← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

အသံ၊ ရုပ်ထွက်ပစ္စည်းကောင်းမွန်သော ဗီလာကြီးထဲတွင် စူးထောင်တစ်ယောက် အသင့်စားခေါက်ဆွဲတစ်ပန်းကန်ကို တရှုပ်ရှုပ်သောက်လိုက်ပြီး ကျေနပ်စွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။

သူမက ချက်ပြုတ်ခြင်းကို မကြိုက်သောသူဖြစ်ပြီး ရှဲ့ကျင်အတွက် မနက်စာလုပ်ပေးသည်မှလွဲ၍ မီးဖိုချောင်ကိုဝင်ခဲ၏။ ညဘက်တွင် အသင့်စားခေါက်ဆွဲတစ်အိုးကိုတည်လိုက်ပြီး ပျော်ရွင်စွာနှင့် ခေါက်ဆွဲပြုတ်များကို တရှုပ်ရှုပ် စားလေသည်။

ရှဲ့ကျင်သည် များသောအားဖြင့် သူမအား ဒီလိုအသင့်စား အစားအစာကို စားခွင့်မပြုသောကြောင့် အပေါ်ယံတွင် နာခံဟန်‌ဆောင်ကာ သူ မရှိသည်နှင့် တိတ်တဆိတ်စားတော့သည်။

သူမ၏ဖုန်းသည် တင်းတင်းမြည်သွားပြီး ထိုအရာက ရှဲ့ကျင်ထံမှ ဗီဒီယိုဖိုင် တစ်ခုပင်။ နှိပ်လိုက်သည်နှင့် သူ့မျက်နှာကိုထိမိသွားသည်။

မပြောမဖြစ်ပြောရရင် ကြည့်ကောင်းခြင်းဆိုတာခေါင်းမာခြင်းတစ်မျိုးပင်။ ဘယ်လိုပင် ရုပ်ဆိုးသည့်ရှုထောင့်ကနေ ကြည့်ကြည့် ကြည့်ကောင်းနေရမည်။

ဗီဒီရိုရဲ့နောက်ခံက သူမကို တစ်ကြိမ်တစ်ခါမျှ ခေါ်မသွားဖူးသည့် သီးသန့်ကလပ်ဖြစ်ပုံရ၏။ သူ့သူငယ်ချင်းတွေဟာ စူးထောင်ရှိနေသည်ကို သိသော်ငြား သူမကိုမမြင်ဖူးကြချေ။

အတိတ်တုန်းက စူးထောင်သည် မလုံခြုံသလို ခံစားခဲ့ရသောကြောင့် သူမ မပါသည့်တွေ့ဆုံပွဲများကို သူသွားသည့်အခါတိုင်း သူမသက်သောင့်သက်သာဖြစ်စေရန် ဗီဒီယိုဖိုင်များ အမြဲတမ်းလိုလို ပေးပို့လာသည်။

ဗီဒီယိုက လူအများ၏မျက်နှာ တဝိုက်အလျင်အမြန်ဖြတ်ကျော်သွားသဖြင့် သူမ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။ သို့သော်ငြား မျက်တော်တစ်ခတ်စာတွင် ပန်းနုရောင်ပုံသဏ္ဍာန်ကို တစေ့တစောင်း ဖမ်းမိလိုက်၏။

ဗီဒီယိုဖိုင် ပြီးသွားသည့်အခါ စူးထောင်ရဲ့အံ့အားသင့်သွားသည့်မျက်နှာက ဖုန်းစခရင်ပေါ်တွင် ပေါ်လာသည်။အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ရင်း အမှတ်တမဲ့ မျက်ခုံးပင့်လိုက်ကာ နဂိုအေးစက်စက် အမူအရာပြန်ဖြစ်သွားသည်။

သူမဖုန်းသည် နောက်တစ်ကြိမ်မြည်သွားပြီး ဒီတစ်ခါတွင် တက္ကသိုလ်က စီနီယာဖြစ်သော ကျန်းချီကွမ်းထံမှ စာဖြစ်နေသည်။

