← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

"မြန်မြန်သွားပုန်း သူသာ ကျွန်မနဲ့စာချုပ်ချုပ်ဖို့ငြင်းလို့ကတော့ ရှင်နဲ့ ကျွန်မအတွေ့ပဲ။" စူးထောင်သည် သူ့အား ရေချိုးခန်းထဲ အတင်းတွန်းထည့်ကာ တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်‌လိုက်သည်။

စူးထောင်က တံခါးကို ကမန်းကတမ်းဖွင့်ကာ ပြုံးပြလိုက်ပြီး ကျန်းချီ၏ လက်ထဲမှ အဝတ်အစားများကို လှမ်းယူလိုက်၏။

"အထဲမှာ ဆေးလည်းပါတယ်။ ခင်ဗျားအဝတ်အစား လဲလိုက်ပြီးရင် ကျွန်တော်ဆေးလိမ်းပေးမယ်။"

စူးထောင်မှာ မလုံမလဲနှင့် ခေါင်းညိတ်ပြကာ တံခါးကို ပိတ်ချင်နေသည်။

"ခင်ဗျား တအားပူနေတာလား။ ခေါင်းမှာ ချွေးတွေနဲ့ပြန်လို့။" ကျန်းချီသည် ဟော်တယ်အခန်း၏ လေအေးပေးစက်က ပုံမှန်အနေအထားပဲဆိုတာ ခံစားမိပြီး စိုးရိမ်တကြီးဖြင့်‌ ပြောလာ၏။ "ခင်ဗျားဖျားနေတာတော့ မဟုတ်ဘူးမလား။"

"ဘယ်ကသာ၊ မဟုတ်ပါဘူး။ ရေချိုးလိုက်လို့ ပူသလိုဖြစ်သွားရုံပါ။ တို့အင်္ကျီအရင်လဲလိုက်မယ်၊ အပြင်မှာခဏလောက်စောင့်နေနော်။" ထိုသို့ပြောပြီးနောက် စူးထောင်က တံခါးပိတ်လိုက်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

ရေချိုးခန်းတံခါးက ဖြေးညင်းစွာနှင့် အနည်းငယ်ပွင့်ဟလာသည့်အတွက် စူးထောင်က ခြေလှမ်းလှမ်းလိုက်ပြီး တံခါးပြန်ပိတ်လိုက်ကာ သတိပေးသည့်လေသံဖြင့် " တံခါးကို လော့ခ်ချထား။"

နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးနောက် ရေချိုးခန်းအတွင်းဘက်မှ တံခါးလော့ခ်ချလိုက်သံကို ကြားလိုက်ရ၏။

ထိုအခါမှသာ စူးထောင်က အေးအေးသာသာ အင်္ကျီသွားလဲတော့သည်။

ကျန်းချီ ဝယ်လာပေးသော အဝတ်အစားများကို ဖွင့်ကြည့်လိုက်သောအခါ သူမအမူအရာ တောင့်တင်းသွားပြီး အထဲတွင် ပန်းရောင်ဂါဝန် တစ်ထည်ဖြစ်နေ၏။ စူးထောင်သည် ရေချိုးခန်းတံခါးဘက်ကို တစ်ချက်စိုက်ကြည့်ရင်း အတွင်းဘက်ရှိ လူကို စူးစူးစိုက်စိုက်ကြည့်ကာ အံကြိတ်ပြီး ထိုဝတ်စုံကို ဝတ်လိုက်တော့သည်။

အင်္ကျီကိုလဲပြီးနောက် အခန်းကတ်ကိုဆွဲယူကာ တံခါးကိုပိတ်လိုက်၏။ ဆေးလိမ်းရန်အတွက် ကျန်းချီကို အခန်းထဲသို့ ဝင်လာခွင့်မပေးဘဲ သူမကသာ သူ့ဆီသို့ တိုက်ရိုက်ထွက်သွားတော့သည်။

"ကလစ်"ဆိုသည့်အသံနှင့်အတူ ရေးချိုးခန်းတံခါးက ပွင့်သွားပြီး တံခါးဝတွင်ပေါ်လာသည့် မည်းမှောင်အုံ့ဆိုင်းနေသော မျက်နှာက တစ်ခန်းလုံး ချောက်ခြားသွားစေ၏။

ရှဲ့ကျင်က ကျင်းချွေ့ဝမ်ဆီ ဖုန်းခေါ်လိုက်ကာ အုံ့မှိုင်းသည့်လေသံဖြင့် "ငါတို့ လူတွေကတဆင့် စူးထောင်ကုမ္ပဏီဆီကို‌ သွားပြော၊ ရိုက်ကူးရေးမှာ မတော်တဆတစ်ခုဖြစ်သွားလို့ တစ်နာရီအတွင်း အရောက်လာပေးပါဆိုပြီး သူမဘက်ကို ဖုန်းဆက်ခိုင်းလိုက်။"

