အခန်း (၂၂)
Vol. 2 Ch. 22
"သူဌေးဝူ အဲဒါ သူမကြောင့်ပဲ။ သူမရဲ့အနုပညာရှင်နှစ်ယောက်က ရိုက်ကူးရေး ခဏလုပ်ပြီးတဲ့နောက်မှာ အခက်အခဲတွေကို မခံနိုင်လို့ရပ်လိုက်ချင်တယ်တဲ့။ရိုက်ကူးရေးကို နှောင့်နှေးအောင် လုပ်လိုက်လို့ ဒီနေ့အတွက်တော့ ကျွန်တော်တို့ မမှောင်ခင် မပြီးပြတ်မှာစိုးတယ်။
ဝူရှဲ့ယွီက စူးထောင်ကို စိုက်ကြည့်နေသည့်အတွက် ကျိုးကျစ်က သူမတို့အရင်ပြောလိုက်မှာကြောက်သဖြင့် သူအရင်ဖြတ်ပြောလိုက်၏။
"စူးထောင်လား။" ဝူရှဲ့ယွီက နောက်ဆုံးတော့ အတည်ပြုလိုက်နိုင်သည်။ တကယ်ကို စူးထောင်ပါ။
ကျိုးကျစ် - "..."
ဝူရှဲ့ယွီ စူးထောင်အား ကြည့်နေသည့်ပုံစံကို တွေ့သွားပြီးနောက် ကျိုးကျစ်က ရုတ်တရက် မကောင်းတဲ့ခံစားချက်ရသွားပြီး သူမကြာခင် မိုးမီးလောင်တော့မည်ဟု ခံစားလိုက်ရသည်။
"သူဌေးဝူ မတွေ့တာကြာပြီနော်။"
စူးထောင်က ဝူရှဲ့ယွီနှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကိုဆန့်တန်းလိုက်သော်လည်း လက်ချင်းမထိလိုက်ခင်တွင် သူမ၏ ချောမွေ့သည့် လက်သေးသေးလေးအား နွေးထွေးသည့် ခပ်ကြီးကြီးလက်တစ်ဖက်က ရုတ်တရက် ဖမ်းဆုပ်လိုက်၏။
ဘယ်သူမှ မတုံ့ပြန်လာခင်တွင် စူးထောင်က ရှဲ့ကျင်၏ အားနှင့်ဆွဲယူခြင်းကို ခံလိုက်ရပြီး ပတ်ဝန်းကျင်ရှိယောက်ျားများထံမှ ခြေလှမ်းအနည်းငယ် ဝေးသွားတော့သည်။
မော့ကြည့်လိုက်တော့ မည်းမှောင်ပြီး အုံ့မှိုင်းနေသည့် မျက်လုံးတစ်စုံနှင့် ဆုံသွားသောအခါ စူးထောင်၏ မျက်လုံးထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ဖြတ်သွား၏။ ရှဲ့ကျင် ဘယ်ကနေဘယ်လို ပေါ်ထွက်လာလဲဆိုတာ အံ့ဩသွားမိသည်။
"ဥက္ကဌရှဲ့ ကျွန်တော်က ဥက္ကဌ မရောက်လာသေးဘူးလို့ ထင်ထားတာဗျ။" ဝူရှဲ့ယွီက လိမ္မာပါးနပ်စွာ သူနဂိုရပ်နေသည့် နေရာတွင်ပင် ရပ်ကာ နှုတ်ဆက်လိုက်၏။
"ခဏက ဘာတွေဖြစ်နေတာလဲ။" ရှဲ့ကျင်က ကျိုးကျစ်ကို မကျေမချမ်းကြည့်ကာ စူးထောင်ကို မေးလိုက်သည်။
ဒီလူတွေက စေ့စပ်ညှိနှိုင်းနေတာကို လှမ်းမြင်တော့ အမြန်လမ်းလျှောက်လာရင်း သက်ပြင်းချကာ ကိုယ့်ဘာသာကိုယ် တွေးတောနေမိ၏။ ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးက ဘာလို့ယောက်ျားတွေကြီးပဲ ဖြစ်နေရတာလဲ။
ထိုအခိုက်အတန့်တွင် ကျိုးကျစ်၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားနေသည်။ သူကြားခဲ့တာမမှားရင် သူဌေးဝူ ခေါ်လိုက်တဲ့ "ဥက္ကဌရှဲ့"ဆိုတာ သူဌေးကြီး ရှဲ့ကျင်ဖြစ်နိုင်၏။
