အခန်း (၁၈)
Vol. 2 Ch. 18
ပန်းရောင်ဂါဝန် ဝတ်ဆင်ထားသည့် လျိုဝမ်ထောင်မှာ သူမရှေ့တွင်ရှိနေသော ထိုလူကြောင့် အံ့ဩတကြီးဖြစ်သွားကာ စကားတစ်ခွန်းမျှပင် ထွက်မလာတော့ချေ။ ကြက်သေသေလျက်ပင် သူ့ကိုငေးကြည့်နေမိ၏။
နယ်ပယ်အတွင်းရှိ သူမ၏လုပ်ဖော်ကိုင်ဖက်များနှင့် ရှဲ့ကျင်းအကြောင်း ဆွေးနွေးပြီးသွားရုံသာရှိသေးသည်။ ရှဲ့ကျင်က အမှန်တကယ်ကို ထူးခြားလွန်းပြီး ငယ်ငယ်ရွယ်ရွယ်နှင့် လုပ်ရည်ကိုင်ရည်ရှိကာ သူဌေးကြီးတစ်ဦးဖြစ်နေနှင့်ပြီ။ ထိုအရာများသာမက ရုပ်ရည်ကလည်း ထိပ်တန်းပင်။
သူ့ရဲ့အဆင့်အတန်းမြင့်မားသည့် အရှိန်အဝါက သူ့ပေါင်ပေါ်တက်ချင်နေတဲ့သူတွေကို ချဉ်းကပ်ဖို့မဝံ့မရဲဖြစ်စေ၏။ သူ့ကိုတိတ်တိတ်လေး သဘောကျနေကြတဲ့ လူတချို့တောင် သူ့ဆီကနေ အကြည့်တစ်ချက်တောင် မရနိုင်ဘူးဆိုတာ ခံစားမိတဲ့အတွက် ဘယ်သူကမှ သူ့ကိုစကားစပြောဖို့ မဝံ့ရဲကြချေ။
လျိုဝမ်ထောင် တစ်ယောက် ဒီလိုပုဂ္ဂိုလ်မျိုးက သူမဆီလာချဉ်းကပ်မယ်လို့ တစ်ခါမှတောင် မတွေးဖူးပေ။
အနီးကပ်မြင်လိုက်ရတော့ သူကပိုပြီးတော့တောင်ချောမောနေပုံရသည်။ သူမရဲ့ပါးစပ်ကို အံ့ဩတကြီးပိတ်လိုက်ရင်း ဘယ်လို တုံ့ပြန်ပေးရမလဲဆိုတာကိုပင် သတိမေ့နေ၏။
နောက်ဆုံးတွင် ရှဲ့ကျင်၏ မျက်လုံးများက အားလျော့သွားပြီး ထွက်သွားခါနီးတွင် လျိုဝမ်ထောင်က အလျင်အမြန်ပြောလာသည်။"မင်္ဂလာပါ ဥက္ကဌရှဲ့။ကျွန်မနာမည်က လျိုဝမ်ထောင်ပါ။ ကျွန်မကို ထောင်ထောင်လို့ ခေါ်လို့ရပါတယ်။"
သူမအား တခြားတစ်ယောက်နှင့်အထင်မှားမြင်မိ၍ ထွက်ခွာရန် ရည်ရွယ်နေသော ရှဲ့ကျင်က "ထောင်ထောင်"လို့ကြားလိုက်တာနဲ့ သူ့ခြေလှမ်းတွေကိုရပ်လိုက်၏။
မျက်မှောင်ကြုတ်ရင်းလှည့်လာကာ အသံခပ်နိမ့်နိမ့်ဖြင့် မေးလာသည်။ " နာမည် ဘယ်လိုခေါ်တာလဲ။"
"လျိုဝမ်ထောင်၊ ထောင်ထောင်ပါ။"
ရှဲ့ကျင်သည် မျက်လုံးများကို မှေးစင်းလိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူ့ရှေ့သို့ ဆွဲလိုက်၏။
ဒုတိယထပ်တွင်ကျင်းပနေသော ပါတီပွဲရှိလူတိုင်းသည် ယခုကဲ့သို့ရှားပါးသည့် မြင်ကွင်းကြောင့် စွဲဆောင်ခံလိုက်ရသည်။ သူစိမ်းဆို ဝေါင်ဝေါင်ရှေးဝေးဝေးရှောင်သည့် ရှဲ့ကျင်က မိန်းမတစ်ယောက်ကို စိတ်ဝင်စားလာမည်ဟု သူတို့မမျှော်လင့်ထားကြပေ။
သို့သော် လျိုဝမ်ထောင်တစ်ဦးတည်းကသာ ရှဲ့ကျင်၏ နက်မှောင်နေသော မျက်လုံးများထဲတွင် ဒေါသမီးများတောက်လောင်နေသည်ကို တွေ့ရ၏။ သဘာဝအတိုင်းနီနွေးနေသော နှုတ်ခမ်းများက ပွင့်ဟလာပြီး အုံးမှိုင်းနေသည့်လေသံဖြင့် " ဘယ်သူက မင်းကို ထောင်ထောင်လို့ ခေါ်ခွင့်ပေးလိုက်တာလဲ။"
လျိုဝမ်ထောင်သည် သူ၏နတ်ဆိုးဆန်သောအသွင်အပြင်ကြောင့် ကြောက်ရွံ့တုန်လှုပ်ကာ ဒူးများကွေးညွတ်သွားမတတ်ပင်။ တကယ်လို့သူ့မှာသာ ဓားတစ်ယောက်ရှိနေရင် သူမဗိုက်ဓားထိုးခံရနိုင်တယ်လို့ ခံစားလိုက်ရသည်။
