← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

စူးထောင် ကုမ္ပဏီသို့ ပြန်ရောက်ပြီး နှစ်ရက်အကြာတွင် သူမက အခက်ကြုံနေသော အလုပ်များကို တစ်ပတ်အတွင်း အမြန်ကိုင်တွယ်ဖြေရှင်းခဲ့သည်။ လေ့ရွှမ်သည် တံခါးခေါက်ကာ ယနေ့ည ၉နာရီတွင် ဒါရိုက်တာ ဟွာချွင်းကျန်းနှင့် ညစာစားရန် ချိန်းဆိုထားတာရှိသည်ကို သတိလာပေး၏။

စူးထောင်သည် ဖိုင်တွဲထဲမှ အချိန်ကိုကြည့်လိုက်ရာ နှစ်နာရီ ကျန်နေသေးပြီး အခုအချိန်က အကောင်းဆုံးပင်။

လွန်ခဲ့သည့်နှစ်ရက်က ဟွာချွင်းကျန်းဟာ ကျန်းချန်သို့အလုပ်ကိစ္စဖြင့် ခရီးထွက်နေသည်ကို သိသွားပြီး ဒီနေ့တွင် သူနှင့်ညစာစားရန် ချိန်းဆိုထားသည်။

စူးထောင်သည် ကျန်းချီကွမ်း ပြင်ဆင်ပေးလိုက်သော ရှေးဟောင်းဆေးပြင်းလိပ်ပုလင်းကို လက်ဆောင်ဘူးကိုယူလိုက်ပြီး ရုံးခန်းထဲရှိမီးများကို ပေါ့ပေါ့တန်တန်ပိတ်လိုက်ရာ ရုံးခန်းတစ်ခုလုံး အမှောင်ထုထဲ ကျသွားတော့သည်။

မည်းမှောင်နေသော ရုံးခန်းနှင့်ဆန့်ကျင်စွာ တစ်ဖက်တိုက်ခန်းက လင်းထိန်နေ၏။ ထျန်းကျင်ဖျော်ဖြေရေး group ကြီး၏ ထိပ်တန်းအမှုဆောင် ဒါရိုက်တာများသည် ဧည့်ခန်းထဲတွင် အတူတကွ ခေါင်းကို ငုံ့ထားကြပြီး ကြောက်ရွံ့တုန်လှုပ်သလို ခံစားနေရသည်။

အဆောက်အဦ မှန်ပြတင်းပေါက်များမှတဆင့် ကျင့်ယန်ဖျော်ဖြေရေး ဆိုင်းဘုတ်ကိုပင် မြင်နိုင်၏။

သူဌေးဖြစ်သူ ဘာလို့ကျန်းချန်မှာ တိုက်ခန်းဝယ်ပြီး ပေ့ချန်ကနေ ဒီကိုလာဖို့ သူတို့ကို ဖုန်းဆက်ခေါ်လဲဆိုတာ လူတိုင်းက ပဟေဌိဖြစ်နေကြသည်။

ကံကောင်းထောက်မစွာပင် ပေ့ချန်သည် ကျန်းချန်နှင့် သိပ်မဝေးသည့်အတွက် တစ်နာရီသာ လေယာဉ်စီးလာရ၏။

သို့ရာတွင် သူဌေး၏ဒေါသမှာ အမှန်တကယ် ကြောက်စရာကောင်းလှသည်။ ပေ့ချန်က ကုမ္ပဏီမှာသာဆိုရင် သူတို့ကြိမ်းမောင်းခံထိပြီးရင် အနည်းဆုံးတော့ ကိုယ်ရုံးကိုယ်ပြန်လို့ရပြီး ဤနေရာတွင်တော့ ကြိမ်းမောင်းခံနေရလည်း သူဌေးဘေးတွင်သာ သူတို့နေနေရသည်။

စကားလုံးနဲ့ဖော်ပြရမယ်ဆိုရင် နှစ်လုံးထဲပဲ။'နာကျင်တယ်။'

"Hot search က ဘာလို့ မကျသွားသေးတာလဲ။"

ရှဲ့ကျင်သည် တက်ပလက်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး မည်းမှောင်သောမျက်နှာဖြင့် ဝူရှဲ့ယွီကို ကြည့်ကာ မေးခွန်းထုတ်နေ၏။