နတ်ဆိုးကဲ့သို့ ကြောက်စရာကောင်းသော ယောက်ျားသည် ထိုမိန်းကလေး လက်ကိုကိုင်ထားပြီး သူမနှင့်ရင်းနှီးသော ဆက်ဆံရေးရှိပုံရသည်။
ထို့အပြင် ထိုမိန်းကလေးမှာ သူလှည့်စားခဲ့သော မိန်းကလေးပင်။
'ပြီးသွားပြီ။ ကျိုးကျစ် မင်းတော့ သေဖို့လုံးဝသေချာသွားပြီ။'
ထူးချွန်သော ထုတ်လုပ်သူတစ်ဦးအနေဖြင့် ကျိုးကျစ်သည် သူ့ပင်ကိုယ်စရိုက်တွင် အားနည်းချက်က သေချာပေါက်ရှိသော်လည်း အားသာချက်များလည်း အထင်အရှားရှိနေ၏။ မဟုတ်ရင် ရွေ့ချီမှာ ဒီလောက်နှစ်တွေကြာအောင် သူရပ်တည်နိုင်မှာမဟုတ်ပေ။
သူထံတွင်ရှိသော အားသာချက်များစွာအနက် အလျင်အမြန် တုံ့ပြန်တတ်ခြင်းနှင့် ဘယ်အချိန်မှာ ဘယ်လိုဆုတ်ရမလဲဆိုတာသိခြင်းသည် သူရှင်သန်နေရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။
ရှုံးနိမ့်မှုကို ဝန်ခံသည့်နယ်ပယ်တွင် မည်သူမျှ သူ့ကို မယှဉ်နိုင်ချေ။ သူက ရှုံးနိမ့်မှုကို ရှာသည့်နေရာတွင် ဆရာတစ်ဆူဟုပင် ပြောလို့ရ၏။
သူက ချက်ချင်းပင် နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ရာ ဝူရှဲ့ယွီနှင့် တိုက်မိလုနီးပါးပင်။ ထို့နောက် သူ၏ကြီးမားသော ခန္ဓာကိုယ်နှင့် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
သူဌေးဝူ၊ဥက္ကဌရှဲ့၊ပြီးတော့ စူးလောင်ရှီး ပထမဆုံးအနေနဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့လိုသွားပါတယ်။ အစောနက ပြဿနာအစအဆုံးကို မသိဘဲ ကိုယ်ထင်ရာဆုံးဖြတ်ခဲ့မိပါတယ်။ ကျွန်တော်တကယ်ကို စဉ်းစားဉာဏ် မရှိသွားတာပါ။ကျွန်တော့်ရဲ့အမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ စူးလောင်ရှီး ဘယ်လိုတောင်းဆိုမှုပဲလုပ်လုပ် လုပ်ပေးပါ့မယ်။"
စူးထောင်အရင်က ကိုယ့်အမှားကိုယ်ဝန်ခံတဲ့သူတွေကို တွေ့ဖူးပေမယ့် ဒီလောက်မြန်မြန်ကြီး အမှားဝန်ခံလာတဲ့သူကိုတော့ မတွေ့ဖူးပေ။
သူမဘက်က စပြီးပြန်မတိုက်ခိုက်နိုင်ခင်မှာ တစ်ဖက်သူက တောင်ပန်နေနှင့်ပြီပင်။
ဝူရှဲ့ယွီက စိတ်ရှုပ်ထွေးစွာဖြင့် နားထောင်နေပြီး ရှဲ့ကျင်မှာတော့ စူးထောင်ကိုပဲကြည့်နေကာ ဘာအမှန်တရားမှ ဂရုမစိုက်ချေ။ သို့သော် သူ၏အလိုလိုသိစိတ်အရ သူ့ရှောင်ထောင်လေးက မှားယွင်းစွပ်စွဲခံရသည်ဟု ခံစားလိုက်ရ၏။
ရှဲ့ကျင်က မျက်လုံးကိုမှေးစင်းလိုက်ကာ ဒေါသပေါက်ကွဲခါနီးတွင် သူဆုပ်ကိုင်ထားသည့် နူးညံ့ပြီးသေးသွယ်သော လက်လေးက သူ့လက်ဖဝါးကြီးကို ညှစ်လိုက်သည်။ သူ့နှလုံးက ချက်ချင်းခုန်သွားပြီး ဒေါသများကလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။
