← Chapters

အခန်း (၂၄)

Vol. 3 Ch. 24

အခန်း (၂၄)

Vol. 3 Ch. 24

"စိတ်ဓာတ်မကျပါနဲ့။ ငါတစ်ယောက်လုံး ရှိနေတယ်လေ။" သူမစိတ်ထဲတွင် စိုးရိမ်ပူပန်နေသော်လည်း ဘာစိတ်အားထက်သန်မှုမှ မပြပေ။

"ကျဲ ကျွန်တော်တကယ် ရိုက်ကူးရေး မလုပ်ချင်တော့ဘူး။ ကျွန်တော့်ကို ထပ်ပြီးမသွေးဆောင်ပါနဲ့တော့။" ရှောင်ရှန်း၏ လေသံတိုးတိုးလေးက ခေါင်းအုံးအောက်မှ ထွက်လာသည်။

စူးထောင်က သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး ဘာမှမဖြေလာတော့ဘဲ ဖုန်းကိုပွတ်နေ၏။

ရှောင်ရှန်း - နောင်ကျရင် အဲဒီလူအိုကြီးကို ထပ်တွေ့နေရမှာလေ။ ကျွန်တော် ဒီရှိုးအတွက် သူနဲ့တူတူ ရိုက်ကူးရေးဆက်မလုပ်နိုင်ဘူး။"

စူးထောင် - "ဟုတ်ပြီလေ။ ရတာပေါ့။"

ရှောင်ရှန်းက နှစ်စက္ကန့်လောက် တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခေါင်းအုံးအောက်မှ ခေါင်းပြူထွက်လာပြီး နားကြားမှားသွားသည်ဟု တွေးကာ စူးထောင်အား ကြောင်အစွာကြည့်လာသည်။

စူးထောင် - "လေယာဉ်လက်မှတ်ကို 9:20 အတွက် ကြိုမှာထားပြီးပြီ။ ထွက်သွားချင်ရင် မင်းရဲ့အိတ်တွေကို အခုပဲ ထုပ်ပိုးထားလိုက်။ မင်းအတွက် ကားသွားခေါ်လိုက်မယ်။" စူးထောင်က လက်မှတ်ကြိုတင်မှာယူသည့်စာမျက်နှာကို တည်တည်ငြိမ်ငြိမ်ပင် ဖွင့်ပြလိုက်ကာ group chat ထဲကို ပို့လိုက်ပြီး ကားခေါ်ဖို့အတွက် appကိုဖွင့်လိုက်၏။

ရှောင်ရှန်းက စိတ်ရှုပ်ထွေးသွားပြီး မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ တံတွေးကိုမြိုချလိုက်ရင်း မယုံကြည်နိုင်စွာဖြင့် မေးတော့သည်။ "တကယ်.. တကယ်ကြီးလား။"

"တကယ်ပေါ့။" စူးထောင်းက ခေါင်းညိမ့်ပြကာ သူ့ကိုလောလိုက်၏။"မြန်မြန် သွားထုတ်ပိုးတော့။ ကားက မကြာခင်ပဲ ရောက်လာတော့မှာ။"

"ကျေးဇူးတင်ပါတယ် ကျဲ...." ရှောင်ရှန်းက အစစ်အမှန်မဟုတ်သလို ခံစားနေရပြီး နောက်တစ်ကြိမ် ထပ်မေးလာသည်။"ဒါဆို..ဒါဆို ကျွန်တော် တကယ်ရိုက်ကူးရေး မလုပ်ဘူးဆိုရင် ကုမ္ပဏီက ဒီကိစ္စကြောင့် နစ်နာသွားမှာလား။"

"ဒါပေါ့ မင်းနဲ့ ထုန်မင်ရွှမ်းက စာချုပ်မှာ လက်မှတ် ထိုးထားပြီးသားလေ။ အခုလို တစ်ဝက်တပြတ်နဲ့ နှုတ်ထွက်လိုက်တာက စာချုပ်ကို ဖောက်ဖျက်လိုက်တာနဲ့အတူတူပဲ။ မင်းကိုယ်တိုင်တာဝန်ယူပြီး ပြစ်ဒဏ်ခံရမှာ။ ပြီးတော့....."

သူမမျက်လုံးကိုပင့်ပြီး ရှောင်ရှန်းကိုကြည့်လိုက်ကာ မျက်လုံးထဲတွင် တခြားဘာစိတ်ခံစားမှုမှ ရှိမနေပေ။ " ကုမ္ပဏီက မင်းကိုလျစ်လျူရှုထားပြီး အရင်းအမြစ်တွေ ထပ်မပေးတော့တာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။"

"ဘာလို့လဲ။" ရှောင်ရှန်းက ထရပ်လိုက်ပြီး သူ့ထက်ခေါင်းတစ်လုံး ပိုနိမ့်သည့်စူးထောင်ကို မျက်မှောင်ကြုတ်ကြည့်လာ၏။

"ဘာလို့လဲဆိုတော့ မင်းက ဘယ်လိုဆုပ်ကိုင်ပြီး မြတ်နိုးရမှန်းမသိလို့။" စူးထောင်က သူ့မျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ တည်ငြိမ်စွာနှင့် ပြောလိုက်သည်။