[ကျန်းချီကွမ်း - "စူးထောင်ထောင် အခုဘာလုပ်နေလဲ။"]

ကျန်းချီကွမ်းသည် စကားပြောရည်မွန်ပြီး မိန်းကလေးများအား ပရော်ပရည်လုပ်ရတာကို သဘောကျသောသူပင်။ သူသည် အမှန်တကယ်မကောင်းတဲ့ကောင်ဖြစ်သော်ငြား ကတိတည်သောသူဖြစ်သည်။ ကျန်းချီကွမ်းသည် သူမထက်နှစ်နှစ်ကြီးပြီး သူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သော ကျန်းရှောင်ရူ၏ အကိုလည်းဖြစ်၏။ သူဟာ သူမကို ညီမလေးတစ်ယောက်ပမာ ဆက်ဆံသည်။

ဘွဲ့ရပြီးနောက် သူကကိုယ်ပိုင်ဖျော်ဖြေရေးကုမ္ပဏီ တည်ထောင်လိုက်ပြီး တစ်နှစ်အတွင်းသိသိသာသာ တိုးတက်လာ၏ ။

[စူးထောင် - အခုပဲညစာ စားပြီးသွားတာ။ ဘယ်လိုလုပ်ပြီး ညီမကို သတိရသွားတာလဲ စီနီယာအကိုကျန်း။"

[ကျန်းချီကွမ်း - "ဘယ်သူက မင်းလိုနှလုံးသားမဲ့နိုင်ပါ့မလဲ။ ဘွဲ့လည်းရပြီးရော အဆက်အသွယ်မလုပ်တော့ဘူး။ မင်းတို့အိမ်က အဲဒီရှာလကာရည်အိုးကြီးကြောင့် မဟုတ်လား။"]

ကျန်းချီကွမ်း တစ်ယောက်ထဲကသာ ရှဲ့ကျင်ကို 'ရှာလကာရည်အိုးကြီး'ဟု သတ်မှတ်ရဲသည်။

ထိုသည်မှာလည်း ကျောင်းတက်စဥ်အချိန်တုန်းက စူးထောင်ကို ဝန်ခံဖွင့်‌ပြောသော ကောင်လေးတစ်ယောက်အား ရှဲ့ကျင်တိုက်ခိုက်လိုက်သည်ကို တွေ့သွားခဲ့သောကြောင့်ပင်။ ထိုကောင်လေးသည် ဖျောက်ဖျက်မရသော စိတ်ဒဏ်ရာရသွားကာ နောက်ဆက်တွဲအနေဖြင့် သူမကိုမြင်သည်နှင့် ရှောင်ထွက်သွား၏။

[စူးထောင် - "မဟုတ်ရပါဘူးနော်..."]

[ကျန်းချီကွမ်း: "မဖြစ်နိုင်တာ။သူက ဒီလောက်ပိုင်ဆိုင်လိုစိတ်ကြီးလို့ မင်းဘွဲ့ရတဲ့အထိကို အကြာကြီးစောင့်လာတာ။ အခုဆိုရင် မင်းကိုသူ့ဘေးနားမှာ နေ့တိုင်းလိုလို သော့ခတ်ထားလောက်မှာ။"

[ကျန်းချီကွမ်း - "ဘဝတစ်သက်လုံး သူ့‌ဘေးနားမှာနေပြီး ထိန်းချုပ်တာကိုခံဖို့ ဆန္ဒရှိလား။"]

စူးထောင်ရဲ့လက်သည် တောင်းတင်းသွားပြီး ဖုန်းစခရင်ကိုကြည့်ကာ ဘယ်လိုဖြေရမှန်း မသိတော့ပေ။