စူးထောင်၏ အေးချမ်းသော မျက်နှာက လိမ္မာပါးနပ်ပြီး အပြုအမူကောင်းသည့်ပုံစံကို ဆင်မြန်းထားရင်း "မဟုတ်တာ ကျွန်မတို့ရဲ့အနုပညာရှင်တွေကသာ မသိ၊နားမလည်ဘဲ ဒါရိုက်တာကျိုးနဲ့ ထုတ်လုပ်သူကျိုးကို ဒုက္ခများအောင် လုပ်လိုက်မိတာ။"
ကျိုးကျစ်ရော၊ ဒါရိုက်တာရောက အံ့အားသင့်သွားပြီး ရည်မွန်နေသော စူးထောင်ကို စိုက်ကြည့်လာ၏။ သူမက ရွဲ့ပြောနေတာလား ဒါမှမဟုတ် ဒီအတိုင်းပဲပြောနေတာလားဆိုတာ သူတို့မသိကြပေ။
စူးထောင်က "ကျွန်မရဲ့အနုပညာရှင်တွေက ဒီအစမ်းရိုက်ကူးရေးကို တော်တော်လေး အလေးထားကြတယ်။ ဒီကြောင့် မနက်ဖြန် တရားဝင်ရိုက်ကူးရေးလုပ်ရင် ဒါရိုက်တာတို့နဲ့ ကင်မရာသမားတွေက သူတို့ကို အခွင့်အရေး ပိုပေးနိုင်ဖို့ မျှော်လင့်ပါတယ်။"
ကျိုးကျစ်နဲ့ ဒါရိုက်တာတို့က ရုတ်တရက် သဘောပေါက်သွားတော့သည်။ သူမက ယခင်ကအဖြစ်အပျက်ကို စိတ်ထဲမထားသော်လည်း တူညီသည့်အလဲအလှယ်ကိုလိုချင်၏။ ရိုက်ကူးနေစဉ်အတွင်း ကင်မရာရိုက်ချက်ပိုရဖို့ပင်။
ဒီအဖြစ်အပျက်အတွက် သူမက တရားမျှတမှုရှာဖွေရင်တောင်မှ ထုတ်လုပ်ရေးအဖွဲ့ကို လူစားထိုးဖို့မလွယ်တဲ့အတွက် သူဌေးနှစ်ယောက်က သူတို့ကိုပြစ်တင်ရှုတ်ချရုံပဲ လုပ်လို့ရမှာလေ။ တခဏကြာ နှုတ်ရေးနဲ့အငြားပွားမှုကို အနိုင်ယူမယ့်အစား အနုပညာရှင်တွေ အကျိုးအမြတ်ရဖို့အတွက် ဒီအခွင့်အရေးကိုသုံးပြီး အရင်းအမြစ်ပိုရဖို့ တောင်းဆိုလိုက်တာက ပိုကောင်းတယ်။
ဥပမာအနေနဲ့ပြောရရင် ထိပ်သီးခေါင်းဆောင်တွေ ဝင်စွက်ဖက်တာကို မျှော်လင့်နေတာထက် လက်ရှိတရားဝင်လုပ်နေတဲ့သူတွေကို မျက်နှာလိုမျက်နှာရ လုပ်တာက ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒါရိုက်တာနဲ့ ကျိုးကျစ်က ဝင်စွက်ဖက်နိုင်တယ်လေ။
'ရိုက်ကွက်များများရဖို့က အနုပညာရှင်တွေအတွက် အဓိက အရေးကြီးဆုံးအရာပဲ။ စူးထောင်ရဲ့ အတွေးအမြင်က လိမ္မာပါးနပ်တယ်လို့ ဆိုရမယ်။'
ဝူရှဲ့ယွီလည်း သူမ၏ဆိုလိုရင်းကို နားလည်နေသဖြင့် စူးအောင်အား လေးစားမှုအပြည့်နှင့် မနေနိုင်ဘဲ ကြည့်နေမိတော့သည်။
စူးထောင်က ဆက်လက်ပြီး "ကျိုးလောင်ရှီး အဆင်ပြေရင်လေ ကျွန်မတို့ကလေးတွေအတွက် နောက်ခံစကားပြောတာတို့၊ စီးပွားရေးလုပ်ငန်းကြော်ငြာရိုက်ကူးပေးတာတို့ ဒါမဟုတ်လည်း တစ်ခုခုကို မှတ်တမ်းယူပေးတာလိုမျိုး လုပ်ပေးလို့ရနိုင်မလားဟင်။"
