အခန်း (၂၃)
Vol. 3 Ch. 23
ရှဲ့ကျင်၏ ကျေးဇူးကြောင့် လူတိုင်းက ညစာစားချိန်တွင် တော်တော်လေး အဆင်မပြေဖြစ်ခဲ့ကာ အနည်းငယ် အစာမကြေ ဖြစ်သွားကြသည်။
ညစာစားပြီးနောက် လူတိုင်းက သူဌေးဖြစ်သူ၏ နောက်တစ်ကြိမ် ထပ်ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့နေကာ ထိုအခိုက်အတန့်၌ နှောင့်နှေးသွားရင် အောင့်အီးသည်းခံပြီး အလိုလိုက် အကြိုက်ဆောင်ရမည်စိုးသဖြင့် မိမိတို့၏ အခန်းဆီသို့ အနားယူရန် ပြန်သွားခဲ့ကြ၏။
စူးထောင်သည် သူမလက်အောက်ရှိ အလုပ်များနှင့် အနုပညာရှင်များအတွက် အစီအစဉ်များကို ကိုင်တွယ်ပြီးနောက် သူမကိုယ်ပိုင်အခန်းကို ရှာဖွေရန် သတိရသွားတော့သည်။
သူမက အခန်းကတ်ကို ထုတ်လိုက်ပြီး ဓာတ်လှေကားထဲဝင်လိုက်ပြီး အထပ်အရေအတွက်ကို ကြည့်လိုက်ရာ သူမမျက်နှာ မည်းမှောင်သွား၏။
ဟော်တယ်ရှိ ၁၅လွှာမှာ ဇိမ်ခံခန်းများဖြစ်သည်။ တခြားသူများက အဆင့်မီအခန်းများ ရနေချိန်တွင် သူမက ၁၅လွှာရှိအခန်းကို ရထား၏။
ဒီမြင်ကွင်းက ရင်းနှီးလွန်းနေတယ်။
စူးထောင်က ချက်ချင်း ' 1 ' ကိုနှိပ်လိုက်ပြီး အောက်ထပ်ရှိဧည့်ကြိုကောင်တာဆီသို့ ဆင်းသွားကာ သူမအခန်းကတ်ကို ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။ "hello ကျွန်မ သာမန်အဆင့်မီခန်းနဲ့ ပြောင်းချင်လို့ပါ။"
ဧည့်ကြိုကောင်တာက မတုံ့ပြန်ခင်တွင် အခန်းကတ်ကို ဖြူဖွေးချောမွတ်သည့် လက်တစ်ဖက်က လှမ်းယူသွား၏။
စူးထောင်က မော့ကြည့်လိုက်ရာ အမှောင်ယံညကဲ့သို့ နက်ရှိုင်းနေပြီး ယောင်ယောင်လေး ပြုံးနေသော မျက်လုံးနှင့် အကြည့်ချင်းဆုံသွားသည်။
" ဇိမ်ခံခန်းကို လက်လွှတ်ပြီး သာမန်အဆင့်မီခန်းမှာနေချင်တယ်ပေါ့။ ဒါရိုက်တာစူးမှာ သာမန်လူတွေနဲ့ မတူညီတဲ့အတွေးအမြင်ရှိနေတာပဲ။" ရှဲ့ကျင်က နှုတ်ခမ်းထောင့်ကို ကွေးတက်လိုက်ကာ လှောင်ပြောင်လာ၏။
"ကိုယ့်အခန်းနဲ့ကိုယ်ပဲ နေရတာပိုကြိုက်လို့ပါ။" စူးထောင်က အေးတိအေးစက်ပြောလိုက်ကာ အခန်းကတ်ကိုပြန်လုလိုက်ရင်း အရှေ့ကောင်တာကို ကမ်းပေးလိုက်သည်။
အရှေ့ကောင်တာ ဝန်ထမ်းက ကတ်ကိုပဲလှမ်းယူလိုက်ရမလား၊ မယူရဘူးလားဖြစ်နေကာ တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ဘယ်ကိုကြည့်လိုက်၊ညာကိုကြည့်လိုက်လုပ်နေ၏။
"ဒါရိုက်တာစူး ကိုယ်မင်းနဲ့အခန်းတစ်ခန်းထဲမှာပဲ အတူတူနေချင်တယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား။ ရှဲ့ကျင်သည် အပြစ်ကင်းစင်သလို ဟန်ဆောင်ကာ သူ့အခန်းကတ်ကို ထုတ်ယူလိုက်ပြီး သူမရှေ့တွင် ဝှေ့ရမ်းပြလိုက်သည်။
မြို့များစွာကိုပင် သိမ်းယူနိုင်သည့်အပြုံးမျိုးနှင့် ဆွဲဆောင်မှုရှိရှိပြုံးပြပြီး လက်ကိုဘောင်းဘီအိတ်ထဲထည့်ကာ တော်ဝင်ဆန်သည့်ပုံရိပ်ကိုချန်ရင်း လှည့်ထွက်သွားတော့သည်။
သူမ၏ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေမှုကို လှောင်ရယ်နေသကဲ့သို့ပင်။