သူက နောက်အခိုက်အတန့်မှာ သူမကိုကြမ်းပြင်ပေါ် တွန်းချနိုင်တယ်လို့တောင် တွေးနေမိပြီ။
တခြားသူများလည်း တစ်ခုခုလွဲချော်နေသည်ကို ခံစားမိလိုက်၏။
နှုတ်ဆက်တာကနေ ဘယ်လိုလုပ် ရန်ဖြစ်သွားတဲ့ဘက်ကို ပြောင်းလဲသွားမှန်း သူတို့နားမလည်တော့ချေ။
လူတော်တော်များများက ရှဲ့ကျင် ဒေါသထွက်တာကို ပထမဆုံးအကြိမ်မြင်ဖူးကြလို့ တံတွေးမျိုချရင်း ထိတ်လန့်သွားကြသည်။ ထိုအခိုက်အတန့်တွင် ဘယ်သူကမှ ဘာဖြစ်သွားတာလဲဆိုပြီး သွားမမေးရဲကြပေ။
ထိုအချိန်တွင် တတိယထပ်ရှိ ခရုပတ်လှေကားမှ စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။
ကြိုတင်စီစဉ်ထားသလိုမျိုး မီးမောင်းက ပြိုးပြိုးပြက်ပြက်လက်နေသော ငွေရောင်ငါးမြီးဂါဝန်နှင့် စူးထောင်၏ အလှကို ထိုးပြလာသည်။ စူးထောင်၏ တုနှိုင်းမဲ့အလှက လူတိုင်း၏အာရုံကို အောင်မြင်စွာ ဆွဲဆောင်သွားနိုင်၏။
စူးထောင်သည် အလင်းရောင်စူးစူးကို သည်းခံလိုက်ပြီး သူမနံဘေးတွင်ရှိနေသော ကျန်းချီကွမ်းကို ခပ်တိုးတိုးလေးပြောလိုက်သည်။"စီနီယာအစ်ကိုကျန်း ဒါက နည်းနည်း overဖြစ်မနေဘူးလား။"
ကျန်းချီကွမ်းက အပြုံးမျက်နှာဆင်မြန်းရင်းနှင့်ပင် နှစ်ကိုယ်ကြားနိုင်သော လေသံနှင့်ပြန်ပြောလာ၏။"မဖြစ်ပါဘူး။ မင်းက ဒီနေ့ရဲ့အဓိက ဇာတ်ကောင်ပဲလေ။"
ရှဲ့ကျင်က အပေါ်ထပ်မှ တောက်ပနေသည့်အမျိုးသမီးဆီသို့ အကြည့်ရောက်သွားသည်။
လျိုဝမ်ထောင်၏ လက်ကောက်ဝတ်ကို တဖြည်းဖြည်းလွှတ်ချလိုက်ပြီး မယုံကြည်နိုင်စွာဖြင့် စူးထောင်ကိုကြည့်နေ၏။
ရုတ်တရက်ကြီး မျက်လုံးကို ခပ်တင်းတင်းပိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်ကာ ထပ်ကာထပ်ကာ ဖွင့်လိုက်၊ပိတ်လိုက်လုပ်နေသည်။ ထိုဖြစ်စဉ်ကို အချိန်အတော်ကြာလုပ်ပြီးနောက်တွင် သူ့မျက်လုံးကို မဖွင့်လိုက်ရဲသလိုမျိုး ခပ်နှေးနှေးဖွင့်လာသည်။
သူ့အိပ်မက်ထဲတွင်သာ တွေ့မြင်နေကြ ထိုအမျိုးသမီးလေးက ပျောက်ကွယ်သွားခြင်း မရှိပေ။ သူက ထင်ယောင်ထင်မှား မြင်နေရခြင်းမဟုတ်ချေ။
သူမရှိနေသည့်နေရာကို တည့်တည့်စိုက်ကြည့်ကာ မင်သက်သက်ငေးမောနေရင်း သူ့မျက်လုံးများက အနီရောင်သန်းလာသည်။
ခန်းမရှေ့တွင် မိုက်ခရိုဖုန်း ချိန်ညှိသံများက လူတိုင်းကို စင်မြင့်ဆီသို့ အာရုံရောက်လာစေ၏။
ပွဲစီစဉ်သူက မီဒီယာမိတ်ဆွေ၊ဧည့်ပရိတ်သတ်များကို ခန်းမထဲသို့ဖိတ်ခေါ်ရင်း ကျယ်လောင်စွာဖြင့် ကြေငြာလိုက်သည်။" လူတိုင်းကို အကြာကြီးစောင့်ဆိုင်းစေမိပြီ။ ဒီနှစ်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့ရဲ့ ကျင့်ယန်ကုမ္ပဏီဟာ လူမသိသူမသိ ကုမ္ပဏီကနေ အခုလိုထိတိုးတက်လာခဲ့ပါတယ်။ လောလောဆယ် အနုပညာရှင်စုပေါင်း၃၄ယောက်၊ကျွမ်းကျင်အဆင့် အေးဂျင့် အယောက်၂၀ကျော် အပြင် ကုမ္ပဏီဝန်ထမ်း ၁၀၀ကျော်တို့နဲ့အတူ......"