သူမက စီးပွားရေးလုပ်ငန်းနဲ့ ပက်သက်တဲ့ အခွင့်အလမ်းကိုတောင် လက်လှမ်းယူနေ၏။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ထောက်ခံမှုသဘောတူညီချက် ဒါမှမဟုတ် တစ်ခုခုကိုရဖို့ တွေးနေတာလား။
ဒါကအလှမ်းဝေးလွန်းတယ်။ သူမရဲ့ အနုပညာရှင်ငယ်လေးနှစ်ယောက်က စီးပွားရေးလုပ်ငန်းကြော်ငြာမှတ်တမ်းရိုက်ဖို့ အရည်အချင်းပြည့်လို့လား။
ကျိုးကျစ်က အတွင်းပိုင်းတွင် ကျိန်ဆဲနေသော်လည်း အပြင်ပိုင်းတွင် အပြုံးမျက်နှာကို ဆင်မြန်းထားသည်။သူ့ဘက်က အရင်မှားထားသည့်အတွက် အဆင်မပြေတဲ့ကိစ္စကိုလည်း အဆင်ပြေသွားအောင် လုပ်ပေးရမှာပင်။" စူးလောင်ရှီးအတွက်သာဆို အဆင်မပြေတဲ့ကိစ္စဆိုရင်တောင် အဆင်ပြေသွားမှာပါဗျ။"
ဒါကို နားလည်သဘောပေါက်တယ်လို့ ယူဆနိုင်ပါတယ်။ မနက်ဖြန်ရိုက်ကူးရေးမှာ အထူးတလည် ဆက်ဆံခြင်း မခံရရင်တောင်မှ အကျိုးအမြတ်တွေအများကြီးတော့ ရမှာပဲလေ။
နောက်ဆုံးတွင် စူးထောင်က စိတ်ကျေနပ်စွာ ပြုံးလိုက်၏။
နေရောင်ခြည်နှင့် လေနုအေးကို မျက်နှာမူရင်း စူးထောင်၏ အပြုံးများက တလက်လက်တောက်ပနေပြီး ရှဲ့ကျင်၏ နှလုံးသားထဲထိ ဖောက်ဝင်သွားကာ လွန်ခဲ့သည့်တစ်နှစ်ကျော်က စုပုံနေသည့်အမှောင်ထုမှုများကိုပင် တိုက်ဖျက်သွားသည်။
ရင့်ကျက်ပြီး အမြော်အမြင်ရှိသော စူးထောင်သည် နေရာအနှံ့ဆွဲဆောင်မှုရှိသည်ကို သူဝန်ခံပါ၏။
သူမက သူတစ်ဦးတည်းသိမ်းထားနိုင်သည့် လှောင်အိမ်ထဲက စာဝါငှက်လေး မဟုတ်တော့ချေ။
သူမက အစောကြီးကတည်း လှပသောတောင်ပံများနှင့်လင်းယုန်ငှက်အသွင် ပြောင်းလဲသွားပြီး ကောင်းကင်တခွင် တဟုန်ထိုးပျံတက်နေသည်။
သူမက သူ့လက်ကို လွှတ်လိုက်သည်နှင့် နွေးထွေးမှုများနှင့်ပြည့်နှက်နေသော သူ့နှလုံးသားက တဖန်ရေဆိုးပိုက်အဖြစ် ပြောင်းလဲသွားပြီး သူ့မျက်နှာတစ်ခုလုံးမှာ မပျော်ရွင်မှု အရိပ်အယောင်များ ဖြာထွက်နေ၏။
-------
ရိုက်ကူးရေးအဖွဲ့သားများက လက်ကျန်လုပ်ထုံးလုပ်နည်းများနှင့် အစမ်းလေ့ကျင့်မှုများကို အလျင်အမြန်လုပ်ဆောင်နေသော်လည်း စူးထောင်၏ အနုပညာရှင်များကို ထပ်မံအသုံးမပြုရဲတော့ပေ။
ထိုအစား အနုပညာရှင်နှစ်ဦးမှာ နောက်ဆုံးတွင် ကောင်းကောင်း အနားယူနိုင်သွားပြီး လိုအပ်သည့်အခါ စင်ပေါ်တွင် သူတို့ဘာသာ အစပြုလုပ်ဆောင်ခဲ့ကြ၏။ ပူးပေါင်းဆောင်ရွက်မှုကို ခြုံကြည့်လျှင် တော်တော်လေးကို တွဲဖက်ညီနေပြီး ပျော်စရာလည်း ကောင်းနေသည်။