သူက လေဆိပ်ရှိ စူးထောင်နှင့် ကုယိယန်ကြား အပြန်အလှန် ပြောဆိုဆက်ဆံနေသော ဗီဒီယိုကို ညွှန်ပြလိုက်သည်။ hot search ခေါင်းစဉ်မှာ "#ကုယိယန်မန်နေဂျာရဲ့ ရင်အေးစေတဲ့အပြုံး။"

စာပါအကြောင်းအရာမှာ 'ကုယိယန်တစ်ယောက် လေဆိပ်မှာ တချိန်လုံးဆူပုတ်နေပြီး သူ့ရဲ့မန်နေဂျာစူးထောင်ကို တွေ့လိုက်တော့မှပဲ ပြုံးလာတော့တယ်' ဟူ၍ဖြစ်သည်။

တော်တော်များများကလည်း စူးထောင်၏ အလှကို ချီးကျူးထားကြပြီး သူမ၏အပြုံးမှာ နွေးထွေးပြီး ရင်ထဲအေးမြစေသည်ဟု ပြောနေကြ၏။

ဝူရှဲ့ယွီ၏ နှုတ်ခမ်းက လှုပ်ရမ်းသွားတော့သည်။ဤအရာမှာ နှစ်လယ်ဈေးပွဲတော်ပြီးနောက် ကုယိယန်၏ ကျော်ကြားမှု မြင့်တက်လာသည့် အရှိန်ကြောင့်သာ အကြောင်းအရာက သိသိသာသာ ကြီးသွားပြီး တခြားဘာရည်ရွယ်ချက်မှ မရှိပေ။

လတ်တလောမှာ ကုယိယန်၏ ကျော်ကြားမှု မြင့်တက်နေသည့်အတွက် ကိစ္စသေးသေးလေးပင်လျှင် ကြီးသွားနိုင်ပြီး တချို့မားကတ်တင်းအကောင့်များက သူ့ကျော်ကြားမှု မြင့်တက်အောင် ဤအခွင့်အရေးကို ကြိုးစားပမ်းစား လုပ်ဆောင်ပေးနေ၏။

ထို့အပြင် ဤ hot search မှာ ကုယိယန်နှင့် ဆက်နွယ်နေသော တခြားအကြောင်းအရာများနှင့် ယှဉ်ကြည့်ရင် အောက်ခြေအဆင့်တွင်သာ ရှိနေပြီး သတိပြုမိရန် ခက်ခဲသည်။

"Hot search က အခုကျနေပြီ။"

ဝူရှဲ့ယွီသည် ‌ကျယ်ကျယ်လောင်လောင် မညည်းတွားရဲပေ။ သူအသက်အရွယ်မှာ ကြီးနေပြီဖြစ်သော်လည်း သုံးနှစ်ကလေးအရွယ်လို ကြိမ်းမောင်းခံထိနေဆဲပင်။

ကျင်းချွေးဝမ်က ဝူရှဲ့ယွီအား တိတ်တဆိတ် စာပို့လိုက်ပြီး အနာဂတ်တွင် ပိုပြီးအာရုံစိုက်ရန်၊ ဘယ်အချိန်ဖြစ်ဖြစ် စူးထောင်နာမည် hot searchတွင် ပေါ်လာပါက သူဌေးခိုင်းတာကို မစောင့်ဘဲ ချက်ချင်းဖျက်ချရန် ပြောပေးနေ၏။

ဝူရှဲ့ယွီသည် ကျင်းချွေ့ဝမ်ကို တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ် သူ၏ဖုန်းမှာရုတ်တရက် ထမြည်လာသည့်အတွက် ကြည့်လိုက်ရာ ဒါရိုက်တာ ဟွာချွင်းကျန်းဖြစ်နေသဖြင့် ရှဲ့ကျင်ထံ ညွန်ကြားချက်တောင်းကာ တဖက်သို့ ဖုန်းသွားဖြေလိုက်သည်။

ရှဲ့ကျင်က သူ့မျက်ခုံးကိုပွတ်ပြီး တဖက်ခြမ်းသို့ လှည့်ကြည့်၏။ သူ့အမူအရာက မသိမသာပြောင်းလဲသွားပြီး ကျင်းချွေ့ဝမ်အား စိုက်ကြည့်လာရင်း မေးလိုက်သည်။" သူမ ဘယ်မှာလဲ။"

