အခန်း (၂၉)
Vol. 3 Ch. 29
မနီးမဝေးမှ စားသောက်ဆိုင်သို့ ရောက်သွားသော အချိန်တွင် မီးရောင်များက လင်းနေပြီဖြစ်၏။
မီးဖိုချောင်အား မှန်နံရံများဖွင့်ထားပြီး အတွင်းဘက်တွင် ဦးထုပ်ရှည်များ ဝတ်ဆင်ထားသော ကျွမ်းကျင်အဆင့် စားဖိုမှူးများ၏ ချက်ပြုတ်နေသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို မြင်နိုင်၏။
ထမင်းစား စားပွဲကို မီးဖိုချောင်နှင် ထောင့်ဖြတ်နေရာရှိ ကမ်းခြေပေါ်တွင် ခင်းကျင်းထားသည်။ ဒီရေအကွာအဝေးကို တိုင်းတာထားပြီး လှိုင်းများမရိုက်နိုင်သော နေရာဖြစ်၏။
ထမင်းစား စားပွဲတစ်ခုစီချင်းသည် တစ်ခုနှင့်တစ်ခု မနီးမဝေးတွင် ခင်းကျင်းထားပြီး ထိုစားပွဲများဘေးကပ်လျက်တွင် အဝါရောင်ထီးတစ်ခု ရှိနေသည်။ ရနံ့ရှိသော အဝါရောင် ဖယောင်းတိုင်တစ်တိုင်ကို စားပွဲအလယ်တွင် ထားရှိထားသည့်အတွက် အလင်းရောင်ပေးနိုင်ရုံသာမက ခြင်များကို မောင်းထုတ်နိုင်သည့်အပြင် မွှေးရနံ့များကိုလည်း သင်းပျံ့စေ၏။
ပတ်ဝန်းကျင်တစ်ခုလုံးကို အဝါရောင်မီးရောင်များဖြင့် ထွန်းလင်းနေပြီး စားသောက်ဆိုင်တစ်ဆိုင်လုံးမှာ လူအများကိုသဘာဝနှင့် နီးစပ်နေသလို ရိုမန်းတစ်လည်းဆန်ပြီး နွေးထွေးသောလေထုကို ပေးစွမ်းနေသည်။
အသေအချာပင် ဒီလိုပတ်ဝန်းကျင်မျိုးက အတွဲများအတွက် သက်သောင့်သက်သာရှိစေပြီး ရှုခင်းမြင်ကွင်းနှင့်အတူ အစားအစာကို ပျော်ရွှင်စွာ သုံးဆောင်နိုင်၏။
စူးထောင်က မီနူးကို တစ်ချက်ကလေးပင် ကြည့်မလာချေ။ သူမက သူနှင့်အတူ တကယ်ကိုညစာမစားချင်ပေ။
သို့ရာတွင် ရှဲ့ကျင်က သူမအားမီနူးကမ်းပေးလိုက်ပြီး အစောနက သူ၏အုံ့မှိုင်းနေသည်များမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ့မျက်လုံးများထဲတွင် ဖယောင်းတိုင်မီးတောက်များ ရောင်ပြန်ဟပ်နေကာ သူ့အားနူးညံ့ပြီး ကြင်နာသကဲ့သို့ ဖြစ်သွားစေ၏။
"အတိတ်တုန်းက ကိုယ်အမြဲတမ်း မင်းအကြိုက်တွေကို လျစ်လျူရှုခဲ့မိတယ်။ အခုချိန်ကစပြီး မင်းစားချင်တာမှန်သမျှ ကိုယ်လိုက်စားမယ်နော်။ အဲလိုဆို အဆင်ပြေလား။"
"မလိုဘူး၊ နောင်မှာ ကျွန်မ ရှင်နဲ့အတူ ထမင်းစားဖြစ်မှာလည်းမဟုတ်ဘူး။" စူးထောင်က သူ၏အကြည့်ကို ရှောင်ဖယ်ကာ မီနူးကိုမယူလိုက်ဘဲ တုံ့ပြန်လာသည်။သူမက တိတ်တဆိတ် ကမ်းခြေဘက်ကိုသာ ကြည့်နေ၏။