"ဒီလာမယ့် အခွင့်အရေးတွေရဖို့ ငါနဲ့လျန်ခယ့်က ဘယ်လိုအခက်အခဲတွေ ဖြတ်ကျော်ခဲ့ရလဲဆိုတာသိလား။ မင်း ဒီလိုမြန်မြန် လက်လျော့လိုက်ရင် အနာဂတ်မှာ မင်းအတွက် အရင်းအမြစ်တွေ ဘယ်လိုလုပ်ပြီး ပေးရဲတော့မှာလဲ။ ရှောင်ရှန်းအာ ကျဲပြောမယ် မင်းနာမည်မကြီးခင်မှာတော့ ကျိန်းသေပေါက် ‌ပြစ်မှားစော်ကားခံရနိုင်တယ်။ လူတွေ မင်းကိုအော်တာမခံချင်ရင် သန်မာအောင်လုပ်။"

လူတိုင်းက စိတ်ထိခိုက်ဖူးတယ်။ ဒါပေမယ့် စိတ်ထိခိုက်တာရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို လူတော်တော်များများက သည်းမခံနိုင်ကြဘူး။

စူးထောင်ရဲ့ဖုန်းက တင်းတောင်လို့မြည်သွားပြီး ကားဘက်က ဖုန်းခေါ်လာတာဖြစ်နေ၏။ "ကားမရောက်ခင် အချိန်၅မိနစ်ပဲရမယ်။ ထွက်သွားဖို့ မြန်မြန် ထုတ်ပိုးတော့။"

ထိုစကားပြောပြီးနောက် စူးထောင်က တံခါးဆီသို့ လျှောက်သွားလိုက်သည်။

သူမတံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် ရှဲ့ကျင်က ရှေ့တည့်တည့်တွင် မတ်တပ်ရပ်လိုက်ပြီး သူမကိုစိုက်ကြည့်နေသော်လည်း စူးထောင်ရှေ့တွင် ရပ်နေသော ရှန်အိုးကအရင်ဦးသွားသည်။

စိုးရိမ်ပူပန်နေသောမျက်နှာနှင့် သူမက " ထောင်ထောင် နင်တကယ်ပဲ လေယာဉ်လက်မှတ် ကြိုမှာထားလိုက်ပြီလား။ နင်သူ့ကို ရိုက်ကူးရေး ဆက်လုပ်ခွင့်မပေးတော့ဘူးပေါ့။"

ရှန်အိုးက group chat ထဲက လက်မှတ်အကြောင်းအရာကို ကြည့်လိုက်၏။

"ဟုတ်တယ်" စူးထောင်က မတ်မတ်ရပ်နေကာ ထက်မြက်ပြီး ယုံကြည်ချက်ရှိနေသည်။

"ထောင်ထောင် ဒါရိုက်တာလျန်ကို ငါခေါ်လိုက်လို့ရမလား။" ရှန်အိုးက တုံ့ဆိုင်းတုံ့ဆိုင်းနှင့် မေးလိုက်၏။

'ရှောင်ရှန်းက နှုတ်ထွက်ချင်နေတာကိုမြင်တော့ စူးထောင်ဟာ အဖွဲ့ကိုသူမကိုယ်တိုင် ဦးဆောင်ပြီးခေါ်ပေမယ့် ကုမ္ပဏီက ဒီရှိုးအပေါ်တော်တော်လေး အလေးထားတယ်။ နောက်ဆက်တွဲ အကျိုးဆက်က တော်တော်ကြီးတဲ့အတွက် သူမတစ်ယောက်ထဲ တာဝန်ယူနိုင်မှာမဟုတ်ဘူး။ '

"ဆက်လေ။" စူးထောင်က မထူးမခြားနား ခေါင်းညိမ့်ပြလိုက်သည်။

ရှန်အိုးက ချွေးစေးကျတဲ့အထိကို ကြောက်‌လန့်နေပြီး အလျင်အမြန်ပင် လျန်ခယ့်ဖုန်းနံပါတ်ကို ရိုက်ထည့်ကာ သတင်းပို့ရန်တဖက်ခြမ်းသို့ လျှောက်သွားလိုက်၏။

"ကျဲ~" ရှောင်ရှန်းက အရွယ်အရောက်သေးသော ကလေးတစ်ယောက်လို စူးထောင်နောက်တွင် နှုတ်ခမ်းစူနေပြီး သူ့မျက်လုံးများနီရဲနေကာ ဝမ်းနည်းစွာဖြင့်ပြောလာသည်။" ကျွန်တော် ရိုက်ကူးရေး ဆက်လုပ်မယ်။တခြားသူတွေကို ဒုက္ခထပ်မပေးတော့ပါဘူး။"

စူးထောင်၏ နောက်တွင် သူကဖြေးညင်းစွာ မျက်လုံးပိတ်လိုက်ပြီး သက်ပြင်းတိုးတိုးချကာ တည်ငြိမ်အောင် ပြန်လုပ်လိုက်၏။ စူးထောင်က လှည့်ပြီး ရှောင်ရှန်းနှင့် မျက်နှာချင်းဆိုင်လိုက်ကာ နူးညံ့စွာဖြင့် "ရှောင်ရှန်း မင်ဘာကိုလိုချင်လဲဆိုတာ သတိရပါ။ စိတ်ခံစားချက်ကြောင့် လမ်းမလွဲသွားစေနဲ့။ ဒါနောက်ဆုံးအကြိမ်ပဲ ဟုတ်ပြီလား။"