လွန်ခဲ့တဲ့၃နှစ်အကြာက သူမသည် အရာအားလုံးကိုစွန့်လွှတ်ပြီး သူ့အနားမှာ‌နေဖို့ ဆန္ဒရှိသည်ဟု ထင်ထားခဲ့သည်။ သိုသော်ငြား သူသည် သူမအား ရှေ့ဆက်လျှောက်ဖို့ရန် သတ္တိနှင့်ဆုံးဖြတ်ချက်ကို မပေးခဲ့ပေ။

[စူးထောင် - စီနီယာအကိုကျန်း ညီမကို တကယ်ဘာပြောချင်နေတာလဲ။"]

[ကျန်းချီကွမ်း - "ကျောင်းတုန်းက မင်းကငါတို့မီဒီယာဌာနရဲ့ ဂုဏ်ထူးဆောင်ပဲ။ မင်းရဲ့အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကို အသုံးမချရင် ဖြုန်းတီးသလိုဖြစ်သွားလိမ့်မယ်။"]

[ကျန်းချီကွမ်း - "ငါတို့ကုမ္ပဏီကိုလာခဲ့။ ငါနဲ့အတူ အလုပ်တွဲလုပ်ပါ။ အဓိကရှယ်ယာရှင်၃ယောက်က မင်းအတွက်ရာထူးနေရာ ဖယ်ထားပေးတယ်။"]

စူးထောင်တစ်ယောက် ရပ်တန့်သွားပြီးနောက် စခရင်ပေါ်တွင် စာလုံးအနည်းငယ်ရိုက်ထည့်နေ၏။

[စူးထောင် - "ကုမ္ပဏီရဲ့ရှယ်ယာရှင်တွေက သတိမပြုမိဘူးလားဟင်။ လွန်ခဲ့တဲ့နှစ်ဝက်လောက်ကမှ ညီမဘွဲ့ရခဲ့တာလေ စီနီယာအကိုကျန်း။"]

[ကျန်းချီကွမ်း -"စူးထောင်ထောင် မင်းဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာလဲ။ အရင်တုန်းက မင်းက တောက်ပနေတဲ့ကြယ်တစ်ပွင့်လိုပဲ။ အခု‌တော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာလား။"]

[ကျန်းချီကွမ်း - "ဒါမှမဟုတ် မင်းရဲ့ ရှာလကာရည်အိုးကြီးက မလွှတ်မှာစိုးလို့လား။ ငါ့အကူအညီလိုလား။"]

စူးထောင်သည် တခဏအကြာ အံ့အားသင့်သွားပြီး သူမရဲ့အကြည့်ကို လျော့ချလိုက်၏။

ဟုတ်သားပဲ။ သူမ ဘယ်အချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်သွားတာလဲ။

စူးထောင်ထောင်ဆီမှ အချိန်အတော်ကြာ ပြန်စာမရသည့်နောက်တွင် ကျန်းချီကွမ်းက နောက်ထပ်စာတစ်စောင်ထပ်ပို့လာ၏။

[ကျန်းချီကွမ်း - မြန်မြန်မငြင်းနဲ့၊ ဒီအကြောင်းကိုစဥ်းစားဖို့ အချိန်ယူပါဦး။"]

စူးထောင်သည် တခဏကြာတုံ့ဆိုင်းသွားကာ ဆုံးဖြတ်ချက်ချလိုက်ပြီးပုံ ပေါ်သည်။ သူမ၏ လက်ချောင်းများက စခရင်ပေါ်တွင် စာလုံးနှစ်လုံး အလျင်အမြန် ရိုက်ထည့်လိုက်၏။

[စူးထောင် - "ညီမကိုစောင့်ပါ။"]

ဖန်သားပြင် မှိန်သွားပြီးနောက် အမဲရောင်ဖန်သားပြင်ပေါ်မှ ယုံကြည်မှုအပြည့် အပြုံးကြောင့် သူမအံ့အားသင့်သွားရသည်။

သူမ ခေါက်ဆွဲဘူးကိုကောက်ယူလိုက်ကာ သဲလွန်စကိုဖျောက်ဖျက်ဖို့ အပြင်ဘက်ရှိအမှိုက်ပုံးထဲသို့ပစ်ရန် ကြံရွယ်လိုက်သည်။

