အကောင်ပြခြင်း
Vol. 15 Ch. 149
ကလိုင်းဟာ မျက်နှာထား တည်နေတဲ့ ဒန်းစမစ်ကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်ပါတယ်။
“ကပ္ပတိန်... မနေ့က ကျွန်တော် တစ်ခု နားလည်သွားတယ်”
“ဘာကို နားလည်သွားတာလဲ” ဒန်းစမစ်ဟာ လေးနက်တဲ့ လေသံနဲ့ ပြန်မေးပါတယ်။ သူဟာ နောက်မှီထိုင်ပြီး လက်ပိုက် ဖြုတ်လိုက်ပါတယ်။
ကလိုင်းဟာ သူ မနေ့က ပြင်ထားတဲ့ ဇာတ်ညွှန်းကို ပြန်တွေးလိုက်ပါတယ်။
“ကျွန်တော်ရဲ့ အတွေ့အကြုံတွေကို ပြန်သုံးသပ်ရင်း ဆုံမှတ် ဆေးရည်ရဲ့ နာမည်က ကျွန်တော်တို့ ဆေးရည်ရဲ့ စွမ်းအားကို ထိန်းချုပ်တဲ့နေရာမှာ ကူညီပေးနိုင်တဲ့ ဥပဒေသတွေကို ခြုံငုံထားတယ်ဆိုတာ သဘောပေါက်လိုက်တယ်... အဲဒီဥပဒေသတွေက ဘေးထွက်ဆိုးကျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်... ကျွန်တော်တို့တွေ အဲဒီ ဥပဒေသတွေအတိုင်း လိုက်နာ ကျင့်သုံးတဲ့အခါ ကျွန်တော်တို့က အဲဒီအလုပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်လို ဖြစ်သွားတယ်”
“အဲဒီလိုပဲ ဒီဥပဒေသတွေက ကွယ်ဝှက်နေတယ်... ကျွန်တော်တို့တွေ တစ်ခါတည်း တန်းမသိနိုင်ဘူး... သူနဲ့ သက်ဆိုင်တဲ့ အလုပ်ကို လုပ်ရင်း ဖြည်းဖြည်းချင်း ကောက်ချက် ချယူရတယ်... ပြီးရင် ကျွန်တော်တို့ ပြန်ရတဲ့ တုံ့ပြန်မှုပေါ် မူတည်ပြီး ကျွန်တော်တို့ရဲ့ နားလည်မှုကို အလိုက်သင့် ချိန်ညှိရတယ်”
“အဲဒါကြောင့် ကျွန်တော် ဗေဒင်ကလပ်ရဲ့ အမြင်ဆရာစစ်စစ် ဖြစ်လာတော့ အမြင်ဆရာအတွက် ဥပဒေသတွေကို ရခဲ့တယ်... အဲဒီမှာ ဝိုးတိုးဝါးတား အသံတွေ၊ ပုံရိပ်ယောင်တွေ၊ ထင်ယောင်ထင်မှား ဖြစ်တာတွေလည်း ပျောက်သွားတယ်”
“ဒါက ကျွန်တော် နားလည်ထားတာပဲ”
စကားဆုံးတဲ့နောက် ကလိုင်းဟာ သက်ပြင်းရှည်ကြီးချပြီး သူ့ကိုယ်သူ ပြောလိုက်ပါတယ် ‘သရုပ်ဆောင်တယ် ဆိုတဲ့ အသုံးအနှုန်းကလွဲရင် ငါ ပြောဖို့လိုတာ အကုန်လုံး ပြောပြီးပြီ...’
‘ဟင်း... ကပ္ပတိန် ဘုရားကျောင်းကို ဒီအကြောင်း မပြောဖို့ မျှော်လင့်ရတာပဲ... မဟုတ်ရင် ငါ ပိုပြီးတော့ အာရုံစိုက်ခံရလိမ့်မယ်... နောက်ပြီး အမြင်ဆရာလမ်းကြောင်းနဲ့ အန်တီဂိုနပ်မိသားစုရဲ့ ဆက်ဆံရေးကလည်း ရှိသေးတယ်... အဲဒီဆက်ဆံရေးက ငါ့ကို ပြဿနာ ပေးကောင်း ပေးနိုင်တယ်... ဒါပေမဲ့ ကပ္ပတိန်က အခြေအနေမျိုးစုံကို တွေ့ကြုံဖူးထားတာဆိုတော့ သူက အတွေ့အကြုံရင့်ပြီး ပါးနပ်တယ်... သူ သရုပ်ဆောင်တဲ့ နည်းလမ်းကို နားလည်တာနဲ့ ဘုရားကျောင်းက ဒီနည်းလမ်းနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို လျှို့ဝှက်ထားတယ်ဆိုတာ သေချာပေါက် သတိထားမိမှာပဲ... အဲဒီအချိန်ကျရင် ဘယ်ဟာက ပြောသင့်တယ်၊ ဘယ်ဟာက မပြောသင့်ဘူးလဲဆိုတာ သူ သိမှာပါ...’
