အခန်း (၁၅)
Vol. 2 Ch. 15
ကျင်းချွေ့ဝမ် ဗီလာကို ရောက်လာသည့်အခါ ကောင်းကင်တစ်ခုလုံးကမှောင်နေပြီး အိမ်ထဲမှာလည်း မီးတစ်လုံးတောင် မထွန်းထားပေ။ သူ့ဖုန်းမီးကိုဖွင့်လိုက်ပြီး မီးခလုတ်ကိုလိုက်ရှာနေ၏။ဘမီးခလုတ်ကိုတွေ့ပြီး နှိပ်လိုက်သောအခါ မျက်နှာကျက်မီးအဝိုင်း၏ အလင်းရောင် ဖျော့ဖျော့က မှောင်မဲနေသည့်အိမ်ကြီးထဲတွင် လင်းလာသည်။
မှိန်ဖျော့ဖျော့အလင်းရောင်နှင့်အတူ ဆိုဖာပေါ်တွင်စိတ်ခံစားမှုကင်းမဲ့စွာ ထိုင်နေသော ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် သူထိတ်လန့်သွားမိ၏။
ကျင်းချွေ့ဝမ်က တွေ့သမျှမီးခလုတ်ကို ကြံရာနှိပ်ပြီးနောက်တွင် တစ်ခန်းလုံး လင်းသွားတော့သည်။
ရှဲ့ကျင်က စာတစ်စောင်ကို ကိုင်ထားကာ ခေါင်းကိုငုံ့ပြီး သူ့မျက်လုံးကို ဖုံးထားသည့်အတွက်ကြောင့် သူ့အမူအရာကို ရှင်းရှင်းမမြင်ရချေ။
သို့သော် သူ့ကိုယ်ပတ်ပတ်လည်တွင် အသက်ကင်းမဲ့နေသလို အုံ့မှိုင်းနေသော အငွေ့အသက်များ ရစ်သိုင်းနေပြီး ငရဲဆန်သော သဘောထားရှိသည့် ထိုနတ်ဆိုးမှာ ယခုအခါ ပို၍ပင်ကြောက်စရာကောင်းနေ၏။
ကျင်းချွေ့ဝမ်သည် သူဌေး၏ ဒေါသထွက်ပြီး ပေါက်ကွဲနေသောအမူအရာကို မြင်ဖူးသော်လည်း ဤကဲ့သို့ပုံစံမျိုး တစ်ခါမျှ မတွေ့ဖူးပေ။
"သူဌေး။" ကျင်းချွေ့ဝမ်က တံတွေးမျိုချလိုက်ပြီး သူ့ကို ညင်သာစွာခေါ်လိုက်သော်လည်း တုံ့ပြန်မှု မရှိချေ။
သူဌေးလက်ထဲရှိ စာတစ်စောင်ဆီသို့ အကြည့်ရောက်သွားသည်။ ပထမဆုံး"နုတ်ထွက်စာ" ဟူသောစာလုံး၃လုံးကို ဖတ်လိုက်ပြီး စာပုံစံမှာအွန်လိုင်းပေါ်တွင် တွေ့ရလေ့ရှိသော ပုံမှန်အကြောင်းအရာပင်။
သို့သော် စာအဆုံးတွင်မူ စူးထောင်၏ လက်မှတ်ကို သူမြင်လိုက်ရ၏။
ဒီတော့ နုတ်ထွက်စာက စူးထောင်ဟာပေါ့။ သူဌေးက စူးထောင် နုတ်ထွက်ချင်တာနဲ့ ပက်သက်ပြီး သူ့ကိုခေါ်လိုက်တာလား။
ဒါပေမယ့် သူမရဲ့နုတ်ထွက်စာက အရင်ကတည်းကတင်သွင်းထားပြီးသားကြီး မဟုတ်လား။
"သူမ ထွက်သွားပြီ။" ရှဲ့ကျင်က ရုတ်တရက် စကားထပြောပြီး ကျင်းချွေ့ဝမ်ဆီကိုငေးကြည့်လာသည်။သူ့အသံခက်အက်အက်က 'နတ်ဆိုး'ဆိုတဲ့စာလုံးနဲ့ တော်တော်လေး ကိုက်ညီနေ၏။
