အခန်း (၁၄)
Vol. 2 Ch. 14
[ကျန်းချီကွမ်း - ဓာတ်ပုံထဲက ဖိုတိုရှော့လုပ်ထားတဲ့ အရိပ်အယောင် မရှိဘူးဆိုတာကိုတော့ လုံးဝ အာမခံပေးနိုင်တယ်။ ဒါပေမယ့် ဓာတ်ပုံက တော်တော်လေးကို ဝါးနေပြီး ကြည့်ရတာ နမ်းနေကြသလိုပဲ။ တခြား ဖုံးကွယ်နေတဲ့အခြေအနေတွေလည်း ရှိကောင်းရှိမှာပါ။]
[ကျန်းချီကွမ်း - တကယ်တော့ ဒီဝါးနေတဲ့ပုံက မှားနမ်းခံရတာဖြစ်နိုင်တယ်လို့တော့ ကောက်ချက်မချနိုင်ဘူး။]
[ကျန်းချီကွမ်း - စူးထောင် မင်းအဆင်ပြေရဲ့လား။]
စီနီယာအကိုကြီးက သူမ၏ စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုကို စွဲလမ်းနေမှန်း သိနေသည့်အတွက် အတွေးလွန်သွားမှာကို စိုးရိမ်သဖြင့် သူမကို နှစ်သိမ့်ရန် အကြောင်းပြချက်များပေးနေ၏။
[စူးထောင် - ဒီထဲမှာ မှားနမ်းခံရတယ်လို့ သက်သေပြနိုင်တဲ့ အထောက်အထားတွေဘာတွေ ရှိလား။]
[ကျန်းချီကွမ်း - ဒါမှမဟုတ်.. ရှာလကာရည်အိုးကြီးကိုပဲမေးကြည့်လိုက်ပါလား။]
စူးထောင် တိတ်တဆိတ်ပြုံးလိုက်၏။ သူမသာ သူ့ကိုမေးလို့ရနေမယ်ဆိုရင် နုတ်ထွက်လိုက်ဖို့ကို ရွေးချယ်မှာမဟုတ်ဘူး။
သူတို့ကောင်းကောင်းမွန်မွန် လမ်းခွဲနိုင်မယ်လို့ သူမက နုံနုံအအနဲ့တောင် တွေးခဲ့ဖူးတယ်။
သူမတို့တွေ လမ်းခွဲပြီးသွားရင်လည်း သူငယ်ချင်းအဖြစ်နဲ့ဆက်ရှိနေကြမယ်ပေါ့ ဆိုပြီးတွေးနေခဲ့တာ။
[ကျန်းချီကွမ်း - ဒီမေဘေးကောင်အကြောင်း မေ့ထားလိုက်ကြစို့။ စီနီယာအကိုက မင်းကို သူ့ထက်အဆတစ်ထောင်မက သာတဲ့သူတွေနဲ့ မိတ်ဆက်ပေးမယ်။]
[ကျန်းချီကွမ်း - မင်းကို တကယ် အချစ်စစ်အချစ်မှန်နဲ့ ချစ်ပေးမယ့် သူကို စီနီယာအကို သေချာပေါက်ရှာပေးမှာ။ အစ်ကို့ကိုယုံ ကြားလား။]
အခုတော့ မဖြစ်နိုင်တော့ဘူး။ သူမက ဒီကမ္ဘာပေါ်မှာ အချစ်စစ်အချစ်မှန်နဲ့ ချစ်ပေးမယ့်သူမျိုး ရှိတယ်လို့တောင် သူမ မယုံကြည်တော့ချေ။
သူမလိုချင်တဲ့ ဖြူစင်သန့်ရှင်းတဲ့ ခံစားချက်မျိုးတွေ မရှိတော့ဘူးလေ။
ထို့အပြင် အချစ်ဆိုတဲ့အရာကိုလည်း ဘယ်တော့မှမယုံကြည်တော့ပေ။
ဘာတစ်ခုမှလည်း မလိုအပ်တော့ဘူး။
စူးထောင်၏ မျက်လုံးများသည် မျက်ရည်များဖြင့် မှုန်ဝါးသွားကာ လက်ကိုင်ဖုန်း၏ စခရင်ပေါ်သို့ မျက်ရည်စက်များက ကျလာပြီး ဖုန်းပေါ်တွင်တောက်ပနေ၏။ သူမက သုတ်လိုက်သော်သော်လည်း ထပ်စိုသွားပြန်သည်။