စူးထောင်က နှုတ်ခမ်းမဲ့လိုက်ပြီး ဓာတ်လှေကားထဲပျောက်ကွယ်သွားသည့် သူ့ပုံရိပ်ကိုကြည့်နေ၏။သူမ၏ အတွေးများမှာ အရှေ့ကောင်တာဝန်ထမ်းကြောင့် ပြတ်တောက်သွားသည်။
"မိန်းကလေး အခန်းပြောင်းချင်သေးလားရှင့်။"
စူးထောင်က တုံ့ဆိုင်းဆိုင်းဖြစ်နေပြီးနောက်တွင် အခန်းကတ်ကိုပြန်ယူလိုက်ရင်း ခေါင်းခါလိုက်၏။
ဟိုတယ်အခန်းကတ်ကို ထည့်လိုက်ပြီးနောက် နွေးထွေးသော အဖြူရောင်မီးလုံးများက ချက်ချင်းပင်လင်းသွားသည်။ အလင်းရောင်ဒီဇိုင်းအား ဂရုတစိုက် လုပ်ထားပုံရကာ သက်သောင့်သက်သာရှိသော ခံစားမှုကိုပေးစွမ်းနေ၏။
ခရီးဆောင်အိတ်ကို နေရာချပြီး လသာဆောင်တံခါး သေချာလော့ခ်ချထား၊မထားကို စစ်ဆေးကြည့်လိုက်ပြီးကာမှ နောက်ဆုံးတွင် စူးထောင်က တင်းထားသည့်စိတ်ကို လျော့ချကာ ရေသွားချိုးတော့သည်။
ရေချိုးသန့်စင်ပြီးနောက် သူမက ဝိုင်နီတစ်ပုလင်းတောင်းလိုက်၏။
အလွန်အကျွံ အလုပ်လုပ်ခြင်းကြောင့် သူမက အိပ်ယာထဲအနားမယူမီ ဝိုင်နီတချို့သောက်သည့် အလေ့အကျင့် တိုးတက်လာသည်။
စူးထောင်မှာ အရက်သောက်နိုင်စွမ်း သိပ်မကောင်းသဖြင့် ဖန်ခွက်အောက်ခြေလောက်သာ ဝိုင်နီကိုလောင်းထည့်လိုက်ပြီး ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားရင်း လသာဆောင်တံခါးကို ကောက်ဖွင့်လိုက်သည်။
ပင်လယ်လေတွေက တိုးဝင်တိုက်ခတ်လာရင်း လန်းဆန်းသည့် ညဉ့်လေပြေညှင်းတွေက သူမအားပင်လယ်ရေအနံ့ကို ခံနိုင်ရည်ရှိစေ၏။ လက်ရန်းကို မှီလိုက်ကာ အဝေးက မှောင်မည်းနေသော ပင်လယ်ကိုကြည့်ရင်း ဝိုင်နီတစ်ငုံသောက်လိုက်သည်။
သူမမျက်လုံးများက ကမ်းခြေအနီး သင်္ဘောဆိပ်ခံတံတားပေါ်ရှိ မီးတန်းဆီသို့ ရောက်သွားကာ အောက်တွင်လမ်းလျှောက်နေကြသော စုံတွဲများကို ဂရုတစိုက်ကြည့်နေ၏။
"ဘယ်အချိန်ကတည်း အရက်သောက်တတ်သွားတာလဲ။"
ရုတ်တရက် ထွက်ပေါ်လာသည့် အသံအက်ရှရှကြောင့် စူးထောင်လန့်သွားပြီး သူမလက်က တုန်တက်သွားသည်။ ဝိုင်ခွက်က လက်ရန်းကို ရိုက်မိကာကန်ထွက်သွားပြီး အထိတ်တလန့်နှင့် အလျင်အမြန် ဖမ်းကိုင်လိုက်သော်လည်း ဖြစ်ပျက်သွားသည်မှာမြန်ဆန်လွန်းသည့်အတွက် ဖန်ခွက်ထဲရှိဝိုင်များက သူမမျက်နှာပေါ် စင်သွား၏။
ကံကောင်းထောက်မစွာပင် ဖန်ခွက်ထဲတွင် ဝိုင်အများကြီးမရှိသည့်အတွက် မျက်နှာလောက်သာ စင်သွားသည်။
စူးထောင်းသည် မျက်လုံးကိုမှိတ်လိုက်ကာ မျက်နှာပေါ်ရှိဝိုင်စက်များကို သုတ်လိုက်ပြီး စိုက်ကြည့်လာ၏။ သူမအခန်းနှင့်ကပ်လျက် လသာဆောင်တွင် ရှဲ့ကျင်က တောင်းပန်လိုသည့် အမူအရာနှင့် ရပ်နေသည်။
စူးထောင်က အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သူနဲ့မမျှော်လင့်ဘဲ တွေ့သည့်အခါတိုင်း သူမ၏ တသီးတခြား နေတတ်သည့်ပုံစံက ချက်ချင်းပျက်ပြယ်သွားသည်ပင်။