စူးထောင်၏ ရုံးခန်းပြတင်းပေါက်ကို စောင့်ကြည့်ရန် တာဝန်ပေးထားခံရသော ကျင်းချွေ့ဝမ်သည် မည်းမှောင်နေသော ပြတင်းပေါက်ကို တွေ့သွားရာ ချွေးအေးများ စီးကျလာတော့သည်။

စူးထောင် ဘယ်အချိန်ကတည်းက ထွက်သွားတာလဲ။

"ဒါရိုက်တာ အလှလေးတစ်ယောက် ဒီမှာရှိနေတယ်။ မင်းမျက်နှာသာ ပေးရမယ်နော် ဟုတ်ပြီလား။" ဝူရှဲ့ယွီ၏ ဖုန်းက စပီကာဖွင့်ထားသောကြောင့် ဟွာချွင်းကျန်း၏ အသံမှာ တိုက်ခန်းတစ်ခုလုံး ပျံ့နှံ့သွား၏။

ဝူရှဲ့ယွီမှာလည်း အလွန်ထိတ်လန့်သွားပြီး ကျင်းချွေ့ဝမ်ကဲ့သို့ ချွေးအေးများ စီးကျလာကာ အလျင်အမြန်ပင် အပြစ်ကင်းကြောင်းပြတော့သည်။ "ဒါရိုက်တာဟွာ ခင်ဗျားဘာတွေပြောနေတာလဲ။ အလှလေးပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ အဲဒီလိုမျိုး ဝါသနာမရှိဘူး။ကျွန်တော့်ဘဝ သက်တမ်းတစ်လျှောက်လုံးမှာ အမြဲတမ်း...."

"ဟေးး သူဌေးဝူ မင်းဘာတွေ တွေးနေတာလဲ။ သူက ငါ့သူငယ်ချင်းဟောင်းရဲ့ သမီး‌ပါဟ။ သူမရဲ့အနုပညာရှင်က ငါ့ဇာတ်လမ်းမှာ ဝင်သရုပ်ဆောင်ချင်နေတော့ ဒီအတိုင်း ငါ့ဘက်က အဆက်အသွယ်ရအောင် ကူညီပေးရုံပဲ။"

နောက်ဆုံးတွင် ဝူရှဲ့ယွီသည် အသိစိတ်ပြန်ဝင်သွားပြီး ငြင်းဆန်ဖို့လုပ်ခါနီးတွင် ကျင်းချွေ့ဝမ်က ရုတ်တရက် အိုင်ဒီယာတစ်ခုရသွားသလိုမျိုး တစ်ဖက်ခြမ်းရှိ ပြတင်းပေါက်ကို ကြည့်ကာ တစ်ခုခုကိုသဘောပေါက်သွားပုံရပြီး အလျင်အမြန်ပင် ဝူရှဲ့ယွီအား မျက်လုံးဖြင့် အရိပ်ပြပေးလိုက်တော့သည်။

ဒုက္ခများနေသော ညီအစ်ကိုနှစ်ယောက်ကသာ အရိပ်အမွက်ကို အချင်းချင်းနားလည်နိုင်၏။ ဝူရှဲ့ယွီသည် အလျင်အမြန်ပင် မေးလိုက်သည်။"ဒါရိုက်တာဟွာ ဘယ်က ဒါရိုက်တာအလှလေးလဲ။"

"စူးထောင်လေ ကျင့်ယန်ဖျော်ဖြေရေးရဲ့ဒါရိုက်တာ၊သူမက တော်တော်လေးကို စွမ်းဆောင်ရည်ရှိတဲ့ ကလေးမလေးတစ်ယောက်ပါ။"ဝူရှဲ့ယွီနှင့် ကျင်းချွေ့ဝမ်က တစ်ချိန်တည်းမှာပင် အပူလုံးကြီးကျသွားကာ ဝမ်းသာနေပုံရ၏။ နှစ်ယောက်လုံးက ရှဲ့ကျင်ကိုလှမ်းကြည့်လိုက်ပြီး ချီးမွမ်းမှုကို စောင့်နေကြသည်။