ဖုန်းကို မြှောက်လိုက်ပြီး စခရင်ကို ရှင်းရှင်းလင်းလင်းမြင်ရစေရန် မျက်လုံးများကို အတင်းအကြပ် မျက်လုံးကိုပုတ်ခတ်ပုတ်ခပ်လုပ်လိုက်၏။
[စူးထောင် - စီနီယာအကို တစ်ခုလောက်ကူညီပေးပါဦး ]
[စူးထောင် - ကားစီစဉ်ပေးလို့ရမလား။ ညီမဒီနေ့ပဲထွက်ချင်လို့။နောက်ပြီး ညီမအတွက် အထောက်အထားအတုကိုလည်း စီစဉ်ပေးလို့ရမလားဟင်။]
[ကျန်းချီကွမ်း - ကားအတွက်က ပြဿနာမရှိပါဘူး။ ဒါပေမယ့် အထောက်အထားအတု အကြောင်းကိုတော့ အကိုစဉ်းစားလိုက်ဦးမယ်။ ]
[ကျန်းချီကွမ်း - မင်းတကယ် သူ့ကိုထားခဲ့ဖို့ တကယ်ဆုံးဖြတ်လိုက်ပြီလား။ ]
[စူးထောင် - ဟုတ်တယ်။ အစပိုင်းမှာတော့ သူညီမကို လာရှာကောင်းလာရှာနေမှာဆိုပေမယ့် အချိန်ကြာလာတဲ့အမျှ သူလက်လျှော့သွားမှာပါ။ အထောက်အထားအတုကို တစ်နှစ်လောက် ကိုင်ထားဖို့လိုတယ်။]
သူတို့နှစ်ယောက် ပထမဆုံးတွေ့ဆုံခဲ့သည့် တံတားကို ကားက ဖြတ်မောင်းသွားသည်။
ထိုနေ့တွင် သူမကမတ်တပ်ရပ်နေရင်း သူမအမေပေးထားသည့်တယောဖြင့် by the guardrail ဆိုသည့်သီချင်းကို တီးခတ်နေပြီး သူက သူမဘေးနားတွင် ငြိမ်ငြိမ်လေးနားထောင်ရင်း သူ့မျက်လုံးထဲမှာတော့ သူမပုံရိပ်များနှင့်ပြည့်နေသည်။
သူမကို တကယ်ချစ်တဲ့ အချိန်တော့ သူ့မှာရှိကောင်းရှိနိုင်မှာပါ။
လွန်ခဲ့သည့် လေးနှစ်အတွင်း မြင်ကွင်းများသည် မှိန်ဖျော့ သွားသည့် ဓာတ်ပုံဟောင်းများကဲ့သို့ပင် အဝါရောင်ပြောင်းသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
------
ဓာတ်လှေကား၏ "တင်းတောင်"ဆိုသည့်အသံက အပေါ်ဆုံးထပ်တွင် ရပ်တန့်သွား၏။ ခဏအကြာတွင် ပန်းရောင်ပုံသဏ္ဍာန်တစ်ခုက ဥက္ကဌရုံးတွင် ပေါ်လာသည်။
ပထမတော့ လူတိုင်း အံ့ဩသွားကြ၏။ စူးထောင်က ပန်းရောင်ဝတ်စုံ မ၀တ်ထားတာ ရက်အတော်ကြာနေပြီ။ ဘာစိတ်ကူးပေါက်လို့ သူမပြန်ဝတ်လာတာလဲ။
ထို့နောက် သူတို့အနီးကပ်ကြည့်လိုက်မှ စူးထောင်းမဟုတ်ဘဲ ဥက္ကဌရဲ့အတွင်းရေးမှူးဟောင်း ချင်ရွှယ်ရှီးဖြစ်နေသည်။
"အတွင်းရေးမှူးချင် ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ။"
လူတိုင်းက သူမကို တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်ကြ၏။ အရင်က သူတို့တွေရဲ့ဆက်ဆံရေးတွေက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ နွေးထွေးစွာနှင့် ကြိုဆိုနေကြသည်။
"ကျွန်မက ဒီနေ့သူဌေးဝူနဲ့ အစည်းအဝေးပွဲကို လာခဲ့တာရယ်။"