ကလိုင်းရဲ့ ခေါင်းထဲမှာ အတွေးမျိုးစုံ ယှက်သမ်းသွားပါတယ်။ အဲဒီနောက် သူဟာ ဆုံးဖြတ်ချက် မြန်မြန်ချပြီး အစီအစဉ်တစ်ခု ဆွဲလိုက်ပါတယ်။
‘ကပ္ပတိန်က သရုပ်ဆောင်တဲ့ နည်းလမ်းကို နားမလည်နိုင်သေးဘူး... ဘုရားကျောင်းက ဒီနည်းလမ်းကို ကွယ်ဝှက်ထားတယ် ဆိုတာ သတိမထားမိသေးဘူးဆိုရင် ငါ အထူးလျှောက်လွှာ မတင်ခင် တဲ့တိုးပဲ ပြောပြလိုက်မယ်’
‘ဟုတ်တယ်... ငါ အရင်ဆုံး သူ ဘယ်လောက် သိထားလဲဆိုတာ စမ်းသပ်ရမယ်...’
ဒန်းစမစ်ဟာ ကလိုင်းရဲ့ စကားကို နားထောင်ပြီးနောက် သူ့ရဲ့ မီးခိုးရောင် မျက်လုံးတွေဟာ ပိုနက်နဲသွားပါတယ်။ သူဟာ စက္ကန့်နှစ်ဆယ်လောက် ကြာအောင် တိတ်ဆိတ်နေပါတယ်။ သူဟာ နားထင်ကို ပွတ်လိုက်ပြီး ဆေးတံကို ကောက်ယူကာ တစ်ချက် ရှိုက်ပါတယ်။
သူဟာ ဆေးတံသောက်ပြီးနောက် ညသိမ်းငှက်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မေ့သွားတဲ့အလား မီးခြစ်ဆံဘူးကို ထုတ်လိုက်ပါတယ်။
အဖြူရောင် မီးခိုးတွေဟာ လေထဲမှာ လိပ်တက်သွားပါတယ်။ ဒန်းစမစ်ကတော့ မျက်လုံးမှိတ်ပြီး ဆေးရွက်ကြီးနံ့ကို ခံစားနေပုံ ရှိပါတယ်။
အတန်ကြာမှ သူဟာ မျက်လုံး ပွင့်လာပြီး ကလိုင်းကို ပြုံးပြပါတယ်။
“အားတော့ နာပါတယ်ကွာ... ငါ မင်း ဆေးလိပ် မသောက်တတ်တာ မေ့သွားတယ်”
“ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် မကောင်းဘူး” ကလိုင်းက မျက်နှာတည်ကြီးနဲ့ ပြောပါတယ်။
ဒန်းစမစ်ဟာ ဆေးတံကို လက်ထဲမှာ ကိုင်ရင်း တွေးတော စဉ်းစားဟန် ပြုပါတယ်။
“ငါ မင်းပြောတာကို နားလည်သလိုတော့ ရှိတယ်”
‘မဟုတ်ဘူး ကပ္ပတိန်... ကပ္ပတိန် နားမလည်ဘူး... ကျွန်တော် အိပ်မက်ထဲကိုသာ အလည်မလာပါနဲ့...’ ကလိုင်းဟာ စိတ်ထဲမှာ ဘာပဲတွေးတွေး အပြင်ပန်းမှာတော့ ဘာမှမပြောဘဲ ဖော်ဖော်ရွေရွေ ပြုံးလိုက်ပါတယ်။
“ကြည့်ရတာ မင်း ငါ့ဆီကို မကြာခင်မှာ အထူးလျှောက်လွှာ တင်တော့မယ်နဲ့ တူတယ်...” ဒန်းစမစ်ဟာ ဆေးငွေ့တွေကို မှုတ်ထုတ်ရင်း ရယ်သံတစ်ဝက်နှောကာ ပြောပါတယ်။
‘ကျွန်တော် မနက်ဖြန် တင်လို့ ရမလား...’ ကလိုင်းဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။ သူဟာ အိတ်ဆောင်နာရီထုတ်ပြီး နာရီ ကြည့်ပါတယ်။
“ကပ္ပတိန်... ကျွန်တော် လူအိုကြီးနီးလ်ဆီ သွားရဦးမယ်... ဒီနေ့ ဂမ္ဘီရသင်ခန်းစာက မကြာခင် စတော့မှာ”