သို့သော်ငြား သူမရပ်တန့်သွားကာ ပြန်လှည့်လာပြီး ခေါက်ဆွဲဘူးကို နံဘေးနားရှိ မှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ရင်း အပေါ်ထပ်သို့ ပြေးတက်သွား၏။ ၄နှစ်တာအကျင့်က ချိုးဖောက်ရန် အတော်ပင်ခက်ခဲလှသည်။

သူမတို့နှစ်ဦးချစ်သူဖြစ်သွားပြီးနောက် စူးထောင်သည် ရှဲ့ကျင်၏ဗီလာတွင်နေခဲ့သည်။ ရှဲ့ကျင်တစ်ယောက် သူမကိုနေ့တိုင်း တက္ကသိုလ်အကြိုအပို့လုပ်‌ပေးကာ တက္ကသိုလ်ကျောင်းသားဘဝမှ အထက်တန်းကျောင်းသားဘဝ ပြန်ရောက်သွားသကဲ့သို့ပင်။

သူမ အမှန်တကယ်ပင် အထက်တန်းကျကျနှင့် ခပ်မိုက်မိုက် ရှဲ့ကျင်၏ဗီလာကို သဘောကျသည်။ အထူးသဖြင့် အိပ်ခန်းကျယ်ကြီးထဲက နူးညံ့ညံ့အိပ်ရာကိုပင်။သူမတစ်ကြိမ်လဲလျောင်းမိလိုက်သည်နှင့် ပြန်မထချင်တော့ပေ။

တကယ်လည်းမထနိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။

အိမ်မက်ထဲမှာ သူမကမုန်လာထုပ်အဖြစ်ပြောင်းလဲသွား၏။

ရုတ်တရက်ကြီး အဖြူ‌ရောင်ဝက်ဝဝကြီးတစ်ကောင်ရောက်လာပြီး အမြစ်မှစတင်တူးတော့သည်။

စိတ်ထဲတွင် ငိုကြွေးမြည်တမ်းနေပြီး သူမကိုမစားရန်တောင်းပန်နေသော်လည်း အသုံးမဝင်ပေ။ ထိုဝက်ဝဝကြီးရဲ့ပါးစပ်က အရက်နံ့နှင့်အတူ သူမဆီသို့ တဖြည်းဖြည်းလာနေသည်။

အရက်နံ့လား?

စူးထောင်သည် ရုတ်တရက်လန့်နိုးလာသည်။ရှဲ့ကျင့်၏နက်ကတိုင်က လျော့ရဲနေပြီး အင်္ကျီကြယ်သီးများကလည်း တစ်လုံးနှစ်လုံးဖြုတ်ထားကာ သူ၏အရက်နံ့အပြည့် နှုတ်ခမ်းက သူမရဲ့နှုတ်ခမ်း‌ပေါ်တွင်ရှိ‌နေ၏။

သူ့ရင်ဘတ်ကိုတွန်းထုတ်လိုက်သော်ငြား နေရာမှားတွန်းမိသွားပြီး သူ၏သွယ်လျလျ လက်ချောင်းများက သူမခေါင်းနောက်ရှိဆံပင်ထဲသို့ တိုးဝင်လာကာ ခေါင်းကိုကိုင်ပြီး ပို၍ပင် ခပ်ပြင်းပြင်းနမ်းလာသည်။

စူးထောင် - "..."