တိတ်ဆိတ်နေစောရှဲ့ကျင်သည် တံတောင်ဆစ်ကို ထိုင်ခုံလက်ရန်းပေါ်တင်ကာ လက်ကိုချိတ်လိုက်ရင်း မျက်လုံးပင့်ပြီး ဝူရှဲ့ယွီကို ကြည့်ကာ ပြောလိုက်သည်။ "သွားတော့။"

---

စူးထောင်သည် ကြိုတင်ငှားယူထားသော ကလပ်ရှိသီးသန့်အခန်းသို့ ရောက်လာ၏။ သူမက ဟွာချွင်းကျန်းကို ဧည့်ခံရမည်ဖြစ်သောကြောင့် တရုတ်ရိုးရာအိမ်ပုံစံအခန်းကို တမင်ပင် ရွေးချယ်ခဲ့သည်။

ရိုးရှင်းပြီး လှပသပ်ရပ်သော သစ်သားစားပွဲနှင့် ထိုင်ခုံများသည် အခန်းအလယ်တွင် နေရာယူထား၏။ ဝမ်ဖန်စစ်ပေါင်(တရုတ်လက်ရေးလှ ရေးသားသည့်ကိရိယာ)များမှာ ခိုင်မာသောယဉ်ကျေးမှု အငွေ့အသက်များဖြင့် ပြည့်ဝနေကာ သိမ်မွေ့ပြီးထူးခြားသော ခံစားချက်ကို ပေးစွမ်းနေသည်။

ဟွာချွင်းကျန်းသည် ရှေးခေတ်ဇာတ်လမ်းများ ရိုက်ကူးမှုတွင် အလွန်ကျော်ကြားပြီး ရှေးခတ်ဇာတ်လမ်းများ ဖန်တီးရာတွင် တရုတ်ရိုးရာအပြင်အဆင်များဖြင့် ဇာတ်အိမ်ဖွဲ့ရသည်ကို သူနှစ်သက်ကြောင်း စူးထောင်သတိရမိသွား၏။

အရင်က သူသည် ထိပ်တန်းသရုပ်ဆောင်များနှင့်သာ လက်တွဲလုပ်ခဲ့ပြီး စူးထောင်အမေနှင့်အဆက်အဆံလုပ်ရသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် နှစ်ပေါင်းများစွာ ရင်းနှီးနေကြသည်။

စူးထောင်းဟာ ကလေးဘဝတုန်းက ကျောင်းပိတ်ရက်တိုင်း ကစားရန် ရိုက်ကူးရေးအဖွဲ့သားများထံ မကြာခဏ အလည်သွားလေ့ရှိ၏။ နှစ်ပေါင်းများစွာကြာပြီးနောက် ဟွာချွင်းကျန်းအား 'အန်ကယ်ဟွာ' ဟုခေါ်ခြင်းမှာ စူးထောင်အတွက် သင့်လျော်ပါသည်။

ဟွာချွင်းကျန်းကိုနေရင်း စူးထောင်က လက်ဖက်ရည်အတွက် ပြင်ဆင်ရန် ရေကိုအရင်ကြိုချက်လိုက်၏။ သူမ အမေကို ဘယ်လောက်မျက်နှာသာ ပေးမည်ဆိုတာ မသိသောကြောင့် သူစိတ်ကျေနပ်စေရန် သူမအကောင်းဆုံး ကြိုးစားနေသည်။

သို့ရာတွင် ဟွာချွင်းကျန်းတစ်ယောက် သီးသန့်အခန်းကို ဆွဲဖွင့်လိုက်သောအခါ သူ့အနောက်တွင် စူးဟောင့်ရန် ပါရှိနေသည်ကို စူးထောင်တွေ့လိုက်ရသဖြင့် အံ့ဩမင်သက်သွားမိ၏။

စူးဟောင့်ရန်သည် စူးထောင်အား မြင်သည့်အခါအံ့ဩသွားပုံမရဘဲ ချစ်ခင်စွာနှင့်ပင် ခေါ်လာသည်။"ထောင်ထောင် မင်းဒီကို အရင်ရောက်နေတာပဲ။"

