အခန်း (၂၇)
Vol. 3 Ch. 27
စူးထောင် - တောင်းပန်ပါတယ်။ တို့ အရက်ကောင်းကောင်း မသောက်နိုင်ဘူးရယ်။ သူငယ်ချင်းက တို့တွေကို တွေ့သွားပြီး နားလည်မှုလွဲသွားပုံရတယ်။မင်းကိုတော့ ပြဿနာ မဖြစ်သွားစေဘူးမလား။
အချိန်တော်တော်ကြာ ကြာသွားပြီးနောက် နောက်ဆုံးတွင် ကျန်းချီက စာပြန်ပို့လာသည်။
ကျန်းချီ - ဒါက ခင်ဗျားရဲ့ ရှင်းပြချက်လား။
ကျန်းချီ - အဲဒီလူကြီးနဲ့ ခင်ဗျားကြားက ဆက်ဆံရေးအကြောင်း ရှင်းပြသင့်တာမဟုတ်လား။
စူးထောင် - ဒီနေ့မင်းကို လာရှာရတဲ့ ရည်ရွယ်ချက်ကိုပဲ ရှင်းပြသင့်တယ်လို့ တို့ထင်တယ်။
ကျန်းချီက စာမပြန်လာဘဲ ကြည့်ရတာ သူမ၏ရှင်းပြချက်ကို စောင့်နေပုံရ၏။
စူးထောင်က တိုက်ရိုက်ပင် အီလက်ရောနစ် စာချုပ်မိတ္တူနှစ်စောင်ကို ပို့ပေးလိုက်သည်။
ကျန်းချီ - ?
စူးထောင် - မင်းကို ပထမဆုံးစတွေ့တုန်းက နာမည်ကြီးတစ်ယောက်ဖြစ်ဖို့ အလားအလာကောင်းတယ်လို့ တို့တကယ်ပဲ ခံစားလိုက်ရတယ်။ ဒါကြောင့်မင်းကို တို့ရဲ့အနုပညာရှင်အနေနဲ့ လက်မှတ်ထိုးချင်ခဲ့တာ။
ထိုစာကိုပို့ပေးပြီးနောက် စူးထောင်က သူဘယ်လိုတုံ့ပြန်လာမလဲဆိုတာ မသိသည့်အတွက် အနည်းငယ်စိတ်လှုပ်ရှားနေသလို ခံစားလိုက်ရ၏။
အချိန်အတော်ကြာပြီးနောက်မှသာ ကျန်းချီစာပြန်လာခဲ့သည်။
ကျန်းချီ - ကျွန်တော်ငြင်းလိုက်လို့ ခင်ဗျားကိုယ့်မျက်နှာကိုယ်ပြန် အဖတ်ဆယ်ဖို့ ကြိုးစားနေတာလား။
စူးထောင် - "..."
ဒီကောင်စုတ်လေးက ယဉ်ယဉ်ကျေးကျေးပြောပေးတာနဲ့ မတန်ဘူးလို့ ခံစားလိုက်ရ၏။
တကယ်လို့ သူမသာ မျက်နှာအဖတ်ပြန်ဆယ်ဖို့ လုပ်နေတယ်ဆိုရင် သူ့စကားတွေက သူမရဲ့မာနကို ပိုပြီးမထိခိုက်စေဘူးလား။
ဒါပေမယ့် သူဒီလိုပြောပေးတာ ကျေးဇူးတင်ရမယ်။ သူမစိတ်လှုပ်ရှားနေတာတွေက ရုတ်တရက် ပျောက်ကွယ်သွားပြီ။
စူးထောင် - မဟုတ်ဘူး၊ မင်းနားလည်မှုလွဲသွားတာဖြစ်ရမယ်။ တို့ရဲ့နဂိုရည်ရွယ်ချက် မင်းကိုအပြင်မှာ ခေါ်တွေ့ပြီး စာချုပ်အကြောင်း ဆွေးနွေးချင်ရုံပဲ။ ဒါပေမယ့် မင်းကတို့ကို တွေ့ဖို့ငြင်းတယ်လေ။ ဒီတော့ မင်းရဲ့ဖျော်ဖြေပွဲဆီကိုပဲ လိုက်လာရတာပေါ့။"
စူးထောင် - အစကတည်းက တို့ဘက်ကရှင်းရှင်းလင်းလင်း လုပ်ခဲ့သင့်တာပါ။ တောင်းပန်ပါတယ်နော်။
ထိုစာများကို ပို့ပြီးနောက် သူမဖုန်းစခရင် မည်းမှောင်သွား၏။ သူမ ဖုန်းပြန်ဖွင့်လိုက်သော်လည်း ဘာပြန်စာမှ ရောက်မလာသေးပေ။
စူးထောင်သည် အချိန်အတော်ကြာ ဘာတုံ့ပြန်မှုမှမလာသော wechat ကိုကြည့်နေကာ သူမ၏နှလုံးသားမှာ တဖြည်းဖြည်း အေးခဲသွားသည်။
စူးထောင်မှာ စိတ်ဓာတ်ကျသွားပြီး ထိပ်တန်းကြယ်ပွင့်တစ်ပွင့်ကို ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းနေချိန်တွင် သူမဖုန်းစခရင်က ရုတ်တရက် လင်းလာ၏။