ရှဲ့ကျင်က သူမကို အစည်းအဝေး အတူတူတက်ရောက်ခွင့်မပြုထားဘူး ဆိုပေမယ့်ပေါ့။
'ဒါပေမယ့် တခြားသူတွေကတော့ သိကြမှာမဟုတ်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဥက္ကဌရုံး တခုလုံးမှာ စူးထောင်ကပဲ အစည်းအဝေးတက်ခွင့်ရတယ်။'
"ဟုတ်တာပေါ့ အတွင်းရေးမှူးချင်က အခုဆိုရင် ရွေ့ချီရဲ့ big shot ပဲလေ။ ရှင်က နေ့တိုင်းနာမည်ကျော်တွေကို တွေ့နေရမှာ။"
"အမှန်အတိုင်းပြောရရင် ရွေ့ချီက ရုံးချုပ်ထက်တော့ ပိုကောင်းလောက်တယ်မလား။ သူဌေးဝူက ရှင့်ကို ဥက္ကဌရှဲ့ထက်တော့ ပိုပြီးကောင်းကောင်း ဆက်ဆံပေးမှာပဲလေ။"
ရင်းနှီးသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ လူတိုင်းက ချင်ရွှယ်ရှီးကို မြောက်ပင့်နေကြသည်။ ရွေ့ချီက ဘယ်လောက်ပဲ ကောင်းကောင်း ရုံးချုပ်ကိုတော့ မယှဉ်နိုင်ဘူးလေ။
"ဟုတ်ပါတယ်။ သူဌေးဝူက ဥက္ကဌရှဲ့ထက် စိတ်ထားပိုကောင်းတယ်။ ဒါပေမယ့် ငါ့အတွက်တော့ သူတို့နှစ်ယောက်လုံးက အတူတူပါပဲ။"
သူမရဲ့စကားတွေက အနည်းငယ် ဘဝင်မြင့်နေတယ်။
'သူမပြောချင်တာက ဥက္ကဌရှဲ့က စိတ်ဆိုးဒေါသထွက်နေရင်တောင် သူမကိုကောင်းကောင်းဆက်ဆံပေးတယ် ဒါမျိုး။'
လူတိုင်းကပြုံးနေပြီး တိတ်တိတ်လေး မျက်လုံးလှန်လိုက်ကြတယ်။
ထျန်ရင်ရင်သည် အတုအယောင်ဆန်ဆန် စကားပြောနေသည့်အဖွဲ့ထဲတွင် မပါဝင်ပေ။ သူမဟာ သူမစားပွဲ၌သာ ငြိမ်ငြိမ်လေး ထိုင်နေ၏။
တကယ်တမ်းတော့ သူမက ချင်ရွယ်ရှီးရုံးချုပ်နေရာ လှမ်းဝင်လာကတည်းက ဗီဒီယိုမှတ်တမ်းယူနေခြင်းဖြစ်သည်။
သူမ၏တိတ်တိတ်လေး ဗီဒီယိုခိုးရိုက်သည့် အလေ့အထကြောင့် သူမအား အချက်အလက်များစွာကို ရရှိစေ၏။
အနက်ရောင်တံခါးကြီးက ရုတ်တရက်ပွင့်သွားပြီး အပ်ကျသံပင်ကြားရလောက်အောင် ရုံးချုပ်တစ်ခုလုံးတိတ်ဆိတ်သွားသည်။
ရေခဲတုံးကြီးက တံခါးဝတွင် ပေါ်လာ၏။ သူသည် လွတ်နေသောစားပွဲခုံကို ချက်ချင်းစိုက်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးထောင့်မှ ရုံးခန်းရှေ့တွင် ပန်းရောင်ပုံပန်းသဏ္ဍာန်ရပ်နေသည်ကို သတိပြုမိသွားသည်။ ချင်ရွှယ်ရှီးမှန်း သိသွားသည်နှင့် သူ့မျက်ခုံးကိုကြုတ်လိုက်ပြီး သူ့အမူအရာက ချက်ချင်းပြောင်းသွား၏။
"ဒီကိုလာခဲ့။"
