အခန်း (၁၉)
Vol. 2 Ch. 19
စူးထောင်က သူမရဲ့ကြည်လင်နေသောမျက်လုံးများကို ပင့်တင်လိုက်ပြီး ထရပ်ကာ ပြတင်းပေါက်ဆီသို့လျှောက်သွားလိုက်သည်။ စိတ်ကိုတည်ငြိမ်အောင်ထားရင်း စိတ်ရှုပ်ထွေးနေသည့်ပုံစံဖြင့် ပြောလာ၏။ "သတင်းက တိကျရဲ့လား။"
"သူတို့ ငါ့ဆီ ဖုန်းဆက်လာတာ။ ငါ့ကို ဓားပြတိုက်လုနီးပါးပဲ။" ကျန်းချီကွမ်း၏ လေသံထဲတွင် ဒေါသများပါဝင်နေသည်။
ခဏလောက်ရပ်သွားပြီးနောက် စူးထောင်က ပေါ့ပေါ့တန်တန်ပင် "အိုး" ဟုမှတ်ချက်ပေးလိုက်ပြီး ဆက်ပြောလာသည်။" ဒါက ရှင်တို့ သူဌေးတွေရဲ့ကိစ္စပဲလေ။ ကျွန်မနဲ့ဘာဆိုင်လို့လဲ။"
"စူးထောင်ထောင် သူက ရှင်းရှင်းလင်းလင်းကို မင်းဆီလာနေတာလေ။ သူ့ဆီက တစ်နှစ်လောက် ပုန်းလိုက်ပြီးတာနဲ့ သူမင်းအပေါ် အရှုံးပေးလိုက်မယ်လို့ ထင်နေတာလား။ ဒါပေမယ့် အခုမြင်နေရသလောက်တော့ လုံးဝအဲ့လိုမဟုတ်ဘူးနော်။"
စူးထောင်သည် ခပ်လှမ်းလှမ်းမှ မြို့လယ်ခေါင်ကို လှမ်းကြည့်လိုက်ရာ အသက်ကြီးကြီးလူတွေက လေ့ကျင့်ခန်းလုပ်နေကြတယ်၊ အမေတွေကလည်း သူတို့ကလေးတွေနဲ့ဆော့ပေးနေကြပြီး ငယ်ရွယ်တဲ့စုံတွဲတွေကတော့ အချင်းချင်း တစ်တီတူး ချစ်ကြည်နူးနေကြ၏။
မြို့ပြအငွေ့အသက်က စူးထောင်ကို အတိတ်ဆီသို့ ပြန်တွေးခွင့်မပေးပေ။ သူမအတိတ်ကို ပြန်တွေးတောမိချိန်တိုင်း ယခုနည်းလမ်းကိုပဲ မကြာခဏသုံးပြီး လက်ရှိကို တန်ဖိုးထားမိစေ၏။
စူးထောင်၏ ကျိုးကြောင်းဆင်ခြင်မှုသည် လက်တွေ့သို့ပြန်ရောက်လာခဲ့ကာ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အပြင်းအထန် တွေးတောနေတော့သည်။" ကျွန်မဘာလုပ်ရမလဲ။ သူ့ကို သွားရှာလိုက်သင့်လား။"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းရဲ့စီနီယာအစ်ကိုဖြစ်တဲ့ငါက အဲဒီလိုလူလို့မို့လို့လား။ ပထမဆုံးအကြိမ် သူ့ဆီကထွက်သွားဖို့ မင်းကိုကူညီလိုက်ပြီးကတည်းက သေချာပေါက် မင်းကိုမီးတွင်းထဲ ပြန်တွန်းချမှာမဟုတ်ဘူး။ တစ်ခုပြောချင်တာက သူက မင်းကို လက်မလွှတ်နိုင်သေးဘူးဆိုတော့ မင်းကိုယ့်စိတ်ကို ပြင်ဆင်ထားသင့်တယ်။"
ကျန်းချီကွမ်း၏ စကားက စူးထောင်ကို နွေးထွေးသွားသလို ခံစားရစေ၏။ သူက အမြဲတမ်း သူမကိုကာကွယ်ပေးပြီး သူမအတွက်လည်း စဉ်းစားပေးသည်။ "စီနိယာအစ်ကို ကျွန်မ ရှင့်အတွက် ကူညီပေးနိုင်တာ ရှိလား။"