"စူးထောင် ထွက်သွားပြီလား" ကျင်းချွေ့ဝမ်က အတည်ပြုရန် မေးလိုက်သည်။
"သူမဘယ်မှာရှိနေလဲဆိုတာ ရှာလိုက်။ ကား၊ရထား၊လေယာဉ် သူမထွက်သွားနိုင်တဲ့လမ်းကြောင်းတွေမှန်သမျှ အကုန်ရှာ။ ဒီညမှာ သူမဘယ်နေရာကို ထွက်သွားလဲဆိုတာသိချင်တယ်။"
"နတ်ဆိုးကတော့ ခပ်လွယ်လွယ်လေး အမိန့်ပေးလိုက်ပေမယ့် ဒီလောက် အချက်အလက်တွေ အကုန်ရဖို့က သူဘယ်လိုလုပ်စီမံနိုင်မှာလဲ။
ကျင်းချွေ့ဝမ်က ချက်ချင်းကြီး သဘောမတူဝံ့ပေ။
"မင်းအိမ်ခြံမြေ စီမံခန့်ခွဲရေးကုမ္ပဏီကို သွားစစ်ဆေးကြည့်လိုက်။ ပြီးရင် ဝူရှဲ့ယွီကိုသွားရှာ ကျန်တာတွေစစ်ဆေးဖို့ သူမင်းအတွက် လုပ်ပေးလိမ့်မယ်။" ရှဲ့ကျင်က မတုန်မလှုပ်၊ သူ့စိတ်ခံစားချက်က နိမ့်ကျနေသော်လည်း အမိန့်တွေက စနစ်တကျနှင့် ပြတ်သားနေသည်။
ကျင်းချွေ့ဝမ်က စိတ်သက်သာရာရသွားသလို ခံစားလိုက်ရ၏။
သူဌေးက ကြိုတင်စီစဉ်ထားတာပဲဖြစ်ရမယ်။ ဝူရှဲ့ယွီ တစ်ယောက်တည်းဆို မကိုင်တွယ်နိုင်မှာစိုးလို့ သူ့ကိုပါခေါ်လိုက်တာ။
------
ဒုတိရက်မြောက်နေ့ဘမနက်ခင်း၊ နေ့လယ်တွင် ရုံးချုပ်တစ်ခုလုံး ကမောက်ကမ ဖြစ်နေကြ၏။
ဥက္ကဌနှင့်စူးထောင်က ကုမ္ပဏီကို မလာကြပေ။
လိုက်မေးကြပြီးနောက်မှာ ကျင်းချွေ့ဝမ်ပါ ပျောက်နေမှန်းသိသွားပြီး ဘာတွေဖြစ်နေမှန်း တစ်ဦးတစ်ယောက်မျှ မသိကြချေ။
လူတိုင်းက အတင်းအဖျင်းထဲ ပျော်ဝင်နေကာ လိုက်ခန့်မှန်းနေကြသည်။ အစားထိုးခံနဲ့ လရောင်ဖြူတို့ရဲ့ နောက်ဆုံးထိပ်တိုက် တိုက်ပွဲစနေပြီးလား။ အဲဒါကိုကိုင်တွယ်နေရလို့ သူဌေးက အလုပ်များနေတာများလား။
လူတိုင်းက အတင်းအဖျင်းတွေပတ်ပြောနေတုန်း တစ်ယောက်ယောက်က အော်ပြောလိုက်သည်။ "ဟဲ့ အရှေ့ကောင်တာဘက်ခြမ်းက စာလှမ်းပို့တယ်။ သူဌေးရောက်နေပြီးတဲ့။ အခု ဓာတ်လှေကားထဲမှာ။"
လူတိုင်းက ခပ်မြန်မြန်ပင် မိမိတို့ထိုင်ခုံနေရာပြန်သွားကြပြီး မတ်မတ်ထိုင်ကာ ဓာတ်လှေကားအထပ်ကို ရေတွက်နေကြ၏။
"တင်းတုန်"အသံနှင့်အတူ ဓာတ်လှေကားတံခါး ပွင့်လာပြီး အရပ်မြင့်မြင့်၊မာနခပ်ကြီးကြီး တော်ဝင်ဆန်တဲ့ပုံရိပ်က လူတိုင်းရှေ့မှာပင် ဖြတ်ကျော်သွားသည်။
ဥက္ကဌတစ်ယောက်ထဲပဲ။
မည်သူကမျှသူ့ကို မော့မကြည့်ရဲဘဲ သူဖြတ်သွားပြီးမှသာ သူ့နောက်ကျောကို ခိုးကြောင်ခိုးဝှက် အကြည့်တစ်ချက်ပို့ရဲကြ၏။
