ဘယ်လိုများနေမလဲ မသိဘူး...’ ကလိုင်းဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။ သူဟာ လက်ဆန့်ပြီး လိုက်ကာကို ဆွဲပိတ်ဖို့ ပြင်လိုက်ပါတယ်။

“ဝှစ်...”

အဲဒီအချိန်မှာပဲ အေးစက်တဲ့ လေပြင်းတစ်ခုက အသံမပေးဘဲ ရုတ်တရက် တိုက်ခိုက်လာပါတယ်။ သူ့မီးအိမ်ရဲ့ အလင်းရောင်ဟာလည်း စိမ်းနက်ရောင် ပြောင်းသွားပါတယ်။

ကလိုင်းဟာ မသိစိတ်ရဲ့ စေ့ဆော်မှုအရ ခြေလှမ်း သုံးလေးလှမ်း နောက်ဆုတ်မိလိုက်ပါတယ်။ အဲဒီနောက် သူဟာ သူ့အကျင့်အတိုင်း အံသွားကို နှစ်ချက် ကိုက်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ခုတင်ဆီ ခုန်ပြီး ခေါင်းအုံးအောက်က ခြောက်လုံးပြူးကို ဆွဲထုတ်ဖို့ ကြိုးစားပါတယ်။

သူ့မြင်ကွင်းထဲမှာ စားပွဲအထက်က နံရံပေါ်မှာ ငေါထွက်နေတဲ့ မျက်နှာတစ်ခုကို ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင်အောက်မှာ တွေ့လိုက်ရပါတယ်။ ဒီမျက်နှာက အလင်းဖောက်နိုင်တဲ့ အကြည်သားရှိပြီး မျက်လုံးလည်း မရှိသလို နှာခေါင်းလည်း မရှိပါဘူး။ ပါးစပ်တစ်ပေါက်ပဲ ရှိပါတယ်။

“မပစ်နဲ့” ပါးစပ်ပဲပါတဲ့ မျက်နှာက ပြောပါတယ်။

‘စကားပြောတတ်တာလား...’ လက်ထဲကို ခြောက်လုံးပြူး ရောက်သွားပြီ ဖြစ်တဲ့ ကလိုင်းဟာ ပါးစပ်ပဲပါတဲ့ မျက်နှာကို ချိန်လိုက်ပါတယ်။

“ခင်ဗျား ဘာလိုချင်လို့လဲ” သူက အသံနက်နဲ့ မေးလိုက်ပါတယ်။

ပါးစပ်ပဲပါတဲ့ မျက်နှာက ရယ်ပါတယ်။

“ငါက ဒေလီ”

‘ဒေလီ... နတ်ဝင်သည် ဒေလီ... ဘက်ကလင်ဆီ အပို့ခံရတဲ့ နတ်ဝင်သည် ဒေလီလား...’ ကလိုင်းဟာ သံသယနဲ့ မျက်မှောင်ကြုတ်သွားပါတယ်။

“မဒမ်ဒေလီလား...”

“ဒီနည်းလမ်းနဲ့ လာလည်တာက နည်းနည်း ရိုင်းတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ မင်း ပြင်ဆင်စရာရှိတာ ပြင်ဆင်လို့ရအောင် သတိပေးချင်လို့ လာခဲ့တာ... အခုအချိန်မှာ ငါ မင်းနဲ့ မျက်နှာချင်းဆိုင်တွေ့ဖို့ အဆင်မပြေဘူး... အဲဒါကြောင့် ဒီကောင်လေးနဲ့ပဲ ဆက်သွယ်လိုက်ရတာ...” အကြည်သားမျက်နှာက ရယ်ပါတယ်။

‘အသံက မတူဘဲ နားထဲမှာ ကန့်လန့်ကြီး ဖြစ်နေပေမဲ့ ပြောပုံဆိုပုံကတော့ တကယ်ကို မဒမ်ဒေလီအတိုင်းပဲ... နတ်ဝင်သည်ရဲ့ အစွမ်းက တကယ်ကို မိုက်တာပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ ကောက်ချက် ချလိုက်ပါတယ်။ ဒါပေမဲ့ သူဟာ ခြောက်လုံးပြူးကို အောက်မချပါဘူး။