သူ၏လေးနက်သော အသံကိုကြားပြီးနောက် ချင်ရွှယ်ရှီးက သူမရဲ့မျက်ခုံးကိုပင့်ကာ ရှေ့ဆက်လျှောက်ရင်း လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်းက တိတ်တဆိတ် အကြည့်ဖလှယ်ကြပြီး ကိုယ့်ထိုင်ခုံကိုယ်ပြန်သွားရင်း group chat ဖွင့်ကာ စိတ်အားထက်သန်စွာ စတင်ဆွေးနွေးကြတော့သည်။
[နတ်ဆိုးက ဆွမ်းကြီးဝိုင်းလောင်းကြမယ့်အုပ်စုတွင် မရှိပါ။]
အချိန်ပိုမဆင်းဘူးကွ - သတင်းထူးဟေ့ ဥက္ကဌရဲ့လရောင်ဖြူလေးက အခုဥက္ကဌရုံးခန်းထဲမှာ ရှိနေတယ်။
Ice.5: ဘာလဲဘာလဲ ဒါကအစားထိုးခံနဲ့ လရောင်ဖြူကြားက ပြိုင်ပွဲလား။
တဖြည်းဖြည်းနဲ့ တိုးတက်သွားမယ် - ဒေါသထွက်နေတဲ့ပြကွက်တစ်ခုလို့ထင်တယ်။ လရောင်ဖြူက တော်တော်လေးသန်မာတယ်။ မယားကြီးအငွေ့အသက်အပြည့်ပဲ။
လရောင်လေး - ဟုတ်တယ် ဟုတ်တယ်။ သူ့ပိုင်ဆိုင်မှုကို ကြေငြာဖို့ပြန်လာနေသလိုပဲ။
Dan - ဒီနေ့ကျင်းပတဲ့ အစည်းအဝေးပွဲကြီးမှာ သူဌေးဝူရဲ့အတွင်းရေးမှူးမရှိဘူးလို့ ငါကြားထားတယ်။
အချိန်ပိုမဆင်းဘူးကွ - သူမက အစားထိုးခံနဲ့မမျှော်လင့်ဘဲ တွေ့သွားမှာစိုးလို့ အစည်းအဝေးအခန်းထဲကို မပေးဝင်တာပဲဖြစ်ရမယ်။
ရေခဲမုန့်က မချိုပါ - ဒါဆို နင်တို့လရောင်ဖြူက သူ့အဆင့်အတန်းကို ပြန်ရမယ်လို့ထင်လား ဒါမှမဟုတ်
အစားထိုးခံကပဲ သူ့နေရာကိုရသွားမှာလား။
သစ်အယ်သီးလေး - ငါ လရောင်ဖြူဘက်ကို လောင်းတယ်။
အစပ်ချောင်းကို ချစ်တယ် - ဒါပေါ့။ လရောင်ဖြူဘက်ပဲ။ တခြားဘာမှမကြည့်နဲ့ဦး သူမက ဥက္ကဌနဲ့ တောက်လျှောက်အလုပ်တွဲလုပ်လာတဲ့သူပါ။
ဖေးဖေး - လရောင်ဖြူ +1
Jie - လရောင်ဖြူပဲ ဖြစ်ရမယ်။ အစားထိုးခံက အလုပ်မဖြစ်ဘူး။ သူမမှာ မယားကြီးရဲ့စိတ်နေစိတ်ထားမျိုး လုံးဝမရှိဘူး။
zhi - ဟုတ်တယ်၊ အစားထိုးသူက နာခံဖို့တစ်ခုထဲပဲသိတယ်။
သူတို့က မသိလိုက်ဘဲနဲ့ group မှာစလောင်းလာကြတယ်။ အစပိုင်းမှာတော့ အပျော်သဘောသက်သက်ဖြစ်ပေမယ့် တဖြည်းဖြည်း လောင်းကစားဂိမ်းဘက်ကို ပြောင်းလဲသွားခဲ့တယ်။
အားလုံးက ချင်ရွှယ်ရှီးကိုပဲ တခဲနက်ထောက်ခံပြီး စူးထောင်ကို လှောင်ပြောင်နေကြ၏။
စခရင်ကိုကြည့်နေရင်း ဟယ့်ရှောင်ရွေ့တစ်ယောက် ထိုင်မနေနိုင်တော့ဘူး။ သူမက ဒီလူတွေအကုန်လုံးက ကျေးဇူးကန်းကြတယ်လို့ ထင်မိတယ်။
ကြောင်ဝဝကြီး - စူးထောင်ကို ထောက်ခံတယ်။ ယွမ် 100 လောင်းမယ်။
အစပ်ချောင်းကို ချစ်တယ် - အစားထိုးခံကို ပထမဆုံး ထောက်ခံတဲ့သူပေါ်လာပြီဟေ့။မလွယ်ကူဘူး။
သစ်အယ်သီးလေး - အဲဒီလိုဘယ်သူလဲဆိုတာ ငါသိချင်တယ်။ဘာလို့ အစားထိုးခံက ကောင်းတယ်လို့ ထင်နေကြတာလဲ။
