အခန်း (၂၁)
Vol. 2 Ch. 21
စူးထောင်က မျက်လုံးကို မှေးစင်းလိုက်ပြီး သူမအကြည့်က ပိုစူးရှလာသည်။
သူမ၏ ဖော်ရွေမှုမရှိသည့်အကြည့်ကို လက်ခံရရှိသောအခါ ရှဲ့ကျင်၏ နှုတ်ခမ်းထောင်က ကွေးတက်သွားပြီး ငါးခူအပြုံးပြုံးပြလာ၏။ အပြစ်ကင်းစင်သလို ဟန်ဆောင်ကာ " မန်နေဂျာစူးရော ဘယ်လိုထင်လဲ။ကိုယ်ပြောချင်တာက မင်းရဲ့အနုပညာရှင်နှစ်ယောက်နဲ့ သိပ်မရင်းနှီးပေမယ့် မင်းပြောသွားတဲ့ အခြေအနေတွေအောက်မှာ ကိုယ်တကယ် ဆွဲဆောင်ခံလိုက်ရတယ်လေ။ ဒီတော့ ရိုက်ကူးရေးစတဲ့အခါ ဘာလို့အစမ်းရိုက်ကူးတာ မလုပ်ရမှာလဲ။ ဒါပေမယ့် မန်နေဂျာစူးကိုယ်တိုင်လာပေးမှ ကိုယ်စိတ်ချမိမှာ။"
စူးထောင်၏ မျက်ခုံးများက အနည်းငယ်လှုပ်ခတ်သွားပြီး ရှဲ့ကျင်က အရင်ကထက်ပင် ပိုပြီးမရှက်မရှိလာသည်ဟု ခံစားလိုက်ရ၏။
သို့သော်လည်း သူပြောသွားသည့် အခြေအနေမှာ ကျိုးကြောင်းဆီလျော်မှု ရှိနေသဖြင့် သူမမှာ ငြင်းပယ်ရန် အကြောင်းပြချက်မရှိချေ။
"ကောင်းပြီ။"
စူးထောင်က ချက်ချင်း သဘောတူလိုက်သည်။ ရှဲ့ကျင်မှာ ပြုံးချင်စိတ်ကို အောင့်အီးသည်းခံကာ အပြုံးကိုဖုန်းကွယ်ရန် ချောင်းတစ်ချက်ဟမ့်လိုက်ပြီး ပူးဆောင်ဆောင်ရွက်မှုကို သဘောတူကြောင်းပြရန် လက်ကိုဆန့်ထုတ်လာ၏။
သူက သူမလက်ချောင်းထိပ်ကို တခဏကြာညှစ်ထားသောကြောင့် စူးထောင်က ခပ်မြန်မြန်ပင် သူမလက်ကိုဆွဲလိုက်လိုက်သည်။ သူမက တစ်ခုခုကို သတိရသွားသလိုမျိုး အနုပညာရှင်နှစ်ယောက်ကို အရင်ထွက်သွားခိုင်းလိုက်၏။
ရုံးခန်းထဲတွင် စူးထောင်နှင့် ရှဲ့ကျင်သာ ကျန်နေပြီး လေထုမှာလည်း ကိုးယို့ကားယားနှင့် ဖြစ်နေသည်။
ရှဲ့ကျင်က သူမကိုစိတ်အားထက်သန်စွာ ကြည့်ကာ တစ်ခုခုပြောလိုက်ခါနီးတွင် စူးထောင်က အရင်ပြောလာ၏။
စူးထောင် - ကျွန်မကြားတာတော့ ဥက္ကဌရှဲ့က ကျွန်မတို့ ကျင့်ယန်ကို ဝယ်ဖို့အစီအစဉ် လုပ်ထားတယ်ဆို။
ရှဲ့ကျင်က တိတ်ဆိတ်သွားပြီး ဘာစကားမှ ပြောမလာတော့ပေ။
စူးထောင် - " ကျင့်ယန်ရဲ့အသေးစားရှယ်ယာရှင်လေး တစ်ယောက်အနေနဲ့ ကျွန်မက ဥက္ကရှဲ့ရဲ့အစီအစဉ်ကို မေးဖို့ အရည်အချင်း မပြည့်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း လုပ်ပေးချင်ပါတယ်။ ပေါင်းစည်းဖို့ကို ကျွန်မတို့ဘက်က သဘောတူမှာမဟုတ်ပါဘူး။ စီးပွားရေးလှည့်ကွက်သုံးပြီး ချောင်ပိတ်ဖမ်း၊ဖိအားပေးရင်တောင် အပေးအယူလုပ်ရမှာထက် အစိတ်စိတ်အမွှာမွှာ အကွဲခံပြီး တန်ပြန်တိုက်ခိုက်မှာပါ။ဒါကြောင့် တစ်ခုခုမလုပ်ခင် နှစ်ခါပြန်စဉ်းစားဖို့ မျှော်လင့်ပါတယ်။"