“အင်း... သွားလေ” ဒန်းစမစ်ဟာ လက်ထဲမှာ ဆေးတံ ကိုင်ထားရင်း ကလိုင်း ထွက်သွားတာကို ကြည့်နေပါတယ်။
ကပ္ပတိန်ရဲ့ ရုံးခန်းတံခါးကို ပိတ်ပြီးနောက် ကလိုင်းဟာ ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ မြေအောက်ထပ် ဆင်းတဲ့ လှေကားဆီ လျှောက်သွားပါတယ်။ သူ စာရေးရုံးခန်းကို ဖြတ်လျှောက်တော့ သူစိမ်းနှစ်ယောက်ကို တွေ့လိုက်ရပါတယ်။ အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ပါ။
‘ဝန်ထမ်းသစ်တွေလား...’ ကလိုင်းဟာ စဉ်းစားရင်း စိတ်ထဲမှာ ပြောလိုက်ပါတယ် ‘နောက်နှစ်ရက်လောက်နေရင်... ဒီတစ်ပတ်အတွင်း ငါ အထူးလျှောက်လွှာ တင်ကို တင်ရမယ်...’
‘အဲဒါပြီးရင် ငါ စစ်ဆေးမှုတွေ ဖြတ်သန်းပြီး ဆုံမှတ် ၈ လူရွှင် ဖြစ်လာလိမ့်မယ်’
...
တိတ်ဆိတ် ငြိမ်သက်တဲ့ မြေအောက် လမ်းတစ်လျှောက် လမ်းလျှောက်ပြီးနောက် ကလိုင်းဟာ လက်နက်တိုက်ဘက် လှည့်လျှောက်ကာ အစောင့်ခန်း တံခါးကို တွန်းဖွင့်လိုက်ပါတယ်။
“လူအိုကြီးနီးလ်... ဘာဖြစ်တာလဲ” ကလိုင်းဟာ လူအိုကြီးနီးလ်ကို တွေ့လိုက်ရတဲ့အခါ လန့်သွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လူအိုကြီးနီးလ်က စိတ်ဓာတ်ကျနေပြီး မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေလို့ပါပဲ။ လူအိုကြီးနီးလ်ဟာ ထပ်ကာထပ်ကာ သမ်းဝေရင်း...။
“ငါ ဒီရက်ထဲ ဝမ်းနည်းနည်း ချုပ်နေလို့... အဲဒါနဲ့ မနေ့ညက အစီအရင်သုံးပြီး ဖြေရှင်းလိုက်တာ... ငါ တစ်ညလုံး ကောင်းကောင်းကို မအိပ်ရတော့ဘူး... ရေချိုးခန်းထဲ ခဏခဏ သွားရလွန်းလို့ နောက်ဆုံး အိမ်သာထဲမှာ အိပ်ပျော်လုနီးနီးပဲ”
‘အင်း... ဝမ်းချုပ်တာ ပျောက်သွားတာပဲမလား...’ ကလိုင်းဟာ ရယ်လုနီး ဖြစ်သွားပါတယ်။ ဒါပေမဲ့ မရယ်မိအောင် သူ့ကိုယ်သူ ထိန်းချုပ်ပြီး...။
“အခုရော နေလို့ထိုင်လို့ ကောင်းလား”
တစ်ချိန်တည်းမှာ သူဟာ ဘယ်အံသွားကို နှစ်ချက် ကိုက်လိုက်ပါတယ်။ သူဟာ စိတ်ဝိညာဉ်အာရုံ သုံးပြီး လူအိုကြီးနီးလ် ကျန်းမာရေးရဲ့ ရောင်ဝါကို လေ့လာဆန်းစစ်ပါတယ်။
‘အစာချေစနစ်ရဲ့ အဝါရောင်နဲ့ ကျောက်ကပ်ရဲ့ လိမ္မော်ရောင်မှာ အနက်ရောင်နဲ့ အညစ်အထေး တချို့ ရှိနေတယ်... ဒါပေမဲ့ ပြင်းပြင်းထန်ထန် မရှိဘူး... လက်ခံနိုင်တဲ့ အတိုင်းအတာထဲမှာ ရှိတယ်...’ ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
