← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ကျင်းရွှယ်ရှီးက ခေါင်းပေါ်တွင် အသီးအရွက်အဖက်များနှင့်အတူ ရုံးခန်းထဲမှ တုန်လှုပ်စွာဖြင့် ထွက်လာပြီး ခေါင်းငုံ့ကာ သန့်စင်ခန်းဆီသို့ အပြေးသွားနေသည်။

သူမအား လှောင်ပြောရယ်မောနေကြတာကို ကြားနေရသဖြင့် လက်ကိုခပ်တင်းတင်းဆုပ်ရင်း လက်သည်းများက လက်ဖဝါးထဲသို့ နစ်ဝင်နေကာ အပေါက်ဖြစ်လုနီးပါးပင်။

ထျန်ရင်ရင်က ဖုန်းကိုမထားရင်း ချင်ရွှယ်ရှီး၏ အရှက်ရဖွယ် အခြေအနေကို မှတ်တမ်းတင်နေ၏။ထောင့်မှ သူမ.ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း လှောင်ပြောင်လိုမှုအပြည့်နှင့် နှုတ်ခမ်းထောင့်ကွေးတက်သွားသည်။

သူမသည် ဗီဒိုယိုကို ဓာတ်ပုံအဖြစ်ပြောင်းလိုက်ပြီး group chat ထဲသို့ ပို့ပေးလိုက်သည်နှင့် ချက်ချင်းပင် အပြင်းအထန် ဆွေးနွေးလာကြတော့သည်။

ချင်ရွှယ်ရှီးကို ထောက်ခံကြတဲ့သူတွေပင် အခုတော့ ဘက်ပြောင်းသွားကြ၏။

စူးထောင်က ထွက်သွားပြီး ချင်ရွှယ်ရှီးလည်း အရှက်ရသွားသဖြင့် ထျန်ရင်ရင်သည် အနက်ရောင်တံခါးဝကို ယုံကြည်မှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိပ်ဆုံးကိုတက်မည့် သူမလမ်းကြောင်းတွင် ရှိနေသော အနှောက်အယှက်နှစ်ခုမှာလည်း နောက်ဆုံးတွင်မူ ရှင်းလင်းသွားပြီ။

ရှဲ့ကျင်သည် သုံးရက်သုံးညလုံး မအိပ်ခဲ့ရသဖြင့် သူ၏ခွန်အားများက ကုန်ဆုံးသွားကာ ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးပါးပင်။

ကျင်းချွေ့ဝမ်နှင့် ဝူရှဲ့ယွီက ချက်ချင်း ပြေးလာခဲ့ပြီး သူ့ကိုထိန်းပေးလိုက်သည်။ ဆယ်နှစ်ကြာ ရှဲ့ကျင်၏ စီနီယာဖြစ်ခဲ့သော ဝူရှဲ့ယွီက ကြင်နာစွာဖြင့် သတိပေးတော့သည်။"ဥက္ကဌရှဲ့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မင်းသေသွားမှာ။"

ရှဲ့ကျင်၏ ခြောက်သွေ့နေသော နှုတ်ခမ်းများက ပွင့်ဟလာပြီး မျက်လုံးများမှာ‌မူ တဖြည်းဖြည်း မှိတ်ကျလို့နေသော်လည်း ခပ်တိုးတိုးရေရွတ်နေ၏။

ကျင်းချွေ့ဝမ်က သူ့နှုတ်ခမ်းအနား တိုးကပ်လာရင်း ထပ်ကာထပ်ကာ ရေရွတ်နေတာကို ကြားလိုက်ရသည်။"ကိုယ်သေသွားရင် မင်းရင်နာနေမလား။နောင်တရနေမလား။"

ကျင်းချွေ့ဝမ်၏ ရင်ထဲတွင် မုန်တိုင်းကျနေသော ပင်လယ်ပြင်ကဲ့သို့ တုန်လှုပ်သွား၏။ ဒီတော့ သူဌေးက တကယ်သေချင်နေတာပဲ။