တစ်ချိန်လုံး နှုတ်ဆိတ်နေတဲ့ ရှဲ့ကျင်က ဒါကိုကြားတော့ မျက်လုံး အနည်းငယ်လှုပ်ရှားသွားကာ "ကိုယ် မင်းကိုဒီလိုဆက်ဆံမယ်လို့ မင်းထင်နေတာပေါ့လေ။"
စူးထောင်က တခဏကြာ အံ့အားသင့်သွားပြီး ပေါ့ပေါ့ပါးပါးပင် ပြောလာသည်။" ဥက္ကဌရှဲ့က ဒီလိုနည်းလမ်းမျိုး မသုံးလောက်ဘူးလို့ ကျွန်မ မျှော်လင့်ပါတယ်။
"ကိုယ် ကျင့်ယန်ကို လက်လွှတ်ပေးလိုက်လို့ရတယ် ဒါပေမယ့် မင်းကိုယ့်အတွက် မေးခွန်းတစ်ခု ဖြေပေး။" ရှဲ့ကျင်က မျက်တောင်မခတ်စတမ်း သူမကိုငေးကြည့်ကာ မေးလာ၏။ "အရင်နှစ်က ကိုယ့်ဆီကနေ မင်းဘယ်လိုရှောင်ပုန်းသွားတာလဲ။"
စူးထောင်သည် မျက်လွှာချလိုက်ကာ ရိုးရိုးစင်းစင်းဖြေပေးလိုက်သည်။"ကျွန်မ တခြားတစ်ယောက်ရဲ့ အထောက်အထားကို သုံးလိုက်တာ။"
ရှဲ့ကျင် နားလည်သွားပေမယ့် ဆက်မေးနေတုန်းပင်။" ဘယ်သူ့ဟာကို သုံးလိုက်တာလဲ။ ဘယ်လိုလုပ်ပြီးတော့လဲ။"
"ဥက္ကဌရှဲ့ ဒါက ဒုတိယမေးခွန်းဖြစ်သွားပြီ။ ကျွန်မက မေးခွန်းတစ်ခုပဲ ဖြေပေးရမှာဆို။ ကိုယ့်စကားကိုယ်တည်ပါ။"
ထိုစကားကိုပြောပြီးနောက် စူးထောင်က ရုံးခန်းထဲမှထွက်ကာ အနုပညာရှင်နှစ်ယောက်ကို ထျန်းကျင်နဲ့ဝေးရာသို့ ခေါ်သွားတော့သည်။
သုံးယောက်သား နေ့ခင်းဘက်လေယာဉ်ဖြင့် ကျန်းချန်သို့ ပြန်လာခဲ့၏။ သူတို့ ကုမ္ပဏီဝင်ပေါက်အနီးသို့ ရောက်သောအခါ ကျန်းချီကွမ်းက စူးထောင်ဆီသို့ စာပို့လာသည်။
[ကျန်းချီကွမ်း - စူးထောင်ထောင် မင်းမဟုတ်လား။ ထျန်းကျင်ဘက်ကနေ ဝယ်ယူမယ့်အစီအစဉ် ပြန်ရုတ်သိမ်းသွားပြီ။]
သူတို့ဒီလောက်မြန်မြန်ကြီး ဆုတ်သွားတာလား။ ရှဲ့ကျင်က ယုံကြည်ရသားပဲ။
ဖုန်းကိုကြည့်ရင်း ကုမ္ပဏီထဲလှမ်းဝင်နေသည့် စူးထောင်မှာ သူတို့ဖောက်လိုက်သော ရောင်စုံပန်းမွှားတွေကြောင့် လန့်သွား၏။
လျန်ခယ့်၊စွင်းရှောင်ကျယ်နှင့် လုပ်ဖော်ကိုင်ဖက်များစွာတို့သည် စူးထောင် အောင်ပွဲခံပြန်လာခြင်းမှ ကြိုဆိုဂုဏ်ပြုကြသည်။
စူးထောင်က ခေါင်းပေါ်ရှိ ရောင်စုံစက္ကူစများကို ဖယ်ရှားရင်း အံ့အားသင့်နေသည့်ပုံဖြင့် မေးလိုက်၏။"ရှင်တို့ ဘာလုပ်နေကြတာလဲ။"
"ဒီလို ခက်ခဲတဲ့အလုပ်ကိစ္စကို အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ လာ လက်ခုပ်တီးကြရအောင်။"
