← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

ကုယီးယန်က နှုတ်စမ်းစူရင်း တွေးလိုက်မိသည်။ သူက ဒီအတိုင်းစနောက်လိုက်ရုံပါ။ သူမက သူ့ကို တိုက်ရိုက်ကြီး စီမံမပေးနိုင်တော့ဘူးဆိုတာ သူသိပါတယ်။

ကော်ဖီကိုမြင်သွားတော့ ကုယီးယန်က မျက်ခုံးကိုပင့်တင်လိုက်ရင်း "ဒါက ကျွန်တော့်အတွက်လား။"

"ဥက္ကဌကျန်းအတွက် ဖျော်ပေးထားတာ။ ဒါပေမယ့် သူက အစာအိမ်ရောင်နေတာဆိုတော့ သောက်လို့မရဘူးလေ။"

စူးထောင်က အသေးအမွှားကိစ္စထပ်မပြောချင်တဲ့ပုံနဲ့ အလုပ်ကိုသာ ဆက်လုပ်နေတော့သည်။

ကုယီးယန်က အနှောက်အယှက်မပေးတော့ဘဲ ပူနေဆဲ ကော်ဖီခွက်ကို ကောက်ကိုင်ကာ သောက်ကြည့်လိုက်၏။"အမ်းး အရသာရှိတယ်။ ကျဲ...."

သူစကားပင်မဆုံးသေး စူးထောင်က မဖွင့်ရသေးတဲ့ ကော်ဖီဘူးကို ပစ်ပေးလိုက်ပြီး သူ့ပါးစပ်ကို ပိတ်ပေးလိုက်သည်။

ကုယီးယန်က ပြုံးလိုက်ရင်း အခုလိုသူဘာစကားမှထုတ်ပြောစရာမလိုဘဲ အလိုလိုနားလည်နေတဲ့ စူးထောင်ကို သူ‌သဘောကျတယ်။

"အိုးးး ဒီညဘာဝတ်စုံဝတ်မှာလဲ ကျဲ။ ဝတ်စုံရွေးထားပြီးပြီလား။" ရုံးခန်းထဲတွင် ဘာမှလုပ်စရာမရှိသည့်အတွက် ကုယီးယန်က စာခဏလောက်ဖတ်ပြီးနောက် ငြီးငွေ့စွာထရပ်ကာ စူးထောင်ကိုကြည့်လာ၏။

သူမ၏အလုပ်တွင် ဈာန်ဝင်စားနေသော စူးထောင်က သူ့ကို လျစ်လျူရှုလိုက်သည်။သို့သော် ကုယီးယန်က ဖြစ်နိုင်ချေရှိသောအရာကို လိုက်ခန့်မှန်းနေ၏။ "ကျဲအခုဝတ်ထားတဲ့ အနက်ရောင် ဝတ်စုံဝတ်သွားမယ်လို့ မပြောနဲ့နော်။"

စူးထောင်သည် ဒီနေ့တွင် အနက်ရောင်chiffon ရှပ်အင်္ကျီ၊ အနက်ရောင် စကပ်တိုနှင့် အနက်ရောင်ဒေါက်မြင့်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။ သူမပုံစံက ဈာပန အခမ်းအနားပွဲသို့ တက်ရောက်ရန် ဝတ်ဆင်ထားသည်နှင့်ပင် တူနေ၏။

"ကျဲအခု အသက်ဘယ်လောက်ရှိပြီမို့လို့လဲ။ အဖြူရောင်တွေ အမည်းရောင်တွေ လျော့ဝတ်လို့မရဘူးလားဟင်။ ပန်းရောင်လေးသာဝတ်လိုက်ရင် ကျဲမျက်နှာနဲ့ဆို အထက်တန်းကျောင်းသူလေးနဲ့တောင် တူနေမှာ။"

"ပန်းရောင်" ဆိုတဲ့စကားကြားသွားသည်နှင့် စာရိုက်နေသည့်လက်က တခဏတာရပ်သွားပြီး နောက်မှသာအလုပ်ကို အာရုံပြန်စိုက်လိုက်သည်။

"ကျွန်တော့်ရဲ့ကျဲကျဲရေ၊ ကျဲကဒီညရဲ့အဓိက ဇာတ်ဆောင်နော်။"