"ရှင်က ဘေးအခန်းမှာ နေနေတာလား။" စူးထောင်က ဒေါသကိုမျိုသိပ်လိုက်ရင်း အသံခပ်နိမ့်နိမ့်ဖြင့်မေးလိုက်၏။
"ကိုယ်လည်း အခုမှသိသွားတာ။ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ။" ရှဲ့ကျင်၏အပြစ်ကင်းသလို ဟန်လုပ်သည့်အမူအရာက တဖြည်းဖြည်း အံဝင်ဂွင်ကျဖြစ်လာပြီး အရှက်မရှိသည့်ဘက်ကိုပင် ကူးပြောင်းသွားသည်။
"တိုက်ဆိုင်လိုက်တာနော်" စူးထောင်က အံကြိတ်ပြောကာ တံခါးကိုဆောင့်ပိတ်လိုက်ပြီး မျက်နှာသစ်ရန် အထဲဝင်သွား၏။
--------
ကောင်းလင်မှ အလင်းရောင်ဖျော့ဖျော့ထွက်လာသည်နှင့် ရိုက်ကူးရေးနေရာသို့ ကြိုရောက်နေသော ထုတ်လုပ်ရေး အဖွဲ့သားများက စက်ပစ္စည်းများကို နေရာချကာ တပ်ဆင်တော့သည်။
'ပင်လယ်ကနေ နေထွက်လာတာကို ရိုက်ကူးရုံပါပဲ။'
အနုပညာရှင်များကို ချိန်းထားသည့်အချိန်မှာ မနက် ၇ နာရီဖြစ်ပြီး စူးထောင်၏ နှိုးစက်က ၆နာရီတွင် မြည်လာ၏။ အိပ်ယာထကာ ဆေးကြောသန့်စင်ပြီးနောက် သူမ၏ ပစ္စည်းကိရိယာများနှင့်အတူ အပြင်ဘက်သို့ထွက်လာခဲ့သည်။
ကိစ္စတစ်ခုခုပေါ်လာပါက အလွယ်တကူ ဆက်သွယ်နိုင်ရန် ယာယီ Wechat group တစ်ခုကို သူမထောင်လိုက်၏။
အနုပညာရှင်နှစ်ယောက်က ရိုက်ကူးရေးနေရာသို့ ချောချောမွေ့မွေ့နှင့်ပင် ရောက်လာခဲ့ကြသည်။ စူးထောင်က သူတို့အား ရိုက်ကူးနေစဉ်အတွင်း ဆောင်ရန်ရှောင်ရန်အချက်များကို အတိုချုံးရှင်းပြလိုက်၏။ ထို့နောက် သစ်ပင်တစ်ပင်အောက်တွင် လျှာထိုးဦးထုပ်နှင့် နေကာမျက်မှန်တပ်ထားရင်း ပုန်းကွယ်ကာ ရိုက်ကူးရေးဖြစ်စဉ်ကို လေ့လာနေသည်။
ရှောင်ရှန်း၏ အေးဂျင့်ဖြစ်သူ ရှန်အိုးမှာ လူသစ်ဖြစ်ပြီး စူးထောင်ကို သူတကယ် လေးစားအားကျကြောင်း သူမထံမှသင်ပြမှုကို လိုချင်နေကြောင်းကို ဆက်တိုက်ပြောနေ၏။
ထိုအချိန်တွင် စွင်းရှောင်းကျယ်က ဝင်ပါရမည်ကို မတူမတန်သလို သဘောထားကိုပြနေကာ တစ်ဖက်ခြမ်းတွင် သီးခြားထိုင်လိုက်သည်။
အနက်ရောင် ရှပ်အင်္ကျီကို ကြယ်သီးအနည်းငယ် ဟထားပြီး နေကာမျက်မှန်တပ်ထားသည့် ရှဲ့ကျင်က ကမ်းခြေရှိထိုင်ခုံတစ်ခုတွင်ထိုင်နေကာ မျက်မှန်အောက်ရှိ သူ၏ စူးရှသော မျက်လုံးများက စူးထောင်ရှိရာကို ကြည့်နေရင်း နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ထား၏။
ရိုက်ကူးရေးဝန်ထမ်းနှစ်ယောက်က စူးထောင်ဆီချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ မသိစိတ်အရ အံကြိတ်လိုက်ရင်း သူ့လက်မောင်းကို သူခပ်တင်းတင်းညှစ်လိုက်မိသည်။
ကျင်းချွေ့ဝမ်က ရှဲ့ကျင်၏ အမိန့်အရ အချိုရည်တစ်ဖာကို အမြန်ဝယ်လိုက်ကာ ရိုက်ကူးရေး ခဏနားရန်ပြောလိုက်ပြီး ရိုက်ကူးရေးအဖွဲ့သားများအား ဝေပေးလိုက်၏။
ထိုယောက်ျားများက သောက်စရာယူရန် စူးထောင်ကို ချန်ထားခဲ့တာမြင်တော့ ရှဲ့ကျင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ရေတစ်ပုလင်းကို စိတ်အေးလက်အေး ယူသောက်လိုက်သည်။ သို့သော် သူတစ်မိနစ်လောက်ပင် အနားမယူရသေးခင်မှာ ထိုယောက်ျားများက အချိုရည်တစ်ယောက်တစ်ပုလင်းစီ ကိုင်ထားကြရင်း စူးထောင်ဆီသို့လာကာ ကမ်းပေးလာ၏။