သူမ၏နူးညံ့နေသည့်လေသံက ချက်ချင်းပင် ရှောင်ရှန်းကို မျက်ရည်ဝိုင်းသွားစေသည်။ ပါးပြင်ပေါ် မျက်ရည်စီးကျလာရင်းနှင့်ပင် သူခေါင်းညိတ်ပြလိုက်၏။

လူတိုင်းက စူးထောင်ကို ချီးမွမ်းနေကြစဉ် ရှဲ့ကျင်၏မျက်နှာမှာ တဖြည်းဖြည်းနဲ့ မည်းမှောင်လာသည်။

အပြင်ဘက်မှာ နာနာခံခံနဲ့ စောင့်ပေးနေတာတောင် သူမကသူ့ကို နူးညံ့တဲ့စကားတွေ မပြောလာဘူး။

-------

ညနေပိုင်းရိုက်ကူးရေးသည် ပုံမှန်အတိုင်းသာ သွားနေပြီး လူတိုင်းက မနက်တုန်းကလို သူမကိုဝိုင်းရံမနေကြတော့ဘဲ သူမနှင့် အကွာအဝေးတစ်ခုထားကာ နေနေကြ၏။

စူးထောင်က သူမဘေးတွင်ရပ်နေသော ရှဲ့ကျင်ကို အကူညီမဲ့စွာ စိုက်ကြည့်လိုက်သည်။ ဒီလိုလေအေးပေးစက်က ဘေးနားမှာရှိနေတော့လည်း တစ်မျိုးအေးချမ်းသွားတာပါပဲ။

"ရှောင်ကျယ်၊ အိုးကျဲ ဆက်ကြည့်ထားပြီး တစ်ခုခုလိုအပ်လာရင် ကျွန်မကို ဖုန်းဆက်လိုက်ပါနော်။" စူးထောင်က ထိုစကားပြောပြီးနောက် ထိုင်နေရာမှ ထွက်သွားတော့သည်။

သူမတကယ်ပဲ လူတိုင်းဆီက လေးစားအားကျသည့်အကြည့်ကို လက်မခံချင်တော့ပေ။

စူးထောင်က ကမ်းခြေအနားရှိ သင်္ဘောဆိပ်ခံတံတားတစ်လျှောက် လမ်းလျောက်နေစဉ် ပင်လယ်လေတိုက်ခတ်လာတိုက်သောကြောင့် သူမဦးထုပ်က လန်ကျသွား၏။ လှည့်ကြည့်လိုက်သောအခါ ရှဲ့ကျင်ရဲ့လက်က ဦးထုတ်ကို ဖမ်းမိသွား၏။

ရှဲ့ကျင်က အပြစ်ကင်းစွာကြည့်လာပြီး လက်နှစ်ဖက်ကို အလျင်အမြန် မြှောက်ပြလိုက်ကာ" အဲဒါက လေကြောင့်နော်။ ကိုယ်လုပ်တာမဟုတ်ဘူး။"

ဦးထုပ်ကို သူလှန်ပစ်လိုက်တာလို့ သူမနားလည်မှုလွဲသွားမှာ စိုးရိမ်နေသလိုမျိုး အကြောက်အကန်ငြင်းဆန်နေသည့် ရှဲ့ကျင့်အား မြင်လိုက်ရသောအခါ စူးထောင်က" ကျွန်မလည်း ရှင့်ကိုအပြစ်တင်မနေပါဘူး။ ဒါနဲ့ ဘာလို့ကျွန်မအနောက်ကို လိုက်နေတာလဲ။"

ရှဲ့ကျင်က သူမအပြုံးကြောင့် မှင်သက်သွားပြီး စက္ကန့်အနည်းငယ်ကြာ အံ့အားသင့်သွားသည်။ စူး‌ထောင်လည်း အရှေ့ကို ခြေလှမ်းနည်းနည်း ထပ်လှမ်းလိုက်တာကိုမြင်ရော သူအမြန်ပင် သူမနောက်ပြေးလိုက်ကာ "ဒါရိုက်တာစူး ထူးချွန်တဲ့အေးဂျင့်ထရိန်နာ တစ်ယောက်အနေနဲ့ ရွေ့ချီကိုလာရင်ရော ဘယ်လိုနေလဲ။"

စူးထောင်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာနှင့်ပြောလာ၏။ "ကျွန်မ မလုပ်ရဲပါဘူး။ ဘယ်လိုလုပ် ရွေ့ချီအတွက် လေ့ကျင်သင်ကြားပေးရဲမှာလဲ။

"မင်းက တကယ်တော်ပြီး ထူးချွန်တယ်လေ။" ရှဲ့ကျင်က ရုတ်တရက် ရိုးရိုးသားသားကြည့်လာကာ လေးလေးနက်နက်ပြောလိုက်သည်။

စူးထောင် သူ့ဆီကနေ အသိအမှတ်ပြတဲ့စကားကို ဒါပထမဆုံးအကြိမ် ကြားဖူးတာပဲ။

သူမ၏တည်ကြည်နေသော ပုံရိပ်က သူ့မျက်လုံးထဲ ထင်ဟပ်နေသည်ကို မြင်လိုက်ရ၏။ ရုတ်တရက်ပင် သူ့ထံမှ အတိတ်က သူမငြင်းဆန်ခံရဖူးသည်ကို သတိရသွားသည်။