စူးထောင်က သူ့ကို လျစ်လျူရှုထားဆဲပင်။

ကုယီးယန်က သူမကိုဒီလိုပြောနေရင် အသုံးမဝင်မှန်းသိသွားသဖြင့် ရုံးထဲကနေထွက်ကာ ချက်ချင်းပင် သူမလက်ထောက်ကို ခေါ်လိုက်၏။ သိပ်ပင်မကြာလိုက် ယုံကြည်မှုအပြည့်နှင့် ပြန်ရောက်လာသည်။

"ကျွန်တော် ကျဲအတွက် ဝတ်စုံပြင်ထားပေးပြီးပြီ။ ဒီကော့တေးပါတီမှာ ကျဲအဲဒါပဲ ဝတ်သွားရမယ်။"

စူးထောင်က ကွန်ပြူတာကိုကြည့်နေရင်းကနေ ခေါင်းမော့လာပြီး "ဘာဝတ်စုံလဲ။"

"အဲဒီအတွက်မစိုးရိမ်ပါနဲ့ ကျွန်တော်ပြောတာကိုသာနားထောင် အချိန်တန်ရင်သိလိမ့်မယ်။"

"ငါရှင်းရှင်းလင်းလင်း ပြောလိုက်မယ်နော်။ ပန်းရောင်ကိုတော့ သေချာပေါက်ဝတ်မှာမဟုတ်ဘူး။"

စူးထောင်က ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖူးသလို သူမဝတ်စားပုံကိုလည်း ဘယ်သူကမှ ဝင်မစွက်ဖက်ဖူးချေ။ ထို့ကြောင့်ပင် ကုယီးယန်ဟာ အနည်းငယ် အံ့သြသွားသည်။

ကုယီးယန် - "ဘာလို့လဲ။ ပန်းရောင်နဲ့သာဆို ကျဲက သေချာပေါက်လှနေမှာကို။"

စူးထောင်က သူ့ကိုမျက်စောင်းထိုးလိုက်ပြီး "ဒီတော့ မင်းစီစဉ်ထားတဲ့ဝတ်စုံက ပန်းရောင်ပေါ့။"

ကုယီးယန်က သူမ၏ဆန့်ကျင်ဘက်တွင် ထိုင်လိုက်ပြီး သိချင်စိတ်ဖြင့်မေးလာ၏။ "သေချာပေါက် မဟုတ်ဘူးပေါ့။ဒါနဲ့ကျဲ ကျွန်တော်တစ်ခုလောက် စပ်စုကြည့်ချင်လို့။ ကျဲက ဘာလို့ပန်းရောင်ကို ငြင်းတာလဲဟင်။"

"ဒီအတိုင်း ပုဂ္ဂိုလ်ရေးအရ မကြိုက်တာ။" စူးထောင်ရဲ့စကားတွေက တုံးတိတိနှင့် ဆက်မဆွေးနွေးချင်သလိုပင်။

ကုယီးယန်က နှုတ်ခမ်းစူထော်သွားပေမယ့် သူမကို ထိုကိစ္စနှင့်ပက်သက်ပြီး မမေးလာတော့ချေ။

သူ့ဖုန်းကို ခဏလောက် ပွတ်နေပြီးနောက် ထုန်မင်ရွှမ်းနှင့် သူ့အေးဂျင့် စွင်းရှောင်ကျယ်တို့၏ လေဆိပ်ကပုံတွေ တက်လာတာကို သူတွေ့သွားသည်။‌အဆင့်သတ်မှတ်ချက်အောက်ခြေနားမှာရှိနေပေမယ့် hot search ထဲဝင်နေတုန်းပင်။

"ကျဲ ထုန်မင်ရွှမ်းနဲ့သူ့အေးဂျင့်က သူတို့ရဲ့ဝတ်စုံကြောင့် hot search ထဲဝင်သွားပြန်ပြီ။ လူသိမများ‌သေးပေမယ့် ရတက်မအေးစရာပဲ။