ဒီနေ့ဥက္ကဌက နည်းနည်းလေး ကွဲပြားနေသလို ခံစားရပြီး ထူးထူးဆန်းဆန်း ပျက်စီးလွယ်သော ခံစားချက်ကို ပေးနေသည်။
ဥက္ကဌနှင့် ထို 'ပျက်စီးလွယ်သော' ဆိုသည့်စကားလုံးက ဘယ်လိုလုပ် အက်စပ်မှာလဲ။
ဒါက သူတို့ ထင်ယောင်ထင်မှား မြင်နေတာပဲဖြစ်ရမယ်။
သိပ်ပင်မကြာလိုက် ကျင်းချွေ့ဝမ်ကလည်း အလျင်အမြန်ပင် ဖြတ်သွားကာ သူ့မျက်လုံးအောက်တွင်မူ အမည်းကွင်းကြီးရှိနေပြီး ဥက္ကဌရုံးခန်းဆီသို့ တည့်တည့်ပင်ဝင်သွား၏။
ထျန်ရင်ရင်သည် မျက်လုံးကို လှိမ့်လိုက်ကာ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဗီဒီယိုရိုက်ရန် ပြင်လိုက်သည်။ကင်မရာမှန်ဘီလူးကို သေချာပေါ်မပေါ်ငုံ့ကြည့်ရင်း အိတ်ကပ်ထဲထည့်လိုက်၏။ ထို့နောက် အတည်ပြုရန်လိုအပ်သော စာရွက်စာတမ်းကိုယူကာ ခိုးကြောင်ခိုးဝှက် လိုက်သွားလိုက်သည်။
သူမသည် တိုက်ရိုက်တံခါး မခေါက်ရဲဘဲ တံခါးဝတွင်သာ အချိန်အတော်ကြာ ရပ်နေ၏။
ဆယ်မိနစ်ကြာပြီးနောက်တွင်
ပေါ်လာခဲသော ဝူရှဲ့ယွီက ရောက်လာသည်။
မျက်မှန်အောက်ရှိ ထက်မြက်သည့်သူ့မျက်လုံးများက တံခါးဝတွင် ရစ်သီရစ်သီလုပ်နေသော ထျန်ရင်ရင်ကိုမြင်သွားပြီး မျက်မှောင်ကြုတ်လိုက်ရင်း မေးလိုက်၏။"ဘာကိစ္စလဲ။"
"အတည်ပြုရမယ့် စာရွက်စာတမ်းတွေယူလာ ပေးတာပါ။" ထျန်ရင်ရင်က ပြန်ဖြေလာသည်။
"အလျင်မလိုဘူးဆိုရင် နောက်မှပဲလာခဲ့လိုက်လေ။"
ဝူရှဲ့ယွီက ရည်ရွယ်ချက်ကောင်းနှင့်ပင် ပြောလိုက်၏။အခုချိန် အထဲတွင်ရှိနေသောလူ၏ စိတ်သဘောထားက အလွန်ဆိုးရွားနေမှန်း သူသိသည်။
"ဒါက အလျင်လိုတယ်။ အရေးကြီးတဲ့စာရွက်စာတမ်းတွေပါ။" ထျန်ရင်ရင်က တမင်တကာပင် စိုးရိမ်နေသည့်ပုံစံဖြင့် ကြည့်နေ၏။
အနက်ရောင်တံခါးက ရုတ်တရက် ပွင့်သွားခြင်းက နှစ်ယောက်သားကို လန့်သွားစေသည်။ ကျင်းချွေ့ဝမ်ရဲ့ခေါင်းလေးက ပြူထွက်လာပြီး တိုက်တွန်းလိုက်သည်။"သူဌေးဝူ ခင်ဗျားရောက်လာပြီပဲ။ မြန်မြန်ဝင်လာပါ။"
ဝူရှဲ့ယွီက ထျန်ရင်ရင်အတွက် စိုးရိမ်နေဖို့ အချိန်မရှိတော့ဘဲ ချက်ချင်းပင် အထဲကိုလှမ်းဝင်လိုက်တော့သည်။ ထျန်ရင်ရင်ကလည်း အသက်ပြင်းပြင်းရှုသွင်းလိုက်ရင်း ရဲ့ဝံ့စွာနှင့် ကပ်ဝင်လာခဲ့၏။