သူမက အကြည့်ကိုပြန်လွဲလိုက်ပြီး ဘာအဖြေမှပေးမလာဘဲ အရှေ့ကို ဆက်လမ်းလျှောက်လိုက်၏။

"ကျွန်မနောက် ထပ်မလိုက်နဲ့တော့။ ကျွန်မ ဘယ်သွားမလဲဆိုတာ ရှင်သိလို့လား။" စူးထောင်က ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရပ်လိုက်ကာ သူမနောက်သို့ကပ်လိုက်နေသော ရှဲ့ကျင်ကို လှမ်းကြည့်ပြီး အနည်းငယ် စိတ်မရှည်သောလေသံဖြင့် ပြောလိုက်သည်။

ရှဲ့ကျင်က တခဏတာ တုံ့ဆိုင်းသွားပြီး မူလက မင်းသွားရာနောက်ကို လိုက်မည်ဟုပြောချင်နေသော်လည်း သူ့ပါးစပ်ဖွင့်ပြီး ပြောလိုက်သည့်စကားက " မင်းပြောတော့ ကိုယ့်ကို ထမင်းစားဖိတ်မယ်ဆို။"

စူးထောင်၏ အမူအရာက တောင့်တင်းသွား၏။ သူမက တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်ပြကာ မျက်လုံးထဲတွင်တော့ ယုတ်မာမည့်အရိပ်အယောင်များရှိနေသည်။

သူမက ဖုန်းကိုထုတ်ယူလိုက်ပြီး ‌map နှင့် လမ်းညွန်ကို ရှာလိုက်၏။ ခဏကြာပြီးနောက် သူမကမော့ကြည့်လာပြီး လေးနက်သော အကြည့်ဖြင့်ကြည့်ကာ ပြောလာသည်။" ကျွန်မဘာပဲ ကျွေးကျွေး ရှင်စားမှာလား။"

ရှဲ့ကျင် - "..."

သူမမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေတယ်လို့ သူခံစားလိုက်ရ၏။

ဆယ်မိနစ်လောက် လမ်းဆက်လျှောက်ပြီး သရေစာမုန့်တန်းကို တွေ့သွားပြီးနောက် နောက်ဆုံးတွင် စူး‌ထောင်က ရပ်လိုက်သည်။

"ကျွန်မ ရှင့်ကို ဒါတွေပဲကျွေးနိုင်တယ်။ ရှင်မစားချင်ရင် အခုထွက်သွားလို့ရတယ်နော်။"

သူက လမ်းဘေးစာတွေ မကြိုက်သလို ဒီလိုဆူညံနေသည့် ပတ်ဝန်းကျင်ကိုပါ မကြိုက်မှန်း စူးထောင်သိနေ၏။

ရှဲ့ကျင်၏ မျက်ခုံးများက တွန့်သွားသော်လည်း ဘာမှမသိသလိုကြည့်လာကာ "စားမယ်။"

သရေစာဈေးတန်းက အလွန်စည်ကားနေကာ နန်ချန်၏ နာမည်ကြီးသော နေရာတစ်ခုလည်းဖြစ်သည်။ နဂိုကတည်းက လမ်းက ကျဉ်းမြောင်းနေသည့်အတွက် လူအများက တစ်ယောက်ကို တစ်ယောက် တိုးဝှေ့နေကြကာ အစားအစာများကို ဝယ်နေ၏။

သရေစာများဝယ်ရန်အတွက် စူးထောင်က လူအုပ်ကြားထဲ တိုးဝင်လိုက်သည်။ ရှဲ့ကျင်က မျက်လုံးကိုမှေးစင်းလိုက်ရင်း မ‌ကျေမနပ်ဖြစ်နေကာ ဒေါသများပေါက်ကွဲလာတော့မည့်အချိန်တွင် လူသစ်များတိုးဝင်လာမှုကြောင့် ရုတ်တရက် စူးထောင်ဆီသို့ သူတွန်းပို့ခံလိုက်ရ၏။

သူ့လက်များက သူမပခုံးကို ကိုင်ထားပြီး သူ့ရင်ဘတ်များကလည်း သူမ၏နူးညံ့သော နောက်ကျောတွင် ဖိကပ်ထားသည်။ သူ့နှလုံးမှာ အလျင်အမြန် ခုန်သွားကာ ဒီသရေစာလမ်းကို ခဏခဏလာဖြစ်လည်း သိပ်မဆိုးဘူးလို့ ရုတ်တရက်တွေးလိုက်မိ၏။

စူးထောင်က သရေစာများရပြီးနောက် စန္ဒကူးရနံ့ရလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ အသေအချာပင် ရှဲ့ကျင်ဖြစ်နေသည်။

"သူများတွန်းတာ ခံလိုက်ရလို့။"ရှဲ့ကျင်က လက်နှစ်ဖက်ကို မြှောက်လိုက်ကာ အပြစ်ကင်းစွာ ကြည့်လာ၏။

စူးထောင်က ဒါတွေကိုဂရိုက်မစိုက်ဘဲ သူမလက်ထဲရှိသရေစာများကို သူ့ဆီကမ်းပေးလိုက်ရင်း " ဒါတွေကို ကိုင်ထား ကျွန်မ တခြားဟာ သွားဝယ်လိုက်ဦးမယ်။"

ရှဲ့ကျင်သည် သရေစာများကို လှမ်းယူလိုက်ရာ တစ်ခုခုသိုးနေသလို အသက်ရှုရခက်သည့်အနံ့မျိုး ရသွားသည်။