"လက်ခုပ်သံများ ထွက်ပေါ်လာသည်။ စူးထောင်က နံဖူးကိုရိုက်လိုက်ရင်း" ရပ်၊ရပ်ပါ ဘယ်ကအလုပ်ကိစ္စအောင်မြင်ရမှာလဲ။ သူတို့က အစမ်းရိုက်ကူးရေး လုပ်ဖို့ကိုပဲ သဘောတူထားတာ။"
လျန်ခယ့်ကို အစမ်းရိုက်ကူးရေး လုပ်မယ့်အကြောင်း ကြိုမပြောလိုက်သင့်ပေ။
လျန်ခယ့်က စူးထောင်ကို အဓိပ္ပာယ်အပြည့်နှင့် တံတောင်ဖြင့်တွန်းလိုက်ပြီး "ငါသိတယ်နော်~~~"
စူးထောင်မှာ ပြောစရာစကားမဲ့သွားကာ "ဘာကိုသိတာလဲ။ ဝင်ပေါက်ဖယ်ပေး။"သူမက သူ့ကိုတွန်းပြီး ကုမ္ပဏီထဲသို့ ဝင်သွားကာ ရုံးခန်းတံခါးသို့ ရောက်ခါနီးတွင် မပျော်ရွင်သောမျက်နှာဖြင့် လျိုဝမ်ထောင်က သူမကိုတားဆီးလာ၏။
သူမက ခနဲ့လိုက်ပြီး "ဒါရိုက်တာစူးက တကယ်ဆွဲဆောင်မှုရှိတာပဲ။ လိုချင်တာ မှန်သမျှ အကုန်ရလာတယ်နော်။"
လျိုဝမ်ထောင်၏ ထပ်ခါတလဲလဲ ရန်စမှုများကြောင့် စူးထောင်က စိတ်ရှည်သည်းခံမှုများ ပျောက်ဆုံးသွားတော့သည်။ သုန်မှုန်နေသော မျက်နှာဖြင့် သူမကိုကြည့်ကာ ပေါ့ပေါ့တန်တန် ပြောလိုက်၏။
" ရှင် ဆိုရိုးစကားတစ်ခုကို ကြားဖူးလား။ မနာလိုမှုက လူတွေကို အသိအမှတ် မပြုနိုင်လောက်အောင် ပြောင်းလဲသွားစေနိုင်တယ်တဲ့။ ကိုယ့်သိက္ခာ ကိုယ်ထိန်းပါ။"
စူးထောင်က ရုံးခန်းထဲကို လှမ်းဝင်လိုက်ကာ တံခါးကို ဘန်းကနဲ ပိတ်လိုက်သည်။ အပြင်ဘက် အလုပ်ခန်းနေရာမှ ရယ်သံများထွက်ပေါ်လာ၏။
လျန်ခယ့်က ဘယ်အချိန်ကတည်းက လျိုဝမ်ထောင်အနောက်တွင် ရပ်နေမှန်းမသိချေ။ သူက မထီမဲ့မြင်ပြုရင်း သူမကိုမျက်လုံးလှန်ပြကာ စူးထောင်၏ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
လျိုဝမ်ထောင်၏ မျက်နှာက ဒေါသကြောင့်နီမြန်းလာကာ စူးပုပ်ပုပ်ဖြင့် ထွက်သွားတော့သည်။
------
ယနေ့ ထျန်းကျင် group ရုံးချုပ်တွင် အပေါ်မှအောက်အထိ ပျော်ရွှင်ဖွယ် အငွေ့အသက်များဖြင့် လွှမ်းခြုံထား၏။
အဘယ်ကြောင့်ဆိုသော် ဥက္ကဌဖြစ်သူမှာ အလုပ်ကိစ္စနှင့် ခရီးထွက်နေသောကြောင့် ဖြစ်သည်။
အနည်းဆုံး တစ်ပတ်လောက်ကြာမည်ဖြစ်သည့်အတွက် group chat တစ်ခုလုံး ပီတိများနှင့် ဖြာဝေနေတော့သည်။ သူတို့မှာ ဒီညကလပ်သွားရန်ပင် အစီအစဉ်ဆွဲထားကြ၏။
မနက်ဖြန်တွင် Sea Wave 2 ရိုက်ကူးမည့်နေ့ဖြစ်ပြီး ထုတ်လုပ်သူအဖွဲ့များနှင့် ပါဝင်သွားမည့်ဧည့်သည်များမှာ ယနေ့တွင် ပုံမှန်အားဖြင့် နေရာယူထားကြသည်။