ကျင့်ယန်ဖျော်ဖြေရေးကုမ္ပဏီရဲ့ အခြေခံအချက်အလက်တွေကို မိတ်ဆက်ပေးပြီးနောက်တွင် အရေးကြီးသည့်အပိုင်းကို ရောက်လာသည်။" အခုကတော့ ကျင့်ယန်ဖျော်ဖြေရေးကုမ္ပဏီ၏ ဥက္ကဌကျန်းချီကွမ်းအား စင်မြင့်ပေါ်သို့ တက်ရောက်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။"
ကျန်းချီကွမ်းနှင့်စူးထောင်တို့က လက်ချင်းတွဲလျက် အောက်ထပ်ကို တဖြည်းဖြည်းဆင်းလာ၏။
ကျန်းချီကွမ်း၏ ခမ်းနားသော မိတ်ဆက်မှုအောက်တွင် စူးထောင်က လူအများ၏အာရုံစူးစိုက်မှု ဖြစ်လာသည်။
လူအုပ်ကြီးက ဒီမိန်းမလှလေးဟာ ကျင့်ယန်ရဲ့အသစ်လက်မှတ်ထိုးထားတဲ့ သရုပ်ဆောင်မဟုတ်ဘဲ ကျင့်ယန်၏ အဓိကရှယ်ယာရှင် ၃ယောက်ထဲမှ အငယ်ဆုံးရှယ်ယာရှင်ဖြစ်နေမှန်း သဘောပေါက်သွားတော့သည်။
စူးထောင်က စင်ပေါ်တက်သွားပြီးနောက် အလင်းတန်းတွေက သူမကိုမီးမောင်းထိုးပြလာ၏။သူမဟာ တည်ငြိမ်ရင့်ကျက်သော အသွင်အပြင်နှင့် ဘုရင်မတစ်ပါးကဲ့သို့ ယုံကြည်မှုကိုပြသနေသည်။
"ကျွန်မကို အခွင့်အရေးပေးလို့ ဥက္ကဌကျန်းကို တကယ်ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ နယ်ပယ်အတွင်းက စီနီယာတွေဆီကနေ အများကြီး သင်ယူပြီးတော့ ကြိုးကြိုးစားစား လုပ်သွားပါ့မယ်။ ကျွန်မတို့ရဲ့ အနုပညာရှင်တွေကိုလည်း ကောင်းကောင်းစီမံသွားပြီးတော့ ကုမ္ပဏီအတွက် ဝင်ငွေတွေကို ယူဆောင်လာပေးပါ့မယ်။အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။"
လှပချောမောတဲ့ ဒီအေးဂျင့်လေးကို လူတိုင်းက လှိုက်လှိုက်လှဲလှဲ လက်ခုပ်တီးပေးလာ၏။ သူမက ကုယီးယန်၏ အေးဂျင့်ဖြစ်ကြောင်း သိသွားပြီးနောက် အကြည့်များက ပို၍ပင် စူးရှလာတော့သည်။
တစ်နှစ်အတွင်းမှာ ကုယီးယန်က နောက်ခံအင်အားနဲ့အဆက်အသွယ်တွေမရှိဘဲ A listအဖြစ်ကို မြင့်တက်လာ၏။ ရုံတင်ပြသပြီးတာနဲ့ ချက်ချင်းပင် ကြီးမားသည့်ဂယက်ဖြစ်လာမှုက ဒီနယ်ပယ်တွင် အောင်မြင်မှုတစ်ခုဟု မှတ်ယူထားကြသည်။
စင်ပေါ်မှဆင်းပြီးနောက်တွင် စူးထောင်သည် လူသိပ်မရှိသော နေရာတစ်ခုတွင်ထိုင်ပြီး ခဏတာအနားယူချင်ခဲ့၏။ ဒီဒေါက်ဖိနပ်က မြင့်လွန်းသည့်အတွက် မတ်တပ်ရပ်သည့်အခါ ခြေချင်းဝတ်များပင် နာလာသည်။
သို့သော် သူမစင်အောက်သို့ ဆင်းလာသည်နှင့်တပြိုင်နက် လူအုပ်ကြီးက သူမဘေးပတ်ပတ်လည်တွင် ဝန်းရံလာကြသည်။ စွမ်းဆောင်ရည်မြင့်မားသည့် ငယ်ရွယ်သော အမျိုးသားများက သူမနှင့်စကားပြောချင်နေကြ၏။ စကားစမြည် အနည်းငယ်ပြောကြပြီးနောက် ဖုန်းကိုယ်စီထုတ်လာကာ WeChat တွင်အပြန်အလှန် သူငယ်ချင်းလုပ်ကြသည်။
သူတို့အားလုံးက ဒီနယ်ပယ်တွင်းက လူတွေဖြစ်ကြတာမို့ သူတို့ရည်ရွယ်ချက်က ဘယ်လိုပင်ဖြစ်နေပါစေ စူးထောင်ကတော့ သူမရဲ့လူမှုအသိုင်းအဝိုင်းကို ချဲ့ထွင်ချင်တဲ့အတွက်ကြောင့် သူတို့ကိုမငြင်းဆန်လိုက်ပေ။