“မဒမ်... ကျွန်တော်နဲ့ ဘာအကြောင်း ပြောချင်လို့လဲ”

“ငါသာ မင်းနေရာမှာဆိုရင် အိပ်ခန်းကို စိတ်ဝိညာဉ်တံတိုင်းနဲ့ အရင်ဆုံး ချိပ်ပိတ်တယ်... မဟုတ်ရင် မင်း မိသားစုဝင်တွေက မင်းကို ရူးနေတယ်လို့ ထင်သွားနိုင်တယ်...” အကြည်သား မျက်နှာက အရွှန်းဖောက်ပါတယ်။

“ဟီးဟီး... နင် ဒီလောက်ထိ သတိကြီးကြီးထားဖို့ မလိုပါဘူး... ငါ ထင်းဂန်မြို့ကို တိတ်တဆိတ် ပြန်လာတာက ဒန်းစမစ်ရဲ့ စာကြောင့်ပဲ... မင်း သိပါတယ်... ညသိမ်းငှက်က သူတာဝန်ကျတဲ့ နေရာကနေ ထွက်သွားချင်တိုင်း ထွက်သွားလို့ မရဘူးဆိုတာ”

“ကပ္ပတိန်ရဲ့စာကြောင့်လား...” ကလိုင်းဟာ စားပွဲနား မကပ်ဘဲ လေကာအင်္ကျီနက်ရဲ့ လျှိူ့ဝှက်အိတ်ထဲက သိဒ္ဓိဝင်ညပေါင်ဒါမှုန့်ကို စမ်းလိုက်ပါတယ်။

“ငါနဲ့ ဒန်းစမစ် နှစ်ယောက်စလုံးက ထင်းဂန်မြို့ ညသိမ်းငှက်ဘဝကနေ စခဲ့တဲ့ သာလွန်သူတွေ... ဆက်ဆံရေး ကောင်းတယ်... ပြီးခဲ့တဲ့ ကြာသပတေး... အင်း ဟုတ်တယ်... ကြာသပတေးနေ့က သူ ငါ့ဆီ စာရေးပြီး နင့်အကြောင်း ပြောတယ်... နင်က လျှို့ဝှက်ဆန်းကြယ် စပ်စုသမားရဲ့ ဆောင်ပုဒ်ကို အတုယူပြီး အမြင်ဆရာအတွက် ဥပဒေသတွေ ဖန်တီးခဲ့တယ်တဲ့... အဲဒီဥပဒေသတွေက ဆေးရည်ကို ချေဖျက်တဲ့ နေရာမှာ အကူအညီပေးတယ်တဲ့... အဲဒီအချိန်ကစပြီး နင်က မကြားသင့်တာတွေ မမြင်သင့်တာတွေ မကြားရ မမြင်ရတော့ဘူးတဲ့... အဲဒါ ငါလုပ်ခဲ့တာနဲ့ တူတယ်လို့ ဒန်းစမစ်က စာထဲမှာ ရေးထားတယ်”

“ဟီးဟီး... နင် အခန်းကို မချိပ်ပိတ်တော့ဘူးလား... ငါက နင့်အစ်ကိုနဲ့ ညီမ အထင်လွဲမှာကို မကြောက်ဘူးနော်...”