"ဒီအရှက်မရှိတဲ့ကောင်တွေတော့ ကျွန်တော်တို့ပေးတဲ့အချိုရည်ကိုသုံးပြီး မျက်နှာသာရအောင် လုပ်နေတယ်။စိတ်ပျက်စရာ ကောင်းလိုက်တာ။" ကျင်းချွေ့ဝမ်သည်လည်း စူးထောင်ဘက်ခြမ်းကို ဆက်ကြည့်နေသည်။သူမ၏ သဘောထားကသာ ဒီနေ့ သူဌေးပျော်မှာလား၊ဒေါသထွက်မှာလား ဆိုသည်ကို ဆုံးဖြတ်မှာပင်။
ရှဲ့ကျင်က နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ထိုသူများအား အုံ့မှိုင်းနေသောအကြည့်ဖြင့် ကြည့်လိုက်၏။ ကျင်းချွေ့ဝမ်ကို လက်ယက်ခေါ်လိုက်ရင်း "အဲဒီကောင်တွေက ဘာအလုပ်လုပ်တဲ့ သူတွေလဲ။"
ကျင်းချွေ့ဝမ်က ချက်ချင်းပင် သွားစုံစမ်းလိုက်ပြီး နှစ်မိနစ်ပင်မကြာလိုက် သူပြန်လာခဲ့ကာ အလျင်အမြန် တင်ပြပေးလိုက်သည်။"သူဌေး သူတို့၃ယောက်က ကျန်ဟောင်ရဲ့ လက်ထောက်၊ လုထင်ထင်ရဲ့ အေးဂျင့်နဲ့ လျိုရှင်းယွမ်ရဲ့ အေးဂျင့်တွေပါ။"
ရှဲ့ကျင်က မသိစိတ်အရ သူ့လက်ချောင်းများကို လက်ခုံပေါ်တွင် ပုတ်နေ၏။ ကျင်းချွေ့ဝမ်ကတော့ သူဌေးဖြစ်သူ ပြဿနာထပ်ရှာတော့မည်ကို သိနေသည်။
လက်ချောင်းပုတ်တာ ရပ်သွား၏။ သို့သော် ကျင်းချွေ့ဝမ်မှာ ရှဲ့ကျင် ဘာအမူအရာမှ ပြစရာမလိုဘဲ အဆင်သင့်နားစွင့်ထားပြီးနေပြီ။
"ကျိုးကျစ်ကို သူတို့ဆီ ဖုန်းဆက်ခိုင်းလိုက်။ မနက်ဖြန်ရဲ့အချိန်စာရင်းအကြောင်း ထပ်ပြောတာပဲဖြစ်ဖြစ်၊သူပြောချင်တဲ့ဟာ တစ်ခုခုပြောခိုင်းလိုက်ကွာ။ ဒီကောင်တွေကို သူမအနားက ဖယ်ထုတ်လိုက်။"
"သိပါပြီ။" သူက သူတို့စူးထောင်အနားမှာ ဝိုင်းစုပြုံနေတာကို ထပ်မမြင်ချင်ဘူး။ ကျင်းချွေ့ဝမ်တစ်ယောက် သူ့သူဌေးရဲ့စိတ်ကို ဖတ်နိုင်ပြီလို့တောင် ခံစားလိုက်ရ၏။
နောက်ဆုံးတွင် စူးထောင်တစ်ယောက်သာ ကျန်တော့ပြီး သူမရော၊ရှဲ့ကျင်ရော စိတ်သက်သာရာရသွားတော့သည်။ ကျိုးကျစ်တစ်ယောက်သာ ထိုလူတွေနဲ့ပက်သက်သမျှ အရာတိုင်းကို နာရီအတော်ကြာ အာပေါက်မတတ်ပြောနေပြီး အာခေါင်ပင်ခြောက်လာကာ သူ့တစ်သက်တာတွင် စကားဒီလောက်အများကြီးမပြောဖူးသလို ခံစားလိုက်ရ၏။
ရိုက်ကူးရေးလုပ်နေစဉ်အတွင်း ရှောင်ရှန်းက တော်တော်လေးကို တတ်ကြွနေသော်လည်း အလွန်တဲ့တိုးဆန်နေကာ IQသာမြင့်ပြီး EQမမြင့်ဖြစ်နေသည်။
ကျန်ဟောင်ကို ဘယ်တုန်းက ပြစ်မှားခဲ့မိလည်းမသိ၊ ရိုက်ကူးနေစဉ်အတွင်း သူ၏ပစ်မှတ်ထားခြင်းကို ခံနေရ၏။
အသက် ၄၀ နီးပါးရှိပြီဖြစ်သော ကျန်ဟောင်က ရှောင်ရှန်းတို့လို နာမည်ကြီး idol များကို အထင်သေးသည့် ဝါရင့်သရုပ်ဆောင် တစ်ယောက်ဖြစ်သည်။ အဝေးကနေ စူးထောင်ဟာ ရှောင်ရှန်းတစ်ယောက်ပြေးနေရင်းနှင့် ကျန်ဟောင်အား မတော်တဆ ဝင်တိုက်မိသည်ကို တွေ့လိုက်ရ၏။ သူတို့နှစ်ယောက် ဘာတွေပြောနေကြမှန်း မသိသော်လည်း ကျန်ဟောင်၏ မျက်နှာက မည်းမှောင်သွားသည်။