ရှဲ့ကျင်ရဲ့ညွှန်ကြားချက်မပါဘဲ ကျင်းချွေ့ဝမ်က စူးထောင်၏ လေယာဉ်ခရီးစဉ်အကြောင်း ကြိုတင်မေးမြန်းကာ တူညီတဲ့လက်မှတ်ကို တိုက်ရိုက်ဝယ်ယူလိုက်၏။
ထိုလုပ်ဆောင်ချက်ကြောင့် ကျင်းချွေ့ဝမ်က နှစ်ပေါင်းများစွာအတွင်း သူဌေးဆီမှ ပထမဆုံးသောချီးမွမ်းမှုကို ရခဲ့သဖြင့် သူ့ခဗျာ မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားတော့သည်။
သို့သော် ရှေ့ရေးကြိုတွေးလို့ မရဆိုသလိုပင် သူတို့စောင့်ဆိုင်းသည့်နေရာသို့ ရောက်သောအခါ စူးထောင်ကို ဘယ်နေရာမှာမှ မတွေ့လိုက်ရချေ။
ကျင်းချွေ့ဝမ်က အနီးအနားကို ပတ်မေးကြည့်ပြီးနောက် စူးထောင်က သိပ်မကြာခင်တုန်းကပင် လေယာဉ်ပြောင်းစီးသွားပြီး ထွက်ခွာသွားသည်မှာ တစ်နာရီခန့်ရှိပြီ ဖြစ်ကြောင်း သိလိုက်ရ၏။
သူဌေးဖြစ်သူ၏ သုန်မှုန်နေသည့်အမူအရာကို ကြည့်ရင်း တုန်လှုပ်သွားကာ တုန်ယင်နေသည့်လေသံဖြင့် " ၄ နာရီလောက်ကြာပြီးရင် တွေ့လို့ရပြီ။"
ရှဲ့ကျင်၏ ဒေါသက တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။ "စနေ၊ တနင်္ဂနွေနေ့တွေမှာ သူတို့ကို အချိန်ပိုဆင်းခိုင်းလိုက်။"
ကျင်းချွေ့ဝမ် - "..."
လွန်ခဲ့သည့်စက္ကန့်ပိုင်းအတွင်း ပျော်ရွှင်မြူးထူးနေကြသော လုပ်ဖော်ကိုင်ဖက်များထံသို့ နောက်တစ်စက္ကန့်တွင် အချိန်ပိုဆင်းရမည့် သတိပေးချက် ရောက်လာ၏။
ပျော်ရွင်ရပြီးမှ ဝမ်းနည်းသွားရသည့် ခံစားချက်ကို သူတို့ နက်နက်ရှိုင်းရှိုင်း ကြုံတွေ့သွားရတော့သည်။
Murphy's law အရ ကောင်းတာတွေကို ထုတ်ပြောလိုက်ရင် အဲဒါကဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်ဘူးတဲ့။
တခါတရံတွင် လောကရှိအရာများသည် မှော်ဆန်လွန်းလှသည်။ ကျင်းချွေ့ဝမ်က ထိုသဘောတရားကို လက်ကိုင်ပြုရင်း ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေ၏။ တအားကြီး စိတ်မလှုပ်ရှားနဲ့၊သတိပဲနေသွား။
ထို့အပြင် ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်များအတွက်လည်း ၃စက္ကန့်လောက် စာနာသနားပေးလိုက်သည်။
လေးနာရီလေယာဉ်စီးပြီး တစ်နာရီခန့်ကားမောင်းလာပြီးနောက် နောက်ဆုံးတွင်မူ ရိုက်ကူးရေးလုပ်မည့်နေရာသို့ ရောက်လာ၏။
Sea Wave 2ရဲ့ရင်းနှီးမြုပ်နှံသူ ရွေ့ချီမှာ အတော့်ကိုချမ်းသာပြီး အာဏာလည်းကြီးသည်။ ရိုက်ကူးမည့်တည်နေရာအနေနှင့် နန်ချန်ရှိအကောင်းဆုံးကမ်းရိုးတန်းကိုလည်း လက်ဝယ်ရရှိထား၏။