ထုန်မင်ရွှမ်းက လျိုဝမ်ထောင် လက်အောက်ကနေ စူးထောင်လွှဲယူထားတဲ့ သရုပ်ဆောင်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်သည်။ သူက ရုပ်ရှင်၊ပြဇာတ်မေဂျာနဲ့ ကျောင်းပြီးထားပြီး သူ့ရုပ်ရည်က အဓိကဇာတ်ဆောင်ရုပ်မျိုးပင်။ အတိုက်အခိုက် စွမ်းရည်လည်းတော်ပြီး စူးထောင်က သူ့အပေါ်အကောင်းမြင်စိတ်ရှိ၏။

သူက ရုပ်ရှင်တစ်ကားရိုက်ပြီးကာစဖြစ်ပြီး လတ်တလောတွင် အောင်မြင်နေသူဖြစ်သည်။သို့သော် သူ့အေးဂျင်ဖြစ်သူ စွင်းရှောင်ကျယ်မှာ လျိုဝမ်ထောင်ဘက်မှ လာခဲ့သောသူဖြစ်ပြီး သူတို့နှစ်ယောက်မှာ အမြဲလိုလိုစုံတွဲကဲ့သို့ ဆင်တူဝတ်စုံဝတ်ထားကြကာ သူတို့ပုံက တက်လာလေ့ရှိသည်။

ထုန်မင်ရွှမ်းသည် လာမည့်နှစ်အနည်းငယ်အတွင်း idol drama တွင် ပါဝင်သရုပ်ဆောင်နိုင်ဖွယ်ရှိသည်။ ဒီလိုပုံစံ hot search မျိုး ခဏခဏဝင်နေတာက သူ့ပုံရိပ်ထိခိုက်စေပြီး အရှုပ်အရှင်းကို အလွယ်တကူ ဖြစ်သွားစေနိုင်သည်။

စူးထောင်က ချက်ချင်းပင် သတင်ပြန်ကြားရေးဌာနကို ဖုန်းဆက်ပြီး လူသိမများသေးသော hot search ကိုအမြန်ဖြုတ်ချပေးရန် တောင်းဆိုလိုက်၏။

ထို့နောက် စွင်းရှောင်ကျဲကို ဖုန်းခေါ်လိုက်သည်။

ခဏကြာပြီးနောက် စွင်းရှောင်ကျဲ၏ အသံက ဖုန်းကနေထွက်ပေါ်လာသည်။"ဟယ်လို ထောင်ကျစ်။"

စူးထောင်ဟာ အရင်ကသူမနှင့် တူညီသော အဆင့်အတန်းတွင်ရှိပြီး သူတို့နှစ်ဦးစလုံးမှာ အမှုဆောင်‌အေးဂျင့်များ ဖြစ်ကြ၏။ စူးထောင်က သူမ၏ခေါင်းဆောင် အဖြစ်ရာထူးတိုးသွားသော်လည်း သူမကတော့ အရင်နာမည်ခေါ်နေဆဲ။

စူးထောင်ကလည်း နာမည်အတွက် စိတ်ထဲထည့်မနေဘဲ "ရှောင်ကျယ် နင်နဲ့မင်ရွှမ်းရဲ့ဝတ်စုံတွေက ဘယ်လိုတွေဖြစ်နေတာလဲ။"

စွင်းရှောင်ကျယ်က စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် ‌လှောင်ရယ်လာ၏။"ဘယ်လိုဖြစ်နေတာလဲဟုတ်လား။ ဓာတ်ပုံအရိုက်ခံရပြန်ပြီလား။ ဒါက ပုံစံတူဒီဇိုင်းဖြစ်ရုံပဲလေ၊ ဘာလဲ အနုပညာရှင်နဲ့ ဝန်ထမ်းကြားမှာ အင်္ကျီဆင်တူမဝတ်ရဘူးလို့ တားမြစ်ထားလို့လား။"

စွင်းရှောင်ကျယ်၏ ယဉ်ကျေးမှုမရှိသည့်လေသံက စူးထောင်ကို မျက်ခုံးပင့်သွားစေသည်။ စူးထောင်က တည်ငြိမ်ပြီး အဆောတလျင်မရှိသော်လည်း အားကောင်းသည့်လေသံဖြင့် ပြောလိုက်သည်။ "ပုံမှန်ဆိုရင်တော့ ပြဿနာမရှိပေမယ့် အကြောင်းပြချက်ကတော့ နင့်မှာအရှုပ်အရှင်းတွေ ရှိပြီးသားလေ။ သံသယဖြစ်‌စေနိုင်တဲ့အရာတွေကို ဘာလို့မရှောင်ရှားတာလဲ။ သူ့ဖန်တွေ တုန်လှုပ်ခြောက်ခြားပြီး အေးဂျင့်ပြောင်းပေးဖို့ တောင်းဆိုနေတာကို ‌ စောင့်နေတာလား။"