သူမ သူ့ကိုကန်ထည့်လိုက်၏။

သူကတိုးတိုးလေး ညည်းငြူရင်း ‌နောက်ဆုံးတွင် သူမနှုတ်ခမ်းကိုလွှတ်လာပေးသည်။

ရှဲ့ကျင်သည် သူ၏ခန္ဓာကိုယ်အောက်ပိုင်းကိုဖုံးကာ နာကျင်နေသောအမူအရာဖြင့် အိပ်ယာပေါ်တွင် လှဲချလိုက်၏။

ကန်ချက်နည်းနည်းပြင်းထန်ပုံရတော့ စူးထောင် သူ့အတွက်စိတ်မကောင်းသလို ခံစားသွားရသည်။ "ကျွန်မလူဆိုးတွေနဲ့ တိုက်ခိုက်နေတယ်လို့ အခုလေးတင်အိမ်မက် မက်နေတာ။"

ရှဲ့ကျင်တစ်ယောက် အနည်းငယ်ပြေလျော့သွားပြီး သူရဲ့မျက်ဝန်းနက်နက်ကိုဖွင့်လိုက်ကာ အံကြိတ်ပြောလိုက်သည်။ " အကြောင်းပြချက်ကောင်းပဲ။ ရှောင်ထောင်လေးက သိပ်ရက်စက်တာပဲ။ အခုလို ခပ်ကြမ်းကြမ်းကန်လိုက်တာ ကလေးမလိုချင်တော့လို့လား။"

စူးထောင်ရဲ့မျက်နှာသည် တောင့်တင်းသွား၏။ သူ့အကြည့်ကိုရှောင်ကာ ထထိုင်လိုက်ပြီး အခန်းမှထွက်သွားရန် ပြင်နေသည်။"ကျွန်မဒီနေ့ဓမ္မတာ လာနေတာ။ဘေးအခန်းမှာပဲ ကျွန်မသွားအိပ်တော့မယ်။"

သူက သူမရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး အနောက်ပြန် ဆွဲယူလိုက်ရာ အတူတူလဲကျသွားပြီး သူမအားခပ်တင်းတင်းပွေ့ဖက်ထားတော့သည်။

"ကိုယ်မင်းကိုမထိဘူး။ အိပ်တော့။"

"ရှဲ့ကျင်" စူးထောင်က သူ့ကိုနူးနူးညံ့ညံ့ခေါ်လိုက်ပြီး " ကျွန်မ ရှင့်ကိုမေးစရာရှိတယ်။"

" အိပ်တော့၊ မနက်ဖြန်မှပဲပြော။"

စူးထောင် သူမပါးစပ်ကို ပိတ်လိုက်ရသည်။

သူက ပြောစကားကောင်းကောင်း နားထောင်ပေးတဲ့သူမဟုတ်သလို သူမ ဘာလိုချင်တယ်၊ ဘာပြောချင်တယ်ဆိုတာကိုလည်း ဂရုမစိုက်ဘူး။ ဘာ‌မေးခွန်းတွေမှ မမေးဘဲ သူ့စကားအမြဲနားထောင်ပေးမယ့်သူကိုပဲ လိုချင်တာ။

ကျန်းထောင်၊ ဝမ်ထောင် ဒါမှမဟုတ် လီထောင်တို့တောင် အစားထိုးလိုက်နိုင်သည်ပင်။

သူမသဘာပေါက်သွားပြီး‌တဲ့နောက်တွင် သက်ပြင်းတစ်ချက်ချလိုက်မိ၏။ အရင်တုန်းက ထင်ထားခဲ့သလိုမျိုး သူကသူမအတွက် အရေးမကြီးတော့သလို လမ်းခွဲဖို့လည်း ပို၍လွယ်ကူသွားနိုင်သည်။

စူးထောင်သည် ပထမဆုံးသော မနက်ခင်းနေရောင်ခြည်အလင်းရောင်ကြောင့် အမြဲတမ်းနိုးလေ့ရှိပြီး တိတ်ဆိတ်သည့်မနက်ခင်းတွင် စောစောထရသည်ကို သဘောကျသည်။

အချိန်အများစုတွင် သူမသည် ဗီလာ၌နေကာ ပြတင်းပေါက်ဘောင်ပေါ်တွင် ခေါင်းအုံးတစ်လုံးနှင့်မှီရင်း စာအုပ်ဖတ်ရသည်ကို ကြိုက်၏။ အချိန်‌ရောက်လာတော့ မနက်စာလုပ်ဖို့ မီးဖိုချောင်ကို သွားလိုက်သည်။