သူ့လက်ထဲရှိ သရေစာဘူးကို ကြည့်လိုက်တော့ အမဲရောင်အတုံးတွေနဲ့ အနံ့ပြင်းတဲ့တိုဟူးအနှစ်တွေ လောင်းထား၏။

သူက ချက်ချင်းပင် ခေါင်းလှည့်လိုက်ပြီး လတ်ဆတ်သည့်လေများကို ၁၀ခါထက်မနည်း ရှုသွင်းရှုထုတ်လုပ်နေသည်။

အနံ့များကို မယဉ်ပါးခင်တွင် စူးထောင်က သရေစာနှစ်ဘူးထက်မနည်း သယ်လာကာ အမြန်နှုန်းဖြင့် ပြန်လာခဲ့၏။

တစ်ဗူးက စွပ်ပြုတ်ဖြစ်ပြီး ကျန်တဲ့ဘူးတွေက ဆန်ခေါက်ဆွဲဘူးတွေ။

ရှဲ့ကျင်က မျက်လုံးကိုမှိတ်လိုက်ကာ သူအသက်ရှု မဝတော့သလို ခံစားလိုက်ရသည်။

လက်နှစ်ဖက်ကို ဆန့်တန်းရင်း အသက်အောင့်ထားလိုက်ပြီး သရေစာဘူး၃ဘူးကို သရေစာတန်းလမ်းအနောက်ဘက်ရှိ လေးထောင့်ပုံစံ စားပွဲဆီသို့ သယ်သွားတော့သည်။

စူးထောင်သည် ရှဲ့ကျင်ကိုသွားရှာသောအခါ သရေစာဘူးများက စားပွဲပေါ်တွင်ရှိနေပြီး ရှဲ့ကျင်က ခပ်လှမ်းလှမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူမလက်ထဲရှိ သရေစာများကိုချလိုက်ကာ သူ့ကိုလာရန် လက်ယပ်ခေါ်လိုက်သည်။ ရှဲ့ကျင်က ခဏတာ တုံ့ဆိုင်းသွားပြီး စိတ်ပျက်လက်ပျက်နှင့် လျှောက်လာခဲ့၏။

စူးထောင်က သရေစာဘူးများ၏ အဖုံးကို တစ်ခုပြီးတစ်ခုဖွင့်လိုက်ရာ အနံ့အသက်များက ရှဲ့ကျင်၏ နှာခေါင်းထဲသို့ ချက်ချင်းဝင်ရောက်လာပြီး မတတ်နိုင်ဘဲ နှာချေသွားမိသည်။

"စားလေ စားမယ်လို့ ရှင်မပြောခဲ့ဘူးလား။" စူးထောင်သည် တိုဟူးချဉ်ကို တမင်ပင်ညှပ်ယူကာ သူ့ပါးစပ်နား တေ့ပေးလိုက်၏။

ရှဲ့ကျင်က စိတ်ပိုင်းဖြတ်ထားပုံရသည်။

ပါးစပ်ကိုဖွင့်လာကာ အနံ့ပြင်းနေသောတိုဟူးကို တစ်ခါတည်း မျိုချလိုက်၏။ သူက နာကျင်နေသောအမူအရာဖြင့် မျိုချလိုက်ရင်း ခေါင်းကို လှည့်လိုက်သည်။

"အရသာရှိလား။" စူးထောင်က သူ၏နာကျင်နေသော အမူအရာကိုကြည့်ကာ တောက်ပစွာပြုံးနေ၏။

ရေများများ သောက်လိုက်ပြီးနောက် ရှဲ့ကျင်ကပြန်လည်သက်သာသွားကာ " ရှောင်ထောင်လေး ကိုယ်နာနာကျင်ကျင်နဲ့ စားနေတာကိုညမြင်ရတော့ပျော်သွားလား။"

စူးထောင်၏ အပြုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမ၏အမူအရာက တည်ငြိမ်နေကာပျော်နေသည်လည်းမဟုတ်၊ဒေါသထွက်နေသည်လည်းမဟုတ် ဖြစ်နေ၏။" ပျော်တယ် ဒါပေမယ့် ပင်လယ်စာထက်တော့ အရသာပိုကောင်းမယ်လို့ ကျွန်မထင်တယ်။"

ရှဲ့ကျင်၏ မျက်နှာသည် အေးခဲသွားပြီး သရောများငုံ့စားနေသော စူးထောင်ကိုကြည့်ရင်း ဖြည်းညှင်းစွာ မျက်မှောင်ကြုတ်လိုက်သည်။

နောက်ဆုံးတွင် သူမက သူ့ကိုလက်စားချေနေမှန်းသဘောပေါက်သွား၏။

သူမကပင်လယ်စာ မကြိုက်သော်လည်း သူကအချိန်တိုင်း အတင်းစားခိုင်းနေသည်။

'အဲဒီအချိန်တုန်းက သူမဒီလိုပဲ နာကျင်ခံစားနေရသလား။'

'နောက်ပြီး ၄နှစ်လုံးလုံးဘဆက်တိုက် စားနေရတာလေ။'

"ကိုယ်တောင်းပန်ပါတယ်။"

ပျော်ရွှင်စွာ စားသောက်နေသော စူးထောင်သည် ရပ်တန့်သွားပြီး မျက်တောင်များ တဖျပ်ဖျပ်ခတ်သွား၏။ အစားအစာကို ဖြည်းညှင်းစွာဝါးကာ မျိုချပြီးနောက် အေးတိအေးစက်ဖြင့် "တောင်းပန်စရာမလိုပါဘူး။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ။ အဲဒီတုန်းက ဘယ်သူက ကျွန်မကို စကားနားထောင် ခိုင်းလို့လဲ။"