ရုတ်တရက် လူအုပ်ကြီးနောက်မှ အုံ့မှိုင်းနေသည့်အသံခပ်အက်အက်က ထွက်ပေါ်လာ၏။"လမ်းဖယ်"
ထိုအသံက သိပ်မကျယ်သော်လည်း လူတိုင်းကြားလိုက်ရသည်။
ဒေါသအပြည့်နှင့် မေးခွန်းမမည်သောလေသံကြောင့် လူတိုင်းကမသိစိတ်အရ နာခံလာကြကာ လမ်းဖယ်ပေးလာတော့သည်။
ရှဲ့ကျင်၏ အရပ်မြင့်မြင့်ပုံရိပ်က အများမြင်ကွင်းတွင် ပေါ်လာပြီး သူ့မျက်လုံးများက စူးထောင်ကိုစိုက်ကြည့်နေ၏။
သူ့ရဲ့မျက်လုံးများက နီရဲနေကာ နှုတ်ခမ်းမှာတဆတ်ဆတ်တုန်ရီနေရင်း ထိုအခိုက်အတန့်တွင် သူ့မှာစကားတစ်ခွန်းမျှပင် ပြောမထွက်လာချေ။
စူးထောင်က ရေကဲ့သို့တည်ငြိမ်နေသည့်အကြည့်များဖြင့် ပြန်ကြည့်လိုက်သည်။ ရုတ်တရက် သူမကနှစ်နှစ်ခြိုက်ခြိုက် ပြုံးလာကာ ရှေ့ကိုလျှောက်လာရင်း လက်ဖြူသွယ်သွယ်လေးကို ဆန့်တန်းလိုက်၏။"တွေ့ရတာဝမ်းသာပါတယ် ဥက္ကဌရှဲ့။ မတွေ့တာကြာပြီနော်။"
သူမသည် ယခုအခြေအနေကို စတင်ဖြိုခွဲလိုက်ရာ သူတို့နှစ်ယောက်ကြားဆက်ဆံရေးက လူအုပ်ကြီးကို မရှင်းမလင်းဖြစ်သွားစေသည်။
ရှဲ့ကျင်က သူမလက်ကိုချက်ချင်းဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးတွင် လက်တွေ့ဘဝကို ပြန်ရောက်လာ၏။လည်ချောင်းထဲမှ အသံကိုညှစ်ထုတ်လာပြီး "ရှောင်ထောင်လေး"
အံ့အားသင့်နေသော အကြည့်များအောက်တွင် စူးထောင်၏ အပြုံးက တင်းမာလာကာ သူ့အနားသို့ကပ်လာရင်း လေသံတိုးတိုးဖြင့် "ကျွန်မ နောက်လိုက်ခဲ့။"
ရှဲ့ကျင်က သူမကိုငေးကြည့်နေရင်း သူမခေါ်ဆောင်သွားရာ လူသိပ်မရှိသော ရှန်ပိန်ထားရာနေရာသို့ လိုက်ပါလာခဲ့သည်။
"လက်ကိုလွှတ်" စူးထောင်ရဲ့အမူအရာက အေးစက်သွား၏။ လူမြင်ကွင်းမှာ သူမဆင်မခြင်လုပ်မယ်မှန်းသာ သူမ သိခဲ့ရင် သူ့ကိုအစပြုပြီးနှုတ်ဆက်မနေပေ။
ရှဲ့ကျင်က ပို၍ပင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး လက်ကိုလွှတ်ရန် လုံးဝငြင်းဆန်နေ၏။ လေသံခပ်အက်အက်ဖြင့် ဒီနှစ်အတွင်းနေ့တိုင်းမေးချင်နေသည့် မေးခွန်းကို မေးလာသည်။ "မင်းဘာလို့ စကားတစ်ခွန်းမှတောင် မပြောဘဲ ထွက်သွားတာလဲ။ မင်းကိုယ့်ကို ဘာလို့ထားခဲ့တာလဲ။"
စူးထောင်က ရှဲ့ကျင်ရဲ့မျက်လုံးကို တည့်တည့်စိုက်ကြည့်လာရင်း ခြောက်ကပ်ကပ်ရယ်မောလိုက်၏။ "ကျွန်မ ရှင့်ကို အရင်ကတည်းက တော်တော်လေးကို ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီးသားလို့ ထင်ခဲ့တာ။ကျွန်မနဲ့ရှင် အရင်ကတည်းက လမ်းခွဲထားပြီးပြီ။"
" ဒီတစ်နှစ်အတွင်း မင်းဘယ်တွေသွားနေတာလဲ။ ကိုယ်ဘာလို့ မင်းကိုရှာလို့မတွေ့တာလဲ။"
စူးထောင်၏မျက်နှာက သွေးအေးလုနီးပါး ငြိမ်သက်နေကာ "ကျွန်မ ရှင်နဲ့ထပ်မပက်သက်ချင်တော့လို့။"