"ဥက္ကဌ ကုန်းကြောင်း၊ရေကြောင်း၊လေကြောင်းလမ်းတွေအကုန် ကျွန်တော်စစ်ဆေးပြီးပြီ။ ဘာအချက်အလက်မှ မရခဲ့ဘူး။ လူဝင်မှုကြီးကြပ်ရေးဌာနကတော့ သတင်းအသစ်တွေ စောင့်နေဆဲပဲ။ တစ်နာရီအတွင်းမှာ သေချာပေါက် အကြောင်းပြန်ပေးမယ်တဲ့။"
ဝူရှဲ့ယွီရဲ့တင်ပြချက်တွေကိုကြားတော့ ထျန်ရင်ရင်က နှလုံးအကြီးအကျယ် ခုန်သွားပြီး သူမရဲ့ပင်ကိုယ်အသိစိတ်အရ ဒါကအရေးကြီးတဲ့ကိစ္စမှန်း သိလိုက်သည်။
ရှဲ့ကျင်ကို စိုက်ကြည့်လိုက်သည့်အခါ သူ့၏ထိုင်ခုံကိုလှည့်ထားပြီး ပြတင်းပေါက်ဘက်ကို မျက်နှာမူထား၏။မြင့်မားသည့်ကုလားထိုင် အနောက်ဘက်ခြမ်းကြောင့် သူ့နောက်ကျောကိုပင် သူမရှင်းရှင်းလင်းလင်းမမြင်ရချေ။
ရှဲ့ကျင်၏ လေသံခက်အက်အက်က သူမကြားလိုက်တယ်ဆိုရုံမျှသာ ထွက်လာသည်။" နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်ပါ။"
သူ့ရဲ့စွမ်းအားမဲ့နေသည့်အသံကြောင့် ထျန်ရင်ရင် အံ့ဩသွား၏။
အဆင့်အတန်းမြင့်တဲ့ ဥက္ကဌက ကြည့်လိုက်ရင် အမြဲလိုလို ထိန်းချုပ်နိုင်စွမ်းအပြည့်နဲ့ ဘာလုပ်လုပ်သေချာပေါက် အောင်မြင်နေတဲ့သူပါ။ ဘယ်အချိန်တုန်းက ဒီလိုစွမ်းအားမဲ့သွားရတာလဲ။
ကျင်းချွေ့ဝမ်က ရုတ်တရက် လျှောက်လာပြီး သူမလက်ထဲက စာရွက်စာတမ်းကို ယူလိုက်ကာ သူမကိုထွက်သွားရန်အချက်ပြလိုက်သည်။ "စာရွက်စာတမ်းတွေကို ဒီမှာထားခဲ့ပြီး မင်းအရင်ထွက်နှင့်။ တစ်ခုခုလိုအပ်ရင် ငါမင်းကို ခေါ်လိုက်မယ်။"
ထျန်ရင်ရင်က တိကျသေချာတဲ့ အချက်အလက်ကို မရလိုက်ပေမယ့် ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုတော့ အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်တဲ့အတွက် သူမအလျင်အမြန်ပဲ ထွက်လာလိုက်၏။
ဒီရက်ပိုင်းတွေအတွင်း ရုံးချုပ်မှာ အမှောင်ဖုံးနေပြီး လေထုကလည်းအေးခဲနေကာ အသက်ရှုရခက်ခဲသလို ခံစားနေရသည်။
မနက်ခင်း လက်ဖက်ရည် သောက်ခန်းတွင် လူတိုင်းက သူတို့၏ကော်ဖီအတွက် စိတ်အားထက်သန်စွာ တန်းသီနေကြ၏။
လက်ဖော်ကော်ဖီကတောင် စူးထောင်လုပ်ပေးသလိုမျိုး လန်းဆန်းသွားပုံမရဘူး။
သူတို့က အခုတလော အချိန်ပိုသုံးရက်ဆက်တိုက် ဆင်းခဲ့ရ၏။ အလုပ်ဆက်လုပ်နိုင်ဖို့ဆို သူတို့ကကော်ဖီကိုပဲ အားကိုးနေရတယ်။