Groupကို စထောင်ချိန်တွင် လွတ်လပ်စွာပြောဆိုနိုင်စေရန်အတွက် လူတိုင်းက အကောင့်တုများဖြင့်သာ ပါဝင်လာကြ၏။ admin မှလွဲ၍ တခြားဘယ်သူမှ တစ်ယောက်အထောက်အထားကို တစ်ယောက်မသိကြပေ။
ထို့အပြင် adminက အရမ်းတင်းကျပ်ပြီး groupထဲရှိ အဖွဲ့ဝင်များ၏ အချက်အလက်က ဘယ်တုန်းကမှ မပေါက်ကြားဖူးသောကြောင့် လူတိုင်းက အထိန်းအကွပ်မဲ့နေကြသည်။
Adminကလည်း တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်နေ၏။ admin ကဘယ်သူမှန်း တစ်ယောက်မျှမသိကြချေ။ အလုပ်သမားဟောင်းတွေက အလုပ်သမားသစ်များကို groupထဲ ထည့်ထည့်ပေးနေပြီး ဒီလိုအဆင့်ဆင့်လက်ဆင့်ကမ်းနေတာကြောင့် admin ဘယ်သူလဲဆိုတာ တစ်ယောက်မျှပင် မစုံစမ်းဖူးကြပေ။
စူးထောင်ကို ပထမဆုံးထောက်ခံတဲ့အနေဖြင့် ဟယ့်ရှောင်ရွေ့သည် အကြိမ်အနည်းငယ်ခန့် လှောင်ပြောင်ခံရပြီးနောက် ထူးထူးခြားခြား စူးထောင်ကိုလောင်းရတာ ပျော်ဖို့ကောင်းသည်ဟု ခံစားရသောနောက်လိုက်အနည်းငယ်ရရှိခဲ့၏။
ကြောင်ဝဝကြီး - နင်တို့အားလုံးကရော ဘာလို့ချင်ရွှယ်ရှီးကောင်းတယ်လို့ ထင်နေကြလဲဆိုတာ ငါလည်းနင်တို့ကိုမေးချင်တယ်။
ကြောင်ဝဝကြီး - သူမဒီမှာ အလုပ်လုပ်နေတဲ့အချိန်တုန်းက ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်သလဲဆိုတာ နင်တို့မမှတ်မိကြဘူးလား။ ဒါတောင် သူမကကောင်းပါတယ်လို့ ပြောထွက်သေးတယ်နော်။
ကြောင်ဝဝကြီး - ချင်ရွှယ်ရှိးက နင်တို့ကိုကော်ဖီဖျော်တိုက်ဖူးလား။စာရွက်စာတမ်းတွေ ကိုယ်စားယူသွားပေးလား။ ဥက္ကဌဒေါသထွက်တဲ့အချိန်မှာ ဥက္ကဌကို စိတ်ငြိမ်အောင် ကူညီပေးဖူးလား။
ကြောင်ဝဝကြီး - စူးထောင်က ဒီလိုအရာတွေကို မကြာခဏ လူတိုင်းအတွက် ကူညီပေးတယ်လေ။
ကြောင်ဝဝကြီး - ချင်ရွှယ်ရှီးက မကူညီပေးတဲ့အပြင်ကို တခြားသူတွေကို အပြစ်တင်ခံရအောင် အကြိမ်ရေတော်တော်များများ တွန်းပို့သေးတယ်။ အဲဒီထဲက နှစ်ယောက်ဆို အလုပ်ကနေထွက်ဖို့တောင် ဖိအားပေးခံထိတယ်။ နင်တို့မှာ ဟိုတစ်ကွက် ဒီတစ်ကွက်မေ့တတ်တဲ့ရောဂါတော့ မရှိလောက်ဘူးမလား။
ကြောင်ဝဝကြီး - ချင်ရွှယ်ရှီး အာဏာရသွားရင် နင်တို့ ဘာကောင်းကျိုးရသွားမှာမို့လို့လဲ။
ကြောင်ဝဝကြီး - စူးထောင်အပေါ်နင်တို့ရဲ့ ရန်လိုမှုက ရန်သူရဲ့ရန်သူကို နင့်တို့သူငယ်ချင်းလို့ ထင်သွားစေတာလား။ ရယ်စရာကောင်းလိုက်တာ။