ကျန်းချီ - မနေ့မနက်က စားသောက်ဆိုင်မှာပဲ တွေ့ကြရအောင်။
သူမ၏ ရည်ရွယ်ချက်ကို ရှင်းပြပြီးနောက် သူမကိုတွေ့လိုသည့်ဆန္ဒ ရှိသေးပုံထောက်လျှင် သူလည်းပဲသူမနှင့် စာချုပ်တွင် လက်မှတ်ထိုးရန် စိတ်ဝင်စားနေကြောင်း ပြနေသည်ပင်။
စူးထောင်သည် သူလက်ကို ခပ်တင်းတင်းဆုပ်လိုက်ကာ ယုံကြည်မှုများပြန်ရလာသည်။
စူးထောင်သည် ကားထဲမှထွက်ကာ စားသောက်ဆိုင်ဆီသို့ မပြေးရုံတမယ် လမ်းလျှောက်သွား၏။
တစ်ချိန်လုံးစောင့်ကြည့်နေသည့် ရှဲ့ကျင်မှာ ဒေါသတကြီး ကားတံခါးကို ဆောင့်ပိတ်လိုက်သည်။ သို့သော် စက္ကန့်အနည်းငယ်လောက်သာ ဒေါသပေါက်ကွဲခဲ့ပြီး နောက်ဆုံးတွင် သူမနောက်ကို အမှီဆက်လိုက်သွား၏။
------
စူးထောင်သည် ထိုင်နေကျနေရာကို အရင်ရောက်သွားပြီး ၁၀မိနစ်လောက် ကြာပြီးနောက်မှသာ ရှဲ့ကျင်က ဖြေးဖြေးချင်း လမ်းလျှောက်လာ၏။
ကျန်းချီက အရင်ပုံစံအတိုင်း ပျင်းရိပျင်းတွဲ ထိုင်ချလိုက်သော်လည်း သူ၏အမြဲလိုလို ပြုံးနေကျမျက်ဝန်းများမှာမူ ယခုအချိန်တွင် အမူအရာမဲ့နေသည်။
စူးထောင်သည် ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်ပြီး သူမအိတ်ထဲမှ စာချုပ်နှစ်စောင်ကိုထုတ်ကာ စားပွဲပေါ်တင်ပေးလိုက်၏။
"ဒီမှာ စာချုပ်နှစ်စောင်၊ တစ်စောင်က ပုံမှန်လူသစ်တွေအတွက် စာချုပ်၊နောက်တစ်စောင်က မင်းအတွက် သီးသန့်အနေနဲ့ လုပ်ပေးထားတဲ့စာချုပ်လေ။ အရင်ကြည့်ကြည့်လိုက်ပေါ့။ မင်းမှာ မေးစရာတွေရှိနေရင် ငါတို့ဆွေးနွေးလို့ရပါတယ်။"
ကျန်းချီ၏ အကြည့်များက စူးထောင်၏ မျက်နှာမှ စာချုပ်များဆီကို ရောက်သွားသည်။ သူ ခပ်ပေါ့ပေါ့ရယ်လိုက်ရင်း ပြောလိုက်၏။ " ခင်ဗျားက စာချုပ်တွေတောင် ကြိုပြင်ထားတာပဲ။"
"မင်းအတွက် ဒီသီးသန့်စာချုပ်မှာပါတဲ့ အကြောင်းအရာတိုင်းကို တို့ဂရုတစိုက်နဲ့ လေ့လာဆန်းစစ်ပေးထားတာ။တို့က ကျင့်ယန် Entertainment ရဲ့ ရှယ်ယာရှင်တစ်ယောက်ဆိုပေမယ့် အေးဂျင့်တစ်ယောက်လည်းဟုတ်တယ်။ မင်းရဲ့အကျိုးစီးပွားအတွက် တို့တတ်နိုင်သမျှ ကြိုးစားပေးမယ်။ မင်းသာ တို့နဲ့ စာချုပ်ချုပ်မယ်ဆိုရင် အရင်းအမြစ်မှန်သမျှကို မင်းဆီအကုန်ပေးပြီး မြန်မြန်ပွဲဦးထွက်နိုင်ဖို့နဲ့ နာမည်ကြီးလာဖို့ ကူညီပေးမယ်။ တစ်နှစ်အတွင်းမှာ A-listအဆင့်၊ ၃နှစ်အတွင်းမှာ ထိပ်တန်းအဆင့်၊ ၅နှစ်အတွင်းမှာ မင်းရဲ့ပန်းတိုင် အမြင့်ဆုံးဆုတွေဆွတ်ခူးသွားမယ့် ထိပ်ဆုံးအဆင့်သရုပ်ဆောင် တစ်ယောက်ဖြစ်စေရမယ်လို့ တို့အာမခံတယ်။"