အဲဒီနေ့ညနေခင်းမှာ စူးထောင်ထွက်သွားပြီးကတည်းက သူမ ပြန်မလာတော့ဘူး။ လူတိုင်းက အချင်းချင်း ပတ်မေးနေကြပြီး ချင်ရွှယ်ရှီးက အာဏာရသွားပြီးတော့ စူးထောင်က စွန့်ပစ်ခံထိသွားတာဆိုပြီး ခန့်မှန်းနေကြ၏။
သို့သော် တိကျသေချာသော သတင်းမရှိပေ။ group admin ကလည်း နောက်ဆုံးလောင်းကြေးပွဲစဉ် ရလာဒ်ကို မကြေငြာခဲ့သည့်အတွက် လူတိုင်းက အနည်းငယ်မမျှတသကဲ့သို့ ခံစားလိုက်ရသည်။
အမှန်အတိုင်းပြောရရင် စူးထောင် ထွက်သွားခဲ့တဲ့ဒီ၃ရက်တာအတွင်းမှာ သူတို့လိုက်လျောညီထွေမဖြစ်ခဲ့ကြချေ။
ထိုနတ်ဆိုးကြီးမှာ ပို၍ပင်ကြောက်စရာ ကောင်းလာပြီး သေးငယ်သည့် ကိစ္စများအပေါ်တွင်ပင် ဒေါသကို ပုံချတော့သည်။ လူတိုင်းက သူနှင့်မျက်လုံးချင်းမဆုံရဲကြဘဲ သာမန် အစီရင်ခံစာအလုပ်များကိုပင် ဂရုတစိုက် လုပ်နေကြ၏။
မိနစ်ပိုင်းအတွင်း လူများစွာကို နုတ်ထွက်စာတင်ခိုင်းသောကြောင့် လူလတ်ပိုင်းအရွယ် ယောက်ျားရင့်မာကြီးများကပင် မျက်ရည်ကျလာတော့သည်။
တကယ်တမ်းတော့ သူဟာအရင်တုန်းကလည်း ကြောက်စရာကောင်းတယ်ဆိုပေမယ့် ဒီ၆လတာ ကာလအတွင်း ဒေါသတော်ရုံနဲ့ မထွက်သဖြင့် လူတိုင်းက မျက်ရည်မကျခဲ့တာ အတော်ကြာခဲ့ပါပြီ။
ထိုအကြောင်းများကြောင့် နတ်ဆိုးကြီးရဲ့ဒေါသက လျော့ကျသွားပြီဟု သူတို့ကိုထင်သွားစေ၏။
အခုပြန်တွေးကြည့်မိတော့ အဲဒီအချိန်တွေတုန်းက စူးထောင်ကပဲ အလုပ်အကြောင်းနဲ့ ပက်သက်ပြီး အစီရင်ခံတင်ပြဖို့ အရင်ဝင်သွားလေ့ရှိပြီး သူတို့ဝင်သွားတဲ့အချိန်မှာတော့ နတ်ဆိုးကြီးက ဒေါသတွေမရှိဘဲ ပိုပြီးတော့တောင်နူးညံ့နေတယ်။
လူတိုင်းက စူးထောင်ရှိခဲ့တဲ့ နေ့ရက်တွေကို ပြန်တမ်းတနေကြသည်။
အခုတော့ သူတို့ကို စာရွက်စာတမ်းကူပို့ပေးမည့်သူ မိုင်းရှင်းပေးမည့်သူ မရှိတော့ချေ။
ပြီးတော့ ဒီကော်ဖီကရော ဘာလို့စူးထောင် ဖျော်ပေးသလို အနံ့မရှိရတာလဲ။
"အားး ငါစူးထောင်ကို နည်းနည်းသတိရတယ်။" တစ်စုံတစ်ယောက်က ပေါ့ပေါ့တန်တန် ပြောလိုက်ပြီး အဆုံးမရှိတဲ့ စကားဝိုင်းကို စတင်လိုက်၏။
"ငါရောပဲ။ ဒီနေ့ နတ်ဆိုးဆီက အတည်ပြုချက်ယူဖို့ လိုအပ်တဲ့စာရွက်စာတမ်းတစ်ခု ငါ့မှာရှိတယ်။ ငါကြောက်တယ်။"