ဟယ့်ရှောင်ရွေ့၏ဘစကားများက group chat ကို ခဏတာ တိတ်ဆိတ်သွားစေ၏။
တကယ်တော့ စူးထောင်အပေါ် လူတိုင်း၏ဘရန်လိုမုန်းတီးမှုတွေက သူမရုတ်တရက် ရာထူးတိုးသွားပြီး မကြုံစဖူး အခွင့်အရေးတွေ ရတာတွေကနေ စတင်လာတာ ဖြစ်နိုင်သည်။
ထအဲဒါအပြင် သူမက ချင်ရွှယ်ရှီးရဲ့၀တ်စားပုံကို အမြဲလိုက်တုနေလို့ လူတိုင်းက သူမကို မနာလိုပြီး မထီမဲ့မြင်တာကြောင့် သူ့မှာရှိတဲ့အရည်အချင်းတွေကို လျစ်လျူရှုထားလိုက်မိကြတာ။
မသက်ဆိုင်တဲ့ အရာအားလုံးကို ဖယ်ကြည့်လိုက်ရင် စူးထောင်က ချင်ရွှယ်ရှီးထက် ပိုကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦးပါ။
ဟယ့်ရှောင်ရွေ့တစ်ယောက် group chat ထဲစိတ်ပါလက်ပါ ကြိမ်းမောင်းနေချိန်မှာ ကျင်းချွေ့ဝမ်က သူမနောက်မှ စခရင်အားချောင်းကြည့်နေတာကို သူမသတိမထားမိလိုက်ပေ။
ဟယ့်ရှောင်ရွေ့က ဒေါသအရမ်းထွက်ပြီး ပါးစပ်ခြောက်သွားတာကြောင့် ရေဖန်ခွက်ကို ကောက်ကိုင်ပြီး သောက်လိုက်တဲ့အချိန်မှာပဲ သူမဘေးက ပုံသဏ္ဍာန်ကိုမြင်သွားပြီး ပါးစပ်ထဲမှ ရေကိုထွေးထုတ်မိသွား၏။
ကံကောင်းစွာနှင့်ပင် ကျင်းချွေ့ဝမ်ကို ရေမစင်သွားပေ။
"ဒါ...ဒါရိုက်တာ"
ဟယ့်ရှောင်ရွေ့ရဲ့စိတ်ထဲမှာတော့ 'ငါတော့ပြီးသွားပြီ'ဆိုပြီးလန့်နေသည်။ သူမရဲ့နာမည်ပြောင် ထုတ်ဖော်ခံလိုက်ရရုံသာမက ရေသာခိုနေသည်ကိုလည်း ဖမ်းမိခံထိသွား၏။
သူမရဲ့အမှားတွေကို လျော့ပေါ့အောင် ဘယ်လို တောင်းပန်ရမလဲလို့တွေးနေရင်း ကျင်းချွေ့ဝမ်က သူ့မျက်မှန်ကို တွန်းတင်လိုက်ပြီး သူမရဲ့ ပုခုံးကို ပုတ်လိုက်ကာ "ပြောတာကောင်းတယ်။ မင်းမှာ တောက်ပတဲ့အနာဂတ်တွေရှိနေတယ်။"
ဟယ့်ရှောင်ရွေ့ - "???"
ကျင်းချွေ့ဝမ်က တိတ်တဆိတ်ထွက်သွားပြီး group chat ကိုဖွင့်ကာ သူ့admin နာမည်ပြောင် xxx ဖြင့် group chat ထံတွင် စာရေးလိုက်၏။
Xxx - ငါစူးထောင်ဘက်ကို ယွမ် ၁၃၀၀လောင်းတယ်။
သူက ဖုန်းကိုပိတ်လိုက်ပြီးနောက် သူတို့တွေက ငယ်သေးတယ် ဆိုပြီး ညည်းတွားလိုက်သည်။
--------
အလုပ်ဆင်းခါနီးတွင် ရှဲ့ကျင်က ကျင်းချွေ့ဝမ်ကို သူ့ရုံးခန်းထဲလာဖို့ ဖုန်းခေါ်လိုက်ပြီး စာရင်းတစ်ခု ကိုင်တွယ်ခိုင်းလိုက်၏။
ကျင်းချွေ့ဝမ်သည် စာရွက်ပေါ်မှာရေးထားတာတွေကိုကြည့်ကြည့်လိုက်သည်။ အသားလုံးကြော်၊ ဘဲတောင်ပံကင် ချိုစပ်စပ်၊အသီးသကြားလုံး.....