“အခုတော့ နေလို့ထိုင်လို့ ကောင်းသွားပြီ... ငါ ဖရိုင်းဆီက ဝမ်းပိတ်ဆေး ယူထားတယ်” လူအိုကြီးနီးလ်ဟာ ဆေးသမားလိုမျိုး သမ်းဝေလိုက်ပါတယ် “ဒီနေ့အတွက် သင်ခန်းစာကိုတော့ ကိုယ့်ဘာသာ လေ့လာပေတော့... ဘာပဲဖြစ်ဖြစ် သင်စရာက ၂ ရက် ၃ ရက်စာပဲ ကျန်တော့တာမလား”
“ဟုတ်ကဲ့” ကလိုင်းဟာ ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ပါတယ် “ကျွန်တော် ဒီမှာ စာလေ့လာရင်း လက်နက်တိုက်ကို ကူစောင့်ပေးမယ်... လူအိုကြီးနီးလ် နားနေခန်းမှာ သွားနားပါလား”
လူအိုကြီးနီးလ်ဟာ ချက်ချင်း ခါးဆန့်သွားပြီး မျက်လုံးတွေ တောက်ပသွားပါတယ် “ကောင်လေး... မင်းက ညသိမ်းငှက်တွေထဲမှာ ဖရိုင်းပြီးရင် အကြင်နာဆုံးပဲ...”
“အဲဒါဆို ငါ လက်နက်တိုက်ကို မင်းလက်ထဲ အပ်လိုက်ပြီ”
သူဟာ ဒူးအောက်မှာထားတဲ့ ကူရှင်ကို ကောက်ယူပြီး အစောင့်ခန်းထဲကနေ တိုင်ဖွန်း မုန်တိုင်းလို့ ပြေးထွက်သွားတဲ့အတွက် ကလိုင်းဟာ ကြောင်ပြီး ကျန်နေခဲ့ပါတယ်။
...
ဒီမနက်မှာ ဆူးနက် လုံခြုံရေးကုမ္ပဏီက အပြင်တာဝန်တစ်ခု ရပါတယ်။ အဲဒီတာဝန်က အရောင်းအဝယ်ကိစ္စ တစ်ခုရှိတဲ့ ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တစ်ဦးကို ဆိပ်ကမ်းဆီ ပို့ဆောင်ပေးရမှာပါ။ လန်နာ့ဒ်နဲ့ ကင်လီဟာ ဒီတာဝန်ကို လွယ်လင့်တကူပဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အပိုဝင်ငွေ ရသွားတဲ့အတွက် ကလိုင်းဟာ မနာလို ဖြစ်သွားပါတယ်။
ဒီနေ့မှာတော့ သူဟာ ဂမ္ဘီရသင်ခန်းစာ ပြီးတာနဲ့ သေနတ်ပစ် လေ့ကျင့်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကိစ္စတစ်ခုခုကြောင့် အခဲမကျေ ဖြစ်နေတဲ့ နည်းပြဂဝန်းရဲ့ နှိပ်စက်တာ ခံရပါတယ်။
“ဟူး... ဟူး...” ကလိုင်းဟာ အသက်ဝအောင် ရှူလိုက်ပါတယ်။ သူဟာ တစ်အောင့် နားပြီးမှပဲ ရေချိုး အဝတ်အစား လဲနိုင်ပါတယ်။
သူဟာ ဂဝန်းရဲ့ အိမ်ကနေ ပင်ပင်ပန်းပန်းနဲ့ ထွက်လာပြီးနောက် မြင်းလှည်းတစ်စီးကို နှစ်ဆိုလီနဲ့ ငှားက ကျန်နေသေးတဲ့ မီးခိုးခေါင်းတိုင်နီ ရှိတဲ့ အိမ် ၁၀ အိမ်ကို စုံစမ်းပါတယ်။
မီးခိုးခေါင်းတိုင်နီရှိတဲ့ နောက်ဆုံးအိမ်ကို ကြည့်ပြီးတဲ့ နောက်မှာတော့ ကလိုင်းရဲ့ မျက်နှာဟာ တော်တော် လေးနက်သွားပါတယ်။