မေးဘေးဆန်တဲ့သူတွေ အုပ်စုထဲကတစ်ယောက်အနေနဲ့ ကျင်းချွေ့ဝမ်က ဒါနဲ့ပက်သက်ပြီး တကယ်ကို နားမလည်ဘူး။ မိန်းမတစ်ယောက်ဆုံးရှုံးသွားရင် နောက်တစ်ယောက် ထပ်ရှာလိုက်ရုံပဲလေ။ အရက်သွားသောက်ပြီး ရင်ဖွင့်တဲ့အထိကို သူလက်ခံနိုင်သေးတယ်။ မိန်းမတစ်ယောက်အတွက်နဲ့ အလွန်အမင်း ကြေကွဲပြနေတာကိုတော့....။

သူ့သူ‌ဌေးကို နားမလည်ပေမယ့် ကျင်းချွေ့ဝမ်တစ်‌ယောက် သူဌေးရဲ့သတ်သေချင်နေတဲ့ အတွေးတွေကို ဘယ်လို ဖယ်ရှားပေးရမလဲဆိုတာ ရုတ်တရက်သိသွားတော့သည်။

"သူဌေး စူးထောင်ကိုရှာရမယ်။ သူမ ဘာလို့ သူဌေးကိုချန်ထားခဲ့တဲ့ အကြောင်းအရင်းကို မမေးကြည့်ချင်ဘူးလား။"

ရှဲ့ကျင်၏ ဂဏာမငြိမ်ဖြစ်နေသည့် မျက်လုံးများက နောက်ဆုံးတွင် အာရုံပြန်ရလာ၏။

ကျင်းချွေ့ဝမ်က ဝမ်းသာအားရနှင့်ပင် ဝူရှဲ့ယွီနှင့်အကြည့်ဖလှယ်လိုက်ရင်း ဆက်ပြောလာသည်။"သူဌေး စူးထောင်ကို မျက်နှာချင်းဆိုင် မမေးချင်ဘူးလား။တကယ်လို့ သူမ‌အတွက်နဲ့ သေသွားခဲ့ရင် သူမရင်နာနေမှာလား၊ နောင်တရနေမှာလား ဆိုပြီးလေ။"

ဝူရှဲ့ယွီက နွေးနေဆဲ အသင့်စား အစားအစာများကို ယူလာပေးနှင့်နေပြီး ဖွင့်လိုက်သည်နှင့် အရသာရှိသော ဂဏာန်းဟင်းရည်နဲ့က မွှေးပျံ့သွားတော့သည်။

သို့သော် ရှဲ့ကျင်မှာ ထိုအရာကို စိုက်သာကြည့်နေပြီး ဇွန်းကိုင်ရန် မလှုပ်ရှားလာပေ။

သူစားချင်စိတ် မရှိသေးတာကို တွေးမိသွားရင်း ကျင်းချွေ့ဝမ်က သူ့ကိုနားထပ်ချဖို့ပြင်နေတုန်းတွင် ရှဲ့ကျင်က ခပ်နှေးနှေးပင်ပြောလာ၏။ "သူမက ပင်လယ်စာ မကြိုက်ဘူး။ တခြားတစ်ခု ယူလာပေး။"

------

ကျန်းချန်၏ နွေရာသီက ပေ့ချန်ထက်ပင် ပို၍ပူနေသည်။

စူးထောင်က ဒီမှာရှိနေတာ တစ်နှစ်ရှိပြီဖြစ်ပေမယ့် အဲဒါကို ကျင့်သားမရသေးချေ။

ကျင့်ယန် Entertainmentရဲ့ရုံးချုပ် အဆောက်အဦးက ကျန်းမြို့တွင် အကောင်းဆုံးရှုခင်းရှိသည့် နန်ဟူပန်းခြံအနီးတွင်ရှိသည်။ စူး‌ထောင်၏ ရုံးခန်းမှာ တတိယထပ်တွင်ရှိနေ၏။

သူမရုံးခန်းထဲတွင် စားပွဲတစ်လုံး၊ ကုလားထိုင်နှစ်လုံးနဲ့ စာအုပ်စင်နံရံတစ်ခုကလွဲပြီး ဘာအပိုပစ္စည်းမှ မရှိပေ။

သူမဒီနေရာကို ပြောင်းလာသည်မှာ နှစ်ရက်ပင်ရှိသေးသော်လည်း လူတော်တော်များများက သူမရုံးအား အလှဆင်ရန် ထူးဆန်းသည့်ပစ္စည်းများကို ပေးပို့လာကြပြီဖြစ်သည်။