"မင်းပြောတာ မှားတယ်လို့ ငါပြောနေလို့လား။ မဆင်မခြင်နဲ့ အကြီးတွေအပေါ် လေးစားမှုကို မရှိဘူး။"
စူးထောင်နှင့် ရှန်အိုးတို့ရောက်သွားသောအခါ ကျန်ဟောင် အော်ဟစ်နေတာကို ကြားလိုက်ရ၏။
စူးထောင်က ရှန်အိုးအား ဒါရိုက်တာကို သွားရှာပြီး ရိုက်ကူးရေးခဏ အရင်ရပ်လိုက်ရန် ကမန်းကတမ်း ပြောလိုက်သည်။
ကျန်ဟောင် ကြိမ်းမောင်းလိုက်သည်နှင့်တပြိုင်နက် နဂိုကတည်းက ဒေါသထွက်နေသော လူငယ်ရှောင်ရှန်းက ရန်လိုနေသည့် အမူအရာကိုပင် မထိန်းနိုင်တော့ဘဲ ပြန်ခံပြောလိုက်၏။
"ကျွန်တော် ခင်ဗျားကို မတော်တဆ ဝင်တိုက်မိလို့ တောင်းပန်ထားပြီးပြီလေ။ ခင်ဗျား ဘာတွေများထပ်လိုချင်သေးတာလဲ။" ရှောင်ရှန်းက အော်ဟစ်နေရင်းပင် သူ့ကော်လာကို ဆွဲလာသည့်အတွက် လူတွေက ကွက်ကြည့်ကွက်ကြည့် လုပ်လာကြသည်။
"ဒါကို တောင်းပန်တယ်လို့ ခေါ်တာလား။" ကျန်ဟောင်က အင်နှင့်အားနှင့်ဖြစ်နေပြီး သူ့ကိုသွားရှုပ်လို့ မရသည့်ပုံပေါ်နေ၏။ " 'sorry' ဆိုတာနဲ့ ပြီးသွားရောလား။တရုတ်လူမျိုး တစ်ယောက်အနေနဲ့ တရုတ်လိုဘယ်လိုတောင်းပန်ရလဲဆိုတာ မသိဘူးလား။"
"ကျွန်တော် ခင်ဗျားကို '对不起(တောင်းပန်ပါတယ်)'လို့ ထပ်ပြောလိုက်တယ် မဟုတ်လား။ ခင်ဗျားကသာ မပြီးနိုင်မစီးနိုင်နဲ့။ ဘာလဲ ကျွန်တော် ဒူးထောက်ပြီး အလိုလိုက်၊အကြိုက်ဆောင်ပေးမှ ရမှာလား။" ရှောင်ရှန်း၏ လေသံက နာကျည်းမှုအပြည့်နှင့် ဆို့နင့်လာသည်။
ကျန်ဟောက်က ဆက်ပြောဖို့လုပ်နေတုန်း စူးထောင်က ရိုက်ကူးရေး ရပ်သွားတာကို တွေ့သွားသည်နှင့် ချက်ချင်းပင် အပြုံးမျက်နှာဆင်မြန်းရင်း အရှေ့သို့လှမ်းသွားကာ ရှောင်ရှန်းရှေ့တွင် ရပ်လိုက်၏။
သူမက ညင်သာစွင်ဖြင့် "ကျန်လောင်ရှီး စိတ်လျော့ပါဦးနော်။ ဒေါသထွက်တာက ရှင့်ကျန်းမာရေးအတွက် မကောင်းဘူးလေ။"
စူးထောင်က မပုသော်လည်း အရပ်မြင့်သည့် ရှောင်ရှန်းရှေ့တွင်တော့ သူမက ပုသေးသေးဖြစ်နေသည်။
သူမက သူ့ကိုကလေးတစ်ယောက်လို ကာကွယ်ပေးနေတာကြောင့် ရှောင်ရှန်းမှာ ငိုမဲ့မဲ့လေးဖြစ်သွားတော့သည်။
နာကျည်းချက်အပြည့်နှင့် သူအော်ခေါ်လာ၏။" ကျဲ....."
စူးထောင်က သူ့အား ဘာမှမဖြစ်ဘူးဆိုသည့် အကြည့်နှင့်ကြည့်ပေးလိုက်ပြီးနောက် နွေးထွေးစွာ ဆက်ပြောလိုက်သည်။
"ကျန်လောင်ရှီး ကျွန်မတို့ရဲ့ကလေးက အသက်ငယ်ပြီး စကားပြောမတတ်ပေမယ့် သူတကယ်လောင်ရှီးကို လေးစားအားကျနေတာ။ တစ်ခါတုန်းက 'The Palace' ဇာတ်ကားမှာ လောင်ရှီးသရုပ်ဆောင်ထားတာကိုမြင်သွားပြီး လောင်ရှီးက တကယ့်ကိုထိပ်တန်းအဆင့်ပဲလို့ပြောတယ်။အဲဒီကနေစပြီး လောင်ရှီးက သူရဲ့စံပြပုဂ္ဂိုလ်ပဲတဲ့။ ဒီတော့ သူ့စံပြပုဂ္ဂိုလ်နဲ့ တွေ့တဲ့အချိန်မှာ သူဘယ်လိုလုပ် စိတ်ငြိမ်ငြိမ်ထားလို့နိုင်မှာလဲ။"
"အဲလိုလား။" ကျန်ဟောင်က သိသိသာသာကို မြှောက်ပင့်ခံလိုက်ရ၏။ စူးထောင်၏ ချီးမွမ်းစကားကို ကြားလိုက်ရသောအခါ သူ့ဒေါသက တစ်ဝက်လောက်လျော့ကျသွားတော့သည်။