‘ငါ ဗေဒင်တွက်တုန်းက မြင်ခဲ့ရတဲ့ မီးခိုးခေါင်းတိုင်နီအိမ်က လတ်တလော အိမ်ငှား အပြောင်းအလဲရှိတဲ့ အိမ်စာရင်းမှာ မပါဘူး... အဲဒီတော့ ဒီဟာက တော်တော်လေး ပြဿနာ များသွားပြီ... အိမ်ပေါင်း ၁,၆၀၀ လောက်ကို စုံစမ်းဖို့ ငါ အချိန် ဘယ်လောက် သုံးရမှာလဲ... ဟင်း... ဒီကိစ္စမှာ ငါ အကူအညီ တောင်းလို့ရမှာ မဟုတ်ဘူး... ငါကိုယ်တိုင် အဲဒီအိမ်ကို မြင်ရမှ ငါ့စိတ်ဝိညာဉ်ကနေ ရင်းနှီးတဲ့ ခံစားချက်ကို ရမှာ...’
‘စိတ်ဓာတ်မကျနဲ့... လက်မလျှော့နဲ့... ငါ အားတဲ့ အချိန်တိုင်း ဆက်ပြီးတော့ စုံစမ်းလို့ ရတာပဲ... သုံးလအတွင်း... မဟုတ်ဘူး... နှစ်လအတွင်း အပြီးစုံစမ်းနိုင်အောင် ငါ ကြိုးစားရမယ်... ပြောမရဘူး... မနက်ဖြန် စုံစမ်းတဲ့အခါ ပစ်မှတ်ကို တွေ့ချင် တွေ့နိုင်မှာ...’
‘အင်း... ငါ အိမ်ပြန်ရောက်ရင် အိမ်တွေကို အကွာအဝေးအလိုက် ခွဲစီပြီး စုံစမ်းမဲ့ လမ်းကြောင်းကို သတ်မှတ်ရမယ်’
ကလိုင်းဟာ သူ့ကိုယ်သူ အားပေးစကား ပြောပြီး စိတ်ဓာတ်ကျတဲ့ ခံစားချက်ကို မောင်းထုတ်ပါတယ်။
သူဟာ ဆုံးဖြတ်ချက် ချပြီးတာနဲ့ မြင်းလှည်းမောင်းသမားကို ဒက်ဖဒိုလမ်းဆီ မောင်းခိုင်းဖို့ ပြင်လိုက်ပါတယ်။ သို့ပေမဲ့ အဲဒီအချိန်မှာပဲ သူ အခုရောက်နေတဲ့ နေရာက မစ္စတာအက်ဇစ်နေတဲ့ နေရာနဲ့ နီးတယ်ဆိုတာ သူ ရုတ်တရက် သတိရလိုက်ပါတယ်။
‘မစ္စတာအက်ဇစ်က အားလပ်ရက်ခရီး မထွက်ခင် ငါ့ဆီ စာရေးပြီး ဒီအပတ်ထဲ ပြန်ရောက်မယ်လို့ ပြောသွားတယ်... ဒါပေမဲ့ သူက ရက်အတိအကျ ပြောမသွားဘူး... ဒါပေမဲ့ လမ်းကြုံနေမှတော့ စာတိုတစ်စောင် ထားခဲ့လိုက်ပါမယ်... နောက်ပြီး ငါက ဒီမြင်းလှည်းကို တစ်နာရီ နှစ်ဆိုလီနဲ့ ငှားလာတာ... အချိန်လည်း ပြည့်တော့မယ်... အဲဒီတော့ ငါ မစ္စတာအက်ဇစ် အိမ်ရှေ့မှာ ဆင်းပြီး အများသုံး မြင်းလှည်းနဲ့ အိမ်ပြန်တာ ကောင်းမယ်...’ ကလိုင်းဟာ ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
လေးမိနစ် ကြာတဲ့အခါ သူဟာ မြင်းလှည်းပေါ်က ဆင်းပြီး မစ္စတာအက်ဇစ်ရဲ့ အိမ်ရှေ့ ရောက်သွားပါတယ်။
ဒီနေရာမှာရှိတဲ့ အိမ်တွေက ဒက်ဖဒိုလမ်းမှာရှိတဲ့ အိမ်တွေထက် အဆင့်အတန်း မြင့်မားပါတယ်။ ဒါပေမဲ့ ဟောက်လမ်းမှာရှိတဲ့ အဆောက်အဦးတွေကိုတော့ မမီပါဘူး။ အိမ်ရှေ့မှာ မြက်ခင်း တစ်ခင်း ရှိပြီး နောက်ဖေးမှာတော့ ဥယျာဉ်ခြံလေး တစ်ခြံ ရှိပါတယ်။
“ကလင်... ကလင်... ကလင်...”