သို့သော် သူ့ပုံစံက သူမစကားကို ကြားပုံမရဘဲ နီရဲနေသောမျက်လုံးများဖြင့်စူးစိုက်ကြည့်နေပြီး သူမပခုံးကိုခပ်တင်းတင်းကိုင်ထားရင်း သူသာလွှတ်လိုက်လျင် သူမပျောက်ကွယ်သွားမည်ကို ကြောက်နေသကဲ့သို့ လက်ချောင်းများကိုလည်း အားထည့်ကိုင်ထားသည်။
'စူးထောင်က သူတို့ခပ်စောစော မဆုံဖြစ်လောက်သေးဘူးလို့ ထင်ထားတာ။ တကယ်လို့ဆုံဖြစ်ခဲ့ရင်တောင် အနည်းဆုံးတော့ သူကိုယ်သူဆင်ခြင်သင့်တာပေါ့။"
အခုလိုမျိုးတော့ လုံးဝမဖြစ်သင့်ပေ။
သူမ သူ့ဆီကနေမရုန်းထွက်နိုင်ပေ။ လက်ကောက်ဝတ်နှင့် ပုခုံးကလည်း စတင်နာလာ၏။
သူမအမူအရာမှာ မည်းမှောင်သွားကာ တည်တည်ငြိမ်ငြိမ်ပင် စကားပြောနေသော်လည်း အေးတိအေးစက်ဖြစ်နေသည်။" ရှဲ့ကျင် ကျွန်မက ရှင့်ပေးကမ်းမှုအပေါ်မှီခိုပြီး ရှင်ခြယ်လှယ်တာကို ခံနေဦးမယ့် မိန်းမငယ်လေး မဟုတ်တော့ဘူး။ ကျွန်မရဲ့ လွတ်လပ်ခွင့်ကို ထပ်ပြီးကတ်သတ်ချင်နေဦးမယ်ဆိုရင် ကျွန်မရဲခေါ်လိုက်မှာ။ ဒီ့ထက်ပိုပြီး ကန့်သတ်ချုပ်ခြယ်လာခဲ့ရင်တော့ ကျွန်မသေသွားနိုင်တယ်။"
ရှဲ့ကျင်က မှင်သက်သက်ဖြင့် သူမကိုကြည့်နေပြီး သူမပြောသမျှ စကားတစ်လုံးချင်းစီက ဓားတစ်ချောင်းလို သူ့ရင်ဘတ်ကို နက်နက်ရှိုင်းရှိုင်း ထိုးစိုက်နေကာ အသက်ပင်ရှုမဝတော့ချေ။
ဒီလိုနာကျင်မှုမျိုးကသာ သူ့ကိုအစစ်အမှန်နာကျင်စေသလို ခံစားရ၏။ ဒီလိုခံစားမှုမျိုးက နေ့တိုင်းသူခံစားနေရသည့်ပုံစံပင်။ နာကျင်ကိုက်ခဲမှု ပြင်းထန်လာသည့်အချိန်တိုင်း နာကျင်မှုသက်သာစေရန် သူ့လက်မောင်းကိုသာ ခပ်တင်းတင်းညှစ်ထားလိုက်သည်။
သူမပခုံးကို သူလွှတ်ပေးလိုက်ပြီး သူ့လက်မောင်းကိုသာ ခပ်တင်းတင်း ညှစ်လိုက်တော့သည်။ အသေအချာပင် နှလုံးသားအောက်ခြက နာကျင်မှုမှာ လျော့နည်းလာ၏။
တဖြည်းဖြည်းနှင့် အသိစိတ်ကပ်လာပြီးနောက် သူဖမ်းဆုပ်ထားမှုကြောင့် သူမလက်ကောက်ဝတ်နီရဲနေသည်ကို တွေ့လိုက်ရပြီး ထိုအရာက အိမ်မက်မှနိုးသွားစေသလို ချက်ချင်းပင် သူမလက်ကိုလွှတ်ပေးလိုက်သည်။
"မင်းကိုယ့်ကိုရှာမတွေ့စေချင်တာက ကိုယ်မင်းရဲ့လွတ်လပ်မှု ကန့်သတ်လိုက်မှာကို ကြောက်နေတာလား။" သူ့အသံမှာ အင်အားမဲ့ပြီး အက်ကွဲလာသည်နှင့်အမျှ သူ့မျက်လုံးထောင့်များတွင် ကြည်လင်သော မျက်ရည်များ စီးကျလာသည်။
မရေမတွက်နိုင်သည့် အကြောင်းပြချက် အမျိုးမျိုးကို သူတွေးခဲ့သော်လည်း တကယ့်အကြောင်းပြချက်က သူ့အနားကိုသူမ ပြန်မလာချင်မှန်းဖြစ်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ချေ။ "လွတ်လပ်ခွင့်ကို ကန့်သတ်"ဆိုသည့် ပြင်းထန်သော စကားမျိုးကိုတောင် သူမထုတ်ပြောလာ၏။