-----

ဟော်တယ်အပြင်ဘက်တွင် ကမ်းခြေရှိနေသည်။

ကမ်းခြေမှာ အရင်ရိုက်ကူးရေး နေရာလောက် မသာယာသော်လည်း ပတ်ဝန်းကျင်က ကောင်းနေဆဲပင်။

စူးထောင်သည် ခုံတန်းတစ်ခုပေါ်ထိုင်လိုက်ကာ ကျန်းချီအား သူမနဖူးပေါ် ဆီမွှေးလိမ်းခွင့် ပေးလိုက်၏။ ထိလိုက်သည့်အချိန်တွင် အနည်းငယ် နာသွားသော်လည်း အေးမြသည့်ဆီမွှေးမှာ အကျိုးသက်ရောက်မှုရှိနေကာ တဖြည်းဖြည်းနှင့် ရောင်ရမ်းမှု လျော့ကျသွားသည်။

"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။" ကျန်းချီသည် ရုတ်တရက် ကျေးဇူးတရားကို ဖော်ပြပေးလိုက်သည့်အတွက် စူးထောင်၏ မျက်ဝန်းများက ပြုံးယောင်သန်းသွား၏။

"တို့ကို ကျေးဇူးတင်စရာမလိုပါဘူး။ စာချုပ်မှာသာ လက်မှတ်ထိုးပေးလေ" စူးထောင်က သူမ၏ ရည်ရွယ်ချက်ကို ဘယ်တော့မှ မေ့မသွားချေ။

"ခင်ဗျား ကျွန်တော့်ရဲ့မေးခွန်းကို ပြန်မဖြေရသေးဘူးနော်။" ကျန်းချီသည် သူမစာချုပ်အကြောင်းပြောသည်ကို လျစ်လျူရှုလိုက်ကာ သူသိချင်တာကိုသာ မေးတော့သည်။

ထိုအချိန်တွင် စူးထောင်မှာ ကျန်းချီ ဘာပြောလိုက်မှန်း မကြားလိုက်ရပေ။ သူမ၏မျက်လုံးများက ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး အပေါ်တွင်သာ အကြည့်ရောက်နေ၏။

ထိုအမျိုးသမီးတွင် ဖြောင့်စင်းနေသော ဆံပင်ရှည်များရှိပြီး ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားကာ သူမ၏ လက်ကောက်ဝတ်၌ တလက်လက်တောက်ပနေသည့် လက်ကောက်တစ်ကွင်း ရှိနေသည်။

တစ်နှစ်ကြာပြီးနောက် ဤနေရာတွင် သူမအမှန်တကယ် ချင်ရွှယ်ရှီးနှင့် ‌ဆုံကြပြန်ပြီ။ ပို၍အံ့ဩစရာကောင်းသည်မှာ သူမ၏ပန်းရောင်ဝတ်စုံသည် လွန်ခဲ့သည့်တစ်နှစ်ကအတိုင်း တစ်ထပ်တည်းဖြစ်နေပြီး မည်သည့်အရာမှ မပြောင်းလဲသွားပေ။

မျက်တောင်တမှိတ်စာတွင် ချင်ရွှယ်ရှီးမှာ ဇိမ်ခံကားထဲသို့ ဝင်သွားနှင့်နေပြီ။ ကြည့်ရတာ သူမက ယခုအချိန်တွင် တော်တော်လေးကို အဆင်ပြေနေပုံရ၏။

"စူးထောင် ကျွန်တော် မင်းနဲ့ စကားပြောနေတယ်လေ။ဘာတွေ လိုက်ကြည့်နေတာလဲ။" ကျန်းချီက စူးထောင်ကြည့်နေသည့်ဘက်ကို လိုက်ကြည့်သော်လည်း ဘာတစ်ခုမျှမတွေ့ရချေ။

"တောင်းပန်ပါတယ် တို့ခဏက အာရုံပြန့်လွင့်သွားတာ။မင်းဘာပြောလိုက်တာလဲ။"

"ကျွန်တော် မေးလိုက်တာက အဲဒီလူကြီးနဲ့ ခင်ဗျားက ဘယ်လိုပက်သက်နေလဲလို့။ ဘာလို့ သူက ကျွန်တော့်ရဲ့ကျောင်းမှာ ရုတ်တရက်ပေါ်လာတာလဲ။ သူက ခင်ဗျားနောက်ကို တစ်လျှောက်က်လုံး လိုက်နေတာလား။ ရိုးရိုးသူငယ်ချင်းသာဆို ဒီလိုမျိုး ခင်ဗျားနားမှာတော့ ကော်လိုတော့ကပ်နေမှာ မဟုတ်ဘူးလေ။"