"လူငယ်တွေ သရုပ်ဆောင်ဘက်ကို ပြင်းပြပြီး တိုးတက်ချင်တာ က ကောင်းပါတယ်။ ဒါပေမယ့် မင်းစိတ်မြန်လက်မြန် လုပ်လို့မရဘူး။ ခဏက ဘာလို့ ရိုင်းစိုင်းပြီး အဆင်အခြင်မဲ့နေရတာလဲ။
"ဟုတ်ပါတယ်၊ဟုတ်ပါတယ်။ ရှောင်ရှန်း ကျန်လောင်ရှီးက မင်းကိုသင်ပြပေးနေတယ်လေ။ မြန်မြန်ကျေးဇူးတင်လိုက်ပါဦး။" စူးထောင်က ရှောင်ရှန်း၏ အင်္ကျီစကို ဆွဲကာ မျက်လုံးနှင့်အချက်ပြလိုက်၏။
"ကျေးဇူးတင်ပါတယ် ကျန်လောင်ရှီး။" ရှောင်ရှန်းက တီးတိုးပြောလိုက်ပေမယ့် သူ့လေသံက ဒေါသသံပါနေဆဲပင်။
"ဟုတ်ပါပြီ မင်းအေးဂျင့်ကြောင့်မို့လို့နော်။ နောင်ကျရင် သေချာအာရုံစိုက်ဦး။" ကျန်ဟောင်က တခြားဘာစကားမှ မပြောတော့ဘဲ ထွက်သွားတော့သည်။
စူးထောင်က ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားများကို ရိုက်ကူးရေး နှောင့်နှေးအောင် လုပ်မိတဲ့အတွက် တောင်းပန်စကားပြောလိုက်၏။
နေ့လယ်ရောက်နေပြီဖြစ်သောကြောင့် ကျိုးကျစ်က စူးထောင်ကို အတော်လေးငဲ့ညှာလိုက်ပြီး နေ့လယ်စာစားရန် ဖိတ်ခေါ်လိုက်ကာ ညနေပိုင်းအတွက် ရိုက်ကူးရေးအချိန်ကို သတ်မှတ်ပြီးနောက် လူတိုင်းကို အနားယူခွင့်ပေးလိုက်သည်။
ဟော်တယ်က ရုက်ကွင်းနေရာနဲ့ဆို ၅မိနစ်ခန့်လမ်းလျှောက်ရ၏။ စူးထောင်က ရှောင်ရှန်းကို ပြန်ခေါ်သွားတော့သည်။
ရှောင်ရှန်းက စိတ်တည်ငြိမ်သွားသော်လည်း အစောပိုင်းအဖြစ်အပျက်အတွက် စိတ်မကောင်းဖြစ်နေဆဲပင်။ စူးထောင်က စီးပွားရေး ကြော်ငြာရိုက်ကူးရေး ဒါရိုက်တာနှင့် ဆက်စပ်နေသည့် စာချုပ်များကို အတည်ပြုရန် ခဏတာ အခေါ်ခံရသည့်အတွက် ရှန်အိုးကသာ ရှောင်ရှန်းကို ဖြေသိမ့်ရန် အခန်းထဲတွင် ကျန်နေခဲ့၏။
ဒါရိုက်တာပြောခဲ့သသည့် အခန်းနံပါတ်ကို ရှာတွေ့သွားပြီးနောက် တံခါးခေါက်လိုက်သည်။ စီးပွားရေးဒါရိုက်တာက ပြုံးပြရင်း အထဲကိုဝင်လာခိုင်းသည်။
စူးထောင်က အထဲကိုကြည့်လိုက်ရာ တခြားမည်သူ့ကိုမျှမတွေ့ချေ။ သူမက ပြုံးလိုက်ရင်း ပြောလာ၏။" ဒီမှာပဲ ရပ်ပြီးပြောကြရအောင် ဒါရိုက်တာကြီး။ ကျွန်မရဲ့ အနုပညာရှင်က နည်းနည်းစိတ်ထိခိုက်နေသေးလို့ ကျွန်မ သူ့ဆီခဏနေ ပြန်သွားရမှာ။"
"ကျေးဇူးပြုပြီး အထဲကိုဝင်ပြီး စကားပြောပေးပါဗျ။ကျွန်တော်တို့သူဌေးက အသေးစိတ်ကျတဲ့အချက်အလက်တွေကို မင်းဆီ ရှင်းပြဖို့လိုနေလို့ပါ။"စီးပွားရေးဒါရိုက်တာက မျက်မှန်ထူထူဝတ်ဆင်ထားရင်း သဘောရိုးဖြင့်ရယ်ပြလာသည်။
"အထဲမှာ သူဌေးရှိနေတာလား။" စူးထောင်က ထပ်ချောင်းကြည့်လိုက်၏။
"စူးလောင်ရှီး ကျေးဇူးပြုပြီး ဝင်လာပါ" ကျိုးကျစ်က အထဲကနေ ရုတ်တရက် ထွက်လာသည်။ စူးထောင်က စိုးရိမ်နေတာ လျော့ပါးသွားပြီး ခေါင်းညိတ်ကာ သူ့နောက်ကို လိုက်ဝင်သွားခဲ့၏။
အထဲကိုဝင်သွားသည်နှင့် ရှဲ့ကျင်က ဆိုဖာပေါ်တွင် အေးအေးလူလူထိုင်ကာ သူမကို ခပ်စူးစူးကြည့်နေသည်ကို တွေ့လိုက်ရသည်။