"မင်းဘာမှ လုပ်စရာမလိုဘူး။ ရှောင်ရူက အနားမှာ ရှိမနေရင်တောင် မင်းက အမြဲတမ်း ငါ့ညီမလေးပါပဲ။ မင်းရဲ့အစ်ကိုတစ်ယောက်အနေနဲ့ အကာအကွယ်အပြင်ဘက်ကို တွန်းထုတ်မှာမဟုတ်ဘူး။ ငါ့မှာဖြေရှင်းဖို့ နည်းလမ်းရှိတယ်။ မင်းက ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်နေပါ။"
" ငါလခွမ်း လှလိုက်တဲ့ခြေတံလေးတွေ!! ဘာမှမဟုတ်တော့ဘူး။"
သူ၏နောက်ဆုံးစကားကြောင့် မကြာသေးခင်က ခံစားလိုက်ရသော နွေးထွေးမှု မှန်သမျှအကုန် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကုန်၏။ စူးထောင်က ပြတ်ပြတ်သားသားပင် ဖုန်းချလိုက်သည်။
ကျန်းရှောင်သည် ကျန်းချီကွမ်း၏ ညီမဖြစ်ပြီး စူးထောင်၏ တက္ကသိုလ်က သူငယ်ချင်းကောင်းလည်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်နှစ်က မိဘတွေစီစဉ်ပေးသည့် လက်ထပ်ပွဲကို မကျေနပ်သဖြင့် နိုင်ငံခြားသို့ ထွက်ပြေးသွားကာ ထိုအချိန်မှစပြီး သူမနှင့် အဆက်အသွယ် ပြတ်တောက်သွား၏။
ပြီးခဲ့တဲ့နှစ်တွင် စူးထောင်က ရှဲ့ကျင်ကို ရှောင်ရှားနိုင်ရန်အတွက် ကျန်းရှောင်ရူ၏ အထောက်အထားကို ငှားသုံးခဲ့သည်။
လူသိရှင်ကြားပေါ်ထွက်လာရုံနှင့် စီနီယာအစ်ကိုအား ဒုက္ခ အများကြီး ဖြစ်သွားစေမယ်လို့ သူမ မမျှော်လင့်ထားချေ။ စူးထောင်က သက်ပြင်းတိုးတိုးချလိုက်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပေ။
သူမ၏ မူလရည်ရွယ်ချက်မှာ ရှဲ့ကျင်နှင့် ပက်သက်မှု မှန်သမျှကို ရှောင်ရှားရန်ဖြစ်သည်။
------
စူးထောင်က အစည်းအဝေးတက်နေမှန်း လျိုဝမ်ထောင်သိနေ၏။ ပစ္စည်းများကိုရှာမည်ဟူသော အကြောင်းပြချက်ဖြင့် ရုံးချုပ်နေရာသို့သွားကာ သူတို့ပြီးတဲ့အချိန်ကို တမင်တကာစောင့်နေ၏။
သူမက စာရွက်စာတန်းတချို့ကို ပေါ့ပေါ့တန်တန်ဆုပ်ကိုင်ပြီး အစည်းအဝေးခန်းမထဲမှ ထွက်လာသောသူများကို ကြည့်လိုက်သည်။ ထို့နောက် အရှေ့သို့လျှောက်သွားရင်း မေးလိုက်၏။" မျက်နှာတွေလည်း မကောင်းပါလား။ ဘာဖြစ်သွားတာလဲ။"
စွင်းရှောင်ကျယ်သည် မူလက လျိုဝမ်ထောင်ဘက်က လူဖြစ်ခဲ့သည်။ အရင်က လျိုဝမ်ထောင်က မကောင်းဘူးဟု ခံစားခဲ့ရသော်လည်း ယခုအခါ သူမ၏ အကြီးအကဲအသစ်ဆီက ကြိမ်းမောင်းခံထိသွားသောကြောင့် လျိုဝမ်ထောင်နှင့်သာ ပိုနီးစပ်လာသလို ခံစားလိုက်ရ၏။