ဖုန်းတစ်ဖက်က ခဏတာတိတ်ဆိတ်သွားပြီးနောက် လေသံခပ်ပျော့ပျော့ဖြင့် ပြောလာ၏။ "ဒါဆို ငါကုတ်အင်္ကျီတစ်ထည် ငှားပြီး နောက်မှထပ်ဝတ်လိုက်မယ်။"

"ဒါက နောက်ဆုံးအကြိမ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။"

စူးထောင်ဖုန်းချလိုက်ပြီးနောက်တွင် ကုယီးယန်က သူမအား စေ့စေ့စပ်စပ်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ကျဲ ကျွန်တော်ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုကို သတိရသွားပြီ။"ကုယီးယန်က လျို့ဝှက်ဆန်းကျယ်စွာဖြင့် "ကျဲ ကျွန်တော့်ကို တစ်နှစ်ကြာတောင်စီမံလာခဲ့တာ ကျွန်တော်တို့တစ်ကြိမ်လေးတောင်မှ ဓာတ်ပုံအရိုက်မခံရဘူးနော်။ကျွန်တော်ကျဲကို အင်တာဗျူးချင်တယ်၊ ကျဲဘယ်လိုလုပ်လိုက်တာလဲ။"

စူးထောင်သည် သူမအကြည့်ကို ပြန်ဆုတ်လိုက်ကာ တည်ငြိမ်သောလေသံဖြင့် "မင်းမျက်နှာကို ဖုံးအုပ်ထား လမ်းသွားလမ်းလာတွေနဲ့ရောနှောပြီး fansite ခေါင်းဆောင်တွေဆီကနေ ဓာတ်ပုံတွေသွားဝယ်။"

ကုယီးယန်က ခေါင်းညိတ်ပြလိုက်သည်။ သူက စူးထောင်ကို အရမ်းသဘောကျတုန်းပဲ။ စူးထောင် သူ့မန်နေဂျာဖြစ်လာတဲ့ တစ်နှစ်ပတ်လုံး ဘယ်သူမှ သူ့မန်နေဂျာက ဘယ်လိုပုံစံမျိုးလည်းဆိုတာ မသိကြဘူး။ဒါအပြင် သူကလည်း ဘာလို့လဲဆိုပြီး ပိုပိုပြီးသိချင်လာတယ်။

"ကျဲ ဘာလို့ကျဲရဲ့ဓာတ်ပုံတွေ မပြန့်အောင်တားဆီးနေရတာလဲဟင်" ကုယီးယန်ရဲ့ မျက်လုံးတွေက စူးစမ်းလိုစိတ်အပြည့်နှင့် တဖျတ်ဖျတ်လက်နေ၏။ "ကျဲတစ်ယောက်ယောက်ဆီက ပုန်းနေတာလား။"

စူးထောင်သည် အသက်ရှုကြပ်လာပြီး သူမ၏ရှည်လျားသော မျက်တောင်များက တုန်သွားပြီး သူမအသံက တခဏတာအက်ကွဲသွားကာ ချောင်းတစ်ချက်ဟမ့်လိုက်ပြီး ပြောလာသည်။ "လျှောက်ခန့်မှန်းမနေနဲ့။"

'ဘာကြောင့်လဲဆိုတော့ သူ့မှန်းဆချက်က တိကျလွန်းလို့။'

ဒါပေမယ့် သူမ ထပ်ဖုံးကွယ်ဖို့ မလိုအပ်တော့ဘူး။

နောက်ဆုံးတော့ အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ဖို့ အင်အားနဲ့စွမ်းဆောင်ရည်ရှိနေပြီ။

------

ညနေ၅နာရီလောက်တွင် ပျင်းရိကာ အစောကြီးရှိနေကြောင်း ညည်းညူနေသော ကုယီးယန်တစ်ယောက် နောက်ဆုံးတွင် လုပ်စရာ ပေါ်လာတော့သည်။