အထက်တန်းကျောင်းနေဖက် ပို့လိုက်သော အပင်အိုးမှလွဲ၍ ကျန်ပစ္စည်းများကို ငြင်းဆိုလိုက်၏။

'နေရာနည်းနည်းကျယ်နေတာ ပိုကောင်းပါတယ်။ နေရာကျဉ်းနေရင် စိတ်ကျဉ်းကြပ်သလို ခံစားနေရမှာ။'

ရုံးခန်းတံခါးကို ခေါက်လိုက်သည့် အသံကြားပြီးသည်နှင့် သူမ၏ လက်ထောက်လေ့ရွှမ်းက ဝင်လာပြီး အချိန်စာရင်းပေးလိုက်ကာ "သူဌေး ဒါက ဒီည ကုမ္ပဏီရဲ့ကော့တေးပါတီအတွက် စာရင်းပါ။ အချက်အလက်တွေတော့ အများကြီး မရှိဘူး။ ဥက္ကဌကျန်းက အဖွင့်အမှာစကားပြောပြီးတာနဲ့ ကုမ္ပဏီရဲ့ရှယ်ယာရှင်အဖြစ် သူဌေးကို ကြေညာမယ်။ ပြီးရင်တော့ အဓိက ဧည့်ခံပွဲကြီးစတင်မှာပါ။”

စူးထောင်က အချိန်စာရင်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ "ရှယ်ယာရှင် အစည်းအဝေးက ဘယ်အချိန်လဲ။"

လေ့ရွှမ်း - "၁၀မိနစ်အတွင်း"

ရုတ်တရက် နောက်ထပ်တံခါးခေါက်သံနှင့်အတူ ကျန်းချီကွမ်းက တံခါးဝတွင်ပေါ်လာပြီး စည်းချက်ကျကျ ဆက်ခေါက်နေကာ စူးထောင်ကို စပ်ဖြီးဖြီးနှင့် ပြုံးပြလိုက်သည်။

"ငါ့ရဲ့ ကြီးမြတ်တဲ့အေးဂျင့်ကြီး မင်းအဆင်သင့်ဖြစ်ပြီလား"

စူးထောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဥက္ကဌကျန်း အလုပ်များတဲ့ အချိန်တွေကနေ ကျွန်မအတွက်တကူးတက ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်။ ရှင့်ရဲ့အားလပ်ရက်တွေကို ယူလိုက်မိလို့ စိတ်မကောင်းပါဘူးနော်။"

ကျန်းချီကွမ်းဟာ စူးထောင်သူ့ကို အလုပ်မကြိုးစားဘဲ နိုင်ငံခြားမှာ လိုက်လည်ပတ်နေလို့ လှောင်ပြောင်နေမှန်း သိနေ၏။ သူကနှာခေါင်းကို ပွတ်သပ်ကာ ပြန်မငြင်းဆန်ရဲဘဲ "ကိစ္စဝိစ္စတွေ အားလုံးအတွက် အေးဂျင့်စူးကိုပဲ ကျွန်တော်အားကိုးပါတော့မယ်။"

စူးထောင်က သူနှင့် စကားဆက်မပြောချင်တာကြောင့် hard driveကို ကောက်ကိုင်လိုက်ပြီး "သွားရအောင်။အစည်းအဝေး စနေပြီ။"

အစည်းအဝေးခန်းမထဲမှာ လူလေးယောက်က ကြိုရောက်နှင့်နေပြီ။ နှစ်ဦးကတော့ ဖျော်ဖြေရေးဘက်ကမဟုတ်ဘဲ သီးသန့်ရင်းနှီးမြုပ်နှံကြတဲ့ ကျင့်ယန်ရဲ့အစောပိုင်း ရင်းနှီးမြုပ်နှံသူတွေဖြစ်ပြီး တစ်ယောက်စီမှာ ရှယ်ယာ ၅%နှုန်းစီ ပိုင်ဆိုင်ထားကြသည်။

ကျန်လူနှစ်ယောက်မှာ ကုမ္ပဏီ၏ မိတ်ဖက် အေးဂျင့်များဖြစ်ကြ၏။

တစ်ဦးက အောင်မြင်ကျော်ကြားနေသော idol အဖွဲ့၏ မန်နေဂျာ လျန်ခယ့်ဖြစ်ပြီး ယခုတွင် အဓိကရှယ်ယာရှင်တစ်ဦး ဖြစ်သည်။