"သူဌေးစူး သူတို့က ကျွန်မတို့အတွက် တခြားသူတွေလို ပင်လယ်မြင်ကွင်းကို ခံစားလို့ရနိုင်တဲ့အခန်းကို သူတို့ဘာသာသူတို့ ပြောင်းပေးထားတယ်။ ပြီးတော့ အစားအသောက်တွေရောပဲ အခုအကုန်အတူတူဖြစ်သွားပြီ။ အနီးနားက အခွန်လွတ်စတိုးဆိုင်အတွက် ဈေးဝယ်ကူပွန်ကိုတောင် သူတို့ပေးလာတယ်။ ကျွန်မ အဲဒါကို Brand စပွန်ဆာဆီကနေ ကြားလာခဲ့တာ။
"ဝါးးး ဆက်ဆံတဲ့ပုံစံက အများကြီး တိုးတက်လာတာပဲ။ထောင်ထောင်က တကယ်ကိုတော်တယ်။"
"ထောင်ထောင်၊ထောင်ထောင် ဖက်တီးကျိုးက ငါတို့ကို တကယ်ကြီး စီးပွားရေးကြော်ငြာမှတ်တမ်း ရိုက်ခွင့်ပေးလိုက်တယ်!! နင် ဘယ်လိုလုပ်လိုက်တာလဲ။
လူတိုင်းက စူးထောင်၏ပတ်ပတ်လည်တွင် စုပြုံနေရင်း စိတ်လှုပ်ရှားစွာ စကားပြောနေကြကာ စောနက အုံးမှိုင်းနေသည့် အမူအရာများပင် လုံးဝပျောက်ကွယ်သွားပြီး နှုတ်ခမ်းက နားရွက်တက်ချိတ်မတက် ပြုံးနေကြ၏။
စူးထောင်က နှုတ်ခမ်းပေါ် လက်ညိုးတင်လိုက်ကာ"ရှုးး နှိမ့်ချပြီးနေ။"
ပျော်ရွှင်နေသည့် စူးထောင်ဘက်ခမ်းနှင့်ဆန့်ကျင်စွာ ကျိုးကျစ်ဘက်ကတော့ ခံပြင်းမှုအရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေသည်။
သူတို့က ဘာလို့ သူဌေးဝူနဲ့ ဥက္ကဌရှဲ့ကိုယ်တိုင် ရောက်လာမှန်း နားမလည်ကြပေ။
ဘယ်လောက်ပဲ အရေးကြီးတဲ့ ပရောဂျက်လို့ပဲဆိုဆို သူဌေးဝူ ရောက်လာတာက နားလည်ပေးလို့ရပေမယ့် ဥက္ကဌရှဲ့ကပါ ဘာလို့ရောက်လာတာလဲ။
အမှားတစ်ခုခုလုပ်မိမှာ ကြောက်နေသည့်အတွက် ဂရုတစိုက်လုပ်နေရင်းနှင့်ပင် မမျှော်လင့်ထားစွာ သူတို့၏ စွမ်းဆောင်ရည်များနှင့် အာရုံစူးစိုက်မှုများက မြင့်တက်လာပြီး နဂိုစီစဉ်ထားသည့်အတိုင်း နေမဝင်မီတွင် အစမ်းရိုက်ကူးရေးပြီးသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် အရာအားလုံးက အစီအစဉ်အတိုင်း ပြီးမြောက်ခဲ့သည့်အတွက် ကျိုးကျစ်နှင့် ဒါရိုက်တာတို့က တိတ်တဆိတ် လက်ဝါးခြင်းရိုက်လိုက်ပြီး အစောပိုင်း အကျပ်အတည်းကို ရှောင်ရှားလိုက်နိုင်ခြင်းကြောင့် လျို့ဝှက်စွာအောင်ပွဲခံနေကြ၏။
သူတို့အေးအေးဆေးဆေး စိတ်လျော့နေစဉ် အလုပ်ပြီးသွားရင် ဥက္ကဌကြီးကိုယ်တိုင် ဧည့်ခံကျွေးမွေးမည့် ညစာစားပွဲရှိကြောင်း သူတို့အား အကြောင်းကြားလာသည်။
လူတိုင်း၏ မျက်နှာက တောင့်တင်းသွားပြီး အတင်းပင်ပြုံးပြလာကြတော့သည်။
သူတို့ နောက်ဆုံးတော့ အလုပ်ဆင်းလို့ရသွားပြီ။ ဘယ်သူကများ သူဌေးနဲ့အတူ ညစာစားချင်မှာလဲ။
ညစာစားပွဲကိုတော့ သူတို့တည်းခိုတဲ့ ဟိုတယ်စားသောက်ဆိုင်မှာ ကျင်းပမှာပါ။
ဟော်တယ်ခေါင်မိုးထပ် စားသောက်ဆိုင်တွင် တော်တော်လေးကို ကောင်းမွန်သော ပတ်ဝန်းကျင်ရှိနေပြီး အဆုံးမရှိကြယ်များအပြည့် မိုးကောင်နှင့် အဝါရောင် အလှဆင်မီးအလင်းများ ချိတ်ဆွဲထားကာ လှိုင်းပုတ်ခတ်သံ၊ ပဲ့တင်သံများကိုပင် ရေးတေးတေးကြားနေရ၏။
စားပွဲနှစ်လုံးမှာ ရိုက်ကူးရေးဝန်ထမ်းများဖြင့် ပြည့်လုနီးပါးဖြစ်နေပြီး အနုပညာရှင်များ၊ သူတို့၏ အေးဂျင့်များနှင့် လက်ထောက်များကလည်း နောက်ထပ်စားပွဲနှစ်လုံး အပြည့်ဖြစ်နေသည်။
ရှဲ့ကျင် ရောက်ရှိလာခြင်းက လူတိုင်း၏ မျက်လုံးများကို တောက်ပသွားစေ၏။ ဥက္ကဌအပေါ် ရိုသေလေးစားမှုရော၊သူ့ရုပ်ရည်အပေါ် အသိအမှတ်ပြုခြင်းများနှင့်အတူ သူတို့၏ အမူအရာမှာ ရှုပ်ထွေးနေပြီး သူ့ကိုကြည့်ချင်သော်လည်း မကြည့်ရဲသည့်ပုံစံမျိုး ဖြစ်နေသည်။
ထူးဆန်းစွာနှင့်ပင် အနုပညာရှင်များဘက်က စားပွဲခုံများမှာ ထိုင်စရာခုံ တစ်နေရာစာသာ ကျန်တော့သည်။ ဝူရှဲ့ယွီက ဝေ့ကြည့်လိုက်ပြီး စားထောင်မရှိသည့် စားပွဲတွင် ထိုင်ရန်ရွေးချယ်လိုက်၏။
စွင်းရှောင်ကျယ်သည် စူးထောင်၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေပြီး ရှဲ့ကျင်က ခြေတံရှည်ကြီးများဖြင့် ခြေလှမ်းနှစ်လှမ်းခန့် လျှောက်လာကာ သူမနံဘေးတွင် ရောက်လာနေသည်ကို ရုတ်တရက် သတိပြုမိသွား၏။သူ့မျက်လုံးများက တစ်ခုခုကို စောင့်ဆိုင်းနေသကဲ့သို့ မျက်လုံးမှေးစင်းထားသည်။
စွင်းရှောင်ကျယ်မှာ နှလုံးခုန်သံကျယ်လာပြီး သူမ၏ စိတ်အာရုံမှာလည်း ထွေပြားနေကာ သူက သူမဘက်ကို ခေါင်းလှည့်လာပြီး သူမအားအကြာကြီး စိုက်ကြည့်နေခြင်းက ဘာအဓိပ္ပာယ်လဲဆိုတာ သူမ မသိချေ။
စူးထောင်က ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြောလာ၏။"ဥက္ကဌရှဲ့ ဒီနေရာမှာ ထိုင်ပါ။"
သူမသည် သူ့နံဘေးပတ်လျှောက်သွားကာ ဆန့်ကျင်ဘက် ထိုင်ခုံတွင် ထိုင်လိုက်သည်။ သူမ၏ ရည်မွန်နေသော အမူအရာအောက်တွင် စိတ်မရှည်မှုကို ဖုံးကွယ်ထား၏။ တခြားသူများ၏ အမြင်တွင် သူမက အလွန်လိမ္မာပါးနပ်စွာ ဥက္ကဌရှဲ့အား အလိုလိုက်အကြိုက်ဆောင်နေသည့် ပုံစံမျိုးပင်။
ရှဲ့ကျင်၏ ပူလောင်ပြင်းပြသော အကြည့်က သူမပေါ်တွင် အချိန်အတော်ကြာ ကျရောက်နေသည်။သူမ၏ ခပ်တန်းတန်း အကြည့်အောက်တွင်ပင် သူ့ဒေါသကိုထိန်းချုပ်လိုက်ပြီး သူမ၏ နဂိုထိုင်ခုံနေရာတွင် ထိုင်ချလိုက်၏။
ထိုင်ပြီးနောက်တွင်ပင် သူ့ဒေါသက မတည်ငြိမ်နိုင်သေးဘဲ စွင်းရှောင်ကျယ်ကို ဓါးထက်ထက်တစ်ချောင်းကဲ့သို့ စူးစိုက်ကြည့်လိုက်သည်။
ထိုအခါမှသာ စွင်းရှောင်ကျယ်က ကုမ္ပဏီတွင် ပျံ့နှံ့နေသော ရှဲ့ကျင်နှင့် စူးထောင်ကြားက ဆက်ဆံရေးအကြောင်းကို ပြန်သတိရသွား၏။ သူမက ချက်ချင်းပင် လွှားကနဲ မတ်တပ်ရပ်လိုက်ကာ စူးထောင်နှင့် နေရာချင်းပြန်လဲချင်သွားသည်။
နောက်ဆုံးတွင် စူးထောင်၏ လေးနက်သော အကြည့်အောက်မှာပင် ကြောက်ကြောက်လန့်လန့် နှင့် ပြန်ထိုင်ချလိုက်တော့သည်။
ရှဲ့ကျင် ထိုင်လိုက်သည်နှင့် လေထုက ပို၍ပင် နေရခက်သွားပြီး မည်သူကမျှ လွတ်လွတ်လပ်လပ် စကားမပြောရဲတော့ပေ။ ချုပ်တည်းပြီးထိုင်နေရသဖြင့် လူတချို့မှာ စားပွဲဝိုင်းမှ ထွက်သွားချင်နေကြ၏။
ဟင်းပွဲတွေကို တည်ခင်းထားပြီးသော်လည်း မည်သူကမျှ တူကိုမကိုင်ကြချေ။ ဝူရှဲ့ယွီက တုံ့ဆိုင်းသွားပြီး သူကပင် စတင်စားဖို့ တစ်ခုခုပြောလိုက်ရင် ကောင်းမလားဟု တွေးနေမိသည်။
သို့ရာတွင် သူဌေးဖြစ်သူ၏ အမူအရာ အုံ့မှိုင်းနေသည်ကို တွေ့လိုက်ရသောအခါ ထိုအခိုက်အတန့်တွင် သူပါးစပ် ဟမလာရဲတော့ချေ။
စူးထောင်က နေ့လယ်ကတည်းက ဘာမှမစားထားရသည့်အတွက် အခုတော်တော်လေးကို ဗိုက်ဆာနေ၏။
ဟင်းပွဲတွေကို သူမလှမ်းကြည့်လိုက်သောအခါ ပင်လယ်ကမ်းခြေဖြစ်သည့်အလျောက် ဟင်းပွဲတော်တော်များများက ပင်လယ်စာများဖြစ်ပြီး ကံကောင်းထောက်မစွာပင် ပင်လယ်စာမဟုတ်သော တခြားဟင်းပွဲများလည်းရှိနေသည်။ စူးထောင်က တူကိုကောက်ကိုင်လိုက်ပြီး အစားအစာနည်းနည်း ညှပ်ယူဖို့လုပ်နေစဉ် တံတောင်နှင့် အတွတ်ခံလိုက်ရ၏။
သူမဘေးတွင်ထိုင်နေသော အနုပညာရှင်တစ်ဦး၏ လက်ထောက်က သူမအားကြင်နာစွာ မျက်လုံးဖြင့် 'တူကိုပြန်ချထားလိုက်။ ဘယ်သူမှစပြီးမစားရသေးဘူးလေ'ဟု သတိပေးနေသည်။
စူးထောင်က လူတိုင်း၏ သတိအနေအထားပုံစံကို ကြည့်လိုက်ပြီးနောက် သူမအား တောက်လောင်နေသော အကြည့်ဖြင့် စူးစိုက်ကြည့်နေသည့် ရှဲ့ကျင်ကို ထပ်ကြည့်လိုက်၏။ သက်ပြင်းချလိုက်ကာ မျက်နှာပေါ်တွင် ပြုံးနေကျအပြုံးကို ဆင်မြန်းလိုက်သည်။
"ဥက္ကဌရှဲ့ ကျွန်မတို့ စစားလို့ရပြီလား။ လူတိုင်းက ဗိုက်ဆာနေကြပြီ။"
စူးထောင်၏ အပြုံးကိုကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်အပြုံးမျိုးမဟုတ်သော်လည်း ရှဲ့ကျင်၏ တင်းမာနေသည့်အမူအရာက ချက်ချင်းပျောက်ကွယ်သွား၏။ချောင်းတစ်ချက် ဟမ့်လိုက်ကာ ပြောလာသည်။"စားကြလေ။ အစကတည်းက အားလုံးကို ထမင်းစားဖို့ပဲဖိတ်ထားတာ။"
စူးထောင်က အပြုံးကိုပြန်ရိုတ်သိမ်းလိုက်ပြီး အစားစားခြင်းအပေါ်၌သာ အာရုံစိုက်ထားလိုက်တော့သည်။