"ဒါတွေအားလုံးက...သွားရည်စာတွေမလား။" ကျင်းချွေ့ဝမ်က မရေရာမူအပြည့်နှင့် မေးလိုက်၏။
ရှဲ့ကျင်သည် လက်မှတ်ထိုးနေတဲ့ ဘောပင်ကိုချလိုက်ပြီး စားပွဲပေါ်ကို လက်ဖြင့်နှစ်ချက်ပုတ်ကာ ကျင်းချွေ့ဝမ်ကို ခပ်စူးစူးအကြည့်ဖြင့် ကြည့်လိုက်၏။
"ကျင်းချွေ့ဝမ် အခုတလော ငါမင်းအပေါ်သည်းခံတာတွေ များသွားလို့လား။"
စူးထောင်လိုပဲ ကောင်းကောင်းမသင်ယူဘူး။ သူ ခိုင်းတာတွေကို မေးခွန်းလာလာထုတ်နေတယ်။ "မင်းငါ့ကို ဒုတိယအကြိမ် ထပ်ပြောခိုင်းနေတာလား။"
ကျင်းချွေ့ဝမ်က သူ့သူဌေးရဲ့မျက်လုံးကို မကြည့်ရဲတော့ဘဲ အလျှင်အမြန် ခေါင်းငုံ့ချပြီး ပြောလိုက်၏။" ကျွန်တော် အခုပဲအဲဒါတွေကို သွားဝယ်လိုက်ပါ့မယ်။"
ရှဲ့ကျင်က သွားရည်စာမုန့်များကို ကိုင်ထားရင်း ဂုဏ်ယူစွာဖြင့် ရုံးခန်းထဲမှ ထွက်လာသည်။ လုပ်ဖော်ကိုင်ဖက်များက တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီးကြည့်နေကြ၏။ ဥက္ကဌက ဒီလို သွားရည်စာမုန့်မျိုး အရင်ကတစ်ခါမှ မစားဖူးတာကြောင့် ဘယ်သူ့အတွက် ဝယ်ပေးတာလဲဆိုတာ အကြိတ်အနယ် ဆွေးနွေးနေကြသည်။
ချင်ရွှယ်ရှီး အရင်က ဒီလိုသွားရည်စာမုန့်တွေကို စားတတ်ကြောင်း သတိရသွား၏။ ချင်ရွှယ်ရှီးဘက် လောင်းထားကြသူများမှာ တိတ်တဆိတ် ယုံကြည်ချက်ရှိသွားသလို ခံစားလိုက်ရ၏။
Maybach ကားမှာ အိမ်ဆီသို့အရှိန်နှင့် သွားနေပြီး ကားထဲရှိ သွားရည်စာမုန့်များ၏ အနံ့ကြောင့် ရှဲ့ကျင်အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။
ဒါပေမယ့် စူးထောင် သွားရည်စာမုန့်စားတဲ့အချိန် ဘယ်လောက် ပျော်သွားသလဲဆိုတာကို တွေးမိသွားတော့ တစ်ခါတရံ စားခွင့်ပေးလိုက်တာလည်း အဆင်ပြေတယ်လို့ ခံစားလိုက်ရ၏။ အနည်းဆုံးတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို သူမစားဖို့ သူဖိအားပေးနိုင်တယ်လေ။
ဇူလိုင်လအစောပိုင်းတွင် နေ့တာရှည်ပြီး နေဝင်သွားချိန်တွင် ကောင်းကင်တစ်ခုလုံး ပန်းရောင်သန်းလျှက်ရှိနေသည်။
ဗီလာမှာ မီးအလင်းရောင် မရှိချေ။ စူးထောင်က အိမ်ထဲမှာရှိနေတုန်း မီးအားလုံးကိုမဖွင့်ဘဲ ရေချိုးခန်း ဒါမှမဟုတ် စာကြည့်မီးအိမ်ကိုပဲ ဖွင့်ထားတာဖြစ်နိုင်တယ်။ထိုကဲ့သို့တွေးနေရင်း ရှဲ့ကျင်က အိမ်ထဲကို ဝင်သွားတော့၏။
ဧည့်ခန်းကို ဖြတ်လျှောက်တော့ တော်တော်လေးတိတ်ဆိတ်နေတာကြောင့် အပေါ်ထပ်သို့ တက်သွားလိုက်သည်။ စာကြည့်ခန်းက ပွင့်နေသော်လည်း မီးလည်းမဖွင့်ထားသလို လူအရိပ်အယောင်လည်းမရှိပေ။