"အစ်မဝမ်ထောင် ကျွန်မတို့ အကုန်လုံး ကြိမ်းမောင်းခံထိတယ်။" စွင်းရှောင်ကျယ်က စူးထောင်၏ ရုံးကို စိုက်ကြည့်လိုက်ရင်း ခပ်တိုးတိုးညည်းတွားတော့သည်။
"လျိုဝမ်ထောင်က အံ့ဩသွားပုံရ၏။ "ဒီလိုသိမ်မွေ့တဲ့အသွင်အပြင်နဲ့သူက လူတွေကို ကြိမ်းမောင်းတတ်တာပဲလား။"
တခြားသူများကလည်း ဝင်ပြီးညည်းတွားကြတော့သည်။ "သူမက ကျိန်ဆဲတဲ့စကားလုံးမပါဘဲနဲ့ကို ကြိမ်းမောင်းတာ။ သူများက ကိုယ့်ကိုယ်ကိုယ် တော်တယ်လို့ထင်နေတာနော်။ ပြောတာတော့ လူသစ်တွေကိုတောင် အောင်မြင်လာတောင် လုပ်ပေးနိုင်ပြီးတော့ ကျွန်မတို့ကိုလည်း အချိန်မရွေး အစားထိုးလိုက်လို့ရတယ်တဲ့။"
လျိုဝမ်ထောင်က ချဲ့ကားသည့်အမူအရာဖြင့် " အဲဒီလောက်တောင် ဆိုးတာလား။ နင်တို့သာ အုပ်စုလိုက် တာဝန် ပျက်ကွက်ပေးလိုက်ရင် သူမလုံးဝခံနိုင်တော့မှာ မဟုတ်ဘူး။"
"ဟေးဟေးဟေး ဘာအကြောင်းမို့ ဒီလောက်တက်တက်ကြွကြွဆွေးနွေးနေကြတာလဲ။ အလုပ်တာဝန်ကို ပျက်ကွက်လိုက်ဆိုတာ ဘာကိုပြောတာလဲ။ နင်တို့ဘယ်သူ့အကြောင်း အတင်းတုတ်နေကြတာလဲ။" လျန်ခယ့်က ပန်းရောင်ကိုယ်ကျပ်ဝတ်စုံနဲ့ လျှောက်လာပြီး တမင်တကာပင် ကျယ်ကျယ်လောင်လောင် အော်ပြောလာ၏။
တခြားသူများက စူးထောင်ကြားသွားမည်ကို ကြောက်ပြီး မိမိတို့အလုပ်နေရာကို လိပ်ကဲ့သို့ အလိုလိုဝင်သွားကြသည်။
လျိုဝမ်ထောင်က ရှဲ့ကျင်ကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်၏။ သူ၏ယောက်ျားလိုလို၊ မိန်းမလိုလိုစတိုင်ကို သူမက ဘယ်တော့မှ မထင်မကြီးချေ။
လျန်ခယ့်က သူ့လက်ညိုးကို ခါရမ်းလိုက်ရင်း သိသာထင်ရှားစွာ ပွစိပွစိပြောတော့သည်။ "မန်နေဂျာလျို မင်းဒီမှာဘာလို့ သွေးထိုးလှုံ့ဆော်နေတာလဲဆိုတာ ငါသိချင်မိသား။ စူးထောင်မှာသာ လုပ်ရည်ကိုင်ရည်မရှိရင် ရှယ်ယာရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရနေပါ့မလား။ မင်းက သူတို့တာဝန်ကို ပျက်ကွက်ခိုင်းတယ်ပေါ့လေ။ အသိဉာဏ်မဲ့တဲ့သူတောင် မင်းလူတွေကို လှည်းစားနေမှန်းသိတယ်။ သူ့တို့သာအလုပ်ပြုတ်သွားရင် မင်းသူတို့ကိုလျော်ကြေးပေးမှာလား။"
ထိုစကားကြောင့် လူတိုင်းက သူတို့ခေါင်းကို ငုံ့သထက်ပိုငုံ့သွားကြ၏။ ကျင့်ယန်က ဒီနယ်ပယ်တွင်းမှာ အရှိန်နဲ့တိုးတက်နေပြီးတော့ လစာလည်း ကောင်းတယ်။နောက်တစ်ခုက သူတို့တွေက ဒီအလုပ်နဲ့ရင်းနှီးကျွမ်းဝင်နေပြီးသားလေ။ ဘယ်သူကများ အလုပ်ပြောင်းချင်မှာလဲ။