ဝိုင်ခွက်တွေကို တိုက်ကြပြီးသည်နှင့်အမျှ စားပွဲဝိုင်းရှိ လေထုက ပိုပိုပြီး အသက်ဝင်လာ၏။ ကျိုးကျစ်က အကြိမ်ကြိမ် ခွက်တိုက်ရန် ကြိုးစားနေသော်လည်း ရှဲ့ကျင်က ရုတ်တရက် စကားပြောလာကာ နှောက်ယှက်လိုက်တော့သည်။
"စူးလောင်ရှီးက ကုမ္မဏီမှာ အဓိကရှင်ယာရှင်တစ်ယောက် မဟုတ်ဘူးလား။ ကိစ္စတွေ တော်တော်များများကို ကိုယ်တိုင်လုပ်နေရတယ်လား။ မင်းတို့ ကုမ္ပဏီရဲ့ အလုပ်ခွဲဝေမှုပုံစံက သိပ်မရှင်းလင်းသလိုပဲ။
ရှဲ့ကျင်စကားပြောလာသောအခါ လူတိုင်းက သူဌေးဖြစ်သူ စကားပြောနေတာကို နှောင့်နှေးအောင် လုပ်မိမှာ ကြောက်နေကြသဖြင့် တိတ်တိတ်လေးပဲစားနေကြကာ ဘယ်သူမှ စကားမပြောရဲကြချေ။
စူးထောင်က အစားတစ်လုတ်ကို မြိုချလိုက်ပြီး သူ့ကိုပင်ကြည့်မလာဘဲ ဒီတိုင်းအဖြေပေးလိုက်၏။"ဒါပေါ့ ကျွန်မတို့ရဲ့ ကုမ္ပဏီငယ်လေးက ဥက္ကဌရှဲ့တို့ရဲ့ကုမ္ပဏီကြီးနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။"
ရှဲ့ကျင်- "ဒီတော့ စူးလောင်ရှီးက ကုမ္ပဏီကြီးမှာလုပ်ရတာကြိုက်လား ဒါမှမဟုတ် ကုမ္ပဏီငယ်လေးမှာ လုပ်ရတာကြိုက်လား။
ရှဲ့ကျင်က သွယ်ဝိုက်ပြီး စူးစမ်းလိုက်သည်။
စူးထောင် - ကျွန်မနဲ့ကိုက်ညီမယ့်တစ်ခုပေါ့။"
ရှဲ့ကျင် - "မှတ်မိသလောက်တော့ စူးလောင်ရှီးက ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ပိုင်ဆိုင်ဖို့အခွင့်အရေးရခဲ့ပါရက်နဲ့ လက်လျှော့လိုက်တယ်နော်။ဘာလို့လဲဗျ။"
အရင်ကမှတ်ဉာဏ်တွေ ပြန်ပေါ်လာတော့ သူမ၏ အမူအရာက တောင့်တင်းသွားပြီး သူမအတွက်'ရှန့်ယွမ် ဖျော်ဖြေရေးကုမ္ပဏီ' ထောင်ပေးမယ်လို့ သူပြောခဲ့ဖူးတာကို ပြန်သတိရသွားသည်။
အဲဒါက သူမ အဲဒီဓာတ်ပုံကို တွေ့သွားတဲ့အချိန်လေ။
လူတိုင်းက သူတို့နှစ်ဦးကြား ရန်ဖြစ်သံများကို တိတ်တဆိတ် နားထောင်ကြရင်း အတွင်းအောက်ခြေမှ မီးပွားများလွင့်စင်လာသလို ခံစားလိုက်ရကာ သူတို့ကြားက ဆက်ဆံရေးကို ခန့်မှန်းနေကြ၏။
စူးထောင်၏ မျက်နှာမှာ မည်းမှောင်သွားပြီး တူများကို ပန်းကန်ပြားပေါ်တွင် ဆောင့်ချလိုက်သည်။
စူးထောင်ရဲ့သိသာနေသော စိတ်မရှည်သည့်အမူအရာများနှင့် ဒေါသများ ရေးတေးတေးထွက်လာသည်ကို မြင်သွားသောအခါ ရှဲ့ကျင်၏ မျက်တောင်များက လှုပ်ခတ်သွားပြီး မျက်လွှာချထားလိုက်တော့သည်။
သူက ချက်ချင်းပင် မဖွင့်ရသော တူတစ်စုံကို ကောက်ကိုင်လိုက်ပြီး စူးစမ်းနေမှုများကို ထိန်းချုပ်လိုက်၏။မျက်လွှာချထားရင်း ချောင်းတစ်ချက် ဟမ့် လိုက်ကာ ပြောခဲ့သည်။" စားကြလေ။"