စူးထောင် အံ့ဩသွားသည်ကို မြင်သောအခါ ဟွာချွင်းကျန်းက ပဟေဌိဖြစ်သွားသော်လည်း EQ မြင့်မားသည့်အတွက် သူကရယ်မောကာ အခန်းတွင်းရှိ ကို့ယို့ကားယားဆန်မှုကို ဖြတ်တောက်လိုက်ပြီး " စူးထောင်လေး မင်းနဲ့မင်းရဲ့အစ်ကိုကတော့ တကယ်ကိုစိတ်ချင်းဆက်နေကြတာပဲ။ တစ်ယောက်ပြီးတစ်ယောက် ငါ့ကိုညစာစားဖို့ ဖိတ်ခေါ်နေကြတယ်။ နှစ်ယောက်သားက ကြိုပြီး မဆွေးနွေးထားရဘူးလား။"

စူးထောင်သည် စူးဟောင့်ရန်‌ဘေးနားက သရုပ်ဆောင်ကို မြင်သောအခါ ရုတ်တရက် သဘောပေါက်သွားသော်လည်း သူမအမူအရာ တည်ငြိမ်နေပြီး နူးညံ့သိမ်မွေ့စွာပြုံးလိုက်ကာ "မလုပ်ထားရဘူး အန်ကယ်၊ အန်ကယ်ဟွာ လက်ဖက်ရည်သောက်ပါဦး။"

စူးဟောင့်ရန်နှင့် သူ၏သရုပ်ဆောင်လည်း ထိုင်လိုက်ကြ၏။ စူးထောင်က စူးဟောင့်ရန်အား လက်ဖက်ရည်ခွက် ကမ်းပေးလိုက်ရင်း အေးတိအေးစက် စိုက်ကြည့်ပြီးမှသာ သူမအကြည့်ကို တည်ငြိမ်စွာနှင့် ရုတ်သိမ်းလိုက်သည်။

စူးဟောင့်ရန်သည် ရှက်သွားပုံရပြီး သူ့ဘက်ကပဲ လေထုကိုအရင်ဖြိုခွဲလိုက်၏။ "ထောင်ထောင် ညီမလေးက အခုကျင့်ယန် ဖျော်ဖြေးရေးမှာလား။ မင်းပြောတော့ ဒီနယ်ပယ်ထဲ ဝင်ချင်တယ်ဆို ဘာလို့အိမ်ကို ပြန်မလာတာလဲ။"

စူးထောင်သည် တစ်ချိန်လုံး ယောင်ယောင်လေးသာ ပြုံးနေကာ နူးညံ့စွာဖြင့်ပြောလာသည်။"ညီမက အိမ်ပြန်မလာတာ တစ်နှစ်လောက်ရှိနေပြီ။ အကိုကြီးက အခုမှပဲ ညီမအကြောင်း မေးတော့တယ် နော်။"

ရေနွေးကြမ်းနည်းနည်း သောက်လိုက်ပြီးနောက် ဟွာချွင်းကျန်းက မောင်နှမနှစ်ယောက်ကြားက စကားနာထိုးနေမှုကို သတိမမှုမိသလိုမျိုး အားရပါးရရယ်ကာ "ထောင်ထောင် နေရာရွေးထားတာ ကောင်းတယ်။ ငါ ဒီလိုပတ်ဝန်းကျင်မျိုးကို ကြိုက်တယ်။ မင်းအမေလည်း ငါ့အတွက်လက်ဖက်ရည် လုပ်ပေး‌ဖူးတယ်။ သူမလုပ်ပေးတဲ့ ‌လက်ဖက်ရည်ကို သောက်ရတာတကယ်ကြိုက်တာ။"

သူမအမေအား ထည့်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ စူးထောင်၏ အပြုံးမှာ ပို၍ပင် စစ်မှန်ရိုးသားလာ၏။ "အမေ့ရဲ့ ခြေဖျားလောက်တောင် သမီးက မမီပါဘူး။"

"အိုင်းယား ဆယ်နှစ်တောင် ရှိသွားပြီပဲ။" စူးထောင်၏ အမေအကြောင်းကို ပြောနေရင်း စိတ်ထိခိုက်သွားသလို ခံစားသွားရပြီး ခွက်ကိုချလိုက်ကာ သူမကိုပြန်အမှတ်ရနေသလိုမျိုး" ငါဖန်တီးခဲ့တဲ့ ဇာတ်လမ်း၁၀ခုမှာ ၈ခုလောက်က သူမနဲ့ပဲ လက်တွဲလုပ်ခဲ့တာ။ အမှန်အတိုင်းပြောရရင် မင်းဒီနယ်ပယ်ထဲ ဝင်လာလို့ ငါတော်တော်ကျေနပ်မိတယ်ကွာ။ အရင်က မင်းအမေရဲ့စိတ်အားထက်သန်မှုမျိုး မင်းဆီမှာရှိတယ်။"