စူးထောင်အတွက် မှာထားတဲ့ဝတ်စုံက ရောက်လာနေပြီ။ဝတ်စုံမှာ ငွေရောင်ငါးမြီးပုံစံဖြစ်ပြီး ကျောက်တွေစီထားတဲ့ပုံရကာ အလင်းရောင်အောက်တွင် ပြိုးပြိုးပြက်ပြက် တောက်ပနေ၏။

ကျန်းချီကွမ်းက စူးထောင်အတွက် မိတ်ကပ်ပညာရှင်ကို သေသေချာချာ စီစဥ်ထားသည့်အတွက်ကြောင့် စူးထောင်မှာ ရွေးချယ်စရာမရှိဘဲ အနုပညာရှင်များအတွက် ကုမ္ပဏီမှပြင်ဆင်ပေးထားသော အဝတ်လဲခန်းဆီကိုသာ သွားရတော့သည်။

ဝတ်စုံသည် သူမနှင့်လိုက်ဖက်ညီပြီး ကောက်ကြောင်းကို အပြည့်အဝပြသထား၏။

ကံကောင်းထောက်မစွာပင် သူမသည် သူမ၏ခန္ဓာကိုယ်ကို သေချာဂရုစိုက်ထားသဖြင့် ဆွဲဆောင်မှုရှိသော ကောက်ကြောင်းရှိနေသည်။

အများအားဖြင့် သူမက အလုပ်သွားသည့်အခါတိုင်း ပေါ့ပေါ့ပါးပါးပင် ၀တ်ဆင်လေ့ရှိ၏။ ၀တ်စားဆင်ယင်ပုံပြောင်းလိုက်သည်နှင့် လူတိုင်းက အံ့အားသင့်သွားကြပြီး သူမရဲ့အသွင်အပြင်က နာမည်ကြီးသရုပ်ဆောင်များအောက် မလျော့ပေ။

စူးထောင်၏ ဆံရှည်များကို နှစ်ဖက်နှစ်ချက် ကလစ်ခပ်ကြီးကြီးဖြင့် ညှပ်တင်‌ထားသဖြင့် သူမ၏လည်တိုင်သွယ်သွယ်လေးက ပေါ်လွင်နေသည်။

လက်ဝတ်လက်စားရွေးသည့်အခါတွင်လည်း သူမသဘောထားက ပေါ့ပေါ့ပါးပါးပင်။ စိန်လက်ကောက်မဟုတ်သရွေ့ ကျန်တာအဆင်ပြေ၏။

"ကျွန်မတို့ရဲ့ ဥက္ကဌကျန်းက တကယ်ကံကောင်းနေလို့သာ ရှင့်ကို ဖိတ်လိုက်နိုင်တာ။" စူးထောင်က မိတ်ကပ်ပညာရှင် ကျားကျားကိုပြုံးပြလိုက်ပြီး သူမက တော်တော် အရည်အချင်းရှိတယ်လို့ ခံစားလိုက်ရ၏။

ကျားကျားက ဒီလောကမှာ တကယ်နာမည်ကြီးပြီး သူမက ထိပ်တန်းအနုပညာရှင်များကိုသာ သီးသန့် လိမ်းပေးရသော သူပင်။

စူးထောင်ကို မိတ်ကပ် လိမ်းပေးဖို့ပြင်နေတဲ့ ကျားကျားက "ရွှေတံဆိပ်အဆင့် အေးဂျင့်ကို မိတ်ကပ်လိမ်းပေးရဖို့ဆိုတာ အရည်အချင်းပြည့်မီတဲ့သူတိုင်းတောင် မလုပ်နိုင်ဘူး။ ဒါနဲ့ ထောင်ကျစ် အသားအရည်ကကောင်းလိုက်တာ။ ခပ်ထူထူလိမ်းပေးစရာတောင် မလိုတော့ဘူး။"

"မိတ်ကပ်ထူထူတော့ မလိမ်းပေးပါနဲ့နော်။"