ကျန်းချီ၏ မေးခွန်းများက စူးထောင်အား အသက်ရှူမဝသလိုဖြစ်သွားစေသည်။

"သူက...." စူးထောင်၏ အမူအရာမှာ မည်းမှောင်သွား၏။ သူ၏မေးခွန်းရှည်ကြီးကြောင့် ခဏတုန်းက ချင်ရွှယ်ရှီးကို မြင်သွားစဉ်ဖြစ်သွားသည့် ခံစားချက်များ တဖန်ထွက်ပေါ်လာ၏။"သူက တို့ရဲ့ အရင်ရည်းစားဟောင်း။"

ကျန်းချီ၏ မျက်ခုံးများက မသိမသာ မြင့်တက်သွားသည်။ ထိုလူက သူမကိုလိုက်နေတာလို့ သူထင်ခဲ့တာ။ အရင်ရည်းစားဟောင်း ဖြစ်နေမယ်လို့ မထင်ထားမိဘူး။

"ဒါဆို ဘာလို့ လမ်းခွဲလိုက်ကြတာလဲ။"

စူးထောင်၏ တည်ငြိမ်သော မျက်နှာပေါ်တွင် တခြားဘာအမူအရာမှ မရှိသော်လည်း ထိုအခိုက်အတန့်တွင် လူအများက သူမ၏ ခံစားချက်များမှာ တည်ငြိမ်မနေသည်ကို သတိထားမိနိုင်၏။

သူမက ခေါင်းကိုငုံ့လိုက်ကာ ဝတ်ဆင်ထားသော ပန်းရောင်ဝတ်စုံအပေါ် အကြည့်ရောက်သွားရင်း ပြန်ဖြေရမည့်အစား မေးခွန်း‌မေးလာသည်။" မင်းဘာလို့ တို့အတွက် ‌ပန်းရောင်ဝတ်စုံ ဝယ်လာပေးတာလဲ။"

ကျန်းချီသည် ဒါက ဘယ်လိုမေးခွန်းမျိုးလဲဆိုတာ နားမလည်ဘဲ မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ကာ "သေချာပေါက် ခင်ဗျားနဲ့လိုက်မယ်ထင်လို့ ဝယ်ခဲ့တာပေါ့။"

အသေအချာပင် ယောက်ျားသားများသည် အကုန်အတူတူနှင့် အနူနူတွေသာ။

စူးထောင်၏ဖုန်းက မြည်သွားပြီး စွင်းရှောင်ကျယ်ခေါ်လာတာဖြစ်နေ၏။"ထောင်ထောင် မင်ရွှမ်းရိုက်ကူးရေးလုပ်နေတုန်း ပြဿနာ နည်းနည်းတက်သွားလို့ အဲဒါရိုက်ကူးရေး ဆက်လုပ်လို့မရတော့ဘူး။ နင်တစ်ချက်လောက် ပြန်လာပေးလို့ရမလား။"

စူးထောင်၏ အမူအရာမှာ တင်းကျပ်သွားပြီး မသိမသာမျက်မှောင်ကြုတ်သွားကာ " ပြဿနာတက်နေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘာပြဿနာလဲ။ သူ ဒဏ်ရာရသွားတာလား။"

"အာ... နင်ရောက်လာတဲ့အခါကျရင် သိလိမ့်မယ်။"

"ကျွန်မရောက်လာတဲ့အချိန်မှ သိမယ်ဆိုတာ ဘာကိုပြောတာလဲ။ ဘာဖြစ်သွားတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ရှင်းပြပေးလို့မရဘူးလား။" စိတ်ထောင်မှာ စိုးရိမ်ပူပန်လာပြီး တက္ကစီတစ်စီးတားဖို့ လမ်းဘေးကိုအမြန်သွားတော့သည်။

ရုတ်တရက် သူမနံဘေးတွင် ကျန်းချီ‌ ရှိနေသည်ကို သတိရသွားကာ ဖုန်းကိုချပြီးနောက် သက်ပြင်းချလိုက်၏။

"ကျန်းချီ တို့တကယ်တောင်းပန်ပါတယ်။ တို့အနုပညာရှင်ထဲက တစ်ယောက်က ပြဿနာနည်းနည်းတက်နေလို့ အခုချက်ချင်းပဲ မြန်မြန်ပြန်သွားရမယ်။"

ကျန်းချီက မကျေမနပ်ကြည့်လာကာ "ခင်ဗျားပြောတော့ တစ်နေ့တာ ကျွန်တော့် လက်ထောက်လုပ်ပေးမယ်ဆို အခုက နေ့တစ်ဝက်လောက်ပဲ ရှိသေးတယ် ကျွန်တော့်ကို စွန့်ပစ်လိုက်ပြီ။ ဒီလိုပုံနဲ့ ဘယ်လိုလုပ် ခင်ဗျားနဲ့စာချုပ်ချုပ်နိုင်မှာလဲ။ တကယ်လို့ အနာဂတ်မှာ ကျွန်တော်က ဒီဘက်ခြမ်းမှာ ပြသနာတက်နေပြီး၊တခြားအနုပညာရှင်ကလည်း သူတို့ဘက်မှာ ပြဿနာတက်နေရင် ခင်ဗျား ဘယ်သူ့ကို ဦးစားပေးမှာလဲ။"