သေသေချာချာ ပြန်တွေးကြည့်ရင် သူမစကားတွေက သွေးထိုး လှုံ့ဆော်နေပုံရသည်။ လူတိုင်းက လျိုဝမ်ထောင်ကို မသိမသာလှည့်ကြည့်လာကြ၏။
သူမက သူတို့ကို စစ်တုရင်နယ်ရုပ်အဖြစ် အသုံးချချင်နေတာ။
"ငါဘာပြောလို့လဲ နင်သဘောထားကွဲအောင် လာမလုပ်နဲ့နော်။" လျိုဝမ်ထောင်က တုံ့ပြန်လိုက်သည်။"ငါက စူးထောင်က ငယ်သေးတယ်လို့ထင်ရုံပဲ။ တစ်ချို့အရာတွေက သူမတွေးထင်ထားသလို စိတ်ကူးယဉ်ဆန်မနေဘူး။"
လျန်ခယ့်က ကဲ့ရဲ့လိုက်ပြီး "အသက်ငယ်တာ ဘာဖြစ်လဲ။ ထျန်ကျင် group က ရှဲ့ကျင်ကရော မငယ်ဘူးလား။ ဒီနှစ်တွေမှာ ရွေ့ချီက တရှိန်ထိုးတိုးတက်လာတယ်လေ။ သူပေါင်းစည်းမယ်လို့ အဆိုတင်သွင်းတုန်းက ထျန်းကျင် group ရဲ့ အမူဆောင်ဒါရိုက်တာတွေက သူလုပ်နိုင်မယ်လို့တောင် ယုံကြတာမဟုတ်ဘူး။ အခုတော့ ဘာဖြစ်သွားလဲ။ သူလုံးဝ လုပ်နိုင်ခဲ့တယ်။"
ရှဲ့ကျင်ကို ထုတ်ပြောလာသောအခါ လူတိုင်းက စိတ်ဝင်တစားနဲ့ စုပြုံပြီးလာနားထောင်ကြတော့၏။
လျိုဝမ်ထောင်က နှုတ်ခမ်းကိုမဲ့လိုက်ပြီး မျက်လုံးလှန်ပြကာ " ရှဲ့ကျင်က ဒီနယ်ပယ်အတွင်းမှာ ဒဏ္ဍာရီလာ တစ်ကောင်ထဲပဲရှိတဲ့ ဖီးနစ်ငှက်ဟဲ့။ နင်တခြားတစ်ယောက်ကို ထုတ်ပြောပါလား။ စူးထောင်က ဒီအတိုင်း အမွေးအတောင်မစုံသေးတဲ့ ကြက်သာသာပဲကို ရှဲ့ကျင်နဲ့ လာနှိုင်းတယ်ပေါ့လေ။"
" အိုင်းး ဟိုကော့တေးပါတီပွဲနေ့ကိုတောင် သတိရသွားပြီ။ တွေ့ရသလောက်တော့ ဥက္ကဌရှဲ့က စူးထောင်လက်ကိုဆုပ်ကိုင်ထားပြီး မလွှတ်ပေးချင်တဲ့ပုံပဲ။"
"ငါလည်းတွေ့လိုက်တယ်။ သူက အရှိန်အဝါကြီးတဲ့လေသံနဲ့ ဖယ်ပေးလို့ပြောပြီးတော့ စူးထောင်ရှေ့မှာ ပေါ်ထွက်လာတာလေ။ အားး အရမ်းမိုက်တယ်။"
"ဒါက idol drama လိုပဲ။ မဟုတ်မှ စူးထောင်ကို သူချစ်မိသွားတာများလား။"
ပြောရင်းပြောရင်းနှင့် စီးပွားရေးအကြောင်းမှ အတင်းအဖျင်းဘက်သို့ မသိမသာပြောင်းသွားပြီး လူတိုင်းက ဆွေးနွေးနေကြရင်း ပိုပိုပြီး စိတ်လှုပ်ရှားလာကြ၏။
လျိုးဝမ်ထောင်က မထီမဲ့မြင်ပြုကာ ရယ်မောလိုက်ရင်း "လက်ကိုင်လိုက်ရုံနဲ့ ချစ်မိသွားတာပဲလား။ အဲဒီနေ့က သူကငါ့ကို အရင်စကားလာပြောပြီး ငါ့လက်ကိုလည်း ဆုပ်ကိုင်ထားတာပဲ။"