စူးထောင်က မန်နေဂျာများသည် အနုပညာရှင်များရဲ့နောက်ကွယ်မှာသာ ပုန်းနေသင့်သည်လို့ ခံစားလိုက်ရ၏။ သူမသည် အနာဂတ်တွင် အလုပ်လုပ်သည့်အခါ အရင်းအမြစ်များအတွက် ညှိနှိုင်းရလွယ်ကူစေမည့် ရှယ်ယာရှင်တစ်ဦး၏ ပုံရိပ်ကြောင့်သာ မဟုတ်ပါက ကျန်းချီကွမ်း သူမအတွက် ကျင်းပပေးတဲ့ ကော့တေးပါတီပွဲကို သူမလက်ခံလိုက်မည်မဟုတ်ချေ။

"စိတ်ချပါ။ မင်းမိတ်ကပ်ထူထူကြီး ပြင်စရာမလိုပါဘူး။"

"သူဌေး" လေ့ရွှမ်းက ကော့တေးပါတီတက်မယ့်လူစာရင်းကို ကိုင်ထားရင်းဝင်လာခဲ့သည်။ သူက အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ကာ စိတ်‌ရှုပ်ထွေးသည့်ပုံစံဖြင့် ပြောလာ၏။"အာ ကျွန်တော့်သူဌေး ဘယ်ရောက်သွားပြီလဲ။"

နှုတ်ခမ်းနီဆိုးနေသည့် စူးထောင်က မျက်လုံးဖွင့်ကာ လေ့ရွှမ်းကိုမော့ကြည့်လိုက်၏။ ဒီမှာလူအကောင်လိုက်ကြီး ထိုင်နေတာကို သူမမြင်ဘူးလား။

ကျားကျားက ရယ်လိုက်ရင်း" မင်းရဲ့သူဌေးက ဒီမှာငါနဲ့ရှိနေတယ်လေ။"

အဲဒီတော့မှ လေ့ရွှမ်းက သတိပြုမိသွားတော့သည်။သူက တခြားအနုပညာရှင်တွေလို့ ထင်နေခဲ့တာ။ ကြည့်လိုက်တော့မှ စူးထောင်ဖြစ်နေတယ်။

"သူ-သူဌေး?" လေ့ရွှမ်းက စူးထောင်ကိုနှစ်ကြိမ်လောက်လှည့်ပတ်နေလို့ သူမပင်မူးနေပြီ။"ဘုရားရေ သူဌေး ပွဲဦးထွက်သင့်တယ်။ သူဌေးသာ ကောင်းကောင်းလုပ်လိုက်ရင် သေချာပေါက် နာမည်ကြီးလာမှာ။"

စူးထောင်သည် လေ့ရွှမ်းကို ဘေးတိုက်တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းနီဆိုးပြီးသွားသည့်အတွက် သူမစကားပြောလောတော့သည်။"အလုပ်အကြောင်းပဲ ပြောကြရအောင်။"

"အာ ဒီမှာ တက်ရောက်သူတွေရဲ့စာရင်း။ ကျန်းချန်မှာရှိတဲ့ ရုပ်ရှင်နဲ့TVဖျော်ဖြေရေးကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်နဲ့ သူဌေးတွေကတော့ သေချာပေါက်တက်ရောက်ကြမှာပါ။ ပြီး‌တော့ ပေ့ချန်မှာရှိတဲ့ ဟုန်ယွင်၊ချန်ဖေ့၊ခန်းပို၊ ယွမ့်ခိုင်ရယ်။ ယိချန်မှာရှိတဲ့ ရှင်းကျွယ်၊ရွေ့ချီ၊‌ရွှမ်းလန်၊ဖေးချန်......"

လေ့ရွှမ်းသည် ကော့တေးပါတီသို့ တက်ရောက်သည့် ကုမ္ပဏီအသီးသီး၏ အမည်များကို ဆက်လက်ဖတ်ရှုနေသော်လည်း စူးထောင်က "ရွေ့ချီ"ဟူသော အသံကြားရသည့်အပိုင်းမှစ၍ အာရုံပြောင်းသွားနှင့်ပြီပင်။

သူမက တဖြည်းဖြည်းနှင့် စိတ်ကိုပြန်ထိန်းချုပ်လိုက်ပြီး အတိတ်ကလူများနှင့် အခမ်းအနား ပွဲများကြောင့် သူမဘယ်လိုတောင် ပြန်တုန်လှုပ်နေတာလဲဆိုပြီး ခေါင်းကိုရမ်းလိုက်၏။