စူးထောင်သည် ရင်ထဲတွင် စိုးရိမ်ပူပန်နေသော်လည်း စိတ်ရှည်ရှည်နှင့် သိမ်းသွင်းနေတုန်းပင်။ " မစိုးရိမ်ပါနဲ့။အနုပညာရှင်တစ်ယောက်မှာဆို အနည်းဆုံး ဝန်ထမ်း ၂-၅ယောက်အထိ တို့စီစဉ်ပေးထားတယ်လေ။ ဒီတော့ မင်းတို့ကို လိုအပ်နေတဲ့အချိန်ကျရင် တို့တတ်နိုင်သမျှ သေချာပေါက် အကောင်းဆုံး ကြိုးစားပြီးလုပ်ပေးမယ်နော်။ နောက်ပြီး ဒီလိုပြဿနာမျိုးက အမြဲတမ်းပေါ်နေတာမဟုတ်ဘူးလေ။ တို့က အဓိကနဲ့ သာမညကို ခွဲခြားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ အရာအားလုံးကို တစ်ချိန်တည်းမှာပဲ ကောင်းကောင်းကိုင်တွယ်နိုင်လို့ တို့ကိုယုံပေးပါနော်။"

စူးထောင်သည် စကားကိုအလွန်ရိုးသားစွာ ပြောလိုက်ပြီး သူမက မန်နေဂျာတစ်‌ယောက်သာဖြစ်ပြီး အမှုဆောင်အေးဂျင့် မဟုတ်ပါချေ။ ထို့ကြောင့် အနုပညာရှင်များ သွားရာနောက်သို့ အချိန်တိုင်းတကောက်ကောက် လိုက်ပါနေစရာ မလိုပေ။

သူမလုပ်ရမည့်အရာများမှာ သူဌေးနဲ့တွေ့ဆုံတာတွေ၊အကြီးအကဲတွေနဲ့‌ တွေ့ဆုံတာတွေ၊ အရင်းအမြစ်များအတွက် တိုက်ခိုက်တာတွေသာ လုပ်ရ၏။ သူမသည် အနုပညာရှင်များ၏ သာမန်အသေးအဖွဲ့ နေ့စဉ်‌ဘဝများနှင့် စိတ်ခံစားချက်နှင့်ပက်သက်သော အရာများကို ကိုင်တွယ်စရာမလိုပေ။

"ဒါပေမယ့် ခင်ဗျားနဲ့လက်မှတ်ထိုးဖို့ ကျွန်တော့်တောင်းဆိုချက်က ခင်ဗျားတစ်ယောက်ထဲကပဲ ကျွန်တော့်အတွက် စီမံခန့်ခွဲပေးရမယ် ဆိုရင်ရော။"

စူးထောင်သည် ပန်းရောင်ဝတ်စုံ ဝတ်ဆင်ရသည်မှစ၍ ချင်ရွှယ်ရှီးအားတွေ့သွားသည်အထိ ထွက်နေသော ဒေါသများမှာ ထုန်မင်ရွှမ်းအပေါ် စိုးရိမ်မှု၊ စွင်းရှောင်ကျယ်အပေါ် မကျေနပ်ချက်များနှင့် အတူ ရောနှောသွားတော့သည်။

ထို့အပြင် ကျန်းချီ၏ အမျိုးမျိုးသော တောင်းဆိုချက်များကလည်း သူမမျှော်လင့်ထားသည်ထက် အလွန်အကျွံဖြစ်နေကာ အမြဲလိုလိုတည်ငြိမ်နေသည့် သူမ၏စိတ်ခံစားချက်များမှာ ရုတ်တရက် မထိန်းချုပ်နိုင်တော့ချေ။

သူမသည် လေကိုရှုသွင်း၊ရှုထုတ်လုပ်ကာ စိတ်အေးအောင်လုပ်နေသော်လည်း ကျန်းချီက သူမစိတ်ခံစားချက် ကောာင်းမနေသည်ကို ခံစားလို့ရနေဆဲပင်။

"တို့မှာ မင်းအတွက် ကိုယ်တိုင်စီမံပေးဖို့ အချိန်မရှိဘူး။တို့ရဲ့စွမ်းအင်တွေကို အနုပညာရှင်တွေ အကုန်လုံးဆီမျှထားတာ။ တို့မင်းကို ကတိပေးနိုင်တာကတော့ မင်းအတွက် အရင်းအမြစ်တွေ နည်းနည်းပိုပေးနိုင်တယ်ဆိုတာပဲ။ တကယ်လို့ မင်းဘက်က လက်မခံနိုင်ဘူးဆိုရင်လည်း....."