ဟွာချွင်းကျန်းက အကြောင်းအရာကို ပြောင်းလိုက်ကာ သူ့နံဘေးရှိစူးဟောင့်ရန်ကို ပုတ်လိုက်ပြီး"ဟောင့်ရန်လည်း မဆိုးပါဘူး။ ကုမ္ပဏီကို ကောင်းကောင်းစီမံနိုင်တယ်။"

"ဒါတွေအားလုံးက ကုမ္ပဏီအတွက် ကျွန်တော့်အမေအုတ်မြစ်ကောင်းကောင်း ချခဲ့လို့ပါ။" စူးဟောင့်ရန်သည် ခေါင်းကိုငုံ့ကာ ပြုံးနေပြီး ကြည့်ရသည်မှာ နှိမ့်ချနေပုံရသည်။

စူးထောင်၏ အပြုံးက လုံးဝပျောက်ကွယ်သွားတော့သည်။"ကျွန်တော့်အမေ"ဟု သူပြောလိုက်ချိန်တွင် သူမက မအီမသာ ခံစားလိုက်ရ၏။

အမေအသက်ရှင်နေတုန်းက သူ့နှုတ်ကနေ 'အမေ'လို့ တစ်ခါမှတောင် ခေါ်ခဲ့တာမဟုတ်ဘူး။ အခုတော့ တည့်အောင်ပေါင်းချင်လို့ 'အမေ'ဆိုပြီး နှုတ်က ချောချောမွေ့မွေ့ ခေါ်နေသည်။

စူးထောင်သည် ပြင်ဆင်ထားသော လက်ဆောင်ကို ထုတ်ယူကာ ဟွာချွင်းကျန်းဆီသို့ ကမ်းပေးလိုက်ပြီး "အန်ကယ်ဟွာ အန်ကယ့်ရဲ့မွေးနေ့က မကြာခင်မှာ ရောက်လာတော့မယ်။ ဒါက သမီးအန်ကယ်အတွက် ကြိုပြင်ထားတဲ့ လက်ဆောင်ပါ။"

ဟွာချွင်းကျန်းက စိတ်လှုပ်ရှားစွာဖြင့် လက်ခံလိုက်ပြီး ချက်ချင်းပင် ဖွင့်ဖောက်လိုက်၏။ ကျောက်စမ်းနှင့်တူသော ဆေးပြင်းလိပ်ပုလင်းကို တွေ့လိုက်ရသောအခါ သူ့မျက်လုံးက အရောင်တောက်သွားပြီး သဘောတကျကျဖြင့် လက်ထဲတွင် ထိုပုလင်းကို ဟိုလှည့်ဒီလှည့်ကြည့်နေကာ "အိုင်းယား လက်ရာမြောက်လွန်းတယ်။"

စူးထောင်အပေါ် သူ့အကြည့်တွေက ပို၍ပင် ကြင်နာလာပြီး "စူးထောင်လေး ငါ့ရဲ့ဒီဝါသနာကို မှတ်မိသေးတယ်ပေါ့လေ။ အဲဒီအချိန်တုန်းက မင်းအသက်ဘယ်နှစ်နှစ်ပဲနေသေးလို့လဲ။ မင်းအမေလိုပဲ ဘာစကားမှပြောစရာမလိုဘဲ အကြည့်နဲ့တင် သတိထားမိနေတာ။ ကောင်းတယ် တော်တော်လေးကို ကောင်းတယ်။"

ဟွာချွင်းကျန်း၏ ချှးမွမ်းနေမှုက စူးဟောင့်ရန်၏ မျက်နှာကို မည်းမှောင်သွားစေသည်။ ဟွာချွင်းကျန်းရဲ့‌မွေးနေ့ ရောက်တော့မယ်ဆိုတာ သူတကယ်မထင်ထားမိဘူး။ သူက ဒီအတိုင်း သူ့ကိုယ်ပိုင်အနုပညာရှင်ကို ထောက်ခံပေးချင်လို့ ဟွာချွင်းကျန်းကို ညစာစားဖို့ ဖိတ်လိုက်တာ။