သူမ၏စကားလုံးများက ရှဲ့ကျင်၏ နှလုံးသားကို တင်းကြပ်သွားစေသည်။ သူမကို အချိန်တော်တော်ကြာ ငေးကြည့်ရင်း သူ့မျက်လုံးများက မည်းမှောင်သွား၏။

တစ်ချိန်တုန်းက သူမဟာ သူအတွက်အပေးအယူလုပ်ဖို့ဆန္ဒရှိခဲ့ပြီး နာလည်းနာခံကာ သူမ မကြိုက်သောအစားအစာများကိုပင် စားခဲ့သည်။ အဲဒီလိုလုပ်နိုင်ဖို့ဆိုတာ သူမက သူ့ကိုတော်တော်လေး ချစ်နေမှသာ လုပ်လို့ရမယ်။

သူဘာတွေ လုပ်ခဲ့တာလဲ။ ချစ်နေရာကနေ မချစ်တော့တဲ့အထိ သူမကိုပြောင်းလဲသွားအောင် သူဘယ်လိုတွေ လုပ်ခဲ့တာလဲ။ တစ်နှစ်ကြာ ထွက်သွားတာတောင် သူမရဲ့အချက်အလက်တွေကို ရှာတွေ့ခွင့်မပြုဘူး။

အဲဒီတုန်းက သူဖြုန်းတီးခဲ့တဲ့အရာကို အခုအချိန်မှာ ပြန်ယူလို့မရနိုင်တော့ဘူး။

ရှဲ့ကျင်သည် အနံ့ပြင်းသော တိုဟူးနောက်တစ်ပိုင်းကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။ ငန်ပြီး ပြင်းရှသည့်အရသာက သူ့မျက်လုံးများကို နီရဲသွားစေကာ ပင်လယ်စာစားရတိုင်း စူးထောင်ခံစားရသည့် နာကျင်မှုကို သတိရမိစေသည်။

စူးထောင်က ကုန်သွားသော အနံ့ပြင်းသည့် တို့ဟူးဘူးကို မြင်သွားသောအခါ တိတ်ဆိတ်သွားတော့သည်။

"သူစားရတာ မကြိုက်ဘူးဆို။"

ဒီလိုမှန်းသိရင် နှစ်ဘူးလောက်ယူခဲ့ပါတယ်။ သူမတောင် တစ်ခုမှမစားလိုက်ရဘူး။ လက်နှေးသွားပြီ။

-------

နောက်တစ်နေ့ ရိုက်ကူးရေးလုပ်နေစဉ် လူတိုင်းက ကျန်ဟောင်တစ်ယောက် ပျောက်နေသည်ကို သတိထားမိသွား၏။

ထုတ်လုပ်ရေးအဖွဲ့ဘက်က ရှင်းလင်းချက်ထုတ်ထားသည်မှာ ကျန်လောင်ရှီးတွင် အခြားအချိန်ဇယားများရှိနေသည့်အတွက် နောက်ဆက်တွဲရိုက်ကူးရေးတွင် မပါဝင်နိုင်တော့ဘူး ဟူ၍ ဖြစ်သည်။

ဖျော်ဖြေရေးနယ်ပယ်တွင် လျို့ဝှက်ချက်ဆိုတာ မရှိချေ။ မေးမြန်းစုံစမ်းပြီးနောက် ကျန်ဟောင်က ရုတ်တရက် စာချုပ်ရပ်စဲလိုက်ကြောင်း သိသွားကြ၏။ထုတ်လုပ်ရေးအဖွဲ့ဘက်က လျော်ကြေးငွေကိုပင် ပေးချေခဲ့သည်။

"ဒါတွေက ဥက္ကဌရှဲ့လုပ်တာလို့ နင်ထင်လား။" ရှန်းအိုးက လေသံတိုးတိုးလေးဖြင့် စွင်းရှောင်ကျယ်အား အတင်းအဖျင်းပြောနေ၏။

စွင်းရှောင်ကျယ်၏ မျက်လုံးများက မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ပြသွားသော်လည်း သူမ၏ လေသံမှာ ပုံမှန်အတိုင်း "ဘယ်သူက သိမှာလဲ"

"သူပဲဖြစ်ရမယ်။ မနေ့က ရှောင်ရှန်းနဲ့ ကျန်ဟောင်က အငြင်းပွားကြတယ်လေ။ သူက လျော်ကြေးပေးရတာကို‌တောင် မမှုဘဲ စူးထောင်ရဲ့ဒေါသတွေကို ဖြေလျော့ပေးနေတာ။ အားး တကယ်စိတ်လှုပ်ရှားစရာပဲ။"

ရှန်အိုးသည် ထုန်မင်ရွှမ်းနှင့် အခြားသော အနုပညာရှင်များနှင့်အတူ ကမ်းခြေတွင် ရပ်နေသည်။ စူးထောင်၏ ရုပ်ရည်နှင့် စိတ်နေစိတ်ထားက သူတို့ထက်မနိမ့်ကျပေ။သူမမျက်လုံးများထဲတွင် မနာလိုအားကျမှု အပြည့်ဖြစ်နေကာ "ကျွန်မတို့ရဲ့ ဒါရိုက်တာစူးက လှလည်းလှ၊ ကိုယ်ကျင့်တရားလည်းကောင်း၊အရည်အချင်းလည်းရှိတော့ ဥက္ကဌရှဲ့ သူမကိုသဘောကျတာ မဆန်းပါဘူးလေ။"