အခြားရှယ်ယာရှင်တစ်ဦးမှာ နိုင်ငံရပ်ခြားမှ မဟာဘွဲ့ယူပြီးပြန်လာသည့် မီဒီယာထိပ်တန်းကျောင်းသူတစ်ဦးဖြစ်သည့် လျိုဝမ်ထောင်ပင်။

သူတို့နှစ်ဦးက ရှယ်ယာ 10%စီပိုင်ဆိုင်ထားကြ၏။

စူးထောင်သည် ကျန်းချွေ့ဝမ်ထံမှ ရှယ်ယာ 10%ကို လက်ခံရရှိမည်ဖြစ်သဖြင့် ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦးဖြစ်ကာ လျိုဝမ်ထောင်နှင့် လျန်ခယ့်တို့နည်းတူ ကုမ္ပဏီ၏ အဓိကရှယ်ယာရှင် တစ်ဦးဖြစ်လာမည်ဖြစ်သည်။

မူလက ထိုအရာအားလုံးကို ကြိုတင်ဆုံးဖြတ်ထားသဖြင့် ရှယ်ယာရှင်များ၏ အစည်းအဝေးမှာ ထုံးတမ်းစဉ်လာတစ်ခုမျှသာဖြစ်၏။ သို့သော် လျိုဝမ်ထောင်၏ စူးရှထက်မြက်ပြီး အနည်းငယ် မထီမဲ့မြင်ပြုနေသောအကြည့်အောက်တွင် စူးထောင်က အရာအားလုံးသည် ထင်ထားသလောက် ရိုးရှင်းလိမ့်မည် မဟုတ်မှန်း ခံစားလိုက်ရသည်။

အသေအချာပင် လျိုဝမ်ထောင်သည် လက်ကိုပိုက်ထားပြီးမှီနေကာ မထီမဲ့မြင်ပြုရင်း ‌ပေါ့ပေါ့တန်တန်ပင်ပြောလာ၏။ "ဒီမှာထိုင်နေကြတဲ့ ကျွန်မတို့ အကုန်လုံးက စွမ်းဆောင်ရည်ရှိတဲ့လူတွေကြီးပဲ။ ဥက္ကဌကျန်းက ကုမ္ပဏီကိုစီမံခန့်ခွဲတာတွေ ဘာတွေသိပ်မလုပ်သလို၊ဆုံးဖြတ်ချက် အမှားတွေလည်း ချတတ်ပေမယ့် အမှားအများစုကိုတော့ ကျွန်မတို့ လက်ခံပေးခဲ့တယ်။ဒီတစ်ခါတော့ အမှားကြီးကြီးမားမားဖြစ်မှာမဟုတ်ဘူးလို့တော့ မျှော်လင့်ပါတယ်။"

သူမရဲ့စကားထဲမှာ ကျန်းချီကွမ်းက ဆုံးဖြတ်ချက်အမှားချလိုက်မိလို့သာ စူးထောင်က ရှယ်ယာဝင်ဖြစ်လာတာဆိုပြီး တံဆိပ်တပ်လိုက်သည်။

လျိုဝမ်ထောင်သည် သူမကိုယ်သူမ ပညာတတ်ပြီး အတွေ့အကြုံရင့်သူဟု ယူဆကာ စူးထောင်ကိုအထင်သေးနေသည်။

စူးထောင်က ကျန်းချီကွမ်းနဲ့ ကျောင်းတုန်းက ခင်မင်ခဲ့တဲ့ဆက်ဆံကြောင့် ကုမ္ပဏီသို့ ဝင်လာခဲ့ပြီး သူမစီမံ‌ခန့်ခွဲနေသော အနုပညာရှင်များကလည်း လျိုဝမ်ထောင်လက်မလွှတ်နိုင်တဲ့ အနုပညာရှင်တွေပါ။

ဥပမာအနေနဲ့ဆို ထိပ်တန်းသရုပ်ဆောင် ကုယီးယန်ပင်။

ဟုတ်ပါတယ် ကုယီးယန်က စူးထောင်ရဲ့စီမံခန့်ခွဲမှုအောက်မှာ တော်တော်လေး နာမည်တက်လာပေမယ့် သူကအစကတည်းက နာမည်ရှိနေပြီးသားလူလေ။ သူမရဲ့စီမံခန့်ခွဲမှုအောက်မှာသာဆို ဒီထက်မက ပိုအောင်မြင်လာမှာပါ။