"အိုးး ဟုတ်သားပဲ။ ကုယိယန်ဆိုတဲ့ တစ်ယောက်လေ အဲဒါတို့ကိုယ်တိုင် ပျိုးထောင်ထားတဲ့သူ။ တစ်နှစ်အတွင်း သူအခုလိုအောင်မြင်တဲ့ အခြေအနေရောက်အောင် တို့ကူညီပေးထားတာ။ ဒီတော့ တို့ကို မင်းတကယ်ယုံကြည်လို့ရပါတယ်။"
ကျန်းချီက စူးထောင်ကို ကြည့်လိုက်ပြီး အလုပ်အကြောင်းပြောတဲ့အခါ သူမမျက်လုံးများက တလက်လက်တောက်ပနေကာ သူမတစ်ကိုယ်လုံးမှာ မတူကွဲပြားသည့်ပုံစံ ဖြာထွက်နေသည်။
'ပထမဆုံးအကြိမ် သူတို့ကမ်းခြေမှာ တွေ့ကြတုန်းက သူမသာ မခွဲရသေးတဲ့ ကမာကောင်တစ်ကောင်ဆိုရင် အခုအချိန်မှာတော့ သူမကဘပြိုးပြိုးပြက်ပြက်လက်နေတဲ့ ပုလဲတစ်လုံးပဲ။'
ကျန်းချီသည် မျက်လွှာချလိုက်ပြီး သူ့ရင်တွင်းခံစားချက်များကို ဖုံးကွယ်ကာ ဖြေးဖြေးလေး ပြောလိုက်၏။ " လောလောဆယ်မှာ ကုမ္ပဏီနှစ်ခုက မင်းလောက်နီးနီးသတ်မှတ်ချက်တွေနဲ့ စာချုပ်ချုပ်ဖို့ ဆွေးနွေးထားပြီးပြီ။ ကျွန်တော်က ဘာလို့ခင်ဗျားကို ရွေးချယ်သင့်တာလဲ။"
စူးထောင်က အံ့ဩဟန်မပြပေ။ ဒီမေးခွန်းအတွက် သူမတွေးထားပြီးသားပါ။ "ဘာလို့လဲဆိုတော့ တို့ဘက်ကတစ်ခါ ကတိပေးထားရင် သေချာပေါက် ဖြည့်ဆည်းပေးမှာမို့လို့ပဲ။"
နူးညံ့သိမ်မွေ့ပြီး အားကောင်းသော သူမအသံက ကျန်းချီ၏ နှလုံးသားကို ဖမ်းစားသွားခဲ့သည်။ကြည်လင်သော မျက်လုံးများထဲရှိ ခိုင်မာမှုနှင့် ယုံကြည်မှုတို့က သူမတစ်ကိုယ်လုံးကို တောက်ပစေ၏။
ဒီစာကြောင်းက တကယ့်ကတိတစ်ခု မဟုတ်သော်လည်း မည်သူကမှ သူမကို သံသဝင်မှာ မဟုတ်ပေ။ သူမထံတွင် လူအများကို ယုံကြည်စေသည့် မှော်စွမ်းအားရှိပုံရသည်။
ကျန်းချီသည် သူမကိုရည်ရွယ်ချက်ရှိရှိ အချိန်အတော်ကြာအောင် ငေးကြည့်နေပြီးနောက် သူ၏ ကပြက်ကချော်လုပ်သည့် သဘောထားက တဖန်ပြန်ပေါ်လာတော့သည်။ "ဒါဆို ခင်ဗျားရဲ့ရိုးသားမှုတွေကို ကျွန်တော့်ကို ပြပေးလေ။
"ဘာရိုးသားမှုလဲ။"
"ကျွန်တော့်ရဲ့လက်ထောက်လုပ်ပြီး ခင်ဗျားရဲ့အရည်အချင်းကို အရင်ကြည့်ပါရစေ။"
စူးထောင်၏ အပြုံးများက တောင့်တင်းသွား၏။ ဒီကောင်စုတ်လေးဟာလေ စတွေ့ကတည်းက သူမကို သူ့လက်ထောက်ဖြစ်လာဖို့ ဘာလို့ဒီလောက် အစွဲအလန်းကြီးနေရတာလဲ။
"မင်းနဲ့ လက်မှတ်ထိုးချင်နေတဲ့ ဘယ်အေးဂျင့်မဆို မင်းတောင်းဆိုတဲ့အခြေအနေကို လုပ်ပေးနိုင်မယ်မထင်ဘူး။" စူးထောင်က သူမလက်နှစ်ဖက်ကို ဖြန့်ကာပြောလာ၏။
"ဒါဆို အဲလိုလုပ်ပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်လက်မှတ်ထိုးပေးမယ်။"ကျန်းချီသည် မတ်တပ်ရပ်လိုက်ပြီး ဘာစကားမှဆက်မပြောချင်တော့တဲ့ သဘောထားကိုပြကာ ထွက်ခွာရန် အဆင်သင့်ပြင်လိုက်သည်။
စူးထောင်က သူ့ကိုတားလိုက်ပြီး " တို့မှာတကယ် အချိန်မရှိဘူး။ တို့ဘက်မှာ ရိုက်ကူးရေး အစီအစဥ်လုပ်နေတဲ့ အနုပညာရှင်နှစ်ယောက် ရှိနေတယ်..."