"စူးလောင်ရှီး ကိစ္စတစ်ခုပေါ်လာလို့။ ကျေးဇူးပြုပြီး ဒီနေရာမှာပဲ ကျွန်တော်တို့ သူဌေးနဲ့ စည်းကမ်းချက်တွေကို ဆွေးနွေးလိုက်ပါဗျ။ ကျွန်တော်တို့အရင် ထွက်သွားတော့မယ်။"
ကျိုးကျစ်နဲ့ စီးပွားရေးဒါရိုက်တာက တံခါးဝတွင်ရပ်နေနှင့်ပြီး ထိုစကားပြောပြီးသည်နှင့် အလျင်အမြန်ပင် ထွက်သွားရင်း တံခါးပိတ်ပေးလိုက်၏။
"ဒါရိုက်တာစူး နိုးနိုးကြားကြား သိပ်မရှိဘူးပဲ။ ယောက်ျားတစ်ယောက်က ဟော်တယ်အခန်းတစ်ခန်းထဲကို ဖိတ်ခေါ်လိုက်တာနဲ့ ပေါ့ပေါ့တန်တန်ဝင်လာတာပဲလား။" ရှဲ့ကျင်က သူမကိုခပ်စူးစူးကြည့်လိုက်ပြီး မေးလာသည်။
စူးထောင်က ဘာစကားမှမပြောဘဲ မျက်လုံးကိုမှေးစင်းလိုက်ရင်း သူ့ကိုစိုက်ကြည့်လာ၏။
စူးထောင်၏ အကြည့်အောက်တွင် ရှဲ့ကျင်က ကို့ယို့ကားယားဖြစ်သလို ခံစားလိုက်ရကာ ချောင်းတစ်ချက်ဟမ့်လိုက်ပြီး စာချုပ်ကို တွန်းပို့လာရင်း " စည်းကမ်းချက်တွေကို အရင်ကြည့်လိုက်။ မေးစရာရှိရင် ကိုယ့်ကိုလာမေး။"
နောက်ဆုံးတွင် စူးထောင်သည် သူမ၏ အကြည့်များကို စာချုပ်ပေါ်တွင် ပို့လိုက်သည်။ စည်းကမ်းချက်တွေက သိပ်မများပေမယ့် တော်တော်များများက ရိုးစင်းနေပြီး ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းအရာတွေပါ။
အချိန်၊ပေးချေမှုအပိုင်း၊ အရာအားလုံးက ပြဿနာမရှိဘဲ ပုံမှန်စီးပွားရေး စည်းကမ်းချက်များပင်။ စူးထောင်က တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်း လက်မှတ်ထိုးရန် ဘောပင်တစ်ချောင်း တောင်းလိုက်၏။
အနက်ရောင်ဘောပင်က သူ့လက်ထဲတွင်ရှိနေပြီး စူးထောင် လှမ်းယူလိုက်သော်လည်း ရှဲ့ကျင်က မပေးလိုက်ပေ။"ဘာပြဿနာမှ မရှိဘူးလား။"
"ပြဿနာရှိလို့လား။" စူးထောင်က မော့ကြည့်လာသည်။
ရှဲ့ကျင်က ကမ်းပေးလိုက်ရင်း "ဘာပြဿနာမှမရှိဘူး။လက်မှတ်ဆက်ထိုးလေ။"
စာချုပ်ချုပ်ပြီးနောက် စူးထောင်ဆီ ရှန်အိုးဆီက ဖုန်းဝင်လာကာ ရှောင်ရှန်းက ပြဿနာရှာနေပြီး ရိုက်ကူးရေးဆက်လုပ်ရန် ငြင်းဆန်နေသည်။ သူမက တံခါးဆီသို့ ချက်ချင်း အလျင်အမြန် ပြေးသွားခဲ့သော်လည်း ခဏရပ်လိုကာ ပြန်လှည့်လာပြီး ရှဲ့ကျင်ကို ကျေးဇူးတင်စကား ပြောလိုက်၏။
ဒီစီးပွားရေး သဘောတူညီချက်ကို သူ့ကြောင့်သာ သူမရခဲ့တာ အသေအချာပါပဲ။ သူမတို့မှာ ဘာဆက်နွယ်မှု မရှိတော့ပေမယ့် သူက အရင်တုန်းက ပက်သက်ဆက်နွယ်မှုအရ ကူညီပေးတာလေ။ အနည်းဆုံးတော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကိုတော့ သူမပြောလိုက်သင့်ပါတယ်။
"ဒီအတိုင်း စကားနဲ့ပဲ ကျေးဇူးတင်တော့မှာလား။" ရှဲ့ကျင်က အခွင့်အရေးကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။"ကိုယ့်ကို ထမင်းတစ်နပ် ဖိတ်ကျွေးပါ။"
"စူးထောင်က ချက်ချင်းပင် သဘောတူလိုက်ပြီး "ရတယ်လေ ဒါပေမယ့် အခုတော့ ကျွန်မ အလုပ်များနေတယ်။ ဒီရက်တွေထဲမှာ ဖိတ်ကျွေးမယ်လေ။"