-----

ကျင့်ယန် Entertainment မှ ကျင်းပသည့် ပါတီပွဲသည် အမှန်တကယ်တော့ အသိုင်းအဝိုင်းတွေ စုပြီးတွေ့ဆုံတဲ့ပွဲတစ်ခုနှင့်ပင် ပိုတူသည်။

ကုမ္ပဏီအများစုက အဆက်အသွယ်တွေလုပ်ရန်၊ နှစ်ဦးနှစ်ဖက်အောင်မြင်စေမည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ရန်၊အရင်းအမြစ်များ ဖလှယ်ရန် ရောက်လာကြ၏။

ထို့အပြင် ကျင့်ယန် Entertainmentမှ အနုပညာရှင်များလည်း တက်ရောက်လာကြကာ သတင်းထောက်များကလည်း ပါတီပွဲသို့ စုပြုံရောက်ရှိလာသဖြင့် ကော့တေးပါတီပွဲမှာ ပို၍ပင် စည်ကားသိုက်မြိုက်နေသည်။

ပါတီပွဲတွင်းရှိ အချင်းချင်းနှုတ်ဆက်နေကြသူများနှင့် တိတ်တဆိတ် ငြိမ်သက်နေသူများ အားလုံးတို့သည် တံခါးဝတွင်ရပ်နေသော အရပ်မြင့်မြင့်နှင့် ခန့်ညားသည့်လူကြောင့် ရုတ်တရက်အံအားသင့်သွားကြ၏။

သူ၏ ချောမောသောအသွင်အပြင်နှင့် မြင့်မြတ်သော စိတ်ထားကြောင့်သာမက တစ်နှစ်အတွင်း ဖျော်ဖြေရေးရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကုမ္ပဏီပေါင်း တစ်ဒါဇင်ကျော်ကိုဝယ်ယူခဲ့သော ထျန်ကျင် Group၏ ဥက္ကဋ္ဌရှဲ့ကျင် အဖြစ်လူအများက အသိအမှတ်ပြုထားသည့်အတွက်ကြောင့်ပင်။

စိတ်ကြိုက်မှာထားသည့် ဝတ်စုံ၊ နာရီ၊ သူ့ခြေဖဝါးကနေ ဖိနပ်ခြေချောင်းအထိ အကုန်လုံးက တန်ဖိုးကြီးပြီးမြင့်မြတ်သည့် အသွင်အပြင် အပြည့်ပင်။

ထို့အပြင် သူကသဘာဝအတိုင်း တမူထူးခြားသည့်ရုပ်ရည်၊ချောမွတ်တဲ့အသားအရေ၊ နီညိုရောင်နှုတ်ခမ်းကို ပိုင်ဆိုင်ထား၏။ မျက်တောင်ရှည်ရှည်များအောက်တွင်ရှိသော မျက်ဝန်းနက်နက်များမှာ သားကောင်ကိုရှာဖွေနေသော မုဆိုးပမာ ‌စူးရှတောက်ပနေ၏။

အရိုင်းဆန်သည့် ခန့်ညားမှုမျိုးပင်။

ဖျော်ဖြေရေး ကုမ္ပဏီငယ်များ၏ သူဌေးအများစုသည် လူကိုယ်တိုင်တက်ရောက်လာကြပြီး ရှဲ့ကျင်ကိုမြင်‌သွားသောအခါ အားလုံးမှာ သူတို့ကုမ္ပဏီက သူဝယ်ယူမည့်နောက်ထပ်ပစ်မှတ် ဖြစ်လာမည်ကိုကြောက်ကြသဖြင့် သူ့အကြည့်ကို ရှောင်လွှဲနေကြသည်။

ရွေ့ချီသည် တစ်နှစ်အတွင်း အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ရွေ့ချီ Video၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် သူတို့မြို့ကို အဆက်မပြတ်တိုးချဲ့လာ၏။

သူတို့ရဲ့ကုမ္ပဏီငယ်များက ရွေ့ချီအတွက်တော့ နွားခြေရာခွက်ထဲက ဖားသူငယ်လေးသာသာပင်။

အကြောက်တရားများကြားမှ လူတိုင်းလိုလို အံ့အားသင့်နေကြသည်။

ဖျော်ဖြေရေးကုမ္ပဏီတစ်ခု၏ ကော့တေးပါတီအတွက် ရွေ့ချီ၏ သူဌေးဝူရှဲ့ယွီက မလာခဲ့ဘဲ ထျန်းကျင် group ၏ ဥက္ကဌရှဲ့ကျင်က ကိုယ်တိုင်ကိုယ်ကျ တက်ရောက်လာသည်။