ကလိုင်းဟာ တံခါးက ကြိုးကို ဆွဲလိုက်တဲ့အခါ အိမ်ထဲကနေ ခေါင်းလောင်းသံ ထွက်ပေါ်လာပါတယ်။ တစ်ခဏ အကြာမှာတော့ သူဟာ အိမ်ထဲကနေ ခြေသံတရှပ်ရှပ် ကြားလိုက်ရပြီး တံခါးပွင့်လာတာ တွေ့လိုက်ရပါတယ်။
အက်ဇစ်ရဲ့ သိမ်မွေ့တဲ့ မျက်နှာ အမူအရာနဲ့ ကြေးရောင် အသားအရေက သူ့မြင်ကွင်းထဲမှာ ပေါ်လာပါတယ်။ အိမ်နေရင်းမလို့ အက်ဇစ်ဟာ ရှပ်အင်္ကျီဖြူ၊ အညိုရောင် စွပ်ကျယ်နဲ့ ရိုးရိုးဘောင်းဘီပဲ ဝတ်ဆင်ထားပါတယ်။
“ကလိုင်း... ငါ မင်းဆီ စာရေးတော့မလို့...” အက်ဇစ်ဟာ လှိုက်လှိုက်လှဲလှဲ ဆီးကြို နှုတ်ဆက်ပါတယ် “ငါ မနေ့ညကမှ ပြန်ရောက်တာ”
ကလိုင်းဟာ အက်ဇစ်ရဲ့ ညာဘက် နားနားက မှဲ့လေးကို စိုက်ကြည့်ပြီး...။
“မစ္စတာအက်ဇစ်... မစ္စတာအက်ဇစ်ရဲ့ အတိတ်နဲ့ ပတ်သက်ပြီး ကျွန်တော် သဲလွန်စတစ်ခု ရှာတွေ့ထားတယ်”
“တကယ်လား...” အက်ဇစ်ဟာ ရုတ်ခြည်း စိတ်လှုပ်ရှားသွားပြီး သူ့မျက်လုံးထဲက ဝမ်းနည်းမှုဟာ လျော့ပါးသွားပါတယ်။
“အထဲမှာ ပြောကြရအောင်” ကလိုင်းဟာ ဘေးဘီကို ကြည့်လိုက်ပါတယ်။
အက်ဇစ်ဟာ ချက်ချင်း ခေါင်းညိတ်ပြီး ဘေးဖယ်ပေးကာ ကလိုင်းကို အိမ်ထဲ ဝင်စေပါတယ်။ အဲဒီနောက် သူဟာ တံခါး ပြန်ပိတ်ပြီး ကလိုင်းကို ပထမထပ်က ဧည့်ခန်းဆီ ခေါ်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ နူးညံတဲ့ ဆိုဖာပေါ်မှာ ထိုင်လိုက်ပါတယ်။
“မင်း ဘာသဲလွန်စ ရှာတွေ့ထားတာလဲ” အက်ဇစ်ဟာ ကြာကြာ မစောင့်နိုင်ဘဲ မေးပါတယ်။
ကလိုင်းဟာ မစ္စတာအက်ဇစ်နဲ့ ဒီနေ့ တွေ့ရလိမ့်မယ်လို့ ထင်မထားတဲ့အတွက် ပြင်ဆင်မှုတွေ ကြိုလုပ်မထားပါဘူး။ အဲဒါကြောင့် ပြောမဲ့စကားလုံးတွေကို သေချာစဉ်းစားပြီးမှ...။
“သိပ်မကြာသေးခင်က ကျွန်တော် လမိုဒ်မြို့မှာ တစ္ဆေတစ်ကောင်ကို ရှင်းပစ်ဖို့ တာဝန်ရခဲ့တယ်”
“လမိုဒ်မြို့...” အက်ဇစ်ဟာ ညင်ညင်သာသာ ထပ်ပြောရင်း မျက်မှောင် ကြုတ်သွားပါတယ်။
ကလိုင်းဟာ အက်ဇစ်ရဲ့ အမူအရာကို အကဲခတ်ပြီးနောက် သူ့လေသံကို နှေးလိုက်ပါတယ်။
“တစ္ဆေကို ရှင်းပစ်တုန်းမှာ ကျွန်တော်တို့တွေ ထူးခြားမှုရှိတာကို ရှာတွေ့ခဲ့လို့ မြို့ထဲမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်...”