လျိုဝမ်‌ထောင်က စူးထောင်ဟာ ကျန်းချီကွမ်းရဲ့ မျက်နှာသာပေးမှုကြောင့် ကံကောင်းသွားပြီး ကုယီးယန်လိုမျိုး အလားအလာကောင်းတဲ့သရုပ်ဆောင် ကြောင့်သာ အောင်မြင်နေတာလို့ ယုံကြည်နေခဲ့၏။

စူးထောင်က သူမနှင့် တန်းတူရပ်တည်ဖို့ ဘာအရည်အချင်းတွေများ ရှိနေလို့လဲ။

စူးထောင်သည် လျိုဝမ်ထောင်၏စကားကိုကြား‌သော်လည်း ပြန်မတုံ့ပြန်ခဲ့ပေ။ သူမ ခေါင်းကိုသာငုံ့နေရင်း hard drive ကို ကောက်ကိုင်လိုက်ပြီး ပရိုဂျက်တာဆီသို့ လျှောက်သွားလိုက်သည်။

စခရင်ပေါ်တွင် စူးထောင်ပြုလုပ်ထားသော ဒေတာခွဲခြမ်းစိတ်ဖြာမှုကို ပြသနေ၏။

platform အားလုံးအတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်သွယ်ရန် အချက်အလက်များ။

ရုပ်ရှင်၊TVနှင့် variety show အရင်းအမြစ်များအားလုံးကို ခွဲခြမ်းစိတ်ဖြာကာ ဆွေးနွေးထားသည့်အချက်အလက်များ။

သတိထားမိစရာ အနုပညာရှင်အားလုံးကို အမျိုးအစားခွဲခြင်းနှင့် အကျဉ်းချုပ်ထားပေးခြင်း။

ပြည်တွင်း ဖျော်ဖြေရေးကုမ္ပဏီများ၏ ရည်မှန်းချက်များနှင့် လက်ရှိအခြေအနေများကို လေ့လာခြင်း။

တခြားသော သရုပ်ဆောင်များနှင့် မိမိတို့လက်အောက်ရှိ သရုပ်ဆောင်များကြား နှိုင်းယှဉ်မှုများ။

ထို့အပြင် နှစ်နှစ်မှ ငါးနှစ်အတွင်း မိမိတို့ကုမ္ပဏီလက်အောက်ရှိ အနုပညာရှင်များအတွက် အစီအစဉ်များကိုပင် ရေးဆွဲထားသည်။

စူးထောင်က ဘာမှမရှင်းပြဘဲ မောက်စ်ကို နှိပ်လိုက်ကာ စာမျက်နှာများကို တစ်ခုပြီးတစ်ခု လှည့်ပြပေးနေ၏။

စာမျက်နှာတစ်ခုစီတိုင်းသည် အသေးစိတ်ကျသည့် အချက်အလက်များနှင့် ပြည့်နှက်နေကာ အထင်ကြီးစရာပင်။

အစည်းအဝေး တက်ရောက်လာသူအားလုံးက အံ့အားသင့်သွားပြီး လျန်ခယ့်ကပင် စပြီး လက်ခုပ်တီးလိုက်သည်။

ဘာရှင်းပြချက်မှ ထပ်မလိုတော့ပေ။ ဒီလိုဒေတာတွေအသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်တဲ့သူ တစ်ယောက်အ‌နေနဲ့ ဒီအလုပ်ဟာ သူ့အတွက် လွယ်ကူရိုးရှင်းနေမှာပါ။

လျန်ခယ့်က ဒီလုပ်ငန်းမှာ ရှစ်နှစ်ကြာလုပ်ကိုင်နေပြီး အောင်မြင်ကျော်ကြားတဲ့ idol group ရဲ့စီမံသူအနေနဲ့ အရာအားလုံးကို ဖောက်ထွင်းမြင်နေနိုင်ပြီ။ တစ်ယောက်ယောက် လုပ်ထားတာကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ ပြောနိုင်တယ်။