"ဒါက မင်းတို့တွေမသိလို့ပါ။ ဒီလိုဖျော်ဖြေရေးကုမ္ပဏီက ပွဲတွေလုပ်တိုင်း အဲဒီလူကအမြဲပေါ်လာမှာ" အတွင်းလူတစ်ယောက်က ထုတ်ပြောလိုက်၏။

"ဘာလို့လဲ ထျန်းကျင်က ရွေ့ချီကို ဘယ်လောက်ပဲ တန်ဖိုးထားပါစေ။ ဒီလိုလုပ်ငန်းစုကြီးရဲ့ဥက္ကဌ တစ်ယောက်အနေနဲ့တော့ တွေ့ဆုံပွဲတိုင်းကိုတော့ ကိုယ်တိုင်ကိုယ်ကျတက်စရာ မလိုဘူးမလား။"

"အဲဒါတော့ ငါလည်းမသိဘူးလေ။"

မိတ်ဆုံစားပွဲများတွင် မကြာခဏ ရှဲ့ကျင်တက်ရောက်နေခြင်းက လူတိုင်းအတွက် အမြဲလိုလိုဆွေးနွေးစရာအကြောင်းအရာ တစ်ခုဖြစ်လာသည်။

သို့သော် သူတို့ရဲ့ဆွေးနွေးခံ အကြောင်းအရာကတော့ လူတိုင်း၏ အဝေးတွင် အထီးကျန်စွာရပ်နေကာ တက်ရောက်လာသူများကို တိတ်တဆိတ်စောင့်ကြည့်နေ၏။

စူးထောင်က ဖျော်ဖြေရေးလောကထဲ ဝင်လုပ်ချင်ခဲ့မှန်း သူသိသော်လည်း သူမအကြောင်းနဲ့ ပက်သက်သည့် သတင်းအချက်အလက်များကို သူတစ်ခါမှမရခဲ့ချေ။

ကျင်းပသမျှပါတီပွဲတိုင်းကို တက်ရောက်ရန်သာရွေးချယ်နိုင်တော့ပြီး သူမ၏အရိပ်ကိုတတ်နိုင်သလောက် ရှာဖွေနေမိသည်။

အကြိမ်တိုင်း မျှော်လင့်တကြီးနှင့်လာခဲ့သော်လည်း စိတ်ပျက်လက်ပျက်နှင့်သာ ပြန်ထွက်ခွာခဲ့ရ၏။

ကျင့်သားရနေပြီဖြစ်သည့်အတွက် သူ့စိတ်ကိုခပ်အေးအေဖြစ်ရန် လုပ်နေသည်။

သို့သော် ပုခုံးပေါ်ကျနေသည့်ဆံပင်ခပ်ရှည်ရှည်၊ပန်းရောင်ဂါဝန် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသောအခါ အသက်ရှုမဝဖြစ်သွားပြီး နှလုံးခုန်နှုန်းရပ်သွားလုမတတ်ပင်။

သူမဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားကာ အနည်းငယ် တုန်ရီနေသော သူ့လက်ချောင်းရှည်ကြီးများဖြင့် သူမပုခုံးကိုပုတ်လိုက်၏။

ထိုအမျိုးသမီးက လှည့်ကြည့်လာရာ မရင်းနှီးသောမျက်နှာက သူ့အပေါ်ကို ရေခဲရေတစ်ပုံးလောင်းချလိုက်သလိုပင်။

ရှဲ့ကျင်က ဖြည်းဖြည်းချင်း အသက်ရှုထုတ်လိုက်ကာ တခဏလောက် ရယ်မောလိုက်ပြီး မိုက်မဲမှုကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ကျိန်ဆဲတော့သည်။

သူ့ရဲ့ရှောင်ထောင်လေးက ပန်းရောင်အဝတ်အစား ဘယ်လိုလုပ်ပြီး ဝတ်နိုင်မှာလဲ။

All Chapters