စူးထောင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်တစ်ဖက်ဖြင့် ကားကိုတားလိုက်ကာ ပင်ပန်းနေသော အမူအရာဖြင့် ပြောလိုက်သည်။" ...ဆက်မလုပ်ကြရုံပေါ့။"

-------

မိုးသစ်တော ရိုက်ကူးရေးနေရာသို့ သူမပြန်ရောက်သည်နှင့် ရိုက်ကွင်းနေရာသို့ အပြင်းကလေးသွားတော့သည်။

သို့သော် ထုန်မင်ရွှမ်းက လူတိုင်းနှင့် ပုံမှန်အတိုင်းသာ ရိုက်ကူးရေးလုပ်နေသည်ကို မြင်လိုက်ရပြီး သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ 'သူဒဏ်ရာမရသွားတဲ့အတွက် ကျေးဇူးတင်ရမယ်။'

ဒုတိယတုံ့ပြန်မှုမှာ စွင်းရှောင်ကျယ်ကိုရှာပြီး ဘာဖြစ်သွားတာလဲဆိုတာ မေးဖို့ပင်။

သူမက စွင်းရှောင်ကျယ်ကို ဘေးဘက်သို့ဆွဲခေါ်ပြီး ဘာဖြစ်သွားတာလဲဟု မေးလိုက်သော်လည်း စွင့်ရှောင်းကျယ်မှာ စူးထောင် အနောက်ဘက်ကိုသာ ကြည့်နေပြီး ဘာမှပြန်မဖြေလာပေ။

စူးထောင်က အနောက်ကိုလှမ်းကြည့်လိုက်သောအခါ ရှဲ့ကျင်တစ်ယောက် သူမနောက်တွင် အေးစက်ပြီးတင်းမာသည့် အမူအရာနှင့်ရှိနေကာ အုံ့မှိုင်းသည့်လေသံဖြင့် ပြောလာ၏။" မင်းကို လှည့်စားလိုက်ဖို့ ကိုယ်ပဲသူမကိုပြောခဲ့တာ။"

စူးထောင်က အချိန်အတော်ကြာ စူးစိုက်ကြည့်နေပြီး သူမ၏တည်ငြိမ်သော မျက်ဝန်းများအောက်တွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေသည်။

"ရှင်ဘာလို့ ကျွန်မကို လှည့်စားပြီး ခေါ်လိုက်တာလဲ။"

သူမလှည့်လိုက်သည်နှင့် ရှဲ့ကျင်က သူမတကယ်ကြီး ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည်ကို သတိပြုမိသွား၏။

"သူ မမေးလိုက်နိုင်ခင်တွင် သူမ၏ အကြည့်စူးစူးက သူ၏ အေးစက်စက်အပြုအမူကို ပြန်ရုတ်သိမ်းမိသွားစေသည်။ တွန့်ချိုးနေသည့် မျက်ခုံးနှစ်ဖက်ကြားက နေရာသည်လည်း ပျောက်ကွယ်သွားကာ နူးညံ့စွာဖြင့်"ကိုယ့်ကိုပုန်းခိုင်းဖို့ မင်းကိုဘယ်သူပြောတာလဲ။"

"ကျွန်မ ဘာအရေးကြီးတာတွေ လွတ်သွားလဲဆိုတာ ရှင်သိလို့လား။ ထုန်မင်ရွှမ်းကို သုံးပြီး ကျွန်မကို လိမ်တယ်။"

စူးထောင်၏ အသံက ရုတ်တရက် ကျယ်လောင်သွားသည်။ ကံကောင်းထောက်မစွာပင် ရိုက်ကူးရေးနေရာနှင့် ဝေးကွာနေသည့်အတွက် ရိုက်ကူးရေးအပေါ် အကျိုးသက်ရောက်မှု မရှိပေ။

သို့သော် ရုတ်ရုတ်သဲသဲဖြစ်နေမှုကို သတိထားမိသွားသော ရိုက်ကူးရေး အဖွဲ့သားများမှာ အံ့ဩတုန်လှုပ်သွားကြ၏။ အထူးသဖြင့် ကျိုးကျစ်ပင် မြင်လိုက်၊ကြားလိုက်ရသည်ကို မယုံကြည်နိုင်သကဲ့သို့ သူ့မျက်လုံးများ ဝိုင်းစက်သွားသည်။

'စူးထောင်က ဥက္ကဌကို ပြန်ခံပြောနေတာလားဟ။'