"ဒီတော့ ကျွန်တော့်အတွက် အရင်းအမြစ် မှန်သမျှအကုန်ပေးမယ်ဆိုပြီး ပြောသွားတဲ့အထဲမှာ ခင်ဗျားရဲ့ကိုယ်ပိုင်အချိန်တော့ မပါဘူးပေါ့လေ။ ခင်ဗျားက ကျွန်တော့်အပေါ် အချိန်နည်းနည်းလောက်တောင် ဖြုန်းပေးဖို့ဆန္ဒမရှိမှတော့ ကျွန်တော်က ဘယ်လိုလုပ်ခင်ဗျားကို ယုံကြည်ပေးရမှာလဲ။" ကျန်းချီက သူ့စကားတွေကို အရင်ကတည်းက ပြင်ဆင်ထားပုံရကာ စူးထောင်မှာ ပြန်မချေပနိုင်တော့ချေ။
"ကျန်းချီ တို့က ကိစ္စတော်တော်များများကို တစ်ပြိုင်နက် ဟိုသွားဒီသွား ပြေးလွှားနေရတာ။ မင်းရဲ့လက်ထောက်လုပ်ပေးဖို့ တို့မှာတကယ်ကို အချိန်မပေးနိုင်ဘူးရယ်။"
"တစ်ရက်ထဲပဲလေ။ တစ်နေကုန်စာ တစ်ရက်ပဲ။"
"ဒါဆို မင်း တို့နဲ့လက်မှတ် ထိုးပေးမှာလား။"
"ကျွန်တော် စဉ်းစားပေးမယ်။"
စူးထောင်က အံကြိတ်ကာ ခဏတာ စဉ်းစားလိုက်ပြီးနောက် သဘောတူလိုက်၏။ "သဘောတူတယ်။"
စူးထောင်၏ အနောက်ကိုတစ်ချိန်လုံး လိုက်လာနေသည့်ရှဲ့ကျင်က သူတို့၏ ပြောစကားများကို ကြားနေရသည်။ဟော်တယ်အခန်းဆီသို့ သူမလုံလုံခြုံခြုံ ပြန်သွားသည်အထိ ကြည့်နေပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
ဝူရှဲ့ယွီထံ ဖုန်းခေါ်လိုက်ကာ သူ၏ မည်းမှောင်သော မျက်ဝန်းများက ညအမှောင်နှင့် ခွဲမရအောင် တူညီနေပြီး" ကျန်းဝမ်ရဲ့မောင် ကျန်းချီဆိုတဲ့ နာမည်နဲ့ အနုပညာရှင်ကို ဘယ်လောက်ပဲ ပေးရပေးရ စာချုပ်သွားချုပ်!။"
"ဥက္ကဌရှဲ့က သူ့ကို မြေတောင်မြှောက်ပေး ချင်လို့လားဗျ။" အိပ်ရာနိုးကာစ ဝူရှဲ့ယွီက ဝါးတိုးဝါးတားနှင့် ပြောလာသည်။
"သူ့ကိုစာချုပ် သွားပြန်ချုပ်၊ ပြီးရင် သူ့ကိုချောင်ထိုးထားလိုက်။"
-----
စူးထောင်သည် ကျန်းချီသတ်မှတ်ထားသည့် အချိန်အတွင်း သူပြောထားသည့် လိပ်စာသို့ ရောက်ရှိလာ၏။
T တက္ကသိုလ်ရဲ့ဝင်ပေါက်ဖြစ်နေမယ်လို့ သူမ မမျှော်လင့်ထားပေ။
စူးထောင်မှာ ဖျော်ဖြေပွဲလာကြည့်တဲ့နေ့တုန်းက ဝတ်ထားသည့် နက်ပြာရောင်ဂျင်းဘောင်းဘီနှင့် အဖြူရောင်အင်္ကျီကိုသာ ပြန်ဝတ်ဆင်ထားသည်။
ပထမတစ်ချက်အနေနဲ့ အပြင်ဘက် လှုပ်ရှားမှုတွေအတွက် အဆင်ပြေစေပြီး နောက်တစ်ချက်မှာ အရေးကြီးတဲ့ အခိုက်အတန့်တွင် ဖြတ်သွားဖြတ်လာတစ်ဦးကဲ့သို့ ဟန်ဆောင်ရတာ အဆင်ပြေသည့်အတွက် ဖြစ်သည်။
ဒါက သူမ ကုယိယန်ကို ခေါ်သွားသည့်အခါတိုင်း အသုံးပြုနေကျ အလေ့အကျင့်ပင်။
သို့သော် ဒီဝတ်စုံက ပတ်ဝန်းကျင်နှင့် တော်တော်လေးကို လိုက်ဖက်ပြီး တက္ကသိုလ် ကျောင်းသူတစ်ယောက်ကဲ့သို့ ဝေခွဲမရအောင် တူနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားချေ။
စူးထောင်သည် အရပ် 1.7 မီတာနီးပါး၊လည်ပင်းခပ်ရှည်ရှည်၊သွယ်လျသော ပုံပန်းသွင်ပြင်ရှိနေကာ အလှတရားများနှင့် ပြည့်နှက်နေသည့် Tတက္ကသိုလ်ထဲမှာပင် လူအုပ်ကြား၌ထင်းနေ၏။
သူမက ဆံပင်ကို ခပ်မြင့်မြင့်စည်းနှောင်ထားကာ တွဲကျနေသောဆံနွယ်များက ယုန်အမြီးလေးလို့ သူမခေါင်းအနောက်ဘက်တွင် ခုန်ပေါက်နေသည်။
သူမ၏ ကြည်လင်သော အသားအရေက နေရောင်အောက်တွင် တောက်ပနေပြီး နီဆွေးနေသော နှုတ်ခမ်းကကွေးတက်သွားကာ ဆုံရပ်နေရာတွင်ရပ်နေသည့် ကျန်းချီကို လက်ဝှေ့ရမ်းပြလိုက်၏။
ကျန်းချီသည် စူးထောင်ကို ချက်ချင်းတွေ့သွားပြီး နေကာမျက်မှန်အောက်ရှိ သူ့မျက်လုံးများက ခဏတာ အေးခဲသွားကာ သူ့အကြည့်ကိုပြန်လွှဲလိုက်ပြီး သူမဆီသို့ လျှောက်လာခဲ့သည်။