ကမ်းခြေမှာ ရွှေဝါရောင်သဲသောင်ပြင်များနှင့် သာယာနေပြီး တိုက်ခတ်နေသော ပင်လယ်လေကိုမျက်နှာမူကာ လှပသောရှုခင်းတွင် သီချင်းသံများနားဆင်ရင်း အုန်းပင်အောက်တွင် ရပ်နေရုံဖြင့် ပူပင်ကြောင့်ကြမှု ကင်းမဲ့သွားသလို ခံစားလိုက်ရသည်။
ရိုက်ကူးရေးနေရာသို့ ကြိုရောက်နေသည့် ဝန်ထမ်းအားလုံးက အပြုံးတွေနှင့်ပြည့်နှက်နေပြီး အလုပ်လုပ်ရသည်မှာ တကယ်အဆင်ပြေသည်ဟုပင် ခံစားလိုက်ရ၏။
မည်းမှောင်သော အမူအရာနှင့် ရှဲ့ကျင်သာလျှင် မနီးမဝေးတွင်ရပ်နေပြီး အလုပ်ရှုပ်နေသော စူးထောင်ကို မကျေမနပ်ကြည့်နေသည်။
သူမက သူ့ကို ရည်ရွက်ချက်ရှိရှိ ရှောင်တိမ်းနေတာမလား။
သူ့နံဘေးတွင် ရပ်နေသည့် ကျင်းချွေ့ဝမ်မှာ သူ့ဘေးနားတွင် လေအေးပေးစက် ရှိနေသလို ခံစားရလိုက်ရပြီး ပူပြင်းနေသော ရာသီဥတုကိုပင် လုံးလုံးမခံစားရချေ။
ပိုမိုကောင်းမွန်သည့် လုပ်ဆောင်မှုရရှိရန်အတွက် ဝန်ထမ်းများက ရှုထောင့်များနှင့် ဖလင်စမ်းရိုက်ကြည့်ရန်လိုအပ်သောအခါ ထုန်မင်ရွှမ်းနှင့် ရှောင်ရှန်းတို့က အစမ်းလျှောက်သည့် လုပ်ငန်းစဉ်တွင် အစပြုကူညီပေးနေ၏။
သူတို့နှစ်ယောက်၏ သိတတ်မှုအပေါ် ကျေနပ်မိသလို စူးထောင်က တခြားပါဝင်မည့် ဧည့်သည်အနုပညာရှင်များက ဘာမှမလုပ်တာကိုလည်း သတိထားမိလိုက်သည်။ တချို့သောသူများက သူတို့အား ရေ၊ အအေးနှင့် မုန့်ပဲသရေစာများ ပေးနေ၏။
သူမ၏အနုပညာရှင် နှစ်ဦးမှာ ရေတစ်ငုံသောက်ခွင့်ရန်ပင်ဝေးစွ တစ်ချက်လေးတောင် အနားယူခွင့် မပေးချေ။လူတွေက သူတို့အား ဟိုလှုပ်ဒီလှုပ် မလုပ်ကြရန်နှင့် ရုပ်ရှင်အဖွဲ့သားများ၏ အချိန်ကို နှောင့်နှေးအောင် မလုပ်ရန် အော်ဟစ်ပြောဆိုနေကြသည်။
"ဒါဘယ်လိုဖြစ်ရတာလဲ။ ကျွန်မတို့ဘက်က ဒီတိုင်းတက်တက်ကြွကြွနဲ့ ကူညီပေးရုံပဲကို ဘာလို့ ကျွန်မတို့လုပ်သင့်တဲ့ အလုပ်လိုမျိုးဖြစ်သွားရတာလဲ။ နေကျဲကျဲတောက်ပူနေတဲ့အောက်မှာ တစ်နာရီလောက်နီးပါး ရှုတင်ရိုက်ပေးရတာ ရေတစ်ငုံလောက်သောက်ချင်တာတော့ မလွန်ဘူးမဟုတ်လား။"
"သူတို့ရဲ့သဘောထားက ဘယ်လိုကြီးလဲ။ နာမည်မကြီးတာနဲ့ပဲ ဒီလိုမျိုး လူတွေကိုအနိုင်ကျင့်လို့ ရသွားရောလား။"