စူးထောင်တစ်ခုခု ပြန်မပြောလိုက်ခင်မှာပဲ မက်မွန်သီးအရသာသကြားလုံးက ရုတ်တရက်ကြီး သူမပါးစပ်ထဲသို့ ဝင်လာခဲ့သည်။
"ရှောင်ထောင်လေးက လိမ္မာပါတယ်။ ကိုယ်နဲ့အတူ အိမ်ပြန်ကြရအောင်နော်။"
မဖြစ်နိုင်မှန်း သူသိသော်လည်း သူမကိုထိန်းထားနိုင်မည်ဟု ယုံကြည်ချက်မရှိသောကြောင့် တိုးလျစွာ တောင်းပန်နေမိ၏။
စူးထောင်က အသက်ပြင်းပြင်း ရှုသွင်းလိုက်ပီး ပါးစပ်ထဲမှသကြားလုံးကို ကြမ်းပြင်ပေါ်သို့ ထွေးချလိုက်သည်။ သူမရဲ့မျက်လုံးများက ရေကဲ့သို့တည်ငြိမ်နေသေးသော်လည်း လုံးဝအေးစက်နေ၏။
"ကျွန်မ ရှင့်ကိုပြောဖို့မေ့နေတာ။ ကျွန်မ ဘယ်တုန်းကမှ မလိမ္မာခဲ့ဖူးဘူး။"
—-----
တနင်္လာနေ့ အစည်းအဝေးခန်းထဲတွင် စူးထောင်၏ အဖွဲ့မှ အလုပ်ကိစ္စကြောင့် vd callနှင့်သာ တက်ရောက်နေသော ကုယီးယန်၏ အေးဂျင့်မှလွဲ၍ ကျန်အေးဂျင့်၅ယောက်လုံးက ရှိနေသည်။
စူးထောင်က အလုပ်များကို ဆက်တိုက်စီစဉ်ပြီးနောက် အစည်းအဝေးခန်းတွင် ချက်ချင်းပင် ငိုယိုညည်းညူသံများ ထွက်ပေါ်လာသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်မတို့ platform အဆင့်သတ်မှတ်ချက်တွေကို ဝင်နိုင်မှာမဟုတ်ဘူး။"
" Sea Wave 2က ဝင်ဖို့ခက်ခဲတဲ့ variety show အမျိုးအစားပဲ။ လျန်ခယ့်တောင် မစီမံနိုင်တာကို ကျွန်မက ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ။"
"The Gun Runnerရဲ့ ထုတ်လုပ်သူက ကိုင်တွယ်ဖို့ခက်တယ်။ ကျွန်မသူနဲ့ တစ်ခါလက်တွဲဖူးပေမယ့် သူ့ကို မကိုင်တွယ်နိုင်ခဲ့ဘူး။"
စူးထောင်က သူမရှေ့မှာရှိတဲ့စားပွဲခုံပေါ်မှာ သူမလက်ကိုလိမ်ယှက်ထားရင်း တိတ်တိဆိတ်နှင့် လူတိုင်းကို ကြည့်နေ၏။ ၅မိနစ်လောက် ညည်းတွားကြပြီးတဲ့နောက်မှာ သူတို့ကရပ်သွားကြပြီး တစ်ခန်းလုံးတိတ်ဆိတ်သွားတော့သည်။
ကုယီးယန်ရဲ့အေးဂျင့်ကို ကြည့်လိုက်ရင်း စူးထောင်က မေးလာ၏။"ချီကျဲဘက်မှာရော ပြဿနာရှိသလား။"
ကုယီးယန်၏ဗင်ကားထဲတွင်ရှိနေသော ဝမ်ချီက ပြန်ပြောလာသည်။"ဘာပြဿနာမှ မရှိပါဘူး။ အခုပဲ စလုပ်တော့မယ်။ ပြဿနာတစ်ခုခုဖြစ်လာရင် အချိန်မရွေး သတင်းပို့လိုက်မယ်နော်။"
"ကောင်းပြီ ချီကျဲ ။အလုပ်ဆက်လုပ်လိုက်ပါဦး။ ဘိုင်ဘိုင့်။"
စူးထောင်က ဝမ်ချီရဲ့ vd callကိုချလိုက်ပြီး အားလုံးဆီကို အကြည့်ပို့လိုက်ကာ သူမဘေးနားမှာ အစည်းအဝေးမှတ်တမ်းယူနေသည့် ရှောင်ကျယ်အား "လူတိုင်းရဲ့ စိုးရိမ်မှုတွေကိုချရေးထားပေးပါ။ တစ်ယောက်ပြီးတစ်ယောက် ပြောကြမယ်။ ရှောင်ကျယ်ကပဲ အရင်စပြောပေးပါဦး။"
စွင်းရှောင်ကျယ်က ထုန်မင်ရွှမ်း၏ အေးဂျင့်ဖြစ်ပြီး စူးထောင်ထက် နှစ်အနည်းငယ်ကြီး၏။ စူးထောင် ဒီနယ်ပယ်ထဲ ပထမဆုံးဝင်လာချိန်တုန်းက ရှောင်ကျဲက သူမကို တစ်လကြာညွှန်ကြားပေးရသည်။