"ဘယ်သူမှ မမြင်ဘူးဆိုပြီး ငါ့ကိုကန်းနေတယ်များထင်နေလား။ ငါက နင့်ရဲ့အနောက်မှာပဲ ရပ်နေတာလေ။"လျန်ခယ့်က သူမရဲ့ပုံရိပ်ကိုဖြိုချဖို့ ဒီနေ့ထူးထူးခြားခြား ရောက်နေသလားလို့တောင်ထင်ရ၏။ သူ့ရဲ့လက်ညိုးက လျိုဝမ်ထောင်၏ မျက်လုံးကို ထိုးဖောက်လုမတတ်။" စူးထောင်နဲ့တုန်းက သူကလက်ကို ဆုပ်ကိုင်ထားတာ။ မင်းနဲ့ကျတော့ ဖမ်းချုပ်ထားတာ။"
အဲဒီအချိန်တုန်းက လျိုဝမ်ထောင်ကို ရှဲ့ကျင်ဖမ်းချုပ်ထားတာ ကွက်ကွက်ကွင်းကွင်း မြင်ခဲ့ရသည်။ သူ့ရဲ့ဒေါသတကြီး အမူအရာကို ပြန်တွေးမိသည့်အခါတိုင်း သူတို့ကို ခိုက်ခိုက်တုန်မိစေတုန်းပင်။
လူတိုင်းက မှတ်မိနေသည့် ထိုဆွေးနွေးနေမှုအောက်တွင် လျိုဝမ်ထောင်၏ မျက်နှာမှာ ဖြူသွားလိုက်၊ပြာသွားလိုက် ဖြစ်နေ၏။ ပြန်ချေပရန် အကြောင်းပြချက် ရှာနေသော်လည်း အကြောင်းပြချက်က ရှိမနေပေ။
အဲဒီနေ့တုန်းက သူက သူမကို ဒေါသထွက်နေတာ။
"ဘာကြောက်စရာရှိလို့လဲ။ အရမ်းဆွဲဆောင်မှုရှိတယ်လို့ နင်တို့မထင်ဘူးလား" လျန်ခယ့်က ရှက်ကိုးရှက်ကန်းပြုံးနေကာ သူ့မျက်လုံးတွေထဲမှာတော့ သူတစ်ပါးဒုက္ခရောက်နေသည်ကို ဝမ်းသာပျော်ရွှင်နေသည့် အရိပ်အယောင်များ အပြည့်ပင်။"စိတ်လှုပ်ရှားရတာကို ငါကြိုက်တယ်။ ဒါကြောင့် ရွေ့ချီနဲ့ Sea Wave 2ရဲ့ MCအကြောင်း ဆွေးနွေးညှိနှိုင်းဖို့ ရှဲ့ကျင်နဲ့ တိုက်ရိုက် ရက်ချိန်းကြိုယူထားတယ်။"
စွင်းရှောင်ကျယ်ရဲ့ မျက်လုံးများက ပြုံးကျယ်သွားပြီး ချက်ချင်းပင် နီးနီးကပ်ကပ်ရွေ့သွားကာ မေးလာသည်။"လျန်လောင်ရှီး ရှင်ရက်ချိန်းယူထားတာရှိလား။ရှင့်ရဲ့အနုပညာရှင်တွေအတွက် ညှိနှိုင်းရင်လေ ကျွန်မရဲ့မင်ရွှမ်းကိုရော ခေါ်သွားပေးလို့ရမလားဟင်။"
"မင်းရဲ့မင်ရွှမ်းလည်း Sea Wave 2မှာပါဝင်ချင်တာလား။" လျန်ခယ့်က သက်ပြီးချလိုက်ပြီး "ငါနင့်ကိုကူညီချင်ပေမယ့် ငါရက်ချိန်းမရသေးဘူး။ တစ်ပတ်လောက် ကြိုးစားကြည့်ပေမယ့် ဘာတုံ့ပြန်မှုမှ မရလာဘူး။"
"ရှင်ရွေ့ချီရဲ့သူဌေးဝူနဲ့ ရက်ချိန်း တကယ်ယူထားပြီးပြီလား။"
"ငါယူထားပြီးပြီ။ သူဌေးဝူက ပါဝင်မယ့်ဧည့်သည်တွေကို ဆုံးဖြတ်ထားပြီးပြီလို့ ငါ့ကိုပြောလာတယ်။ ငါသူ့ကို အကြိမ်ရေ တော်တော်များများ ထမင်းစားဖိတ်ပြီးမှ သူက ငါ့ကို ပြောပြဖို့ဆန္ဒရှိလာတာ။ သူပြောတာက ဥက္ကဌကိုယ်တိုင် သွားမမေးသရွေ့တော့ ဒီကိစ္စက မဖြစ်နိုင်ဘူးတဲ့။"