"ပြီးတော့ ကျွန်မတို့အတွက် သူတို့ချပေးထားတဲ့အခန်းကိုလည်း ကြည့်ပါဦး။ သူတို့ကျတော့ ပင်လယ်ကမ်းစပ်မှာရှိတဲ့ 5 starsဟော်တယ်က အခန်းတွေမှာတည်းပြီး ကျွန်မတို့ကိုကျတော့ မိုင်တစ်ရာလောက်ဝေးတဲ့ ဟော်တယ်ငယ်က အိပ်ရာနှစ်ခုပါတဲ့ အခန်းပဲပေးတယ်။"
"ok ဟော်တယ်က ထားလိုက်ပါတော့။ ကျွန်မတို့အစားအသောက်တွေဘက်ခြမ်းကို နှိုင်းယှဉ်ကြည့်လိုက်တော့လည်း ခွဲခြားဆက်ဆံတာ ရှိနေတုန်းပဲ။ကျွန်တော်တို့က သူတို့နဲ့တူတူစားလို့မရဘူးလား။"
အနုပညာရှင်နှစ်ယောက်၏ အမူဆောင်အေးဂျင့်များနှင့် လက်ထောက်များက စူးထောင်ထံ လာညည်းတွားကြ၏။
စူးထောင်သည် အစပိုင်းတွင် သည်းခံထားသေးသော်လည်း ထုန်မင်ရွှမ်းက လှိုင်းလုံးကြီးပုတ်ခံလိုက်ရသောကြောင့် ပင်လယ်ထဲလဲကျသွားပြီး ထရန်ရုန်းကန်ကာ ပင်လယ်ရေသီးသွားသည့်ပုံစံကို မြင်လိုက်ရသောအခါ ထပ်သည်းမခံနိုင်တော့ချေ။
"မျက်နှာသုတ်ပုဝါသွားယူပြီး သူတို့ကိုကူညီ ပေးလိုက်ပါ။" စူးထောင်က လက်ထောက်နှစ်ယောက်ကို ညွှန်ကြားလိုက်ပြီး တစ်ဖက်တွင် လူသတ်တော့မည့်အကြည့်ဖြင့် ဒါရိုက်တာကို သွားရှာတော့သည်။
ရွေ့ချီတွင် ကိုယ်ပိုင်ထုတ်လုပ်ရေး အဖွဲ့ရှိ၏။ Sea Wave 2သည် မူလက Sea Wave promise Season 2ဖြစ်သည်။ မနှစ်က Season 1မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး သာမန်ဧည့်သရုပ်ဆောင်တော်တော်များကို ကျော်ကြားသွားစေ၏။ ထုတ်လုပ်သူ ကျိုးကျစ်သည်လည်း နာမည်ရလာပြီး သူ့တန်ဖိုးမှာလည်း တဟုန်ထိုးတက်လာသည်။
မူလက ကျိုးကျစ်သည် နောက်ကျမှလာရန် စီစဉ်ထားသော်လည်း ဝူရှဲ့ယွီက လူကိုယ်တိုင်ရောက်လာမည့် သတင်းကို ကြားသွားသောအခါ လေယာဉ်ခရီးစဉ်ကို အမြန်ပြောင်းလိုက်ကာ အလျင်အမြန် ရောက်လာခဲ့၏။
သူရောက်လာချိန်တွင် ရိုက်ကူးရေးက ရပ်တန့်နေ၏။အစကတည်းက နောက်ကျမှ ရောက်လာသောကြောင့် ယနေ့အတွက်ရိုက်ကူးရေးက နှောင့်နှေးနေပြီဖြစ်သည်။ကျိုးကျစ်က ဝူရှဲ့ယွီ မကြာခင်ရောက်လာတော့မည်ကိုသိသဖြင့် မည်းမှောင်သောမျက်နှာပေါ်တွင် စိတ်ပူပန်မှုအပြည့်နှင့်ဖြစ်နေကာ အလျင်စရောက်လာပြီး ဘာတွေဖြစ်နေတာလဲဟု မေးတော့သည်။
သူထိုနေရာသို့လျှောက်သွားသည်နှင့် မိန်းမငယ်လေးတစ်ယောက်က ဒါရိုက်တာဖြစ်သူအား ပြတ်ပြတ်သားသား ပြောနေသည့်အသံကို ကြားလိုက်ရ၏။"ဟိုနေရာမှာ အနုပညာရှင်တွေအများကြီး အနားယူနေတာ ရှင်တို့က တခြားတစ်ယောက်ကို ခဏခေါ်ရိုက်ခိုင်းလို့ မရဘူးလား။"