သူက စူးထောင်ကို တက္ကသိုလ်ဝင်းထဲ ခေါ်သွားလိုက်၏။ တက္ကသိုလ်ပိတ်ရက်တွင် တိတ်ဆိတ်နေသင့်သော်လည်း ထိုအစား လူများ၊ဘောလုံးများ၊စာတန်းများ၊အလင်းချောင်းများနှင့် စည်ကားနေပြီး တော်တော်လေးကို သက်ဝင်လှုပ်ရှားနေသည်။
"ဒီနေ့ အခမ်းအနားပွဲတွေ ဘာတွေရှိလို့လား။" စူးထောင်က စပ်စုကာ မေးလိုက်၏။
"ဟုတ်တယ် အနီးအနားက နိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ကျွန်တော်တို့ တက္ကသိုလ်ကြားက ဘတ်စကတ်ဘောကစားကြမှာလေ။ တစ်နှစ်မှာ တစ်ခါကျင်းပတယ်။"
လမ်းဘေးတွင် ဘတ်စကက်ဘောကစားနေသည့် ကျောင်းသား အနည်းငယ်ရှိနေပြီး သာမန်ဘတ်စကက်ဘောကစားခြင်းကို လက်တွေ့ဘဝတွင် အားကစား anime တစ်ခုကဲ့သို့ တူညီစေရန် လုပ်ဆောင်နေကြသည်။
ကျန်းချီသည် ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားတစ်ဦးနှင့်မတူဘဲ စူးထောင်နှင့် ဘေးချင်းကပ်လျက် အေးအေးဆေးဆေး လမ်းလျှောက်နေ၏။
"မင်းရော ဝင်မကစားဘူးလား။"
ကျန်းချီက ရုတ်တရက် နေကာမျက်မှန်ကို ချွတ်လိုက်ကာ သူ့မျက်လုံးများထဲတွင် ပရောပရည်အပြုံးတစ်ခု နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။ "ခင်ဗျား ကျွန်တော် ကစားတာကို ကြည့်ချင်လို့လား။"
စူးထောင်က အမူအရာမဲ့စွာ သူ့ကိုစိုက်ကြည့်လိုက်ပြီး "တို့ ကြည့်ချင်တာပဲဖြစ်ဖြစ်၊ မကြည့်ချင်တာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဒီနေ့မှာ တို့က မင်းရဲ့လက်ထောက်ဆိုတော့ မင်းပျော်နေသရွေ့အဆင်ပြေပါတယ်။"
မနေ့ညက နားလည်မှုလွဲရတဲ့ အကြောင်းရင်းတွေကို သူမခွဲခြမ်းစိတ်ဖြာလိုက်သည့်အခါ အဓိကပြဿနာမှာ သူပရောပရီ လုပ်လာသည့်အချိန်တွင် သူမဘက်က တည်တည်ငြိမ်ငြိမ်နှင့် ပြတ်ပြတ်သားသား မတုံ့ပြန်မိသောကြောင့်ဟု ကောက်ချက်ချလိုက်၏။
ထိုအစား သူမက သူ့ကိုလူကြီးတစ်ယောက်အဖြစ် ပြောဆိုဆက်ဆံပြီး အန္တရယ်ကင်းသော ဟာသတချို့လုပ်နေသည်ဟုထင်ကာ သူ့အသက်အရွယ်နှင့် ကလေးဆန်သော စိတ်သဘောထားကို သူမသတိမမူမိပေ။
ထို့ကြောင့် ဤသင်ခန်းစာမှတဆင့် သူမ သင်ယူရန်လိုအပ်ပြီး အနာဂတ်တွင် သူဘာတွေပဲပြောလာပြောလာ သူမဘက်က အချိန်မီအေးတိအေးစက် ပြန်တုံ့ပြန်ပေးရမည်။
ကျန်းချီ၏ ပရော်ပရည်အပြုံးများက ထိုအခိုက်အတန့်တွင် တောင့်တင်းသွားပြီး သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ စူးထောင်၏ ဆံပင်စကို ကစားနေကာ ခပ်ငယ်ငယ်ကောင်လေး၏ အပြုံးကို ပြလာရင်း"ကျွန်တော့်ဘက်က ကစားချင်ရင်တောင်မှ သူတို့က ကျွန်တော့်ကို ပါခွင့်ပြုမျာ မဟုတ်ဘူး။"
"ဘာလို့လဲ။"
ကျန်းချီသည် ရုတ်တရက် သူမအရှေ့တွင်ခုန်တက်လာပြီး သူမလမ်းကြောင်းကို ပိတ်ဆို့လိုကာ မျက်လုံးကိုမှေးစင်းလိုက်ရင်း "မနေ့က အဲဒီလူကြီးနဲ့ခင်ဗျားကြားက ပက်သက်မှုကို အရင်ပြောပြရင် ကျွန်တော် အဖြေပြန်ပေးမယ်လေ။"
စူးထောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း အလျင်အမြန်ပင် ပြန်ထိန်းလိုက်၏။ တစ်ချိန်တည်းမှာပင် လမ်းဘေးတွင် ဘတ်စကက်ဘောကစားနေသည့် ကျောင်းသားများ၏ ဖော်ရွေမှုမရှိသော အကြည့်များကို သူမ သတိပြုမိသွားသည်။အထူးသဖြင့် မိန်းကလေးများပင်။
"သူငယ်ချင်း တစ်ယောက်ပါ။" စူးထောင်က ရိုးရိုးစင်းစင်း အဖြေပေးလိုက်ကာ သူမ အိတ်ကပ်ထဲမှ maskတစ်ခုကိုယူထုတ်ကာ တပ်ရန်ပြင်ဆင်လိုက်၏။