"ဒီရက်တွေထဲက ဘယ်နေ့မှာလဲ။" ရှဲ့ကျင်မေးတာ စကားပင်မဆုံးသေးပေ။ စူးထောင်က အလျင်အမြန် တံခါးအပြင်သို့ ထွက်သွားတော့သည်။
ရှန်အိုးက စိုးရိမ်ကြောင့်ကြစွာနှင့် တံခါးဝတွင် စူးထောင်ကို စောင့်နေ၏။ စူးထောင်က လှမ်းဝင်သွားရာ ဝမ်းနည်းနေပုံရပြီး မိတ်ကပ်ပျက်သွားတဲ့အထိ ငိုနေသည့် ရှောင်ရှန်းကို မြင်လိုက်ရသောအခါ သူမ သက်ပျင်းချလိုက်သည်။
"ဘာဖြစ်လို့လဲ။ ဘာလို့စောဒက တက်နေတာလဲဟင်။"
စွင်းရှောင်ကျယ်နှင့် ထုန်မင်ရွှမ်းတို့ကလည်း အမြန်ပြေးဝင်လာကြ၏။ လူတွေအများကြီးဝင်လာတာကိုမြင်သွားသောအခါ ရှောင်ရှန်းက သူ့ရဲ့ခေါင်းကို ခေါင်းအုံးအောက်တွင် မြုပ်ထားလိုက်သည်။ ဒီလိုမှသာ သူတို့က သူ့ရဲ့ဒီလိုပုံစံမျိုးကို မမြင်နိုင်မှာ။
စူးထောင်က လူတိုင်းကိုထွက်သွားခိုင်းလိုက်ပြီး သူမ ရှောင်ရှန်းနှင့် စကားပြောနေစဉ် အပြင်ဘက်တွင် စောင့်နေပေးပါရန် တောင်းဆိုလိုက်၏။
အားလုံးထွက်သွားပြီးနောက် စူးထောင်က တံခါးကို သော့ခတ်လိုက်သည်။ သူမ စကားပြောခါနီးတွင် တစ်ယောက်ယောက် တံခါးကို လာခေါက်နေ၏။
စူးထောင်က တံခါးကို ဖွင့်ကြည့်လိုက်ရာ အုံ့မှိုင်းနေသည့် မျက်နှာနှင့် ရှဲ့ကျင်ကို တွေ့သွားတော့သည်။
"ဘာအတွက် တံခါးကို လော့ချလိုက်တာလဲ။ တံခါးဖွင့်ပြီးပြောလို့မရဘူးလား။"
စူးထောင်၏ မျက်နှာက မည်းမှောင်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်၏။
တံခါးခေါက်သံ ထပ်ထွက်လာပြန်သည်။ ရှောင်ရှန်း၏ စိတ်အခြေအနေမှာ မတည်ငြိမ်သေး သည့်အတွက် စူးထောင်က နာရီဝက်နီးပါး အားပေးခဲ့ရ၏။ ရွေးချယ်စရာမရှိတော့ဘဲ သူမကတံခါးကို တဖန်ပြန်ဖွင့်ပေးလိုက်ရပြီး တံခါးခေါက်နေသည့် ရှဲ့ကျင်၏ လက်က နောက်ပြန်ဆုတ်ရန် အချိန်မမီတော့ဘဲ စူးထောင်၏နဖူးကို သွားခေါက်လိုက်မိသည်။
ရှဲ့ကျင် - " ... ကိုယ်မရည်ရွယ်ပါဘူး။"
စူးထောင်က နဖူးကိုဖုံးအုပ်ထားရင်း ရှဲ့ကျင်ကို စိုက်ကြည့်လိုက်၏။ ရှဲ့ကျင်က အရှိန်ကိုနှေးလိုက်ကာ လက်ကို ပြန်ရုတ်သိမ်းသွားသည်။
"ကျွန်မ အလုပ်လုပ်နေတယ်။ လာမနှောက်ယှက်ပါနဲ့။ဟုတ်ပြီလား။" စူးထောင်၏လေသံက နိမ့်လည်းမနိမ့်၊မြင့်လည်းမမြင့်ဘဲ နူးညံ့နေသော်လည်း ငြင်းဆန်လို့မရအောင် ခိုင်မာနေ၏။
ကျင်းချွေ့ဝမ်ရောက်လာသောအခါ ဤမြင်ကွင်းကို မြင်လိုက်ရသည်။
သူဌေးက နာခံစွာဖြင့် ခေါင်းညိမ့်လိုက်ကာ ခြေလှမ်းနှစ်လှမ်းဆုတ်ပြီး တံခါးကို ပြန်ပိတ်ပေးနေ၏။
သူက တံခါးဘေးရှိနံရံကို တိတ်တဆိတ် မှီနေရင်း အိတ်ကပ်ထဲ လက်ထည့်ထားကာ ခြေတံရှည်များကို ပျင်းရိပျင်းတွဲ ချိတ်ထားပြီး ထိုနေရာတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
ကျင်းချွေ့ဝမ်တင်မဟုတ် အပြင်ဘက်တွင် ရှိနေသော လူတိုင်းပါ မကျန် အံ့ဩမင်သက်သွား၏။
ဒီလူက ရက်စက်ပြီး စိတ်တိုလွယ်တဲ့ ရှဲ့ကျင်လား။
သူဘာလို့ ဒီလောက်တောင် နာခံမှုရှိနေတာလဲ။