လျိုဝမ်ထောင်သည် နောက်ဆုံးတွင် အခွင့်အရေးတစ်ခုကို ရှာတွေ့သွားသလိုမျိုး လှောင်ပြောင်ကဲ့ရဲ့လိုက်၏။ "variety showတစ်ခုအတွက်နဲ့ ဥက္ကဌဆီသွားပြောရဦးမှာလား။သူတို့နင့်ကို ငြင်းလိုက်တာလို့ပဲ ပြောချလိုက်ပါတော့ဟယ်။"
လျန်ခယ့် ပေါက်ကွဲလာခါနီးတွင် လျိုဝမ်ထောင်က ရုတ်တရက် ထပြောလာသည်။" ရှဲ့ကျင်က စူးထောင်ကို ကြိုက်နေတာဆို။ စူးထောင်ကိုပဲ နင်သွားခိုင်းလိုက်ပေါ့။"
တိုက်တိုက်ဆိုင်ဆိုင် စူးထောင်က သူမရုံးခန်းထဲကနေ အိတ်တစ်လုံးနှင့် အပြင်သွားမည့်ပုံစံဖြင့် ထွက်လာ၏။
သူမရုံးခန်းထဲမှ ထွက်လာသောအခါ လူတိုင်းက သူမအားကြည့်နေသည်ကို မြင်လိုက်ရသည့်အတွက် စူးထောင်က ရပ်တန့်လိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့လိုက်ကာ ကိုယ်တွင်ဝတ်ဆင်ထားသော အဖြူအမည်းဝတ်စုံကို စစ်ဆေးလိုက်ပြီး ပုံမှန်မဟုတ်တာမျိုး ဘာတစ်ခုမှမတွေ့တာကြောင့် လူတိုင်း၏ စူးရှနေသောအကြည့်အောက်တွင် စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးကို ပေကလက်ပေကလက် လုပ်နေ၏။
"ထောင်ထောင်" လျန်ခယ့်က တရှိန်ထိုးပြေးလာပြီး စူးထောင်၏ လက်ကို အားရပါးရဆုပ်ကိုင်ကာ "အပြင်သွားတော့မလို့လား။"
စူးထောင်က မသိစိတ်အရ လက်ကိုဖြုတ်လိုက်ရင်း သူ၏ စိတ်အားထန်သန်မှုအပေါ် သံသယစိတ်အပြည့်နှင့် ခေါင်းညိတ်ပြလိုက်သည်။
"ခက်ခဲတဲ့ပြဿနာတစ်ခုနဲ့ကြုံနေရလို့ အဲဒါမင်းပဲ ဖြေရှင်းပေးနိုင်တယ်။ ကူညီပေးပါဦးနော်။"
လူတိုင်း၏ စိတ်အားထက်သန်မှုအောက်တွင် သူမရဲ့ပင်ကိုယ်အသိစိတ်က သူမကို ဒါကကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ပြောနေ၏။ လျန်ခယ့် အသေးစိတ်မရှင်းပြခင်မှာပဲ သူမအပြတ်ငြင်းလိုက်သည်။"ကျွန်မအလုပ်များနေတယ်။ မကူညီနိုင်လောက်ဘူး။"
"ထောင်ထောင်လေး ဒါက ငါတစ်ယောက်ထဲရဲ့ ပြဿနာမဟုတ်ဘူး။ မင်းရဲ့ ထုန်မင်ရွှမ်းကလည်း Sea Wave 2မှာ ပါဝင်ချင်နေတယ်မလား။ ငါရှဲ့ကျင်နဲ့ ရက်ချိန်းယူလို့မရဘူးဖြစ်နေတယ်။ အဲဒီနေ့က မင်းတို့နှစ်ယောက် ရင်းနှီးနေတာကို ငါမြင်လိုက်တယ်။ မင်းဘာလို့မကြိုးစားကြည့်တာလဲ။"
စူးထောင်က ဂရုမစိုက်ဟန်ဖြင့် သူ့ကိုစိုက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူတို့၏အကြံအစည်ကို သူမသဘောပေါက်သွားတော့သည်။ " Sea Wave 2ကို သူဌေးဝူက ကိုင်တွယ်တာလေ။ ရှဲ့ကျင်နဲ့ ဘာဆိုင်လို့လဲ။"