"ညဘက်မှာ မင်းကို သူ့ဟော်တယ်ဆီ အတင်းခေါ်သွားတဲ့ သူငယ်ချင်းတစ်ယောက်ပေါ့လေ။" ကျန်းချီက သူမ၏ mask ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ သူမထံမှ အဖြေကို ရှင်းရှင်းလင်းလင်း ကြားချင်နေသည်။
စူးထောင်က သူ့ကိုစိုက်ကြည့်လိုက်၏။ ကောင်းကင်ဘုံရဲ့သားတော်လိုမျိုး ကောင်းချီးပေးခံရတဲ့အသွင်အပြင်ရှိပါရက်နဲ့ ဘာလို့ ဒီလိုအတင်းအဖျင်းတွေ စိတ်ဝင်စားရတာလဲ။
သူမမေ့ကြည့်လိုက်သည့်အချိန်တွင် ဘယ်ကမှန်းမသိတဲ့ ဘတ်စကတ်ဘောက ရုတ်တရက်ကြီး ကျန်းချီဆီသို့ လွင့်စင်လာသည်။
စူးထောင်သည် ကျန်းချီ၏လက်ကို မသိစိတ်မှဆုတ်ကိုင်မိကာ ဘေးသို့ဆွဲထုတ်လိုသော်လည်း ကျန်းချီက နားလည်မှုလွဲသွားပြီး ရှောင်တိမ်းလိုက်၏။ ဘတ်စကတ်ဘောက သူမ၏နဖူးကို တိကျစွာ ထိမှန်သွားတော့သည်။
ဘာလုံးက အရှိန်မြန်ပြီး အားပြင်းသဖြင့် စူးထောင်မှာ ဟန်ချက်ပျက်သွားကာ နံဘေးရှိဗွက်အိုင်ပေါ် လဲကျသွား၏။
သူမပြုတ်ကျသွားသည်နှင့် ကျန်းချီက အလျင်အမြန်ပင် သူမကိုထူပေးရန် ခြေလှမ်းလှမ်းလာသည်။သူမ၏ ရှပ်အင်္ကျီအဖြူမှာ ရွံ့များနှင့်ပေသွားပြီး ဘောလုံးထိမှန်သွားသော နဖူးမှာနီရဲသွားကာ စတင်ယောင်ကိုင်းလာ၏။
"ကျွန်တော့်ကို ကျဆွဲလိုက်ပြီး ကိုယ့်ကိုယ်ကိုယ်ကျ ဘာလို့မရှောင်လိုက်တာလဲ။" ကျန်းချီက မျက်မှောင်ကြုတ်ပြီး စိတ်မသက်မသာသလို ခံစားလိုက်ရသော်လည်း ထိုအရာကို ဘယ်လိုဖော်ပြရမှန်း မသိပေ။
မိန်းကလေးတစ်ယောက်ဆီက ပထမဆုံးအကြိမ် ကာကွယ်ပေးခြင်း ခံရတာပဲ။
"တို့ မရှောင်လိုက်တာ မဟုတ်ပါဘူး။" စူးထောင်က နာကျင်နေသောလေသံဖြင့် ပြန်ဖြေပေးလိုက်ကာ သူအပိုစကားတွေ မေးနေသလို ခံစားလိုက်ရသည်။ သူမသာ ရှောင်လို့ရနေရင် ဘာလို့ဘောလုံးလာရိုက်တဲ့အထိ စောင့်နေမှာလဲ။"
"ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်ကျ မရှောင်တိမ်းနိုင်ပေမယ့် ကျွန်တော့်ကိုတော့ ဆွဲလိုက်တယ်ပေါ့လေ။"
စူးထောင်သည် သူမအင်္ကျီပေါ်ရှိ ရွံ့များကို ကြည့်ရန် ခေါင်းကိုငုံ့ချလိုက်ပြီး လူများမှာလည်း တဖြည်းဖြည်းနှင့်စုပြုံလာ၏။ သူမက ကျန်းချီ၏ တရစပ်မေးလာသော မေးခွန်းများကို ဖြေပေးရန် စိတ်မပါပေ။
သူမက မော့ကြည့်လိုက်ပြီး ဘောလုံးက ဘယ်သူဟာလဲ၊ ဒါကမတော်တဆလား ဒါမှမဟုတ် တမင်တကာ လုပ်တာလားဆိုသည်ကို သိချင်နေသည်။
ရုတ်တရက်ပင် အဝေးမှ ကျယ်လောင်သော ကားအင်ဂျင်သံက ထွက်ပေါ်လာပြီး အဝါရောင်မီးများကိုထိုးကာ လမ်းသွားလမ်းလာများကို လမ်းဖယ်ပေးရန် အချက်ပြနေသကဲ့သို့ပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင် Ferrari 488 လေးယောက်စီး စူပါကားတစ်စီးက လူအုပ်ကြီးရှေ့တွင် ရပ်တန့်သွား၏။ ကားမော်ဒယ်ကို မချီးကျူးကြမီတွင် ကားတံခါးကဘပွင့်သွားပြီး လူတိုင်း၏အကြည့်က ကားထဲမှထွက်လာသော ထိုအမျိုးသားအပေါ်တွင် ရောက်သွားကြသည်။
ရှဲ့ကျင်မှာ ကားနံဘေးတွင် ခပ်မတ်မတ်ရပ်နေပြီး ဘောင်းဘီရှည်က သူ့ခြေထောက်များကို ပိုပြီးရှည်သွယ်နေစေသယောင်။ သူ့မျက်လုံးများက အေးစက်နေသော်လည်း နံ့သာဖြူရနံ့လေးက သူ့ခန္ဓာကိုယ်ပေါ်တွင် သင်းပျံနေ၏။