ဒါက လုပ်သက်နဲ့ အရည်အချင်းကြောင့်ပင်။

"ကျွန်မတာဝန်ယူထားတဲ့ အနုပညာရှင်ငါးယောက်ရှိပါတယ်။ ကျွန်မကိုယ်တိုင် ပြုစုပျိုးထောင်ထားတဲ့ ကုယီးယန်အပြင် ဒါရိုက်တာလျန်ဆီကနေ လက်ခံရရှိထားတဲ့ ထရိန်နင်အဆင့် idolနှစ်ယောက်နဲ့ ဒါရိုက်တာလျိုဆီက ရထားတဲ့သရုပ်ဆောင် နှစ်ယောက်ကိုလည်း ကျွန်မတာဝန်ယူသွားမှာပါ။ ရှေ့လျှောက်ကုမ္ပဏီအတွက် ဝင်ငွေတွေပိုရလာအောင် အစွမ်းကုန်ကြိုးစားသွားပါ့မယ်။"

စူးထောင်၏ နောက်ဆုံးစကားက ရှယ်ယာရှင်များ၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။အကျိုးအမြတ်တွေကို ဂရုမစိုက်တဲ့ ရှယ်ယာရှင်တွေ မရှိဘူး‌လေ။ ဘယ်သူကများ ကိုယ့်ပိုက်ဆံတွေကို အလကား ဝေပေးချင်မလဲ။

ဒီတစ်ကြိမ်မှာတော့ ခန်းမတစ်လုံးမှာ စစ်မှန်တဲ့လက်ခုပ်သံတွေနဲ့ ပြည့်နေ၏။

"စူးထောင် အဖွဲ့ထဲဝင်လာတာကို ကြိုဆိုပါတယ်။" အသိအမှတ်ပြုပေးသည့်အပြုံးများနှင့် လျန်ခယ့်က ပန်းရောင်လက်သည်းနီ အပြည့်ဆိုးထားသော လက်ကိုဆန့်ထုတ်လာသည်။

စူးထောင်က ပြန်ပြီး လက်ဆွဲနှုတ်ဆက်ပေးလိုက်ရင်း လျိုဝမ်ထောင်ကို ယောင်ယောင်လေးပြုံးပြလိုက်သည်။

လျိုဝမ်ထောင်မှာ အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်ရင်း မျက်နှာထက်တွင် အလျော့မပေးသေးသည့်ပုံစံဖြင့် မတ်တပ်ရပ်လိုက်ကာ စူးထောင်ကို ဝတ်ကျေတမ်းကျေ လက်ဆွဲနှုတ်ဆက်လာ၏။

------

ကျန်းချီကွမ်းသည် စူးထောင်ရုံးခန်းဆီသို့ ပြန်သွားသည့်‌နောက်ကို လိုက်လာရင်း သူမရှေ့ရှိကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ကာ အံ့ဩတကြီး ပြောလာသည်။ "စူးထောင်ထောင် ခဏတုန်းက မင်းပုံစံက အရမ်းမိုက်တာပဲ။ သူ‌ဌေးဖြစ်တဲ့ ငါတောင် လွှမ်းမိုးခံထိသွားတယ်။ မင်းပြောတော့ ဒီ‌လောကထဲဝင်လာတာ တစ်နှစ်ပဲရှိသေးတယ်ဆို ဒီဒေတာတွေအားလုံးကို ဘယ်လိုရသွားတာလဲ။

‌စူးထောင်က ကော်ဖီနှစ်ထုပ်ကို အဝကျဉ်းသည့်အိုးထဲတွင်သေသေချာချာ နှပ်နေရင်း မကျေမချမ်းကြည့်လာသည်။" စိတ်သာရှိရင် ဘာမဆိုအကုန်ဖြစ်နိုင်တယ်။"

"ကျွတ် ကျွတ် စကားပြောတဲ့ပုံစံက တဖြည်းဖြည်းနဲ့ လူအိုကြီးတွေရဲ့လေသံလိုဖြစ်နေပြီ။" ကျန်းချီကွမ်းက ရုံးခန်းပတ်ပတ်လည်ကို အဆင်မပြေတဲ့ပုံစံနဲ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး" မင်းရဲ့ရုံးခန်းရောပဲ ဒိတ်အောက်လိုက်တာ။ မသိရင် ငါကပဲ စစ်မှုထမ်းဟောင်းတစ်ဦးရဲ့ရုံးခန်းထဲ ရောက်နေသလိုလို။"