"ပါဝင်မယ့်သူတွေကို ဆုံးဖြတ်ထားပြီးပြီဆိုတာ နင်မသိဘူးလား။ ရှောင်ကျယ်ကိုတောင် ညှိနှိုင်းခိုင်းသေးတယ်။ မင်းတောင် မညှိနှိုင်းနိုင်ရင် ဒါကရှောင်ကျယ်ကို တမင်အနိုင်ကျင့်နေတာပဲလေ။"လျိုဝမ်ထောင်က မထိတထိ ကြားဖြတ်ပြောလိုက်၏။
စူးထောင်က လျိုဝမ်ထောင်ကို တစ်ချက်ကြည့်လိုက်ပြီး စွင်းရှောင်ကျယ်ကိုလည်း ကြည့်လိုက်သည်။
အေးစက်စက် အကြည့်တစ်ချက်နဲ့တင် စွင်းရှောင်ကျယ်ကို အပြစ်ရှိသလို ခံစားသွားရစေပြီး သူမက တစ်ခုခုကိုရှင်းပြချင်ပေမယ့် ဘယ်လိုရှင်းပြရမှန်းမသိချေ။
"လျန်လောင်ရှီး စူးထောင်ကို ခက်ခဲအောင် မလုပ်ပါနဲ့တော့။ သူမက အခုမှလက်လွှဲယူထားတာဆိုတော့ သူမရဲ့အာဏာစက်ကို တည်ဆောက်ဖို့ လိုတယ်လေ။ သူမသာ တကယ်မောက်ကမ ဖြစ်အောင် လုပ်မိသွားရင် ကိုယ်တိုင်ပဲ အရှက်ကွဲရမှာမလား။ ဒီလိုဆို နောင်မှာ ဘယ်သူက သူမစကားနားထောင်တော့မလဲ။"
လျိုခယ့်က တခြားလူကို ဖုန်းခေါ်လိုက်ပြီး တဖက်ခြမ်းတွင် ဖုန်းဖြေရန်ထွက်သွားနေနှင့်ပြီ။ လျိုဝမ်ထောင်ရဲ့စကားတွေက စူးထောင်နှင့် စူးထောင်အဖွဲ့သားများ ကြားဖို့အတွက်သာ။
စူးထောင်က လျိုဝမ်ထောင်ကို စိုက်ကြည့်နေပြီးအမူအရာများကလည်း မည်းမှောင်လာကာ သူမကိုပြတ်ပြတ်သားသားပင် မေးခွန်းမေးတော့သည်။
"ကျွန်မရှင့်ကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်ထားဖူးလား။ ရှင်ပြောနေတဲ့ လေသံကိုက ထေ့ငေါ့နေသလိုနဲ့။ ကျွန်မက ဘာအာဏာစက်မှ တည်ဆောက်စရာမလိုဘူး။ အရှုံးအမြတ်ကိစ္စလေးတစ်ခုအတွက်နဲ့လည်း အားလုံးက ကျွန်မစကားကို နားမထောင်မှာ မဟုတ်ဘူး။ ငါက အကြွင်းမဲ့အာဏာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မကိုတန်ပြန်ပြောချင်ရင် ကျိူးကြောင်းခိုင်လုံရမယ်။ အခုရှင့်ရဲ့စကားတွေက ပြဿနာဖြစ်အောင် သွေးထိုးလှုပ်ဆော်နေတာ။ ဒါရိုက်တာလျိုက နိုင်ငံခြားက ဘွဲ့ယူပြီး ပြန်ရောက်လာတာဆို ရှင့်ရဲ့အရည်အချင်းက ဒါလား။"
စူးထောင်၏ ထိုးနှက်ချက်ကြောင့် လျိုဝမ်ထောင်ရဲ့မျက်နှာမှာ ဖြူတလှည့်၊နီတလှည့်ဖြစ်သွား၏။ စူးထောင်က မအော်မငေါက်၊ မထေ့ငေါ့ဘဲ ကျိုးကြောင်းစီလျော်သည့် စကားများကိုသာ သုံးသွားသောကြောင့် လျိုဝမ်ထောင်တစ်ယောက် ဘယ်လိုပြန်ချေပရမှန်း လုံးဝမသိတော့ချေ။