သူက စူးထောင်ဆီသို့ လျှောက်သွားကာ သူမ၏ ရွှံ့ပေနေသောခန္ဓာကိုယ်ကြောင့် မျက်မှောင်ကြုတ်သွားပြီး သူ့အကြည့်များက နီရဲပြီးယောင်နေသော သူမ၏နဖူးဆီသို့ ရောက်သွားသည်။ သူမမျက်နှာကို မလိုက်ကာ လက်ချောင်းများက ညင်သာစွာနှင့် ထိခိုက်မိသည့်နေရာကို ပွတ်ပေးနေ၏။
"အာ့--" သူမဒဏ်ရာကို ထိမိသွားသည့်အတွက် စူးထောင်က နာကျင်စွာ ပင့်သက်ရှိုက်မိသွားသည်။
ရှဲ့ကျင်၏ မျက်လုံးများသည် အနည်းငယ် တုန်ယင်သွားကာ ထိန်းမနိုင်သိမ်းမရသည့် ဒေါသစိတ်က သူ့နှလုံးသားအောက်ခြေမှ လှိုက်တက်လာ၏။ လူအုပ်ကြီးကို ဝေ့ကြည့်နေစဉ် သူ၏နက်မှောင်သောမျက်လုံးများက ရေခဲကဲ့သို့အေးစက်နေပြီး သူ၏ ခပ်နိမ့်နိမ့်လေသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လူများ၏ နှလုံးသားကို တုန်လှုပ်စေသည်။
"ဘယ်သူ ရိုက်လိုက်တာလဲ။"
ရှဲ့ကျင်၏ ကြောက်မက်ဖွယ် မေးခွန်းထုတ်နေမှုအောက်တွင် မည်သူကမျှ စတင်ပြီးဝန်မခံရဲပေ။ သူတို့ထဲမှတစ်ယောက်က ဘောလုံးကို ပစ်ပေါက်လိုက်တာတောင် အခုအချိန်မှာတော့ သူတို့ဝန်ခံလိမ့်မည်မဟုတ်ချေ။
ဒီကိစ္စနှင့်ပက်သက်ပြီး မည်သူကမျှ ရှေ့ထွက်ကာ ဝန်ခံမည်မဟုတ်မှန်း စူးထောင် ပြောနိုင်သည်။ ထို့ကြောင့် သူမက သူ့လက်ကိုဆွဲယူလိုက်ကာ ဆုပ်ကိုင်ထားပြီး သူ့ဒေါသများ ပြေပျောက်သွားစေရန် မျှော်လင့်ရင်း ညင်သာစွာနှင့် ပြောပေးလိုက်၏။" အင်္ကျီလဲဖို့ အရင်ခေါ်သွားပေးပါ။"
သူတို့ သုံးယောက်လုံး ကားပေါ်တက်ပြီးနောက် Ferrari ကားက မောင်းထွက်သွားပြီး အနောက်ဘက်ရှိ မီးနီလေးလုံးကိုသာ လူအုပ်ကြီးက မြင်နိုင်တော့သည်။
------
ကားထဲတွင် တိတ်ဆိတ်နေပြီး စူးထောင်က ဖုန်းစခရင်ပေါ်မှ သူမ၏ သနားစရာကောင်းသည့်ပုံစံကို ကြည့်နေ၏။ ထို့နောက် မည်းမှောင်နေသည့် အမူအရာနှင့် ထိုအမျိုးသားနှစ်ယောက်ကြောင့် သက်ပြင်းချလိုက်မိသည်။
ထိခိုက်ဒဏ်ရာရနေတဲ့ သူမကတောင် ဒေါသမထွက်ဘူး။ ဘာလို့ သူတို့နှစ်ယောက်ကို ကြည့်ရတာ အကြွေးတင်နေသလို ဖြစ်နေတာလဲ။
"ဒီတစ်ယောက်က ဘောလုံးရိုက်တဲ့ စကေးညံ့ပေမယ့် တော်တော်လေး အားပြင်းသားပဲ။" စူးထောင်က ရယ်လိုက်ပြီး ကားထဲက အေးစက်စက်လေထုကို ဖြိုခွဲရန် ကြိုးစားနေ၏။
တိတ်ဆိတ်နေသည့် ကျန်းချီက ရုတ်တရက် စကားပြောလာသည်။"စကေးညံ့တာမဟုတ်ဘူး။ သူတို့က တမင်တကာ ကျွန်တော့်ဘက်ကို ရိုက်လာတာ။
စူးထောင်က သိချင်စိတ်နှင့် ကြည့်လာပြီး သူဘာလို့ဒီလိုပြောရလဲဆိုတာကို သူမမျက်လုံးဖြင့် မေးနေ၏။
ကျန်းချီက သက်ပြင်းချလိုက်ရင်း ငြီးငွေ့စွာ ကြည့်လိုက်ကာ " တက္ကသိုလ်နယ်မြေအတွင်းမှာ တစ်ယောက်ယောက်က ကျွန်တော့်ကို ကျောင်းအလှပန်းလေးကဝန်ခံပြီး ကျွန်တော့်ဘက်က သူမကိုထပ်ငြင်းလိုက်တယ်လို့ ပြောလိုက်တာပဲဖြစ်ရမယ်။ ဒီကောင်တွေက သူတို့ကျောင်းပန်းအလှလေးအတွက် ရပ်တည်ပေးကြတာလေ။ ကျွန်တော်က ဖြစ်ဖူးနေကျပါ။"
စူးထောင် - "..."
ဒီလိုအရိုက်ခံသင့်တဲ့ စကားမျိုးကို တကယ်ပဲပြောထွက်တယ်ပေါ့လေ။
မသိမသာ ကားမောင်းသမား ဖြစ်သွားသော ရှဲ့ကျင်က မထီမဲ့မြင်ပြုကာ လှောင်ပြောင်လိုက်သည်။
စူးထောင်သည် သူလည်းပဲ ကလေးဆန်ဆန်မောက်မာသည့်ပုံစံကို အထင်အမြင်သေးသည်ဟု တွေးလိုက်သော်လည်း ရှဲ့ကျင်က ခပ်တိုးတိုးပြောလာ၏။ " ငါနဲ့တော့ မတူဘူးပဲ။ ကျောင်းတက်တဲ့အချိန်တုန်းက မိန်းကလေးတွေက ငါ့ကိုတိတ်တိတ်လေးပဲ ချောင်းကြည့်ရဲပြီး ဝန်မခံရဲကြဘူး။ သူတို့က ငါအခက်တွေ့မှာကို ကြောက်တာဖြစ်နိုင်တယ်။"
စူးထောင် - "..."