‘အဲဒီအကြောင်းကြောင့်လား... သူက တကယ်ကို မဒမ်ဒေလီပဲ...’ ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး သိဒ္ဓိဝင်ညပေါင်ဒါမှုန့်ကို အိတ်ပုန်းထဲ ပြန်ထည့်လိုက်ပါတယ်။ အဲဒီနောက် သူဟာ စားပွဲဆီ လျှောက်သွားပြီး အစီအရင်အတွက် အသုံးပြုတဲ့ ငွေဓားကို အံဆွဲထဲကနေ ထုတ်လိုက်ပါတယ်။

သူဟာ စိတ်ဝိညာဉ်တံတိုင်း တစ်ခုကို ခပ်သွက်သွက် တည်ဆောက်ပြီး အကြည်သားမျက်နှာကို ပြန်ကြည့်လိုက်ပါတယ်။

“မဒမ်ဒေလီ... ကပ္ပတိန်က စာထဲမှာ တခြား ဘာပြောထားသေးလဲ”

“သူက သူ ဝေခွဲမရ ဖြစ်တဲ့အကြောင်းကို ပြောတာ... သူက တစ်ခုခုကို နားလည်သလိုလိုနဲ့ သေသေချာချာ နားမလည်ဘူး ဖြစ်နေတယ်... အဲဒါကြောင့် ငါ့အမြင်ကို လှမ်းတောင်းတာ” ဒေလီဟာ မျက်စိမပါတဲ့ အကြည်သားမျက်နှာရဲ့ အကူအညီနဲ့ ပြောပါတယ်။

“ဒီမနက် ငါ အဲဒီစာကို ဖတ်တော့ နင်က နင်ဟန်ဆောင်ထားသလို သဲလွန်စမမဲ့ဘူးဆိုတာ ငါ သိလိုက်တယ်... ဟီးဟီး... မစ္စတာမိုရက်တီ.... နင် သရုပ်ဆောင်တဲ့ နည်းလမ်းကို တွက်ထုတ်နိုင်လိုက်ပြီမလား”

“မဒမ် ကျွန်တော်ကို လာရှာတာ အဲဒီအကြောင်းကြောင့်လား” ကလိုင်းဟာ ဒေလီရဲ့ မေးခွန်းကို ဝန်မခံသလို ငြင်းလည်း မငြင်းပါဘူး။

‘ဒေလီက သရုပ်ဆောင်တဲ့ နည်းလမ်းကို ကောင်းကောင်းကြီး သိနေတာပဲ...’ ကလိုင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ ကောက်ချက် ချလိုက်ပါတယ်။

ဒေလီရဲ့ အကြည်သားမျက်နှာဟာ ခပ်ယဲ့ယဲ့ ပြုံးသွားပါတယ်။

“ဟုတ်တယ်”

“ငါတို့တွေ တစ်ယောက်ကို တစ်ယောက် ရိုးသားကြရအောင်... နင် သရုပ်ဆောင်တဲ့နည်းလမ်းကို တွက်ထုတ်နိုင်လိုက်တယ်ဆိုတာ ငါ သိတယ်... သရုပ်ဆောင်တဲ့ နည်းလမ်းကို နင် ရှင်းရှင်းလင်းလင်း နားလည်တယ်ဆိုတာလည်း ငါ သိတယ်... ဟင်း... ဒါပေမဲ့ ငါ့ကို စိတ်မချမ်းမသာ ဖြစ်စေတာက ငါ ဒီဟာကို နားလည်ဖို့ ၂ နှစ်နီးပါး အချိန်ယူခဲ့ရပြီးတော့ နင်က တစ်လကျော်လေးအတွင်းမှာ နားလည်သွားတာပဲ”

ကလိုင်းဟာ ဒေလီရဲ့ စကားကို ကြားလိုက်ရတဲ့အခါ တစ်ခဏ တိတ်ဆိတ်သွားပါတယ်။ အဲဒီနောက် သူဟာ ရိုးရိုးသားသား ပြောလိုက်ပါတယ်။

“အဲဒါက ကျွန်တော့်မှာ အတုယူစရာ မဒမ် ရှိနေတာကို”

သူဟာ သူများပခုံးပေါ် ရပ်တာလို့ ပြောချင်ပေမဲ့ ဧကရာဇ်ရစ်ဆဲလ် ပါလာမှာစိုးတာနဲ့ မပြောဖြစ်တော့ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters