← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

စူးထောင်နှင့် ရှဲ့ကျင်ထွက်ခွာသွားပြီးနောက် လေထုသည် တင်းမာလာသကဲ့သို့ မိသားစုတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ စူးထောင် ဒေါသထွက်သွားသည်ကို သူတို့ဂရုမစိုက်သော်လည်း ရှဲ့ကျင်ကို ပြစ်မှားမိသည်က ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်၏။

'စူးထောင် သူတို့ကို မုန်းသွားမှာထက် သူမကရှဲ့ကျင်ရဲ့နားထဲ တီးတိုးပြောပြီး ကုမ္ပဏီကို အခက်တွေ့အောင်လုပ်သွားမှာကိုပဲ ပိုစိုးရိမ်နေရတာ။'

"အမေ ခဏတုန်းက ပြောလိုက်တဲ့စကားက တော်တော်လေးကို လွန်သွားတာပဲ။ ဥက္ကဌရှဲ့က တံခါးဆီကို ရောက်လာကာစဆိုတော့ ကြားသွားလောက်တယ်။" စူးဟောက်ရန်က လီဖေ့ကို မျက်မှောင်ကြုတ်ပြီးကြည့်ကာ စိတ်တိုတိုနှင့်ပင် ကြိမ်းမောင်းတော့သည်။

လီဖေ့၏ ဒေါသက ချက်ချင်းပင်ပေါက်ကွဲလာပြီး စားပွဲကိုလက်ဖြင့်ရိုက်ကာ အော်ဟစ်‌တော့၏။" ရှဲ့ကျင် ဒီကိုရောက်လာမယ်လို့ ငါဘယ်လိုလုပ်သိမှာလဲ။ ငါက သူတို့ပြတ်သွားတာ ကြာပြီလို့တောင်ထင်ထားတာ။ အခုအကုန်လုံးက ငါ့အပြစ်တဲ့လား။ သူက အိမ်ပြန်မလာတာ တစ်နှစ်တောင်ကျော်နေပြီ။ ငါနဲ့ဘာဆိုင်လို့လဲ။"

"ပါးစပ်ပိတ်ထား။ စကားနည်းနည်းမှ မပြောလိုက်ရရင် သေသွားမှာမို့လို့လား။" ဒီတစ်ကြိမ်တော့ စူးရှန့်က ပြောလာသည်။

သူ့ မျက်ခုံးကို လက်ဖြင့်နှိပ်လိုက်ပြီး ဒေါသတကြီးဖြင့် စားပွဲဝိုင်းမှ ထထွက်လာ၏။

ဧည့်ခန်းကိုဖြတ်လျှောက်လာရင်း စူးထောင်ယူလာသော မွေးနေ့ကိတ်လေးမှာ စားပွဲငယ်လေးပေါ်တွင် အထီးကျန်စွာ ရှိနေဆဲဆိုတာကို တွေ့လိုက်ရသည်။

ရုတ်တရက် သူ့စိတ်ထဲမှာ မြင်ကွင်းတစ်ခုကို ပြန်အောက်မေ့သွား၏။ လင်းယွမ်၏ ဈာပနနေ့တွင် အသက်ကိုးနှစ်အရွယ်သာ ရှိသေးသော စူးထောင်သည် မိုးရေထဲတွင် သူ့အမေ၏ အရိုးပြာအိုးကိုပိုက်ကာ ထီးတစ်လက်နှင့် ငိုလည်းမငို၊ ပြဿနာလည်းမရှာဘဲ တစ်ယောက်တည်း အထီးကျန်ဆန်စွာ မတ်တပ်ရပ်နေသည်။ ဘာကြောင့်မှန်းမသိ နှလုံးသားက ရုတ်တရက် နာကျင်သွား၏။

အသက်ကြီးလာတာနဲ့အမျှ အမှတ်ရစရာတွေကို မတွေးဘဲ မနေနိုင်တော့ပြီ။ စူးရှန့်၏ နောက်ကျောမှာ အပေါ်ထပ်သို့ တဖြည်းဖြည်း တက်နေသည်နှင့်အမျှ အနည်းငယ်ကိုင်းလာ၏။

-----

ကောင်းကင်တွင် လျှပ်စီးလက်နေပြီး မိုးခြိမ်းသံများထွက်ပေါ်လာသည့်အပြင် လေအဝှေ့တွင် သစ်‌ရွက်ခြောက်များ လွင့်နေသံတရှဲရှဲကို မိုးခြိမ်းသံနှင့်အတူ ပေါင်းစပ်လိုက်သောအခါ မှောင်မိုက်ပြီးလူသူကင်းနေမဲ့သည့် လမ်းကြားလေးက ပို၍ပင်ထိန့်လန့်တုန်လှုပ်စရာ ကောင်းသွားတော့သည်။

စူးထောင်သည် နံရံအနားကပ်၍ တိတ်တဆိတ်လမ်း လျှောက်လာခဲ့၏။ ဒီလမ်းသွယ်လေးကို ဖြတ်ကျော်သွားပြီးသည်နှင့် အဝေးပြေး လမ်းမကြီးတစ်ခုရှိလိမ့်မည်။ ဤလမ်းသွယ်လေးတွင် ကားပါကင်နေရာမရှိပေ။

လမ်းနှစ်ဘက်လုံးရှိ လမ်းမီးများသည် ဥရောပပုံစံ တြိဂံပုံသဏ္ဍာန် မီးများဖြစ်ပြီး တအားအလင်းကြီးမဟုတ်သော်လည်း အရိပ်မည်းမည်းများကိုတော့ မြင်နိုင်သေးသည်။

မြေပြင်ပေါ်ရှိ အရိပ်မည်းကြီးမှာ ပိန်သွယ်သောခြေတံများရှိပြီး တြိဂံပြောင်းပြန်ပုံစံ လက်ရာမြောက်သည့်ပုံသဏ္ဍာန်ရှိကာ သူမနောက်သို့ တလမ်းလုံး တိတ်တဆိတ် လိုက်ပါလာ၏။

လှည့်မကြည့်ဘဲနဲ့တောင် ရှဲ့ကျင်မှန်း သူမ သိနေသည်။

လမ်းသွယ်လေး၏ အဆုံးသို့ရောက်ခါနီးတွင် စူးထောင်သည် ရပ်လိုက်ကာ တည်ငြိမ်စွာနှင့် ရှဲ့ကျင်အား လှည့်ကြည့်လိုက်၏။ "ကျွန်မနောက် မလိုက်လာနဲ့တော့ ကျွန်မအဆင်ပြေတယ်။"

စူးထောင်၏ အေးချမ်းသည့်မျက်နှာက ရှဲ့ကျင်ရဲ့နက်နဲသော မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်နေသည်။ မိုးရေစက်များ ကျဆင်းလာသောအခါ သူမလက်ကို‌ဆွဲကိုင်ကာ လမ်းဘေးတွင်ရပ်ထားသော ကားထဲသို့ထည့်လိုက်၏။

စူးထောင် မျက်နှာပေါ်ရှိ မိုးရေစက်များကို တစ်ရှူးဖြင့် သုတ်ပေးပြီးနောက် ရှဲ့ကျင်က သူ့ကိုယ်သူခြောက်အောင် စသုတ်တော့သည်။

ကားထဲရှိတိတ်ဆိတ်မှုကို သူချိုးဖျက်လိုက်ပြီး "မင်းတို့မိသားစုက မင်းကိုဒီလောက် ဆိုးဆိုးရွားရွား ဆက်ဆံနေတာ ဘာလို့ကိုယ့်ကို ဖုံးကွယ်ထားတာလဲ။"

စူးထောင်သည် အပြင်ဘက်တွင် ဖြတ်သွား‌နေသောကားများနှင့် လမ်းသွားလမ်းလာများကို တိတ်တဆိတ်ပင်ကြည့်နေ၏။

ရှဲ့ကျင်က စူးဟောက်ယန် သူ့ကိုပေးထားသည့် နာမည်ကတ်ပြားကို ထုတ်ယူလိုက်ပြီး အေးစက်စက်ရယ်လိုက်ကာ နှစ်ခြမ်းဖြဲပြီး အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။

"ရှင်း ယန် ကုမ္ပဏီ" ဟုတစ်လုံးချင်းဖတ်ပြရင်း လှောင်ပြောင်လိုသောလေသံဖြင့် တစ်ချိန်တည်းတွင် "မင်းအစ်ကိုနာမည်က စူးဟောက်ရန်၊ မင်းရဲ့‌မောင်လေးနာမည်က စူးယန်ရှင်း။ ဒီကုမ္ပဏီရဲ့ ပိုင်ရှင်ကို ဆုံးဖြတ်ထားပြီးနေပြီ။"

သူသည် ဝံပုလွေများ ဝန်းရံထားသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့သော်လည်း သူ့အဖေအသက်ရှိစဉ်တုန်းက သူ့ကိုတကယ်ချစ်မြတ်နိုး၏။

ထျန်းကျင် Groupက သူမွေးတဲ့နေ့မှာ အဖေ့ဆီက လက်ဆောင်ဆိုပြီး သူအဖေကပြောဖူးသည်။

'သူ့နာမည်လည်း ပါနေတဲ့အတွက် သူ့အဖေက ဂရုတစိုက်နဲ့ ဖခင်မေတ္တာအပြည့်စီမံပေးခဲ့တယ်။'

ဆန့်ကျင်ဘက်အနေနဲ့ ရှင်းယန် Entertainment က သူ့ရဲ့ရှောင်ထောင်လေးတွေကို ဘယ်လိုရာထူးနေရာများ ဖယ်ထားပေးလို့လဲ။

" လွန်ခဲ့တဲ့တစ်နှစ်တုန်းက မင်းအိမ်မပြန်ချင်ဘူးလို့ ပြောခဲ့တာက ကုမ္ပဏီနာမည်ပြောင်းတာနဲ့များ ဆက်စပ်နေသလား။"

ရဲ့ကျင်ရဲ့မျက်လုံးထောင့်များက အနည်းငယ်နီသွား၏။ စူးထောင်ဟာ စိတ်ထဲ တော်တော်လေး စိတ်မကောင်းဖြစ်နေမှာကို သူသိတယ်။ သူက သူမတစ်ယောက်ထဲ ဒီလိုနာကျင်စရာ အမှတ်တရတွေကို သည်းခံပြီး မနေစေချင်ဘူး။

ဒါကို သူ မမှတ်မိတော့ဘူးလို့ သူမ ထင်နေခဲ့တာ။ သူမကခေါင်းကို ပိုငုံ့လိုက်ပြီး ဆံပင်ရှည်များက ပါးပြင်နှစ်ဖက်ကို ဖုံးအုပ်ကာ မျက်နှာပြင်ထက်တွင် လူးလွန့်နေ၏။

စူးထောင် - "ကျွန်မ မပြောချင်ဘူး။"

ရှဲ့ကျင် - "မင်းမှာ ကိုယ်သိလို့မရတဲ့အကြောင်းအရာတွေ ရှိနေလို့လား။ ရှောင်ထောင်လေး မင်းမိသားစုအကြောင်းနဲ့ပက်သက်ပြီး ကိုယ့်ကိုတစ်ခါမှမပြောပြဖူးဘူးနော်။"

စူးထောင် - "အဲဒါက ရှင်နားမထောင်ချင်လို့ပဲလေ။"

'နဂိုကတည်းက ဒီလိုအကြောင်းတွေကို ပြောဖို့ဆိုတာ ခက်ခဲတယ်။ သူက နားမထောင်ချင်ဘူးဆိုမှတော့ သူမလည်းပိုပြီးတော့တောင် မပြောချင်တော့ဘူး။'

ရှဲ့ကျင် - "ကိုယ်နားထောင်ချင်တယ်။"

အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးနောက် စူးထောင်ကခေါင်းမမော့လာဘဲ သူမရဲ့အေးဆေးတည်ငြိမ်သောအသံတစ်ခုကသာ ထွက်လာသည်။ "ပြီးခဲ့တဲ့တစ်နှစ်က အဖေ့ရဲ့မွေးနေ့လည်း ဖြစ်တဲ့နေ့မှာ အဖေကကုမ္ပဏီနာမည်ကို ပြောင်းလိုက်တယ်။ ကုမ္ပဏီရဲ့မူလနာမည်က ရှန့်ယွမ်လေ။အမေ့နာမည်နဲ့ အဖေ့နာမည်ကို ပေါင်းပြီးမှည့်ထားတာ။"

"ရှန့်ယွမ် ဖျော်ဖြေရေးကုမ္ပဏီကို သူတို့နှစ်ယောက်က သုညဘဝကနေ စပြီးတည်ထောင်ထားကြတာ။

အဲဒီရုပ်ရှင်ဧကရာဇ်တွေ၊ ရုပ်ရှင်ဘုရင်မတွေ၊ အဆိုတော်တွေအားလုံးက ကျွန်မအမေက ပျိုးထောင်ထားတဲ့ အနုပညာရှင်တွေ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က အမေဆုံးပါးသွားပြီးနောက်မှာ ကျွန်မအဖေက သူ့အတွင်းရေးမှူးလီဖေ့နဲ့ ကလေးတစ်ယောက်ရထားတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မအသက်က ၉နှစ်၊စူးယန်ရှင်းက ၇နှစ်တဲ့လေ။ စူးယန်ရှင်းလည်း အရမ်းသနားဖို့ကောင်းတယ်ဆိုတာသိပေမယ့် သူ့ကိုမုန်းနေတုန်းပဲ။"

သူမရဲ့အသံက တရွတ်ရွတ်နဲ့ နှာသံပေါက်လို့နေ၏။

"အစတုန်းကတော့ အဖေ ကျွန်မအပေါ်ဆိုးဆိုးရွားရွားဆက်ဆံတာက ရှေးခေတ်လူကြီးတွေလိုမျိုး သမီးမိန်းကလေးတွေကို သဘောမကျတဲ့သူလို့ထင်ခဲ့တာ။ ပြီးခဲ့တဲ့၄နှစ်လောက်က အမေ့ရဲ့နှစ်ပတ်လည်နေ့ မရောက်ခင် ကျွန်မ ရှင်နဲ့တွေ့ခဲ့တဲ့နေ့မှာပဲ အဖေက ကျွန်မကိုမုန်းနေတယ်ဆိုတာ သိလိုက်ရတယ်။"

"သူအမေကို လက်ထပ်ခဲ့တာက အမေ့ဘဝသက်တမ်းတစ်လျှောက်လုံးသေတဲ့အထိ သူ့အတွက်အလုပ်လုပ်ခိုင်းစေချင်လို့ပဲ။ အမေ့ကို တစ်ခါမှတောင် ချစ်ခဲ့ဖူးတာမဟုတ်ဘူး။ အမေ ကျွန်မကို မွေးပြီးတဲ့အချိန်ကစပြီး ကျန်းမာရေးတွေ ယိုယွင်းလာလို့ အရင်ကလိုမျိုး အလုပ်မလုပ်နိုင်တော့ဘူးလေ။ အဲဒါကို သူကအကုန်လုံးက ကျွန်မကြောင့်ပဲဆိုပြီး အပြစ်တင်တယ်။ သူ့မျက်လုံးထဲမှာတော့ အမေက သူ့လယ်ကို ထွန်ပေးနိုင်တဲ့နွားတစ်ကောင်ဖြစ်ပြီး ကျွန်မကတော့ အဲဒီတစ်ကောင်ထဲပဲရှိတဲ့နွားကို လယ်မထွန်နိုင်အောင်ဖျားနာစေတဲ့ အဓိကတရားခံပဲ။

‌သူမ၏‌ ပေါင်ပေါ်တွင် ခပ်တင်းတင်းဆုပ်ထားသည့်လက်ပေါ်သို့ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာတော့၏။

ဖြူလျလျလက်ခုံပေါ် မျက်ရည်များကျလာတဲ့အခိုက်အတန့်မှာ သူမလက်ကိုဆုပ်ကိုင်တော့မည့် ရှဲ့ကျင်၏ လက်ချောင်းပေါ်သို့ ပေါက်ကနဲကျသွား‌တော့သည်။

ရှဲ့ကျင်သည် ခပ်မြန်မြန်ပင် သူမမျက်နှာကို ကိုင်လိုက်ပြီး ဆံပင်များကို နားရွက်နောက်သို့ ပို့ပေးလိုက်ရင်း အမြဲလိုလို အပြုံးများနှင့် ပြည့်နှက်နေသောမျက်ရည်ဝိုင်းနေသည့် သမင်မျက်လုံးလေးများကိုကြည့်ကာ ရင်ထဲတွင် တင်းကြပ်ကြပ်နှင့် အသက်ရှုရပ်သွားစေမတတ် ဖြစ်သွားတော့၏။

" လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်မအိမ်ကနေထွက်ပြေးလာတဲ့ အကြောင်းအရင်းက သူကုမ္ပဏီနာမည်ပြောင်းလိုက်တာကြောင့်လည်း ဟုတ်သလို နောက်ပြီး....."

စူးထောင်၏ ပြောစကားများ မပြီးဆုံးသေးခင်တွင် ရှဲ့ကျင်ရဲ့တုန်ယင်နေသောအသံက သူမစကားကိုကြားဖြတ်‌ပြောလာသည်။"မပြောနဲ့တော့ ရှောင်ထောင်လေး။မပြောပါနဲ့တော့။"

"ဒါက သူဒီလိုလုပ်ဖို့ ဆန္ဒရှိမှန်း ကျွန်မသိနေလို့ပါ" စူးထောင်ရဲ့အသံက နှာသံစွက်နေသော်လည်း သူမတည်တည်ငြိမ်ငြိမ်နှင့် ဆက်ပြောနေသေး၏။"သူပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေကို ကျွန်မအတွက် မချန်ထားပေးချင်လို့လေ။ သူ ကျွန်မကို ဒီလောက်ထိပြင်းပြင်းထန်ထန် ဆန့်ကျင်စရာမလိုပါဘူး။ ပြီးတော့ သူ့ဆန္ဒကိုလည်း စောစောစီးစီးချပြစရာမလိုပါဘူး။ အဲဒါက သူ့ရဲ့မွေးနေ့ရက်လည်း ဖြစ်နေသေးတယ်။ ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ။

သူမက နောက်ဆုံးစကားပြောပြီးသည်နှင့် ကဲ့ရဲ့လိုက်သည်။ လှောင်ပြောင်ရယ်မောနေရင်းနှင့်ပင် မျက်ရည်များ စီးကျလာသဖြင့် ရှဲ့ကျင်၏ ရှပ်အင်္ကျီက စိုစွတ်သွားတော့သည်။

"ကျွန်မသူ့ရဲ့ပိုင်ဆိုင်မှုတွေကို မရလိုက်လို့ သူ့ကိုစိတ်ဆိုးသွားတာလို့ သူထင်နေတာ။ ကျွန်မက ဒီအတိုင်းအမေ့ကို တွေးမိသွားရုံပဲ။ အမေ ဂုဏ်ယူတဲ့‌လေသံနဲ့ တစ်ခါပြောဖူးတာတယ် ရှန့်ယွမ်ဖျော်ဖြေရေးကုမ္ပဏီက ပြည်တွင်းမှာ အကောင်းဆုံးဖျော်ဖြေရေးကုမ္ပဏီဖြစ်လာမှာတဲ့။အခုတော့ ရှန့်ယွမ်ဖျော်ဖြေရေးကုမ္ပဏီဆိုတာလည်း မရှိတော့ဘူး။"

ကားတွင်းရှိတိတ်ဆိတ်နေမှုက မိုးခြိမ်းသံကြောင့် အနှောက်အယှက်ဖြစ်သွားတော့၏။ မိုးသည်းကြီးမဲကြီးရွာချလာသဖြင့် ကားပြတင်းပေါက်ကို တအုံးအုံးနှင့်ရိုက်ခတ်နေသည်။

"ကိုယ်တို့ ရှန့်ယွမ်ဖျော်ဖြေရေး လို့ခေါ်တဲ့ဖျော်ဖြေရေးကုမ္ပဏီအသစ်တစ်ခု တည်ထောင်လိုက်ရအောင်လေ မကောင်းဘူးလား" ရှဲ့ကျင်က အထိတ်တလန့်ဖြင့် သူမမျက်နှာပေါ်ရှိ မျက်ရည်များကို လက်ညိုးလေးဖြင့် သုတ်လိုက်သော်လည်း သူမက သူသုတ်ပေးလေလေ ပိုငိုလာလေလေပဲဖြစ်နေ၏။

'သူမက လွယ်လွယ်နဲ့ မငိုတတ်ဘူး။ လွန်ခဲ့တဲ့လေးနှစ်အတွင်းမှာ သူမငိုတာကို သူတစ်ခါမှမမြင်ခဲ့ဖူးဘူး။'

'ဒါပေမယ့် ဒီနေ့ တစ်ရက်တည်းမှာပဲ သူမနှစ်ကြိမ်တောင် ငိုခဲ့တယ်။'

'အဲဒီတော့မှ သူမမျက်ရည်တွေက ကမ္ဘာပေါ်မှာ မှော်ဆန်ဆုံးအရာဖြစ်တာကို သူသဘောပေါက်သွားတယ်။ သူမအတွက် အရာအားလုံးကို အလျှော့ပေးလိုက်ချင်ပြီး သူမလိုချင်တာမှန်သမျှကိုလည်း သူမရှေ့ထိ အရောက်ပို့ပေးချင်လာတယ်။'

' စူးထောင်ပြိုလဲသွားတာ တစ်မိနစ်တောင်မကြာလိုက်ပေ။ သူမက မျက်နှာကို တစ်ရှူးသုတ်လိုက်ပြီး ငိုနေတာကိုရပ်လိုက်သည်။

သူမ၏ တည်ငြိမ်သော လေသံထဲတွင် ထေ့ငေါ့လိုမှုအပြည့်အဖြင့် "ကြားရတာ ရယ်စရာကောင်းလိုက်တာ ရှဲ့ကျင်ရယ်။ အခု ကျွန်မတို့ လမ်းခွဲလိုက်ပြီးမှပဲ ရှင်ကရုတ်တရက်ကြီး ကျွန်မစကားကိုလည်း နားထောင်လာပေးတယ်၊ ကျွန်မရဲ့ဆန္ဒတွေကိုလည်း အလေးထားလာပေးတယ်။"

ရှဲ့ကျင်က အံ့ဩတကြီးဖြစ်သွားတော့သည်။ သူကလား?

'အရင်တုန်းက သူမစကားကိုနားမထောင်ပေးဘူးလား။သူမကို အလေးမထားပေးဘူးလား။'

'ပြီးတော့ ဘာလို့သူမက လမ်းခွဲမယ့်အကြောင်း ဆက်ပြောနေသေးတာလဲ။'

"ကျွန်အရင်က နေခဲ့တဲ့ ပင်လယ်ပုံစံအပြင်အဆင်ဟိုတယ်ဆီကိုပဲ ခေါ်သွားပေးပါ။"စူးထောင်က နှာသံလေးဖြင့် တိုးတိုးလေးပြောင်းရင် ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းလှည့်ကြည့်နေတော့၏။

အရိပ်ထင်ဟပ်နေသော ကားပြတင်းပေါက်မှတဆင့် ရှဲ့ကျင်သည် သူမ၏ တည်ငြိမ်နေပုံရသော်လည်း စိတ်ပျက်အားငယ်နေသည့် အမူအရာကို မြင်လိုက်ရသည်။ သူမကို ဗီလာမှာ ပြန်နေခိုင်းဖို့ ပြောမည့်စကားလုံးတွေက သူ့နှုတ်ခမ်းထက်တွင် တိတ်ဆိတ်သွားပြီး ထိုစကားကို ထုတ်မပြောတော့ချေ။

ကားက ဟော်တယ်ရဲ့ကားပါကင်တွင်ရပ်သွားပြီး စူးထောင်ကသူ့ကို နူးညံ့စွာနှင့် ကျေးဇူးတင်လိုက်ပြီးထွက်သွားတော့၏။

သူမ မနေ့တုန်းက ပြန်မလာခဲ့တာကြောင့် မော်ဒိုက်ပုံစံအပြင်အဆင်အခန်းကို တခြားသူတစ်ဦးက ကြိုတင်ငှားထားပြီးနှင့်နေပြီ။ အန္တာတိက တိုက်အခန်းနှင့် ပင်လယ်ရေအောက်အခန်းနှစ်ခုထဲက တစ်ခုကိုသာ သူမရွေးချယ်နိုင်တော့သည်။

သူမအခန်းတံခါးသော့ကို ဖွင့်လိုက်သည်နှင့် ရှဲ့ကျင်ကလည်းနောက်ကနေ အခန်းထဲလိုက်ဝင်လာခဲ့၏။

အထဲကိုရောက်သည်နှင့် သူကမိုးစိုနေသောအင်္ကျီကို ချက်ချင်းချွတ်ကာ ကျင်းချွေ့ဝမ်ကို ဖုန်းဆက်ပြီး သန့်ရှင်းသပ်ရပ်သော ဝတ်စုံယူလာပေးဖို့ ပြောလိုက်သည်။

ထို့နောက် သူက ရေချိုးခန်းဆီသို့အမြန်ပြေးသွားကာ သူ့ကိုယ်ပေါ်တွင်ဝတ်ထားသော ဘောင်းဘီကိုပြောင်ပြောင်တင်းတင်းပင် ချွတ်ချလိုက်ပြီး ရေချိုးဝတ်ရုံပတ်လိုက်တော့၏။

စူးထောင်သည် သူ၏ယခုပုံစံအရှက်မရှိသော အပြုအမူကြောင့် ပြောစရာစကားမဲ့ကာ အံ့ဩသွားတော့သည်။ ထိုအခိုက်အတန့်တွင် သူမကပဲထွက်သွားလိုက်ရမလား ဒါမှမဟုတ် သူ့ကိုပဲမောင်းထုတ်လိုက်ရမလားဆိုတာကိုပင် မသိတော့ပေ။

"ကျွန်မက ဒီအခန်းကိုငှားထားတာ။" နောက်ဆုံးတွင် စူးထောင်သည် သူ့ကိုမောင်းထုတ်လိုက်ရန် ဆုံးဖြတ်ချက်ချလိုက်၏။

"အမ်း အဲဒါဘာဖြစ်လို့လဲ။" ရှဲ့ကျင်သည် ရေးချိုးကန်ထဲရှိရေပူလာမှာကို စောင့်နေရင်း သူမကိုစိတ်‌ရှုပ်ထွေးစွာနှင့် မော့ကြည့်လာသည်။

"ဒီတော့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။"

သူ့ရဲ့အကြည့်ကို မရုတ်သိမ်းလိုက်ဘဲ မျက်ခုံးတွေက တဖြည်းဖြည်း ကြုတ်သွားတော့၏။ သူ၏ချောင်ကျနေသောမျက်နှာက ကိုယ်အလေးချိန် အနည်းငယ် ကျသွားပုံရပြီး မေးစေ့ကိုင်းထားပုံနှင့် မျက်လုံးပင့်ထားပုံက မေးရိုးကိုမျှစ်ထိပ်ချွန်ကဲ့သို့ ဖြစ်သွားစေသည်။ သူ့မျက်ခွံများကလည်း ပို၍ နက်နေ၏။

သူစိတ်ရှုပ်ထွေးနေပုံကို တွေ့ပြီးနောက် စူးထောင်က သူမစကားရဲ့ဘယ်အပိုင်းတွေက ရှင်းရှင်းလင်းလင်း မဖြစ်သွားတာလဲဆိုတာကို သိချင်သွားသည်။ သူမပိုပြီး ရှင်းရှင်းလင်းလင်း ပြန်ပြောပေးဖို့ လုပ်သည့်အချိန်တွင် အိတ်ကပ်ထဲမှ သူမဖုန်းသံမြည်လာ၏။

သူမက ထုတ်ယူလိုက်ပြီး ပေါ့ပေါ့တန်တန် တစ်ချက်စိုက်ကြည့်လိုက်တော့ အမည်မသိနံပါတ်မှ သူငယ်ချင်းတောင်းနေသည်ကို တွေ့လိုက်ရသည်။

'စာတိုလေးမှာပြောထားတာတော့ ရှဲ့ကျင်နဲ့ ချင်ရွယ်ရှီးရဲ့ လျှို့ဝှက်ချက်တဲ့။'

ထိုလူ၏စကားက သူမမျက်နှာကို ကိုမည်းမှောင်သွားစေပြီး စပ်စပ်စုစုနှင့်ပင် 'လက်ခံသည်' ဆိုသောနေရာကို နှိပ်လိုက်၏။

သူငယ်ခြင်းဖြစ်ခွင့် လက်ခံလိုက်သည်နှင့် ထိုလူကချက်ချင်းပင် ပုံတစ်ပုံပို့လာပေးသည်။ စူးထောင်ပုံကိုနှိပ်လိုက်သောအခါ ပုံကအနည်းငယ်ဝါးတားတားဖြစ်နေပြီး ခိုးရိုက်ထားတာမှန်း သိသာနေ၏။ ဒါပေမယ့် အဓိကအချက်ကတော့ မှားနိုင်စရာမရှိပေ။

ရှဲ့ကျင်နှင့် ချင်ရွယ်ရှီးပင်။

မှိန်ပြပြနီယွန် မီးရောင်အောက်တွင် ကလပ်တစ်ခုမှ ထွက်လာခါစဖြစ်ပုံရပြီး နှစ်ယောက်သားက တရင်းတနှီးပူးကပ်နေကြသည်။ ရှဲ့ကျင်က မျက်လုံးမှိတ်ထားပြီး ချင်ရွယ်ရှီးက သူ့ကိုစေ့စေ့စိုက်ကြည့်နေ၏။

သူတို့နှစ်ခမ်းချင်းက ဖိကပ်ထားသည်။

စူးထောင်က ရေနွေးအပူချိန် ချိန်ညှိနေဆဲဖြစ်သော ရှဲ့ကျင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး သူမအကြည့်က WeChat ဆီသို့ပြန်ရောက်လာကာ အမည်းရောင် profile ပုံကို နှိပ်ကြည့်လိုက်သော်လည်း ဘာအချက်အလက်မှ မရလိုက်ချေ။

သူမက ထိုလူကိုစာပြန်ပို့လိုက်သော်လည်း ထိုလူက သူမကို သူငယ်ချင်းအဖြစ်မှ ပြန်ဖျက်ထားကြောင်း ဖော်ပြနေ၏။

စူးထောင်သည် တခဏတာ တုံ့ဆိုင်းသွားပြီး ဓာတ်ပုံကိုသိမ်းလိုက်ကာ ကျန်းချီကွမ်းဆီ ပို့လိုက်ရင်း ပုံကပြုပြင်ထားတာဟုတ်မဟုတ် အတည်ပြုပေးဖို့အကူအညီတောင်းလိုက်သည်။

ဖုန်းကို ချထားလိုက်ပြီးနောက် စူးထောင်က ရှဲ့ကျင်တစ်ယောက် ရေချိုးကန်ထဲက ရေအပူချိန်ကိုလက်ဖြင့် စမ်းပြီးသည်နှင့် ကျေနပ်နေကာ ရေချိုးရန်ပြင်ဆင်နေသည်ကို တွေ့လိုက်ရ၏။

သူမ၏မျက်လုံးများသည် ရုတ်တရက် စူးရှလာပြီး စိတ်ပျက်အားငယ်မှုနှင့် ရွံရှာမှုများ ပြည့်နှက်လာသည်။

'တကယ်လို့ ဒီပုံသာအမှန်ဖြစ်ခဲ့မယ်ဆို အတိတ်က လေးနှစ်တာကာလမှာ သူမက ဟာသတစ်ခု ဖြစ်မနေဘူးလား။'

စူးထောင်က ရှဲ့ကျင်ဆီသို့ လျှောက်လာပြီး သူ့ရေချိုးဝတ်စုံကော်လာကို အားအပြည့်ဖမ်းဆုပ်ကာ တံခါးဆီသို့ ဆွဲခေါ်သွားတော့၏။

ရေချိုးဝတ်ရုံ ကျွတ်ကျခါနီး အမြန်ပြန်ထိန်းလိုက်ရင်း ရှဲ့ကျင် ခလုတ်တိုက်မိသွားသည်။ သူတုံ့ပြန်ပြီးတဲ့အချိန်မှာပဲ စူးထောင်က တံခါးကိုဖွင့်ကာ သူ့ကိုတွန်းထုတ်လိုက်ပြီး ချက်ကောင်းနေရာကို အဆစ်အနေနှင့် ထပ်ကန်ထည့်လိုက်၏။

မှင်သက်သွားပြီး သူမဘာလုပ်နေတာလဲဟု မေးတော့မယ့်အချိန်မှာပဲ တံခါးက "ဘန်း"ဆိုသည့်အသံကျယ်ကျယ်နှင့် ပိတ်သွားတော့သည်။ ရှဲ့ကျင်တစ်ယောက် တံခါးအပြင်ဘက်တွင် နှာခေါင်းကို ပွတ်လိုက်ရင်း ကြောင်အမ်းအမ်းနှင့်ပင် အချိန်အတော်ကြာရပ်နေမိ၏။

All Chapters