စူးထောင်သည် ပြန်လှည့်လာပြီး ခိုးကြောင်ခိုးဝှက်နှင့် ထွက်သွားရန်ပြင်ဆင်နေသော စွင်းရှောင်ကျယ်ကို အော်ခေါ်လိုက်၏။ သူမ၏ကြည်လင်သော မျက်လုံးများက နီရဲနေကာ ဒေါသအငွေ့အသက်များအပြည့်ပင်။

" သူက နင့်ကိုလိမ်ခိုင်းတာနဲ့ နင်လိမ်ပေးလိုက်ရောလား။နင့်အကြီးအကဲက ဘယ်သူလဲ။ တစ်ခုခုလုပ်မယ်ဆို ကိုယ့်ဘာသာကို မစဉ်းစားတတ်ဘူးလား။ တကယ်လို့ ရွေ့ချီကို သွားချင်တယ်ဆိုရင်လည်း နင့်ကိုငါမတားဘူး။ ပြန်ရောက်တာနဲ့ ချက်ချင်းနှုတ်ထွက်စာ တင်လိုက်လို့ရတယ်။"

‌အော်ဟစ်ပြီးနောက် စူးထောင်က ပြေးထွက်သွားသည်။သူမက ကျန်းချီဆီသို့ ပြန်သွားချင်နေပြီး ကားထဲသို့ဝင်သွားဝင်သွားပြီးမှသာ သူမထွက်သွားစဉ်က သူ့အား လက်မှတ် မထိုးချင်ရင်လည်း ထားလိုက်တော့ဟု ပြောခဲ့ဖူးသည်ကို သတိရသွားတော့သည်။

ကားသည် ကျန်းချီနှင့် သူမလမ်းခွဲခဲ့သည့် ကမ်းခြေတွင် ရပ်သွားပြီး မျှော်လင့်ထားတဲ့အတိုင်းပင် ကျန်းချီမှာ ထိုနေရာတွင်မရှိတော့ပေ။

သူက သူမ၏ ဖုန်းကိုလည်းမကိုင်သလို ပို့ထားသည့်စာများကိုလည်း စာမပြန်လာပေ။ သူတကယ်ကြီး သူမနှင့်လက်မှတ်မထိုးချင်တော့တာ ဖြစ်နိုင်၏။

အလိမ်အညာတစ်ခုကြောင့်နဲ့ သူမရက်ပေါင်းများစွာ ကြိုးစားထားရတာတွေက သဲထဲရေသွန်ဖြစ်ကုန်ပြီ။

စူးထောင်သည် သူမအချိန်ဘယ်လောက်ကြာ လမ်းလျှောက် နေမှန်းမသိဘဲ သဲသောင်ပြင်တစ်လျှောက် လမ်းလျှောက်နေသည်။ ကောင်းကင်ကြီးက တဖြည်းဖြည်းနှင့် မှောင်သွားပြီး မြို့လေးမှာ မီးအလင်းရောင် ထွက်လာ၏။ ကမ်းခြေနံဘေးရှိ စားသောက်ဆိုင်များသည် မှိတ်တုတ်မှိတ်တုတ်မီးရောင်များအောက်တွင် ဝိုးတဝါးလှပနေသည်။

သူမနောက်သို့ လိုက်လာသော ရှဲ့ကျင်သည် သူမကိုတစ်ယောက်တည်း လွှတ်ထားလိုက်လျှင် ပိုသက်သာလာမည်ဟု တွေးထင်ထားခဲ့၏။ သို့သော် သူမအနောက်သို့ ပိုဆက်လိုက်လာလေလေ သူမရပ်တန့်မည့် အရိပ်အယောင်မရှိသည်ကို ပိုသိလာရလေလေပင်။

ရှဲ့ကျင်က အလျင်အမြန် ရှေ့ကိုပြေးတက်သွားကာ သူမလမ်းကို ပိတ်ရပ်လိုက်သည်။"ရှောင်ထောင်လေး ဘယ်တွေသွားနေတာလဲ။"

စူးထောင်၏ အမူအရာမှာ ပုံမှန်အတိုင်းသာ ရှိနေသော်လည်း သူမ၏ စကားများက ဓားတစ်ချောင်းလိုပါပဲ။" ရှဲ့ကျင် အခုအချိန်ကစပြီး ကျွန်မ ရှင့်ကို ထပ်မတွေ့ချင်တော့ဘူး ဟုတ်ပြီလား။"

ရှဲ့ကျင်သည် အရှေ့ကို ခြေလှမ်းလှမ်းလိုက်ကာ သူ့မျက်ဝန်းများထဲတွင် နာကျင်မှုအရိပ်အယောင်များ ဖြတ်သွား၏။ သူက အသက်ကိုခပ်ပြင်းပြင်းရှုသွင်းပြီး ဖြည်းဖြည်းခြင်းပြန်ရှုထုတ်ရင်း သူ့အပြုအမူမှာ မျက်နှာချိုသွေး လုပ်နေလုနီးပါးပင်။