"ဘာတွေဖြစ်နေတာလဲ။ ဘယ်သူက ရိုက်ကူးရေးကို နှောင့်နှေးအောင် လုပ်နေတာလဲ။"ပေါင် ၁၈၀ခန့်ရှိသော ကျိုးကျစ်က အာခေါင်းသံကြီးဖြင့် ကျယ်လောင်စွာအော်လိုက်သည့်အသံက ကုလားထိုင်ခပ်မြင့်မြင့်ပေါ်တွင် ထိုင်နေသော ဒါရိုက်တာအား ပြုတ်ကျလုနီးပါးဖြစ်သွားစေ၏။
ဒါရိုက်တာက မတ်တပ်ရပ်လိုက်ပြီး ကျိုးကျစ်ကို ညည်းတွားပြလိုက်သည်။"အဲဒါ သူမပါ။ သူမရဲ့အနုပညာရှင်တွေအတွက် စိတ်မကောင်းဖြစ်ပြီး ထပ်ရိုက်ခွင့်မပေးတော့ဘူးတဲ့။"
"မင်းရဲ့လူက ဘယ်အနုပညာရှင်တွေလဲ။" ကျိုးကျစ်ရဲ့မျက်နှာက တင်းမာနေရင်း သူ့ခန္ဓာကိုယ်ခပ်ထွားထွားနှင့်ပေါင်းစပ်လိုက်သောအခါ ပို၍ပင် ကြောက်စရာကောင်းပုံရသည်။
"ကမ်းခြေမှာ ရပ်နေတဲ့နှစ်ယောက်ပါ။"
ကျိုးကျစ်က လှမ်းကြည့်လိုက်သောအခါ သူတို့က နာမည်မရှိတဲ့ အနုပညာရှင်တွေမှန်း သိသွားသဖြင့် ဒေါသများ ချက်ချင်းဆိုသလို ပေါက်ကွဲလာတော့သည်။" အဲဒီနှစ်ယောက်က အစမ်းရိုက်ကူးရေးမှာ ခိုးဝင်လာတဲ့သူတွေမလား။ မင်းတို့ မရိုက်ချင်ရင် မရိုက်နဲ့ကွ။ နာမည်မရှိဘဲနဲ့များ နာမည်ကြီးတွေလို လာသရုပ်ဆောင်နေတယ်။"
စူးထောင်က မျက်လုံးကိုမှိတ်လိုက်ကာ အကျိုးသင့် အကြောင်းသင့် ပြောသည့်အခါ ဆင်ခြင်တုံတရား လွတ်ထွက်မသွားစေရန် ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်၏။
သူမနောက်တဖန် စကားပြောလာသည့်အခါ သူမလေသံကနူးညံ့ပြီး တည်ငြိမ်နေနှင့်ပြီ။ အိတ်ထဲမှ လုပ်ငန်းလိပ်စာကတ်ကိုထုတ်ကာ ကမ်းပေးလိုက်ပြီး "hello ကျင့်ယန် ဖျော်ဖြေရေးကုမ္ပဏီက စူးထောင်ပါ။ ဒါက ကျွန်မရဲ့ လုပ်ငန်းလိပ်စာကတ်ပါ။"
ကျိုးကျစ်က သူမကိုစိုက်ကြည့်လိုက်ပြီး တော်တော်လေး လှနေတာကိုတွေ့တော့ ပေါ့ပေါ့တန်တန်ပင် လုပ်ငန်းလိပ်စာကတ်ကို ယူလိုက်ကာ မောက်မာစွာလက်ကိုဝှေ့ရမ်းလိုက်ရင်း လေသံနည်းနည်းလျော့ပြောလာ၏။" မင်းရဲ့အနုပညာရှင်တွေ ရိုက်ကူးရေးနှောင့်နှေးအောင် လုပ်ထားတဲ့အတွက် ဘယ်လိုပြန်လုပ်ပေးမှာလဲ။"
တာဝန်ယူပေးရမယ်ဟုတ်လား။ ဘယ်လိုမျိုးလဲ။
စူးထောင်က စိတ်ရှည်လက်ရှည်နှင့်ပင် ရှင်းပြပေးလိုက်သည်။" ကျွန်မရဲ့အနုပညာရှင်တွေက စေတနာထားပြီး ကူညီပေးထားတာပါ။ ဒါက သူတို့ရဲ့အလုပ်လည်းမဟုတ်ဘူးလေ။ နောက်ပြီး တစ်နာရီလောက်နီးနီး ဆက်တိုက်ရိုက်ကူးလုပ်နေရတယ်။ ခဏတုန်းကပဲပင်လယ်ထဲပြုတ်ကျလို့ နားလိုက်တာသိပ်မကြာသေး....."