"အတွင်းရေးမှူစူး ကောင်းကင်ဘုံကနေ ဆင်းလာပြီး ကျွန်တော်တို့ကို ကူညီပေးနိုင်မလားဗျ။"
"အတွင်းရေးမှူးစူး ပြန်လာပေးလို့ရမလား။"
လူတိုင်းဟာ ဝမ်းနည်းနေကြတဲ့ အမူအရာများဖြင့်ပြည့်နှက်နေပြီး ကောင်းချီးမင်္ဂလာတွေကြားမှာ နေခဲ့ရပေမယ့် တန်ဖိုးမထားမိတဲ့အတွက် အခုတော့ နောင်တရနေကြပြီပင်။
လက်ဖက်ရည်သောက်ခန်းထဲ လှမ်းဝင်လာတဲ့ထျန်ရင်ရင်က သူတို့ပြောနေတာကို ကြားသွားပြီး သူမမျက်လုံးကိုလှန်ပြလိုက်သည်။"နင်တို့အားလုံးက သူ့ကို ကယ်တယ်ရှင်တစ်ယောက်လို ဆက်ဆံနေကြတာလား။"
လူတိုင်းက သူမရဲ့အကျင့်စရိုက်ကို သိထားကြတဲ့အတွက် သူမကိုလျစ်လျူရှုလိုက်ကာ ကော်ဖီကိုယ်စီနဲ့ထွက်သွားတော့သည်။
နေ့လည်စာစားချိန်အတွင်း ကုမ္ပဏီ၏ အကြီးတန်းအမှုဆောင်ဒါရိုက်တာများသည် ရှုံ့မဲ့သောမျက်နှာဖြင့် ဥက္ကဌရုံးတံခါးဝတွင် စုရုံးကာ တစ်ခုခုကို ဆွေးနွေးနေပုံရ၏။
ဥက္ကဌရုံးမှာ အလုပ်လုပ်နေကြတဲ့ သူတွေကလည်း အတူတူစုပြုံနေကြပြီး တိုးတိုးနဲ့ပြောနေကြ၏။
ပြောနေကြတာတော့ ဥက္ကဌက ဒီ၃က်လုံးလုံး ဘာမှမစား၊ဘာမှမသောက်ဘူးတဲ့။ ဘယ်သူကမှ အစားအစာဝင်ပို့လို့မရဘူး။ တန်ပြန်အစီအစဉ်တွေ ဆွဲဖို့ဆွေးနေကြပေမယ့် ဘယ်သူကမှ အကြံဉာဏ်ကောင်း မပေးနိုင်ကြဘူး။
"အိုင်းယား စူးထောင်သာရှိနေရင် သိပ်ကောင်းမှာပဲ သူမအရင်က ဥက္ကဌနဲ့အတူ နေ့လယ်စာစားနေကျ။"
"ဟုတ်တယ် စူးထောင်နဲ့သာဆို ဥက္ကဌက သေချာပေါက် အစာစားမှာ။"
ဘေးနားမှာရှိတဲ့ ထျန်ရင်ရင်က သူမလက်ထဲက မှန်ကို ချလိုက်ပြီး သူတို့ကို မထီမဲ့မြင်စိုက်ကြည့်ရင်း "နင်တို့အများစုက ချင်ရွှယ်ရှီး အာဏာရလာမှာကို ထောက်ခံကြတဲ့သူတွေမလား။ အခုတော့ ဘာလို့ စူးထောင်ကို နတ်ဘုရားမလို ချီးမွမ်းနေတာလဲ။"
"ချင်ရွှယ်ရှီးသာ တကယ်အာဏာရနေရင် ဥက္ကဌက ဒီလိုဖြစ်နေပါ့မလား။"
"ကြည့်လိုက်တာနဲ့ စူးထောင်ကို ချင်ရွှယ်ရှီးက မောင်းထုတ်လိုက်မှန်း သိသာနေတာပဲလေ။ စူးထောင်ကသာ သူချစ်နေတဲ့သူမှန်း ဥက္ကဌကသိသွားလို့ နေမှာပေါ့။"