လုံးလုံးအရှက်ရသွားသလို ခံစားရသည့်အတွက် လျိုဝမ်ထောင်က ဒေါသများပေါက်ကွဲလာပြီး အော်ဟစ်တော့သည်။ "Sea Wave 2မှာ ပါဝင်ဖို့ မလုပ်နိုင်ဘူးဆိုလည်း မလုပ်နိုင်ဘူးလို့ပဲ ပြောလိုက်။ ရှည်ရှည်ဝေးဝေး ရှင်းပြစရာနေစရာမလိုဘူး။ ဒါက နင်လိပ်ပြာမလုံတာကို ပြနေတာပဲ!။"
စူးထောင် ဘာဆိုဘာမှမပြောရသေးခင်မှာပဲ လျန်ခယ့်က စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ပြီး စူးထောင်ဆီသို့ စပ်ဖြီးဖြီးနှင့် အပြေးကလေး လာနေ၏။
ကံကောင်းစွာနှင့်ပင် စူးထောင်က အလျင်အမြန်တုံ့ပြန်လိုက်ပြီး သူ့ပွေ့ဖက်မှုမှ ရှောင်တိမ်းလိုက်သည်။
"ထောင်ထောင်လေး မင်းက ငါ့ရဲ့တကယ့်ကျေးဇူးရှင်ပဲ။နောက်ဆုံးတော့ ရှဲ့ကျင်ဆီက သဘောတူညီမှုကို ရသွားပြီ။ ရှဲ့ကျင်က မင်းကိုယ်တိုင် ဆွေးနွေးညှိနှိုင်းပေးဖို့ အထူးတလည် တောင်းဆိုထားတယ်။"
စူးထောင်က မျက်လုံးများကို မှိတ်ထားပြီး စိတ်တိုဒေါသထွက်မှုကို ဖြေလျော့လိုက်ပြီးနောက် အေးစက်စက်အမူအရာဖြင့် မျက်လုံးဖွင့်လာကာ" ကျွန်မ မသွားဘူး"
စူးထောင်သည် ပြင်ပကိစ္စများကို ကိုင်တွယ်ရာမှ ပြန်လာခဲ့၏။ လျန်ခယ့်က ကုမ္ပဏီဝင်ပေါက်မှာ တစ်ယောက်ယောက်ကို စောင့်ကြည့်ခိုင်းထားသလိုမျိုး သူမတံခါးဆီကို လှမ်းဝင်လာသည်နှင့်တပြိုင်နက် လျန်ခယ့်က သူမကိုဖမ်းမိသွားသည်။
"မင်းဘာလို့မသွားတာလဲ။ ဒါက တကယ်ကောင်းတဲ့ အခွင့်အရေးနော်။"
စူးထောင်က မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိ၏။" ကျွန်မ မသွားချင်လို့။ လမ်းဖယ်ပေးပါဦး။"
လျန်ခယ့်က လေးလေးနက်နက် တွေးလိုက်ရင်း နာကျင်နေသောအမူအရာဖြင့် ကိုင်ထားသည့်ကြော်ငြာစာချုပ်ကို ထုတ်ယူလိုက်သည်။
"ဒါက ပိုင်ရှု သွားတိုက်ဆေးကြော်ငြာ၊ Brand spokesperson စာချုပ်၊တစ်နှစ်အကျုံးဝင်တယ်။ ငါဒါနဲ့ညှိနှိုင်းမယ်။ Brandဘက်နဲ့ငါက ရင်းနှီးတဲ့ဆက်ဆံရေးရှိတော့ ငါ့ကုမ္ပဏီက ဘယ်သူ့မဆိုရွေးလို့ရတယ်တဲ့။မင်းသာ Sea Wave 2ဆွေးနွေးညှိနှိုင်းဖို့ သဘောတူရင် ရလာဒ်ကဘယ်လိုပဲဖြစ်နေပါစေ ဒီစာချုပ်က မင်းအတွက်ပဲ။"
စူးထောင်၏ မျက်လုံးများက တောက်ပလာ၏။ ပိုင်ရှု သွားတိုက်ဆေး ကြော်ငြာ၏ brand spokesperson ဖြစ်ခြင်းက ကုယီးယန်ရဲ့ကျော်ကြားမှုကို တော်တော်လေးတိုးတက်စေမှာပင်။ ဒါပေါ့ ဒီနယ်ပယ်မှာ အဆက်အသွယ်ကသာ အရာရာပင်။