စူးထောင်က တိတ်တဆိတ်ပင် ပြတင်းပေါက်ဆီသို့ မျက်နှာမူလိုက်သည်။
အနီးနားရှိ ကြုံရာဟိုတယ်တစ်ခုကို ရှာဖွေပြီးနောက် ရှဲ့ကျင်က သူတို့နောက်သို့လိုက်ရန် ကားပေါ်မှမဆင်းခဲ့ပေ။ ကျန်းချီဟာ စူးထောင်အတွက် အခန်းတစ်ခန်းရလာပြီး သူမကို အရင်ရေချိုးထားခိုင်းလိုက်ကာ သူကတော့ သူမအတွက် အဝတ်အစားများ ဝယ်ရန်ထွက်သွားတော့သည်။
သူမက အခန်းတံခါးကို မပိတ်လိုက်ခင်တွင် ကျန်းချီက တားလိုက်ကာ သတိပေးသည့်လေသံဖြင့် " အဲဒီလူ ဘာလို့ ဒီကိုရောက်လာလဲဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး။ ဒါပေမယ့် ကျွန်တော်ပြန်လာတဲ့အချိန်ကျရင် အဲဒီလူထပ်မရှိနေဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် စာချုပ်က အဆုံးသတ်သွားမှာနော်။"
စူးထောင်၏ နှုတ်ခမ်းက တုန်လှုပ်သွားပြီး ဒီကလေးက ကောင်လေးငယ်ငယ် ဟန်ဆောင်ထားသည့် big boss တစ်ယောက်ဟု ခံစားလိုက်ရပြီး သူ့ပုံစံမှာ ရှဲ့ကျင်ထက်မနိမ့်ကျပေ။
သူမက ရှဲ့ကျင်တစ်ယောက် သူတို့နဲ့အတူ လိုက်မဝင်လာလို့ တော်တော်လေးကို အံ့ဩနေပြီး သူဘာလို့ရုတ်တရက်ကြီး တက္ကသိုလ်ဝင်းထဲမှာ ပေါ်လာရလဲဆိုတာ မေးလိုက်ချင်၏။ ဒါပေမယ့် ကြည့်ရတာ သူ့ဘာသာသူထွက်သွားတာက သူမရဲ့ပြဿနာကို တော်တော်လေးလျော့ပါးသွားစေသည်။
သူမအဝတ်အစားများသာ ညစ်ပေသွားသည့်အတွက် နည်းနည်းပါးပါး လျော်ဖွတ်နေ၏။ စူးထောင်မှာ တံခါးခေါက်သံကိုကြားလိုက်ရသည့်အတွက် ရေချိုးဝတ်စုံ ဝတ်ထားရင်းပင် တံခါးသွားဖွင့်ပေးလိုက်သော်လည်း ရှဲ့ကျင်ဝင်လာတာ ဖြစ်နေသည်။
လက်ထဲတွင် နာမည်ကြီးအမှတ်တံဆိပ် အိတ်တစ်လုံးကို ကိုင်ထားသော်လည်း သူ့အကြည့်များက စူးထောင်၏ ရေချိုးဝတ်စုံပေါ်တွင် ကျရောက်သွား၏။
ရေချိုးဝတ်စုံက ကြယ်သီးမပါဘဲ ခပ်လျော့လျော့ကြိုးလေးတစ်ချောင်းနှင့်သာ ချည်ထားသည်။
"ရှင် ဘာလို့ ပြန်လာတာလဲ။ ကျွန်မက ရှင်ထွက်သွားပြီလို့တောင်ထင်နေတာ။"
ရှဲ့ကျင်၏ မျက်လုံးများက ရုတ်တရက် ပြင်းပြင်းထန်းထန် နက်မှောင်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်ကာ ပြောလာသည်။ "ဒီတော့ မင်းဒီလိုဝတ်စားထားပြီး အဲဒီကလေးအတွက် တံခါးသွားဖွင့်ပေးမယ်ပေါ့လေ။"
စူးထောင်ဘာတစ်ခုမှ မပြောလိုက်နိုင်ခင်တွင် နောက်ထပ် တံခါးခေါက်သံ ထွက်လာ၏။ အဲဒါက ကျန်းချီပြန်ရောက်လာတာပါ။
အစောနက သူ့သတိပေးချက်ကို ပြန်ကြားယောင်သွားပြီး တည်ငြိမ်သည့် အမူအရာဖြစ်နေကျ စူးထောင်မှာ အထိတ်တလန့် ဖြစ်လာတော့သည်။
ရေချိုးခန်းဆီကို ညွှန်ပြရင်း ရှဲ့ကျင်၏ နားထဲသို့ လေသံတိုးတိုးလေးဖြင့် " အဲဒီမှာ သွားပုန်းနေ၊ အသံမထွက်စေနဲ့။"
ရှဲ့ကျင်က သူနားကြားမှားသွားသလို သူမကို အချိန်အတော်ကြာ ငေးကြည့်နေ၏။
"မင်းက ကိုယ့်ကို ပုန်းစေချင်တယ်?"