သူမက မချက်ပြုတ်တတ်ချေ။ ကြက်ဥကြော်ခြင်း၊ပေါင်မုန့်မီးကင်ခြင်း၊ နွားနို့အပူပေးခြင်းလောက်ကိုသာ လုပ်တတ်၏။ သူမ ကျောင်းတက်တုန်းက တစ်ခါတရံ အရသာငြီးငွေ့ခြင်းမှ သက်သာစေရန်အပြင်ဘက်ခြမ်းမှ မနက်စာ သို့မဟုတ် သွားရည်စာများကို ဝယ်စားလေ့ရှိ၏။

သို့ရာတွင် ရှဲ့ကျင်မှာမူ ဘယ်တော့မှ ငြီးငွေ့သည်မရှိ၊မနက်စာကို စိတ်ကျေနပ်တဲ့အထိ နေ့တိုင်းစားသည်။ စူးထောင်ဟာ နွားနို့ပူပူကိုစားပွဲပေါ်တင်နေတုန်း သူက သူမ၏ခပ်နွေးနွေး ကိုယ်ခန္ဓာကို ပွေ့ဖက်လိုက်၏။ နေ့တိုင်း သူက စူးထောင်ကို လိုက်ရှာကာ သူမအား သူ့လက်ထဲတွင်ထွေးပွေ့ပြီးမှသာ သက်သောင့်သက်သာဖြစ်သလိုခံစားရသည်။

ရုတ်တရက် တစ်စုံတစ်ခုကိုသတိပြုမိသွားပြီး စားပွဲအောက်ရှိအမှိုက်ပုံးကို ဆွဲထုတ်ရန် ခြေထောက်ဆန့်လိုက်၏။ အသင့်စား ခေါက်ဆွဲခြောက်ဘူးက အထဲတွင်အခန့်သား ရှိနေသည်။

အန္တာရယ်ရှိသောအရှိန်အဝါဖြင့် မျက်လုံးစင်းကာ သူမကိုကြည့်လိုက်၏။သူ၏ အိပ်ရာထကာစ အသံခပ်အက်အက်ဖြင့် " ရှောင်ထောင်လေး အသင့်စားခေါက်ဆွဲတွေ ခိုးစားနေပြန်ပြီလား။"

စူးထောင်ရဲ့ကျောကုန်းက တောင့်တင်းသွားပေမယ့် ပြန်ပြေလျော့သွားသည်။

"အမ်း"

"အမ်း?" ရှဲ့ကျင်သည် သူမ မျက်နှာပြောင်တိုက်ကာသူ့မေးခွန်းကို လျစ်လျူရူမည်ဟု မမျှော်လင့်ထားချေ။ "'အမ်း' ဆိုတာ ဘာကိုဆိုလိုချင်တာလဲ။"

" 'အမ်း'ဆိုတာ ကျွန်မရှင့်ရဲ့မေးခွန်းကို ဖြေနေတာလေ။ကျွန်မအသင့်စားခေါက်ဆွဲကို စားထားတယ်။" သူ့ကိုတည့်တည့်ကြည့်ကာ စူးထောင်ပြန်ဖြေပေးလိုက်သည်။

ဗြောင်ကျကျ ရန်စနေတာပဲ! ဒီကလေးမလေးကို တစ်ရက်လောက်ဂရုမစိုက်မိရင် သူမက အိမ်ပေါ်ကနံရံတွေပါဖြိုချ‌မှာ။

" ရှောင်ထောင်လေး......"