ဝန်မခံချင်သော်လည်း စူးထောင်သည် မျက်နှာလိုမျက်နှာရ လုပ်သည့်နေရာတွင် သူ့ထက်ပိုတော်နေ၏။

ဒီကောင်မလေးက အကြံသမားဖြစ်နေတုန်းပဲ။

စူးဟောင့်ရန်သည် သူ့မျက်မှန်ကို တွန်းတင်လိုက်ပြီး ဘာစကားမှမပြောဘဲ တိတ်တဆိတ်ထိုင်နေသော သူ၏ သရုပ်ဆောင်ကို စိုက်ကြည့်ကာ မျက်လုံးနှင့်အချက်ပြလိုက်ပြီး "နာ့နာ့ ဒါရိုက်တာဟွာကို လက်ဖက်ရည် ငှဲ့ပေးလိုက်ပါဦး။"

ထိုနာ့နာ့ဟုခေါ်သော သရုပ်ဆောင်သည် တော်တော်လေးကို ငယ်ရွယ်ပြီး တဇွတ်ထိုးဆန်ပုံရသည်။ သူမက စူးထောင်ရှေ့ရှိ လက်ဖက်ရည်အိုးကို အင်တင်တင်ဖြင့် လက်လှမ်းလိုက်ပြီး လက်ဖက်ရည်အိုးကို မယူနိုင်ခင်တွင် တံခါးခေါက်သံ ပေါ်လာ၏။

ဟွာချွင်းကျန်းသည် ဆေးပြင်းလိပ်ပုလင်းကို အဝေးပို့လိုက်ပြီး စူးထောင်အား လက်ညိုးထိုးရင်း ရယ်ကာ"ကောင်မလေး မင်းက ငါ့ကို စပရိုက်လုပ်ပေးထားတယ်ဆိုတော့ ငါ့ဘက်ကလည်း မင်းကိုပြန်ပေးမယ်။ ငါ့ဇာတ်လမ်းမှာ ရင်းနှီးမြုပ်နှံမယ့်သူကို ခေါ်ထားတယ်။"

စူးထောင်ရော စူးဟောင့်ရန်ပါ တော်တော်လေးကို အံ့ဩသွားပြီး ထိုသူများကို တံခါးဝတွင် နှုတ်ဆက်ရန် မတ်တပ်ရပ်လိုက်ကြ၏။

သီးသန့်ခန်းတံခါးပွင့်လာသောအခါ ဝူရှဲ့ယွီ၏ မျက်နှာက ပေါ်ထွက်လာသည်။ ရွေ့ချီ Entertainmentက ဒီဇာတ်လမ်းမှာ ရင်းနှီးမြုပ်နှံသည့်အတွက် စူးထောင် အံ့ဩမသွားခင်တွင် ဝူရှဲ့ယွီက ဘေးသို့ဖယ်ပေးလိုက်ရာ ချောမောခန့်ညားပြီး အဆင့်တန်းမြင့်သည့် ပုံသဏ္ဍာန်က လူတိုင်း၏ အရှေ့တွင် ပေါ်လာ၏။

သီးသန့်ခန်းထဲရှိ လူတိုင်းက အံ့ဩသွားကြပြီး ဝူရှဲ့က ချက်ချင်းပင် မိတ်ဆက်ပေးလာသည်။"ဒါက ကျွန်တော်တို့ရဲ့ ဥက္ကဌရှဲ့ပါ။"

ရှဲ့ကျင်၏နက်မှောင်သော မျက်လုံးများက လူအများကြားထဲရှိ စူးထောင်အပေါ်၌သာ ကြာရှည်စွာ ကြည့်နေ၏။ သူက ဟွာချွင်းကျန်းကို လက်ဆွဲနှုတ်ဆက်လိုက်ရင်း စူးဟောင့်ရန်နှင့် သူ့သရုပ်ဆောင်ဘက်ကို အကြည့်တစ်ချက်ပင် ပေးမလာဘဲ အခန်းထဲသို့ဝင်လိုက်သည်။