စွင်းရှောင်ကျယ်မှာ မျက်လုံးလှန်ပြလုနီပါးပင်။ သူမက ထပ်သည်းမခံနိုင်တော့သည့်ပုံစံဖြင့် မတ်တပ်ရပ်ကာ "စူးထောင်ရဲ့နောက်လိုက်ဘက်တော်သားလေးပဲ" ထိုစကားကို ချန်ခဲ့၏။

ရိုက်ကူးရေးက ပြီးသွားပြီး မနက်ဖြန်တွင် ရိုက်ကူးရေးနေရာ ပြောင်းရိုက်ရမည်ဖြစ်သဖြင့် သူတို့အားလုံးကဒီနေ့ ညတွင်းချင်း ထွက်ခွာရမည်။ ထို့ကြောင့် လူတိုင်းက ပစ္စည်းများထုပ်ပိုးပြီး အလုပ်ရှုပ်နေကြသည်။

တွက်ရိုက်လိုက်သောအခါ အချိန်က အနည်းငယ် ကြပ်နေ၏။

သို့ရာတွင် ရှောင်ရှန်းနှင့် ထုန်မင်ရွှမ်းတို့မှာ ကြော်ငြာပိုင်း ရိုက်ကူးရေး ကျန်နေသေးသဖြင့် စူးထောင်က စွင်းရှောင်ကျယ်နှင့် ရှန်အိုးတို့ကို တခြားလက်ထောက်များနှင့်အတူ အရင်ထုတ်ပိုးကြရန် ပြောလိုက်သည်။ သူမကတော့ နောက်တွင်ရပ်နေပြီး အနုပညာနှစ်ယောက်ကို စောင့်ကြည့်နေသည်။

ရိုက်ကူးရေးကို တစ်ဦးပြီးတစ်ဦးလုပ်နေစဉ် စူးထောင်က ထီးကိုကိုင်ကာ ထုန်မင်ရွှမ်းဘေးတွင် ရပ်နေသည်။

ရှောင်ရှန်း ရိုက်ရမည့်အရာအားလုံး ပြီးသွားသောအခါ စူးထောင်က ရှောင်ရှန်းကို အရင်ထုပ်ပိုးခွင့်ပေးလိုက်ပြီး သူမက ထုန်မင်ရွှမ်းကို ဆက်စောင့်ပေးနေ၏။

နေဝင်ချိန်ရောက်သည်နှင့် အနီရောင်တောက်တောက် အလင်းတန်းများက ပင်လယ်ကမ်းစပ်တွင် ကျရောက်လာပြီး လှိုင်းကြက်ခွပ်ကလေးများ ဖြစ်ပေါ်သည်။

စူးထောင်က လုပ်စရာမရှိသည့်အတွက် ဝန်ထမ်းများကိုကူညီပြီး ရိုက်ကူးရေးနေရာကို သန့်ရှင်းရေးလုပ်ပေးကာ အမှိုက်များ၊ဘူးခွံများကို ကောက်ပြီး အမှိုက်ပုံးထဲသို့ပစ်ပေးနေ၏။

သူမငုံ့ချပြီး ပုလင်းအလွတ်ကို ကောက်ယူတော့မယ့်အချိန်တွင် ထိုပုလင်းကို သေးသွယ်ပြီး ရှည်လျားသည့်လက်ချောင်းများက ဆုပ်ကိုင်လိုက်သည်။

စူးထောင် မော့ကြည့်လိုက်ရာ နီဆွေးနေသောနေဝင်ချိန်အောက်တွင် တောက်ပပြီး ချောမောသော မျက်နှာသည် ထင်းနေ၏။

အရပ်မြင့်ပြီး ချောမောခန့်ညားသော အသွင်အပြင်က လူတစ်ယောက်ကို အကြည့်တစ်ချက်ထဲနဲ့တင် မမေ့နိုင်အောင်ဖြစ်စေသည်။

အထူးသဖြင့် သူ့၏ကြည်လင်ပြီး ပြုံးနေသောမျက်ဝန်းများက နှစ်လိုဖွယ်ကောင်းနေပြီး သူ၏နူးညံ့သည့်ထောင်ချောက်ထဲသို့ မတော်တဆ ဝင်ရောက်ရန် ခေါ်ဆောင်နေသလိုပင်။

"ခင်ဗျားက ဝန်ထမ်းလား။"ချောမောသည့်လူငယ်လေးက စကားစပြောလာပြီး သူ၏စူးစမ်းနေသောအကြည့်က စူးထောင်၏တည်ငြိမ်နေသော မျက်နှာပေါ်တွင် ကျရောက်နေ၏။

"မဟုတ်ဘူး။ ကျွန်တော် မေးချင်တာက....။"

အလုပ်သရဲလေး စူးထောင်က မျက်လုံးများတဖျတ်ဖျတ်တောက်ပလာကာ သူမရှေ့ရှိ ယောက်ျားတစ်ယောက်ကို မဟုတ်ဘူး သူမထက်ငယ်ရွယ်သည့် လူငယ်လေးကို စိတ်ဝင်တစားကြည့်လာသည်။