ရှဲ့ကျင်စကားပြောလို့မပြီးသေးခင်မှာပင် စူးထောင်က ခြေဖျားထောက်လိုက်ပြီး သူ့ကိုအနံ့ခံလိုက်ရာ မျက်မှောင်ကြုတ်သွားရ၏။"ရှင်မနေ့က ရေမချိုးလိုက်ရဘူးလား။"

ရှဲ့ကျင်သည် အံ့အားသင့်သွားပြီး ရုတ်တရက် ရေမချိုးလိုက်ရမှန်း မှတ်မိသွားသည်။ သူငြင်းပယ် ခံလိုက်ရတာလား။

သူ၏ဒေါသပေါက်ကွဲလာခါနီးတွင် စူးထောင်က သူမရဲ့အေးစက်စက်လက်လေးဖြင့် သူ့လက်ကိုဆုပ်ကိုင်ကာ အိပ်ခန်းမှသူ့ကိုဆွဲထုတ်ပြီး ရေချိုးရန် တိုက်တွန်းလိုက်၏။ ပိတ်ထားသော ရေချိုးခန်းထဲတွင် ရှဲ့ကျင်၏ဒေါသများ သိသိသာသာလျော့ကျသွားပြီး သက်ပြင်းချလိုက်ကာ ရွေးချယ်စရာမရှိဘဲ ရေပန်းကိုဖွင့်လိုက်ရသည်။

စူးထောင်သည် ပြန်လှည့်ပြီး အဝတ်ခန်းသို့သွားကာ သူဒီနေ့ဝတ်သွားမည့် အဝတ်အစားနှင့်လိုက်ဖက်မည့်နက်ကတိုင်ကို ရွေးနေ၏။ အဝတ်ခန်းက ရှဲ့ကျင်စိတ်တည်ငြိမ်စေရန် သူမအသုံးပြုလေ့ရှိသော စန္ဒကူးရနံ့များဖြင့် ဖုံးလွှမ်းနေသည်။ သို့သော်လည်း အကျိုးသက်ရောက်မှု နည်းပုံရ၏။

မည်သို့ပင်ဖြစ်စေကာမူ ရှဲ့ကျင်က ထိုရနံ့ကိုနှစ်သက်ပုံရပြီး အမြဲတမ်းလိုလို အသုံးပြုနေသည်။

သူ၏ဝတ်စုံကို ရွေးချယ်ပြီးနောက် စူးထောင်တစ်ယောက် သူမအတွက် ဒီနေ့ဝတ်မည့်ဝတ်စုံကို ဝတ်လိုက်၏။ အဝါနုရောင် အင်္ကျီ၊အဖြူရောင်ဘောင်းဘီရှည်အပြင် အရောင်ခပ်လင်းလင်း ဒေါက်ဖိနပ်နှင့် သူမက ပရော်ဖက်ရှင်နယ်ကျပြီး ပို၍ ရင့်ကျက်ပုံပေါ်သည်။

ရေချိုးခန်းထဲမှ ရှဲ့ကျင်ထွက်လာပြီး အဝတ်အစားလဲပြီးသွားသော စူးထောင်ကိုမြင်လိုက်ရ၏။ သူက အချိန်တစ်စက္ကန့်ကြာ တုံ့ဆိုင်းသွားပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

"ဒီနေ့ ဘာလို့ ပန်းနုရောင်ဝတ်စုံ မဝတ်ရတာလဲ။"

စူးထောင်က သူ့ကို ရှပ်အင်္ကျီကိုပေးလိုက်ရင်း သူ့လည်ပင်းပေါ် နက်ကတိုင်တင်လိုက်ကာ "ကျွန်မ မကြိုက်လို့။"

"မင်းက အဲဒီအရောင်နဲ့ဆို ကြည့်ကောင်းတယ်။ မင်းပန်း‌နုရောင် ဝတ်တာကို ကိုယ်ကြိုက်တယ်။" ရှဲ့ကျင်ဟာ သူမကိုကြည့်ရင်း လေးလေးနက်နက်ပြောလိုက်သည်။

စူးထောင်က ရှဲ့ကျင်းဟာ ဘာလို့ သူမပန်းနု‌ရောင်ဝတ်ထားရင် သဘောကျမှန်း မသိချေ။ သူမက ပန်းနုရောင်ကို မကြိုက်သော်လည်း သူကြိုက်ရင် သူ့သဘောအလျောက် သူမဝတ်ပေးလိုက်သည်ပင်။