ကျန်းချီကွမ်းသည် သူ့ရှေ့တွင်ရှိနေသော စူးထောင်ဖျော်ထားပေးသည့် ကော်ဖီကိုနမ်းလိုက်ရာ နှာခေါင်းထဲသို့ ကော်ဖီမွှေးရနံ့များ ဝင်လာ၏။

သို့သော် သူကအရှေ့ကိုပြန်တွန်းပို့လိုက်ရင်း ငြင်းလိုက်သည်။"ခါးလွန်းလို့ မသောက်တော့ဘူး။ နောက်ပြီး သိပ်မကြာခင်ကပဲ အစာအိမ်ရောင်နေတာဆိုတော့ ကော်ဖီတွေဘာတွေရှောင်တယ်။"

စူးထောင်က ကော်ဖီတစ်ငုံသောက်လိုက်ရင်း စိတ်ရှုပ်ထွေးစွာဖြင့်‌ မေးလိုက်၏။ "ဘယ်အချိန်တုန်းက အစာအိမ် ပြဿနာဖြစ်သွားတာလဲ။"

"မင်းရဲ့စီနီယာအစ်ကိုကြီးအတွက် စိတ်မပူဖို့ ပြောချင်ပါတယ်။ ငါအစာအိမ်‌ ပြဿနာဖြစ်နေတာ နှစ်ဝက်လောက်ရှိပြီ။ နောင်ကျရင် မင်းကိုယ်စား အရက်သောက်ပေးနိုင်တော့မှာမဟုတ်ဘူး။ ဒီတော့ ကိုယ်စားသောက်ပေးမယ့် လက်ထောက်တစ်ယောက် အမြန်ရှာလိုက်တော့။"

စူးထောင်က ကော်ဖီခွက်ချလိုက်ပြီး "ကျွန်မအတွက် မလိုဘူး။ အလုပ်ကိစ္စဆွေးနွေးတိုင်း တစ်ခါမှ အရက်မသောက်ဖူးဘူး။"

ကျန်းချီကွမ်း - "..."

ပါးစပ်ဖွင့်လိုက်တာနဲ့ ဓားအချောင်းတစ်ထောင်လောက် ရင်ဝကိုလာစိုက်တော့တာပဲ။

"ဟုတ်ပါပြီ မင်းအတော်ဆုံးပဲ။ ငါ မင်းနဲ့ ပြိုင်မပြောနိုင်တော့ဘူး။ တွေ့ဆုံပွဲတစ်ခုရှိလို့ အရင်သွားတော့မယ်။ ဒီညပါတီပွဲမှာ တွေ့ကြတာပေါ့။"

"ဘာတွေ့ဆုံပွဲလဲ။" စူးထောင်က စပ်စပ်စုစုနှင့် မေးလိုက်၏။ နောက်ထပ်တွေ့ဆုံပွဲတွေ ရှိသေးတယ်လို့တော့ သူမ မကြားမိပါဘူး။

"သွားဒိတ်မှာ" ကျန်းချီကွမ်းက မျက်ခုံးပင့်လိုက်ပြီး လှည့်ကာ "ဒီည လှလှလေးဝတ်လာခဲ့။"

စူးထောင်က သူ့ကိုလျစ်လျူရှုလိုက်ပြီး အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။

တစ်မိနစ်ပင်မကြာလိုက် နောက်ထပ်တံခါးခေါက်သံ ထွက်လာ၏။

ဒီတစ်ကြိမ်တွင် ဦးထုပ်ဆောင်းထားကာ နေကာမျက်မှန်တပ်ထားသည့် အရပ်ရှည်ရှည် လူငယ်တစ်ဦး ဝင်လာသည်။ maskကို ချွတ်လိုက်သည်နှင့် ချောမောခန့်ညားသည့် မင်းသားတစ်ဦး၏ အသွင်အပြင်က ပေါ်လာ၏။

ထိုသူက ကုယီးယန်ပင်။ အားလပ်သည့်အနုပညာရှင်တော်တော်များများက ဒီနေ့ကျင်းပမည့် ကုမ္ပဏီမိတ်ဆုံစားပွဲကို တက်ရောက်ရန် ပြန်လာကြသည်။