"အကြောင်းပြချက်တွေအများကြီး နားမထောင်ချင်ဘူး။ အခုမင်းကိုမေးနေတာက ရိုက်ကူးရေးနှောင့်နှေးအောင် လုပ်ထားတဲ့အတွက် ဘယ်လိုပြန်လုပ်ပေးမှာလဲ။ ငါတို့သူဌေးက မကြာခင်မှာရောက်လာတော့မှာ။ မင်းငါ့ကို အမြင်ဆိုးအောင် လုပ်နေတာလား။"ကျိုးကျစ်က ရင့်သီးစွာဖြင့် သူမစကားကို ကြားဖြတ်ပြောလာ၏။
ကြည့်လိုက်တာနဲ့ သူက သူမကို သိသိသာသာအပြစ်ဖို့နေမှန်း သဘောပေါက်သွားသည်။
"ဒါဆို ရှင်တို့သူဌေးရောက်လာတဲ့အထိ စောင့်ကြတာပေါ့။ ကျွန်မ သူနဲ့တိုက်ရိုက် စကားပြောလိုက်မယ်။" သူရဲ့ရည်ရွယ်ချက်ကို မြင်နေရတော့ စကားဆက်ပြောနေရင်လည်း အပိုပဲဆိုတာ စူးထောင် သိလိုက်ပြီ။
လူသစ်များကို တွန်းအားပေးခြင်းနှင့် ဖိနှိပ်ခြင်းသည် ဤနယ်ပယ်တွင် အလွန်အဖြစ်များသည်။ နာမည်မကြီးတဲ့အတွက် ခေါင်းငုံ့ခံသင့်သော်လည်း ဒီလိုအနိုင်ကျင့်တာကိုတော့ သူမသည်းမခံနိုင်ပေ။ တစ်ခါတရံတွင် တခဏတာ သည်းခံလိုက်ခြင်းက ကိစ္စတွေကိုချောမွေ့အောင် မလုပ်နိုင်သည့်အပြင် တစ်လက်မပေးလျှင် တစ်မိုင်လိုချင်သည့်ဘက်ကို အားပေးရာ ရောက်သွားစေ၏။
လူသစ်တွေဖြစ်နေရင်တောင်မှ သူတို့ကိုအနိုင်လာကျင့်လို့ မရဘူးဆိုတဲ့အကြောင်း ဒီကောင်တွေကို နားလည်အောင်ပြပေးလိုက်မယ်။ ဒါမှ သူမရဲ့အနုပညာရှင်နှစ်ယောက်က နောင်မှာရှုတင်ရိုက်တဲ့အခါ အနိုင်ကျင့်မခံရမှာ။
သူမ ဒီလောက်ခံနိုင်ရည်ရှိမယ်လို့ သူ မမျှော်လင့်ထားပေ။ သို့သော် ကျိုးကျစ်က သူတို့အထိနာအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသည့်အတွက် ဇွတ်ပင် ရှေ့ဆက်တိုးတော့သည်။
"ကောင်းပြီလေ ဒါဆိုငါတို့အကုန်လုံး ရပ်လိုက်ကြတာပေါ့။ ဘယ်သူမှ ရိုက်ကူးရေးမလုပ်ရဘူး။ ငါတို့ဆုံးရှုံးမှုတွေကို စာရင်းရှင်းပြီး လျော်ကြေးငွေကို စောင့်ကြမယ်။" ကျိုးကျစ်က ပြင်းပြင်းထန်ထန်ပြောလိုက်ပြီး မောက်မာစွာဖြင့် နေကာမျက်မှန်ကို တပ်လိုက်၏။
"ဘာလို့ရပ်လိုက်တာလဲ။ သူဌေးကို တွေ့လိုက်လို့လား။" ရုတ်တရက် မေးလာသည့်အသံက ကျိုးကျစ်ကို အထိတ်တလန့်ဖြစ်သွားစေပြီး ချက်ချင်းပင် မျက်မှန်ကို ချွတ်လိုက်၏။ သူ၏အဆီထူနေသောမျက်နှာဖြင့် ပြုံးပြလိုက်သည်။
"သူဌေးဝူ!! ကြည့်ပါဦး ဒီလောက်ပူနေတဲ့နေရာကို အလုပ်ရှုပ်ခံပြီး အပြေးလေးလာရတယ်လို့။ မြန်မြန် သူဌေးဝူအတွက် ကုလားထိုင်တစ်လုံး ယူလာပေးကြစမ်း။" ကျိုးကျစ်က ဖော်လံဖားလုပ်နေကာ မသိရင် သူကိုယ်တိုင် ဝူရှဲ့ယွီထိုင်ရန် ထိုင်စရာခုံအဖြစ် ပြောင်းပေးချင်နေသည့်ပုံမျိုးပင်။
ဝူရှဲ့ယွီက ဝေ့ကြည့်လိုက်သော်လည်း သူ့သူဌေးကို မတွေ့ပေ။ သူ့အကြည့်က စူးထောင်ထံရောက်သွားပြီး စက္ကန့်အနည်းငယ်ကြာအောင် ငေးကြည့်နေရင်း မသေချာသေးသည့်ပုံစံဖြင့် သူမကိုနောက်တစ်ကြိမ်ထပ်ကြည့်လာသည်။