“အဲဒီမှာ ပထမ လမိုဒ်မြို့စားရဲ့ ပုံတူပန်းချီကို ပိုင်ထားတဲ့ မြို့သားတစ်ယောက်က ကျွန်တော့်ကို အဲဒီပန်းချီကား ရောင်းဖို့ ကြိုးစားခဲ့တယ်... ကျွန်တော်လည်း စပ်စုချင်စိတ်နဲ့ အဲဒီပုံတူပန်းချီကို ပြခိုင်းတော့ အဲဒီပုံတူပန်းချီက ဆံပင်ကလွဲရင် မစ္စတာအက်ဇစ်နဲ့ တော်တော် တူတယ်... သူ့မှာလည်း မစ္စတာအက်ဇစ်လိုမျိုး ညာဘက် နားနားမှာ မှဲ့တစ်လုံး ရှိတယ်... နေရာရော အရွယ်အစားရော တူတယ်...”
“ကျွန်တော်ရဲ့ စစ်ဆေးမှုအောက်မှာ အဲဒီပုံတူပန်းချီက နှစ်လေးဆယ်လောက် ရှိပြီလို့ အဲဒီမြို့သားက ဝန်ခံတယ်... ဒါပေမဲ့ ပန်းချီကားချပ်ထဲကလူက ရဲတိုက်ပျက်ထဲကနေ လာတာတဲ့... ရဲတိုက်ပျက်ထဲက ရလာတဲ့ ရှေးဟောင်း ပန်းချီကားချပ်ကို ပြန်ဆွဲထားတာ...”
“ကျွန်တော်တို့လိုမျိုး ထူးခြားစွမ်းအား ရှိတဲ့လူတွေက လူတစ်ယောက် အမှန်ပြောလား လိမ်ပြောတာလားဆိုတာကို အနည်းနဲ့ အများ ခွဲခြားနိုင်တယ်ဆိုတာ မစ္စတာအက်ဇစ်လည်း သိမှာပါ... အဲဒီမြို့သားက လိမ်ပြောတာ မဟုတ်ဘူး”
အက်ဇစ်ဟာ ကလိုင်းရဲ့ စကားကို နားထောင်ရင်း သူ့ခန္ဓာကိုယ်ဟာ ရှေ့ကို ကိုင်းလာပါတယ်။ သူဟာ လက်ပိုက်ပြီး တစ်အောင့်ကြာအောင် တိတ်ဆိတ်နေပါတယ်။
ငါးမိနစ်ကြာတဲ့အခါ သူဟာ အသက်ရှူထုတ်လိုက်ပါတယ်။
“မင်းစကားက ငါ့ကို ဘာမှ သတိမရစေဘူး... ကြည့်ရတာ အဲဒီရဲတိုက်ပျက်ကို ငါကိုယ်တိုင် သွားကြည့်မှနဲ့ တူတယ်... မင်း ငါ့ကို အဲဒီနေရာ ခေါ်သွားပေးနိုင်မလား”
“ရပါတယ်... ခေါ်သွားပေးလို့ ရပါတယ်” ကလိုင်းက ဖြေပါတယ် “ဒါပေမဲ့ ကျွန်တော် အိမ်ကို ဝင်ဖို့ လိုသေးတယ်... မဟုတ်ရင် ကျွန်တော့် မောင်နှမတွေ စိုးရိမ်နေလိမ့်မယ်”
“ရတယ်... ကိစ္စမရှိဘူး” အက်ဇစ်ဟာ မတ်တတ်ရပ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။