ရှောင်ကျယ်က အလွန်လှသလို အရမ်းလည်းမာနကြီး၏။ သူမစကားပြောသည့်ပုံစံက ဆရာကြီးလေသံကဲ့သို့ စူးထောင်ကို အကြီးအကဲ တစ်ယောက်လို မဆက်ဆံချေ။
"စူးထောင် နင်က ငယ်သေးတယ်။နင့်ရဲ့သီအိုရီတွေက ကောင်းပေမယ့် အလုပ်ဖြစ်မှာမဟုတ်ဘူး။ SeacWave 2က အခုတလော နာမည်ကြီးနေတဲ့ variety show ဆိုတော့ လူတိုင်းက ပါဝင်ချင်ကြတယ်မလား။ မင်ရွှမ်းရဲ့ ကျော်ကြားမှုနဲ့ဆို သူတို့ကသေချာပေါက် စဉ်းစားပေးမှာမဟုတ်ဘူး။"
ရှောင်ကျယ် ပြောပြီးသွားသည့်နောက် လူတိုင်းက စူးထောင်၏ တုံ့ပြန်မှုကို စောင့်ကြည့်နေကြ၏။
သူတို့အရင်တုန်းက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြသဖြင့် ဒီအကြီးအကဲအသစ်အကြောင်းကို ကောင်းကောင်းမသိကြပေ။
သူတို့က စူးထောင်၏ အောက်ခြေလိုင်းကို စမ်းသပ်ပြီး သူဌေးအသစ်နဲ့ ဘယ်လိုပေါင်းသင်းရမည်ဆိုတာကို တွေးတောနေသည်။
"ဒီတော့ ဘာမှတောင် မကြိုးစားရသေးဘဲနဲ့ မဖြစ်နိုင်ဘူးလို့ ချက်ချင်းပြောလိုက်တာလား။"စူးထောင်၏ လေသံမှာ အလျင်စလိုဖြစ်မနေဘဲ အားကောင်းကာ ပြတ်ပြတ်သားသားပင် ထွက်လာ၏။
အစည်းအဝေးခန်းထဲရှိလေထုက ချက်ချင်းတင်းမာလာသည်။
စွင်းရှောင်ကျယ်က ခပ်မတ်မတ်ထိုင်လိုက်ပြီး ဆက်ချေပလာ၏။ "အတွေးတစ်ချက်ထဲနဲ့တင် ဒီကိစ္စက မဖြစ်နိုင်ဘူးဆိုတာ သိတယ်။ ဒီတော့ ဘာလို့ အချိန်ဖြုန်းနေတော့မလဲ။"
စူးထောင်၏ မျက်နှာက မည်းမှောင်သွားကာ အမြဲလိုလိုကြည်လင်သော မျက်လုံးများဟာ စူးရှလာပြီး စွင်းရှောင်ကျယ်ကို တည့်တည့် စိုက်ကြည့်လာသည့်အတွက် စွင်းရှောင်ကျယ်မှာ အပြစ်ရှိသလို ခံစားသွားရပြီး စူးထောင်၏ အကြည့်ကိုရှောင်လွှဲလိုက်သည်။
"ဒီတော့ ထုန်မင်ရွှမ်းက တတိယအဆင့်နဲ့ စတုတ္ထအဆင့် အရင်းအမြစ်တွေပဲ ရနိုင်တာမို့ ပိုကောင်းတဲ့အရင်းအမြစ်တွေရဖို့ အချိန်ဖြုန်းမနေနဲ့လို့ ပြောချင်တာလား။"
စွင်းရှောင်ကျယ်က မော့မကြည့်လာဘဲ တိတ်တဆိတ်ကန့်ကွက်နေသေးသည်။ "ငါအဲလိုပြောချင်တာ မဟုတ်ဘူး။"
"ဒါပေမယ့် အခုရှင်လုပ်နေတဲ့ပုံစံက အဲလိုပုံစံမျိုးထွက်နေတယ်လေ။"
စူးထောင်၏ အသံက စူးရှပြင်းထန်နေသဖြင့် တက်ရောက်လာသူအားလုံးကို ထိတ်လန့်သွားစေ၏။ သူမအသံက သိပ်မကျယ်ပေမယ့် သူတို့ဘာလို့ထိတ်လန့်တုန်လှုပ်သွားရတာလဲ။
"ရှင်တို့အားလုံးရဲ့အတွေးအမြင်ကို ပြောင်းလဲလိုက်ကြပါ။ ရှင်တို့ရဲ့အနုပညာရှင်တွေက သူတို့ရဲ့ နာမည်ကြီးတဲ့ အဆင့်အတန်းပေါ်လိုက်ပြီးတော့ အရင်းအမြစ်တွေ ရဖို့တိုက်ပွဲဝင်ရမှာ မဟုတ်ဘူး။ သူတို့အတွက် အရင်းအမြစ်တွေရှာပေးမှ သူတို့က ပိုပြီးနာမည်ကြီးတဲ့ အနုပညာရှင်တွေ ဖြစ်လာမှာ။"