ထျန်ရင်ရင်က မျက်လုံးလှိမ့်လိုက်ရင်း "ဘာလား။ နင်တို့ idol drama အကြည့်များသွားတာလား။ ငါတို့ဥက္ကဌလို ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့သူက ဘယ်လိုလုပ် အစစ်ချစ်အချစ်မှန်နဲ့ ချစ်နိုင်မှာလဲ။ ဘာမှမဟုတ်တဲ့ မိန်းမတစ်ယောက်အတွက်နဲ့ ဘာမှမစား၊မသောက်ဘဲနေမယ့်သူလား။ ဥက္ကဌကို နင်တို့လိုမျိုး အချစ်ရူးရူးနေတဲ့လို့ထင်နေတာလား။"
လူတိုင်းက သူမကိုမျက်လုံးပြန်လှန်ပြကာ သူတို့၏ အလုပ်ဆီသို့ အလျှိုလျှိုလူခွဲသွားကြတော့သည်။
ထျန်ရင်ရင်သည် အနက်ရောင်တံခါးအပြင်ဘက်တွင် အားကိုးရာမဲ့ အမှုဆောင် ဒါရိုက်တာအဖွဲ့ကို ချောင်းကြည့်လိုက်၏။ ဓာတ်ပုံတစ်ပုံရိုက်လိုက်ပြီး ချင်ရွှယ်ရှီးထံ ပေးပို့နေစဉ် သူမပါးစပ်ထောင့်တွင် မဲ့ပြုံးတစ်ခု ထွက်ပေါ်လာသည်။
[ထျန်ရင်ရင် - သူဌေးက မစားမသောက်တာ သုံးရက်ရှိနေပြီ။ ဘယ်သူမှလည်း သူ့ကိုအစာစားဖို့ မဆွဲဆောင်နိုင်ဘူး။ ဒီအချိန်မှာ လူတိုင်းက သူ့ကိုကြောက်နေကြပြီး တိတ်နိုင်သလောက်ပုန်းနေကြတာ။ သူသည်းမခံနိုင်တော့မှာကို တကယ်ကြောက်တယ်။]
ဒီလိုပို့ပြီးနောက်မှာ ချင်ရွှယ်ရှီးက သူမကိုစာပြန်ပို့မှာ မဟုတ်မှန်းသိပေမယ့် စိတ်ကောင်းဝင်နေပြိး ဖုန်းကိုအဝေးရွေ့ထားဆဲပင်။
ချင်ရွှယ်ရှီးအကြောင်း နားလည်ထားသလောက်ဆို သူမသေချာပေါက်လာမှာ။
အသေအချာပင် ၃နာရီပင်မကြာလိုက် ချင်ရွှယ်ရှီးတစ်ယောက် လက်ထဲတွင် တစ်ခုခုကိုင်ထားရင်း အူယားဖားယားပြောလာသည်။
တံခါးဝတွင် ကျင်းချွေ့ဝမ်နှင့် ဝူရှဲ့ယွီတို့ အမှုဆောင်ဒါရိုက်တာ နှစ်ယောက်သာ ကျန်တော့၏။
ဝူရှဲ့ယွီက ချင်ရွှယ်ရှီးတစ်ယောက် ပေါ်လာမယ်လို့ မထင်ထားခဲ့ချေ။ သူက သူမတံခါးခေါက်မှာကို တားဆီးလိုက်ရင်း သတိပေးတဲ့အနေနဲ့ပြောလာသည်။ "ဝင်မသွားနဲ့။ ဥက္ကဌရှဲ့က မင်းအပေါ် နောက်တစ်ကြိမ် ဒေါသပုံချမှာ။"
"ဒါဆို ဘယ်သူကများ သူ့အတွက် အစားအစာ ယူသွားပေးနိုင်လို့လဲ။ သေတဲ့အထိ သူ့ကိုအငတ်ထားမလို့လား။"
ချင်ရွှယ်ရှီးက စိတ်ပူပန်မှုအပြည့်နှင့်ပင်။ သူမက ရှဲ့ကျင်ကို ချစ်သည်။ သူ့ကိုယ်သူ ဒီလိုမျိုး ညှဥ်းပန်းနှပ်ဆက်နေတာကို မကြည့်ရက်ပေ။
"ငါပြောချင်တာက မင်းဝင်သွားလည်း ဘာအကူအညီမှ ပေးနိုင်မှာမဟုတ်ဘူး။"