ဒါပေမယ့် စားပွဲပေါ်မှာ အမြတမ်းရှိနေကျ စူးထောင်ရဲ့ ကွန်ပြူတာကတော့ ပျောက်လို့နေ၏။
ခရီးဆောင်အိတ် ထုပ်ပိုးတုန်းက ထည့်ထားလိုက်တာဖြစ်ရမယ်လို့ ရှဲ့ကျင်က ဂရုမစိုက်ဘဲ တွေးလိုက်သည်။
သူက ပိတ်နေတဲ့ အိပ်ခန်းတံခါးကို စိုက်ကြည့်လိုက်ရင်း စူးထောင်က အထဲမှာအိပ်ပျော်နေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေ၏။
သူသည် တံခါးကိုညင်သာစွာ တွန်းဖွင့်လိုက်၏။ ကုလိုက်ကာတွေ ကိုမချထားသည့်အတွက်ကြောင့် အပြင်ဘက်တွင် အလင်းရောင်သည် အိပ်ခန်းထဲသို့ လင်းလက်တောက်ပနေပြီး လွတ်နေသောနေရာကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ဘယ်သူမှ မရှိချေ။
"ရှောင်ထောင်လေး"
ရေချိုးခန်းထဲ ဖြတ်သွားရင်း ထိုမှတဆင့် အဝတ်စားလဲခန်းထဲဝင်သွားရင်းနှင့်ပင် လှမ်းအော်ခေါ်လိုက်သည်။ရေချိုးခန်းသုံး ပစ္စည်းတွေမှာလည်း ထိုအတိုင်းပင်ရှိနေသေးပြီး အဝတ်အစားမှာလည်း တစ်စုံမျှပင် မပျောက်နေချေ။ ခရီးဆောင်အိတ်ထုပ်ပိုးတုန်းက သူမဘာတွေကို ထုတ်ပိုးလိုက်တာလဲ။
သူ့ရဲ့ပစ္စည်းတွေကိုလည်း မထုတ်ပိုးထားဘူး။ သူမပစ္စည်းတွေကိုတောင် မထုပ်ပိုးထားဘူး။
ဒါ့အပြင် ခရီးဆောင်အိတ်က ဗီဒိုထဲမှာရှိနေတုန်းပဲ။ သူမက ဘာတစ်ခုမှ မထုတ်ပိုးထားဘူးပေါ့လေ။
အိပ်ခန်းထဲမှ ထွက်လာပြီး တခြားလွတ်နေသည့် ဧည့်ခန်းဆီ လှမ်းကြည့်လိုက်၏။ အခန်းအားလုံးတွင် လူတစ်ဦးမျှပင် မရှိချေ။ အပေါ်ထပ်နှင့် အောက်ထပ်ကို ကြည့်နေရင်းနှင့်ပင် စူးထောင်ဆီသို့ ဖုန်းဆက်လိုက်သည်။
"လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ ချိတ်ဆက်ထားခြင်းမရှိပါ။"
ရှဲ့ကျင်၏ မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းသွားကာ အောက်ထပ်သို့ ပြန်ဆင်းသွားလိုက်၏။ရုတ်တရက် ကော်ဖီစားပွဲပေါ်တွင် တစ်စုံတစ်ခုရှိနေသည်ကို သတိပြုမိသွားသည်။
လှမ်းလျှောက်လာရင်း ကြည့်လိုက်သောအခါ အဖြူရောင် စာအိတ်တစ်အိတ်ဖြစ်နေပြီး အထဲတွင် ဖုန်းကတ်တစ်ကတ်နှင့် မှတ်စုတိုလေးတစ်စောင် ရှိနေ၏။
စာတိုလေးမှာ ရိုးရိုးရှင်းရှင်းပင် ရေးထားသည်။'ကျွန်မထွက်သွားပြီ။ ရှင် ကျွန်မကို လိုက်မရှာနဲ့တော့။'
အောက်ခြေတွင် "နုတ်ထွက်စာ" ဟူသော စာလုံးရှိနေ၏။
ထိုနုတ်ထွက်စာတွင် သူကိုယ်တိုင် ရေးထားသည့် 'အတည်ပြုသည်'ဟူသောစာလုံးနှင့်အတူ သူ့လက်မှတ်လည်းပါနေသည်။
ရှဲ့ကျင်၏ လက်ထဲရှိ သွားရည်စာသည် လွတ်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ ဟိုတစ်စဒီတစ်စ ပြန့်ကျဲသွားတော့သည်။