ကုယီးယန်က တောက်ပစွာ ပြုံးပြလိုက်ပြီး " ကျဲ အလုပ်များနေလား။"

စူးထောင်အံ့အားသင့်သွားပြီးနောက် ကွန်ပြူတာမှ အချိန်စာရင်းများကို ကြည့်လိုက်ရာ ဒီနေ့ဟာ သူဓာတ်ပုံရိုက်ကူးရမည့်နေ့ပင်။

"ကြည့်မနေနဲ့တော့ ကျဲ ကျွန်တော်ကြိုရိုက်ထားပြီးပြီ။" ကုယီးယန်က သူမဘေးတွင် ထိုင်လိုက်၏။ တစ်နှစ်ပတ်လုံး လက်တွဲလာပြီးသည့်နောက် စူးထောင်ဘာလုပ်လုပ် သူခန့်မှန်းတတ်နေပြီ။ သူမက ရွှေတံဆိပ်အဆင့် အေးဂျင့်တစ်ယောက်ပါ။"ကျွန်တော် တကူးတက ကျဲရဲ့ရာထူးတိုးမိတ်ဆုံစားပွဲကို တက်ရောက်ဖို့ အပြေးကလေးပြန်လာတာ မြင်တော့ ဘယ်လိုနေလဲ။ ရင်ထဲထိသွားပြီလား။"

စူးထောင်သိသိကြီးနဲ့ ပြုံးပြီး မှန်လေးကို ပေးလိုက်၏။ကုယီးယန်က လက်ဖြူဖြူလေးနှင့် လှမ်းယူလိုက်သည်။

"ကျွန်တော့်ကို နားလည်တာ ကျဲပဲရှိတယ်။ မန်နေဂျာဝမ်နဲ့မတူဘူး။"

သူပြောနေသော မန်နေဂျာဝမ်မှာ သူ၏လက်ရှိ အမှုဆောင်အေးဂျင့် ဝမ်ချီပင်။ သူမက အသက်၃၅နှစ်ရှိပြီဖြစ်ကာ အတွေ့အကြုံကြွယ်ဝပြီး ဦးဆောင်နိုင်သည့်စိတ်ဓာတ်မရှိသော်လည်း အလွန်တည်ငြိမ်ပြီး အစွန်းရောက်သူ မဟုတ်ပေ။ စူးထောင်ပေးအပ်သည့်တာဝန်ကိုလည်း ကျေပွန်အောင်စွမ်းဆောင်နိုင်သည့်အတွက် စူးထောင်က သူမအပေါ်တော်တော်လေး စိတ်ကျေနပ်မိ၏။

"မင်းတစ်ခုခုလိုအပ်ရင် ကိုယ့်ဘာသာကိုယ် မန်နေဂျာဝမ်ကို ပြောလိုက်လေ။ မင်းမပြောရင် သူဘယ်လိုလုပ် မင်းကိုနားလည်နိုင်မှာလဲ။"

"ကျွန်တော်တောင် ကျဲကို ဘာမှမပြောရသေးဘူး။ကျွန်တော် မှန်လိုချင်နေမှန်း ကျဲသိနေတယ်မလား။"

ဦးထုပ်ကို ချွတ်လိုက်ပြီး ကုယီးယန်က သူ့ဆံပင်တွေကိုသပ်ကာ စူးထောင်၏ အကြည့်စူးစူးအောက်မှာပင် မှန်ကိုမချခင် ကြည့်ကောင်းနေသေးကြောင်း အတည်ပြုလိုက်၏။ထို့နောက် စူးထောင်ကိုကြည့်လိုက်ပြီး "ကျွန်တော့်ကို ကျဲကိုယ်တိုင်ကိုယ်ကျ စီမံပေးလို့မရဘူးလား။"

စူးထောင်က မပြီးပြတ်သေးသော ရှယ်ယာလွှဲ‌ပြောင်းခြင်း သဘောတူညီချက်စာချုပ်ကို ထောင့်ညီအောင်ခါလိုက်ရင်း ယောင်ယောင်လေး‌ပြုံးလိုက်ကာ "အခုချိန်မှာ မင်းက ငါ့လက်အောက်ခံ မဟုတ်တော့ဘူးလေ။"

All Chapters