" ကိုယ် မင်းကိုထပ်မလှည့်စားတော့ဘူးလို့ ကတိပေးပါတယ်။ အဲဒီအချိန်တုန်းက ကိုယ် ဒေါသစိတ်မွှန်သွားပြီး အများကြီး မစဉ်းစားလိုက်မိဘူး။"

"အဲဒါက ရှင်အများကြီး မစဉ်းစားမိလိုက်တာ မဟုတ်ဘူး။ ရှင့်အတွက်ပဲ အမြဲတမ်း ရှင်စဉ်းစား‌နေလို့။"

သူ့လုပ်ရပ်ကြောင့် ကျန်းချီနှင့် သူမ လက်မှတ်ထိုးမည့်ကိစ္စအ‌ပေါ် ဘယ်လောက်တောင် အကျိုးသက်ရောက်သွားမှန်း သူမတွေးဘူး။

တစ်ညလုံး သူမ ကျန်းချီအကြောင်းတွေ ရှာဖွေဆန်းစစ်၊ သူ့ရဲ့စာချုပ်နဲ့ ပက်သက်တာတွေကို တစ်ကြောင်းပြီးတစ်ကြောင်း သေချာစစ်ဆေး၊ စာရွက်စာတမ်း အတော်များများ ကြည့်ပြီးတော့ သူ့အတွက်အစီအစဉ်တွေကို ချခဲ့ရတာ။

သူနဲ့ချိန်းဆိုချက်မရတော့လည်း သူ့ဖျော်ဖြေပွဲကိုကြည့်ဖို့ မှော်ခိုဈေးကွက်ကနေ လက်မှတ်ဝယ်ကြည့်၊နောက်ဆုံး တစ်နေ့တာအတွက် လက်ထောက်လုပ်ပေးပါ့မယ် ဆိုပြီးတော့တောင် သဘောတူထားတယ်။

သူ့ဆီက အလိမ်အညာလေးတစ်ခွန်းနဲ့တင် သူမက ကျန်းချီကို 'မင်းလက်မှတ် မထိုးချင်ဘူးဆိုရင်လည်း မေ့လိုက်တော့'ဆိုပြီး ပြောလိုက်မိ၏။

ထားလိုက်ပါတော့ တခြားသူတွေကို အပြစ်မတင်သင့်ပါဘူးလေ။ ဒါက သူမခံစားချက်တွေ မထိန်းလိုက်နိုင်လို့ ဖြစ်သွားရတာတွေပဲ။

ဒီပန်းရောင်ဝတ်စုံနဲ့ မဆီမဆိုင် ချင်ရွှယ်ရှီးကြောင့်ပဲ သူမဒေါသထွက်သွားပြီး အမြဲတမ်းလိုလို ထိန်းချုပ်နေကျ သူမ၏ စိတ်ခံစားချက်များမှာလည်း လွှတ်ထွက်သွားတော့သည်။

"ရှောင်ထောင်လေး။" သူမ၏မျက်နှာကို လက်နှစ်ဖက်ဖြင့် နူးနူးညံ့ညံ့ကိုင်လိုက်ကာ အကူအညီမဲ့နေသောပုံစံဖြင့် "ကိုယ်မှားတာပါ။"

စူးထောင်၏ မျက်လုံးများတွင် ကြည်လင်ပြတ်သားမှုများ မှေးမှိန်သွားကာ တည်ငြိမ်အေးချမ်းသော မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခု ချိတ်ဆွဲထားသည်။

"ဒါတွေအကုန်လုံးက ရှင့်အပြစ်ရယ်တော့လည်း မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်က ပြဿနာရှိနေတာ။ စွန့်လွှတ်သင့်တဲ့အရာတွေကို မစွန့်လွှတ်နိုင်သေးဘူးလေ။"

ရှဲ့ကျင် မျက်လုံးများထဲတွင် နာကျင်မှုအရိပ်အယောင်များ ဖြတ်သွားပြီး ဒီတစ်ကြိမ်တွင် စူးထောင်က တော်တော်လေးကို ပုံမှန်မဟုတ်နေသလို ခံစားလိုက်ရ၏။ ကျန်းချီဆိုတဲ့ကောင်က သူမအပေါ် ဒီလောက်တောင် သက်ရောက်သွားတာလား။

ဒါမှမဟုတ်လည်း တစ်ခုခုလှုံ့ဆော်ခံလိုက် ရတာများလား။

ဒီပန်းရောင်ဝတ်စုံနဲ့ သူမ ဘာတွေဖြစ်သွားပြန်ပြီလဲ။

ရှဲ့ကျင်သည် စူးထောင်၏ ခေါင်းကို သူ့ရင်ခွင်ထဲအတင်း ကပ်ထားလိုက်သည်။ သူမ၏ တီးတိုးရေရွတ်သံက သူ့ရင်ဘတ်မှတဆင့် ပဲ့တင်ထပ်နေပြီး နှလုံးခုန်သံတစ်ဒုတ်ဒုတ်ကိုပင် သူမနားက ကြားလို့ရနိုင်၏။