ထိုင်သောအခါ၌လည်း ဝူရှဲ့ယွီ၏ ရည်ရွယ်ချက်ရှိရှိ စီစဉ်ပေးမှုအောက်တွင် အောင်မြင်စွာနှင့် စူးထောင်နံဘေးရှိ ခုံကို ရလိုက်၏။ သူက တိတ်တဆိတ်ပင် ပိုနီးကပ်ရန် သူ့ထိုင်ခုံကို ရွေ့လာသည်။ ဒီလောက်ကျယ်တဲ့ စားပွဲကြီးမှာ သူတို့နှစ်ယောက်သားကြားတွင် အကွာအဝေးက တော်တော်လေးကို ကျဉ်းမြောင်းနေ၏။

စူးထောင်က သူ့ကို ရှောင်လည်းမရှောင်၊ ပုန်းလည်းမပုန်းပေမယ့် ရှဲ့ကျင်ကို မကြည့်လာပေ။သူမ၏ အမူအရာသည် အနည်းငယ်မျှပင် တုန်လှုပ်မနေဘဲ တည်ငြိမ်နေကာ သူမ ဘာတွေးနေမှန်းမသိရချေ။

"ဥက္ကဌစူးလည်း တစ်ယောက်ယောက်ကို ကိုယ်တိုင်ခေါ်လာပြီး ဒီမှာရှိနေမယ်လို့ ကျွန်တော်မထင်ထားဘူးဗျ။"ဝူရှဲ့ယွီသည် တကယ့်ကို ကောက်ကျစ်သည့် မြေခွေးအိုကြီးပင်။ အကြည့်တစ်ချက်တည်းနှင့် စူးဟောင့်ရန်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး လှောင်ပြောင်လာတော့သည်။

စူးဟောင့်ရန်သည် အရှက်ရနေမှုကို ဖုံးကွယ်လိုက်ကာ ခွက်ကိုမြှောက်တင်ရင်း အပြုံးလေးဖြင့်"သူဌေးဝူ ကျွန်တော့်ကို မရယ်စားပါနဲ့ဗျ။ ဒါရိုက်တာဟွာရဲ့ မွေးနေ့မလား။ ကျွန်တော့်အမေနဲ့ ဒါရိုက်တာဟွာက တစ်ယောက်နဲ့တစ်ယောက် နှစ်တွေအကြာကြီး ရင်းနှီးနေတာ။ ဂျူနီယာတစ်ယောက်အနေနဲ့ ဒါရိုက်တာဟွာကို ညစာဖိတ်ကျွေးချင်ရုံပါ။ ဒီနေရာမှာ သူဌေးဝူနဲ့ ဥက္ကဌရှဲ့ကိုပါ တွေ့ရမယ်လို့ ကျွန်တော်လည်းမထင်ထားဘူး။ အခုအချိန်မှာ ကျွန်တော်တို့ အားလုံးက တစ်မိသားစုတွေပါပဲ။"

စူးဟောင့်ရန်က လက်ဖက်ရည်သောက်နေရင်း စူးထောင်နှင့် ရှဲ့ကျင်ကို တိတ်တဆိတ် စူးစမ်းနေ၏။

သူသိထားသလောက်ဆို နှစ်ယောက်သားက လွန်ခဲ့တဲ့တစ်နှစ်က လမ်းခွဲလိုက်ကြပုံပဲ။ စူးထောင်က ခြေရာလက်ရာတောင် မချန်ဘဲပျောက်ကွယ်သွားလို့ ရှဲ့ကျင်က သူ့အိမ်နဲ့ကုမ္ပဏီကိုတောင် ရောက်ချလာပြီး စူးထောင်ကိုလာဖို့ သူမသူငယ်ချင်းတွေနဲ့ အတန်းဖော်တွေရဲ့အချက်အလက်တွေကို လာတောင်းလိုက်သေးတယ်။

ဒါပေမယ့် သူတို့က စူးထောင်သူငယ်ချင်းတွေရဲ့ အချက်အလက်တွေကို ဘယ်လိုလုပ်သိမှာလဲ။နောက်ဆုံး စူးယန်ရှင်းက စူးထောင်တစ်ယောက် နိုင်ငံခြား ထွက်သွားပြီဆိုတာသိသွားပြီး ပြောပြလိုက်မှသာ ရှဲ့ကျင်က သူမအား ရှာဖွေတာကို ရပ်တန့်လိုက်သည်။

All Chapters