"ပြီးတော့ ဒီလိုမျိုး စတောင်မစရသေးဘဲနဲ့ လက်လျော့လိုက်တာမျိုးကို ကျွန်မကြားရတာ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ။ ထပ်ဖြစ်လာခဲ့ရင် ကိုယ့်ဘာသာကိုယ် နုတ်ထွက်ဖို့ စဉ်းစားထားကြ။ ပြဿနာတွေကိုပဲ ဖန်တီးပြီး ပြဿနာကို မဖြေရှင်းပေးနိုင်တဲ့ အလုပ်သမားတွေကို ကျွန်မ မလိုချင်ဘူး။"
"နောက်ဆုံးအနေနဲ့ ရှင်တို့ရဲ့အရည်အချင်းနဲ့ အတွေ့အကြုံတွေက သေချာပေါက် အသုံးဝင်ပါတယ်။ဒါပေမယ့် ကျွန်မကို ဘာမှမလုပ်တတ်ပေမယ့် ပြောသမျှနားထောင်ပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိတဲ့လူသစ်ကိုပဲ ပေးခဲ့ရင်တောင် ကျွန်မ သူတို့ကို အောင်မြင်လာအောင် လုပ်ပေးနိုင်တယ်။ အစားထိုးလို့ မရတဲ့သူဆိုတာ မရှိဘူး။"
ထိုသို့ပြောပြီးသည့်နောက် စူးထောင်၏ အကြည့်များက လူတိုင်းအပေါ်တဖန် ကျရောက်လာ၏။
ဒီတစ်ကြိမ်တွင် အားလုံးက ခေါင်းကိုငုံ့ထားကြပြီး ဘယ်သူကမှ စူးထောင်၏ မျက်လုံးကို မကြည့်ရဲကညချေ။
"မေးချင်တာတွေ ရှိသေးလား။"စူးထောင်ရဲ့အသံက နူးညံ့နေပြီး ခဏတုန်းက ပြောနေတာက သူမမဟုတ်နေသလိုပင်။
လူတိုင်းက သူတို့ခေါင်းကို ခါလိုက်ကြ၏။
"ခဏက ကျွန်မပေးလိုက်တဲ့ အလုပ်ကို တစ်ရက်အတွင်း ပြန်တင်ပြပေးရမယ်။ အစည်းအဝေး ဆင်းကြစို့။"
လူတိုင်းက စူးထောင် အစည်းအဝေးခန်းထဲမှ ထွက် သွားသည့်ပုံရိပ်ကို ကြည့်နေကြပြီး နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ ပျော့ညံ့ပြီး နူးညံ့သိမ်မွေ့ပုံရသည့် မိန်းမငယ်လေးက ဒီလောက်စိတ်ဓာတ်သန်မာမယ်လို့ မည်သူကမျှ မမျှော်လင့်ထားကြချေ။
-------
ရုံးခန်းသို့ ပြန်ရောက်သောအခါ စူးထောင်ရဲ့ဖုန်းက အသံမြည်လာသည်။ ကျန်းချီကွမ်းဆီကပင်။
"ဥက္ကဌကျန်း ဒီတစ်ခါရော ဘယ်နေရာမှာ သွားချိန်းတွေ့နေတာလဲ။" စူးထောင်က ဖုန်းကိုကောင်ကိုင်လိုက်သည်နှင့် တပြိုင်နက် နောက်ပြောင်လိုက်၏။
"အလှတရားတွေနဲ့ပြည့်နေတဲ့ ကောင်းကင်ဘုံ ယူကရိန်းလေ။"
စူးထောင်က ကျန်းချီကွမ်း၏ သွားရည်တများများ ကျနေသံကိုတောင် ကြားနေရသည်။ သူမ မနေနိုင်ဘဲ နှုတ်ခမ်းမဲ့လိုက်မိ၏။
"အလှတရားတွေကို ကြည့်နေမယ့်အစား ဘာအရေးကြီးကိစ္စရှိလို့ ကျွန်မကို ဖုန်းခေါ်လာတာလဲ။"
"အိုင်းး" ကျန်းချီကွမ်းက သက်ပြင်း ခပ်လေးလေးချလိုက်ပြီး သူ့လေသံကိုနှိမ့်ချကာ "စူးထောင်ထောင် မင်းအဲဒီရှာလကာရည်အိုးကြီးနဲ့ တွေ့ရင် တစ်ခုခုဖြစ်မှာကို ငါကြိုသိနေပေမယ့် သူဒီလောက်ရက်စက်မယ်လို့ ငါမမျှော်လင့်ထားဘူး။"
စူးထောင်က သူရှဲ့ကျင်နာမည် ပြောထုတ်လာသည်ကို ကြားသောအခါ သူမအမူအရာက တောင့်တင်းသွားပြီး ရုံးကကွန်ပျူတာပေါ်ကို လှည့်ကြည့်လာ၏။ စိတ်မရှည်သည့်ပုံစံဖြင့် မေးတော့သည်။" လိုရင်းကိုပြောပါ။ဘာဖြစ်တာလဲ။"
"သူက ငါတို့ကုမ္ပဏီကို ဝယ်ချင်နေတာ။"