"ရှောင်ထောင်လေး ကျေးဇူးပြုပြီး ကိုယ့်ကိုမနှိပ်စက်ပါနဲ့။"

စူးထောင်သည် မျက်မှောင်ကြုတ်သွားပြီး သူမက ရုပ်ပိုင်းဆိုင်ရာ ပဋိပက္ခဖြစ်ရသည်ကို မကြိုက်သည့်အတွက် အတင်းမရုန်းသော်လည်း သူမ၏ စကားလုံးက ဓားတစ်ချောင်းကဲ့သို့ သူ့နှလုံးသားကို တစ်ရစ်ပြီးတစ်ရစ် ထိုးသွင်းနေသည်။

"ရှဲ့ကျင် ရှင်သာ ကိုယ့်ဘာသာကိုယ် နှိပ်စက်နေတာ။ကျွန်မ ရှင့်အပေါ် ဆက်ဆံနေသလိုမျိုး သူငယ်ချင်းဟောင်းတစ်ယောက်လို ဒါမှမဟုတ် သူစိမ်းတစ်ယောက်လို ကျွန်မအပေါ် ပြန်ဆက်ဆံခဲ့မယ်ဆိုရင် ရှင်မပျော်သလိုခံစားရတော့မှာ မဟုတ်ဘူးလေ။

ရှဲ့ကျင်၏ ရင်ဘတ်မှာပြင်းထန်စွာ တုန်ခါသွားပြီး အသက်ရှူသံက မူမမှန်တော့ပေ။ သွေးစွန်းနေသော နှလုံးသားကို လက်ဆောင်အဖြစ်ပေးလိုက်ချင်သော်လည်း သူမက တစ်ချက်မျှတောင် ကြည့်မလာဘဲ အမှိုက်ပုံးထဲသို့ ချက်ချင်းပစ်ချလိုက်၏။

"ကိုယ်မလုပ်နိုင်ဘူး။ မင်းလို ဘာစကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားတာမျိုး ကိုယ်မလုပ်နိုင်ဘူး။

ရှဲ့ကျင်၏ ထိန်းမနိုင်သိမ်းမရသည့် ခံစားချက်များက စူးထောင်ဆီသို့ ကူးစက်သွားသည်။ သူမ၏နှလုံးသားက အေးဆေးတည်ငြိမ်စွာ သူ့ကိုရင်ဆိုင်နိုင်ပြီဟု သူမထင်ခဲ့သော်လည်း သူ့ဘက်က ချစ်ခင်ကြင်နာသည့်ပုံစံ ပြုမူလာသည့်အခါတိုင်း သူမရယ်ချင်နေမိ၏။

အရင်တုန်းက သူမကိုယ်သူမ ပြန်ရယ်နေသည့်ပုံစံအတိုင်းပင်။

"အရင်က ဘာလို့ ကျွန်မရှင့်ကို ထားခဲ့ရတာလဲဆိုတာ ရှင်နားမလည်သေးဘူးလား။"

စူးထောင်၏ လေသံက နွေဦးကဲ့သို့ ‌ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး စိတ်ခံစားမှုများတည်ငြိမ်နေသည့်အတွက် ရှဲ့ကျင်၏ နှလုံးသားက ဖရိုဖရဲဖြစ်သွားစေသည်။

"ကျွန်မ လက်ကို အရင်လွှတ်ပေး။ ပြီးမှ စကားထပ်ပြောကြတာပေါ့။"

စူးထောင်ကို ဖမ်းဆုပ်ထားသည့် ရှဲ့ကျင်၏လက်များက ပြေလျော့သွား၏။ ထိုမှသာ သူ့လက်ဖဝါးတစ်ခုလုံး ချွေးများဖြင့် ရွဲနစ်နေသည်ကို ခံစားလိုက်ရသည်။ စူးထောင်၏ ဆံပင်များရှုပ်ပွနေတာကိုကြည့်ပြီး လျစ်လျူရှုထားသည့် သူမအမူအရာကြောင့် ဘာကြောင့်မှန်းမသိသော်လည်း ရုတ်တရက်ကြီး သူမထံမှအကြောင်းပြချက် ကြားရမည်ကို သူနည်းနည်းကြောက်သလို ခံစားလိုက်ရသည်။

စူးထောင်သည် သူမဆံပင်ကိုသပ်ကာ အဝတ်အစားကိုပြန်ပြုပြင်ရင်း ရှဲ့ကျင်ကို ဖြတ်လျှောက်သွားတော့သည်။

All Chapters