ဒီလို အသွင်အပြင်၊စိတ်နေစိတ်ထားနဲ့သာဆို အနုပညာရှင်တစ်ယောက် မဖြစ်ဘူးဆိုရင် နှမျောစရာကောင်းနေမှာ။ မျက်စိတမှိတ်အတွင်းမှာပင် စူးထောင်က သူ့အတွက် အနာဂတ်အစီအစဉ်နှင့် တိုးတက်မည့်လမ်းကြောင်းတွေကို စိတ်ကူးထားပြီးနေပြီ။

"ကျွန်တော့်နာမည်က ကျန်းချီပါ။ အနာဂတ်ရဲ့ ထိပ်တန်းသရုပ်ဆောင်ပေါ့။" လူငယ်လေးက ပုလဲကဲ့သို့ ဖြူဖွေးနေသည့် သွားလေးတွေကိုပြပြီး စူးထောင်ကို ယုံကြည်မှုအပြည့်နဲ့ ကြည့်ကာ "ခင်ဗျား ကျွန်တော့်ရဲ့လက်ထောက်ဖြစ်ချင်လား။"

ကျင်းချွေ့ဝမ်သည် သစ်ပင်ရိပ်တွင် ပုန်းအောင်းနေသော တစ်စုံတစ်ယောက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း တိတ်တဆိတ် အံကြိတ်လိုက်၏။ ထိုလူက ပြေးထွက်သွားပြီး တစ်ယောက်ယောက်ကို ကိုက်လိုက်မှာကို သူတကယ်ကြောက်မိသည်။

"သူဌေး ဆက်စောင့်ကြည့်ပါဦး။‌ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။"

"ဘာကိုစောင့်ကြည့်ရမှာလဲ။" ရှဲ့ကျင်မှာ နယ်မြေကျူးကျော်ခံလိုက်ရတဲ့ ခြင်္သေ့တစ်ကောင်လို ဒေါသထွက်နေ၏။

ကျန်းချွေ့ဝမ်မှာ ဒေါသထွက်နေသော သူဌေးဖြစ်သူက အပြေးအလွှားသွားကာ ထိုလူနှစ်‌ယောက်ကို ခွဲထုတ်မည်ကို အမှန်တကယ် ကြောက်နေမိသည်။ ထို့ကြောင့် စူးထောင်ကို ခေါ်လိုက်ခြင်းက ပိုလုံခြုံသွားမည်ဟု ခံစားလိုက်ရ၏။

စူးထောင်က သူမနာမည်အား တစ်ယောက်ယောက်ခေါ်နေသည်ကို ကြားလိုက်ရ‌သည့်အခါ လှမ်းကြည့်လိုက်ရာ ကျင်းချွေ့ဝမ်က သူမအားလက်ဝှေ့ယမ်းပြနေတာကို တွေ့လိုက်ရသည်။ သူနှင့်အတူရှိနေသည့် ရှဲ့ကျင်၏ အမူအရာက ဒီကမ္ဘာပေါ်တွင် သူလုံးဝမတည်ရှိနိုင်တော့သလိုမျိုး တော်တော်လေးမည်းမှောင်နေ၏။

သူမက ကျန်းချီကို ခဏစောင့်ရန်ပြောလိုက်ပြီး ရှဲ့ကျင်ဆီသို့ အရှိန်မြင့်လျှောက်လာကာ ကျင်းချွေ့ဝမ်ကို မေးလာသည်။" သူဘာဖြစ်နေတာလဲ။"

ထိုနေရာတွင် ပျောက်သွားသွားတော့မည့် ကျင်းချွေ့ဝမ်က ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ချေ။ ရှဲ့ကျင်၏ မျက်လုံးများက အေးစက်သည့် အခိုးအငွေ့ရစ်သိုင်းနေကာ "သူက ဘယ်သူလဲ။"

စူးထောင်၏အမူအရာမှာလည်း မည်းမှောင်သွားပြီး အန္တာရယ်ရှိသောလေသံဖြင့် သတိပေးမှုအပြည့်နှင့်ပင်။ "ရှင်နဲ့ဘာဆိုင်လို့လဲ။ ဘာလို့ ကျွန်မကို ဒီလိုမျိုး လာကြည့်နေတာလဲ။"

ကျင်းချွေ့ဝမ်က အနောက်သို့ခြေတစ်လှမ်း တလှည်းပြီးတစ်လှမ်း ဆုတ်လိုက်သည်။ စူး‌ထောင်မှာ သူဌေးနှင့် ရန်စရန်ပင် ရဲရင့်လွန်းနေပြီ။ နောက်တစ်စက္ကန့်တွင် သူဌေးက သူမအား ကိုက်သွားမှာကို သူတကယ်ကြောက်နေမိ၏။

ဒါပေမယ့် သူကြောက်နေသလို ဖြစ်မလာခဲ့ပေ။

ရှဲ့ကျင်က အမှန်တကယ်ပင် မျက်လွှာချလိုက်ပြီး သူ၏ မျက်တောင်ရှည်များက မျက်လုံးအတွင်းရှိ အေးတိအေးစက် အခိုးအငွေးများကို ဖုံးအုပ်ထား၏။ ထိုအခိုက်အတန့်တွင် သူ့ဒေါသကို ပြန်မထိန်းနိုင်သောကြောင့် သူမ မြင်မသွားစေရန် မသိမသာ ခေါင်းကိုလှည့်လိုက်၏။

ကျင်းချွေ့ဝမ် - "..."

မျက်စိပွင့်နားပွင့် ဖြစ်သွားပြီ။

All Chapters