ဝူရှဲ့ယွီက သူ့မျက်မှန်ကို တွန်းတင်လိုက်၏။ သူ့သူဌေးမှာ ပြဿနာတွေရှိလာတိုင်း ချင်ရွှယ်ရှီးကို တစ်ခါမှမပြောပြဖူးပေမယ့် ဒီအရည်အချင်းရှိတဲ့ သူ့လက်အောက်ငယ်သားရဲ့ အလုပ်လုပ်နိုင်စွမ်းကိုတော့ အသိအမှတ်ပြုနေတုန်းပါပဲ။
အရင်တုန်းကသူဌေးက သူမကို သူ့ဘေးနားမှာ ရည်ရွယ်ချက်ရှိရှိနဲ့ စီစဉ်ပေးခဲ့ပေမယ့် သူမက အမြဲတမ်း ကောင်းကောင်းမွန်မွန် လုပ်ဆောင်ခဲ့တဲ့အတွက် သူမရဲ့အရည်အချင်းတွေကို သူအသိအမှတ်ပြုလာခဲ့သည့။
သူမက အဖြစ်မှန်ကိုလက်မခံနိုင်ဆဲဖြစ်မယ်လို့ မမျှော်လင့်ထားပေ။
"မဝင်ကြည့်ဘဲနဲ့ အလုပ်ဖြစ်မဖြစ်ကို ရှင်ဘယ်လိုသိလဲ။အားကျင်က ကျွန်မကို တမူထူးခြားပြီး ဆက်ဆံတယ်။ကျွန်မနဲ့အားကျင်က ကုမ္ပဏီကို အတူတူလက်တွဲပြီး ထူထောင်လာခဲ့တာ။ ရှင် မလုပ်နိုင်တာနဲ့ တခြားသူမလုပ်နိုင်ဘူးလို့တော့ တပ်အပ်မပြောနိုင်ဘူး။"
ချင်ရွှယ်ရှီးက ယုံကြည်ချက်အပြည့်နှင့်ပင် နေ့လယ်စာဘူးကို ကိုင်ထားရင်း ရှေ့ဆက်လျှောက်သွားတော့သည်။
ကျင်းချွေ့ဝမ်က ခေါင်းယမ်းလိုက်ပြီး သူမကို ထပ်မံတားစီးချင်နေတဲ့ ဝူရှဲ့ယွီကို တားလိုက်ပြီး ခြေလှမ်းနှစ်လှမ်း နောက်ပြန်ဆုတ်ကာ ချင်ရွှယ်ရှီး တံခါးခေါက်တာကို တိတ်တဆိတ်ကြည့်နေလိုက်သည်။
သူမက စားပွဲပေါ်မှာ အစားအစာတွေ တင်ထားတာကို တွေ့လိုက်ရပြီး ရှဲ့ကျင်ကတစ်ခုမှ မထိထားပေ။ သူသည် စားပွဲရှေ့တွင် ခေါင်းငုံ့ကာ သူ့အလုပ်ကိုသာ လေးလေးနက်နက် ကိုင်တွယ်နေ၏။
'ဒီ၃ရက်အတွင်းမှာ သူကိုယ်အလေးချိန်အများကြီး ကျသွားတယ်။ သေတဲ့အထိ အစာငတ်ခံဖို့ ကြိုးစားနေတာလား။'
ချင်ရွှယ်ရှီးက ခြေလှမ်းတစ်လှမ်း လှမ်းလာရင်း နူးညံ့သောလေသံဖြင့် အားကျင် ဟုခေါ်လိုက်ရာ ရှဲ့ကျင်၏ အသက်မဲ့သောမျက်လုံးများတွင် ပြင်းထန်သောဒေါသများ ချက်ချင်းထကြွလာသည်။
ထိုဒေါသကို မည်သူကမျှ မပြေလျော့စေနိုင်ပေ။
သူက စားပွဲပေါ်ရှိနေ့လယ်စာ ထမင်းဘူးများကို ကိုင်ဆွဲကာ သူမမျက်နှာဆီသို့ ပြင်းပြင်းထန်ထန် ပစ်ပေါက်လိုက်သည်။
ကံကောင်းထောက်မစွာပင် အစားအစာတွေက အေးနေနှင့်ပြီး ထိုအေးနေသော စွပ်ပြုတ်က သူမလည်ပင်းမှတဆင့် အင်္ကျီထဲသို့ စိမ့်ဝင်သွား၏။
နိမ့်ကျနေသော လေသံခက်အက်အက်က အသံမကျယ်သော်လည်း တခြားလူများကို ဝိဉာဉ်လွင့်စင်သွားစေမတတ်ပင်။
"ထွက်သွားစမ်း"