ဘယ်လိုပဲဖြစ်ဖြစ် ချင်ရွယ်ရှီးလည်း ပန်းနုရောင်ကြိုက်သည် သိလိုက်ရပြီးနောက်တွင် သူမအရောင်နှင့်ပက်သက်ပြီး အတိုက်အခံလုပ်လာသည်။

တခြားသူတစ်ယောက်၏ အစားထိုးခံဖြစ်ဖို့ သူမသည်းမခံနိုင်ပေ။

ပထမဆုံးအကြိမ် ကုမ္ပဏီမှာ ကောလဟာလကိုကြားခဲ့တုန်းက သူ့အား ချင်ရွယ်ရှီးကို ကြိုက်နေတာမဟုတ်လား၊သူမက အစားထိုးခံသက်သက်ပဲမလား ဟုမေးခဲ့သည်။

ရှဲ့ကျင်က ရိုးရိုးရှင်းရှင်းပင် သူမအား သူ့စကားကိုသာ နားထောင်ရန်နှင့် တခြားသူများရဲ့အတင်းစကားကိုနားမယောင်မိစေရန်အပြင် တစ်နေ့လုံးတွေးမနေဖို့ပါ ပြောလာခဲ့၏။

သူ့ရဲ့ ဒီလိုတုံးတိတိ တုံ့ပြန်မှုက သူမ၏ သံသယစိတ်ကို သိသိသာသာ ပိုမိုအားကောင်းလာစေသည်။

နောက်ဆုံးတွင်မူ သူမဆက်မတွေးနိုင်လောက်အောင် ပင်ပန်းနေနှင့်ပြီ။

"ရှဲ့ကျင် ကျွန်မ ရှင့်ကိုမေးစရာရှိတယ်။" စူးထောင် မနေ့ညက သူမကိုပြောခွင့်မပြုထားတဲ့စကားကို အစချီလိုက်သည်။

"ဝတ်စုံ အရင်လဲလိုက်ပြီးမှ မေး။"

သူဒီစကားပြောလိုက်ပြီးသည်နှင့် တပြိုင်နက် စူးထောင်သည် နက်ကတိုင်ကို ခပ်တင်းတင်းချည်‌ပေးလိုက်ပြီး လည်ပင်းညစ်ပစ်လိုက်ချင်၏။

ပြစ်မှုကျူးလွန်မည့်အတွေးများကို ခပ်မြန်မြန်ဖယ်ထားလိုက်ပြီး ပန်းနုရောင်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ သူမတွင် ထိုကဲ့သို့ ပုံစံတူ ၆ထည်ရှိနေ၏။

ထို ဝတ်စုံများသည် ဈေးကြီးပြီး အကုန်လုံးကို ရှဲ့ကျင်က ဝယ်ထားပေးသည်။

ရှဲ့ကျင်၏ ဝတ်စုံပြည့်ဝတ်ထားသော ဖြောင့်တန်းနေသည့် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် ရှည်ပြီး ထင်းထွက်နေသောအသွင်အပြင်က international catwalkတွေမှာ လမ်းတက်လျှောက်ရင်တောင် မှေးမှိန်သွားမည် မဟုတ်ချေ။

ရှဲ့ကျင်သည် ပန်းနုရောင် ဝတ်စုံနှင့် သူမကို စိတ်ကျေနပ်စွာကြည့်လိုက်ပြီး နောက်ဆုံးမှာမူ သူမအား မေးခွန်းမေးရန် အခွင့်အရေးပေးလိုက်၏။ "မေးလေ"

"တကယ်လို့ ကျွန်မ နှုတ်ထွက်ချင်တယ်ဆိုရင် ဘယ်နှစ်ရက်လောက်ကြိုတင်ပြီး နှုတ်ထွက်စာတင်ရမလဲ။"

All Chapters