ရှဲ့ကျင်၏ မျက်လုံးများမှာ မည်းမှောင်သွားပြီး မီနူးကိုပြန်ချလိုက်ကာ ဝိုင်နီတစ်ပုလင်းနှင့် ပင်လယ်စာမဟုတ်သော အစားအစာအနည်းငယ်ကို မှာလိုက်သည်။
ထိုအခိုက်အတန့်တွင် စားသောက်ဆိုင်ထဲ၌ ဝယ်သူအနည်းငယ်သာ ရှိနေ၏။ နှစ်ယောက်လုံးက စကားမပြောကြသဖြင့် လှိုင်းသံများသာလျှင် ကြားနေရသည်။
ရှဲ့ကျင်သည် ယခုကဲ့သို့လှပသော အခိုက်အတန့်ကို မဖျက်ဆီးချင်သော်လည်း စူးထောင်ဘက်မှ အရင်တိတ်ဆိတ်မှုကို ဖြိုခွဲလာ၏။ သူမက ရှဲ့ကျင်ကို တည့်တည့်စိုက်ကြည့်ကာ တိုတိုတုတ်တုတ်ပင် ပြောလာသည်။"ဒီနေ့ ကျွန်မ ချင်ရွှယ်ရှီးနဲ့ တွေ့ခဲ့တယ်။"
'မအံ့ဩတော့ပါဘူး။'
ကြည့်ရတာ ရှဲ့ကျင်က သူမစိတ်ခံစားမှု ပြိုပျက်နေခြင်း၏ အကြောင်းအရင်းကို ရှာတွေ့သွားပုံပင်။ စားပွဲခုံပေါ်လက်များကို တင်လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် အင်အားမဲ့နေသည့် အရိပ်အယောင်များ ဖြတ်ပြေးနေသည်။
"ကိုယ်အရင်က ပြောခဲ့ဖူးပါတယ်။ ကိုယ်နဲ့ ချင်ရွှယ်ရှီးကြားမှာ ဘာမှမရှိဘူး။"
"ဟုတ်တယ် ရှင်အဲလိုမျိုးပြောခဲ့တယ်။ ဒါပေမယ့် ကျွန်မရှင့်ကို ယုံကြည်ခဲ့လားဆိုတာ ရှင်မေးခဲ့လို့လား။ " စူးထောင်၏ အကြည့်က စူးရှပြတ်သား နေသည်။
"ဆင်ခြေက သက်သေထက်မခိုင်လုံရင် ဆင်ခြေကိုပဲယုံမှာလား ဒါမှမဟုတ် သက်သေကိုယုံမှာလား။ ပြီးတော့ ရှင်က သေသေချာချာ မရှင်းပြဘူးလေ။"
ရှဲ့ကျင်သည် လက်သီးကို ခပ်တင်းတင်းဆုပ်ထားသည်မှာ လက်ဆစ်များ ပေါ်သွားသည်အထိပင်။
သူ၏ လည်စလုပ်လေးက မသိမသာရွေ့လျားသွားပြီး မျက်နှာမှာ တင်းမာနေ၏။ သူ့လေသံမှာ နောက်တစ်ကြိမ်နိမ့်ဆင်းသွားပြီး "ကိုယ်တို့ကြားမှာ ဘာမှမရှိဘူး။ ကိုယ့်ကိုယုံပါ။"
တူညီသောဆင်ခြေဖြစ်ပြီး စကားလုံးတစ်လုံးမျှပင် ပိုမသွားပေ။
အစားအစာများကို တည်ခင်းပေးထားပြီး ဝိုင်ကိုဖွင့်ကာ ဖန်ခွက်ထဲသို့ လောင်းချလိုက်သဖြင့် ဖန်ခွက်ထဲတွင် အနီရောင် များဝေ့တက်သွား၏။
စူးထောင်သည် ကောင်ကိုင်လိုက်ကာ တစ်ငုံသောက်လိုက်သည်။ အရက်ပါဝင်မှုနှုန်းမှာ သူမသောက်နေကျဝိုင်များထက် အနည်းငယ် မြင့်မားနေသော်လည်း ထိုအခိုက်အတန့်တွင် စိတ်လှုပ်ရှားနေသည့်အတွက် သူမသိပ်ဂရုမစိုက်လိုက်ပေ။
"ပန်းရောင်ဂါဝန်၊ ပင်လယ်စာ၊ လက်ကောက်၊ ဓာတ်ပုံတွေ ဒါတွေအားလုံးရှိနေတာကို ရှင့်ကိုယုံပေးပါဆိုပြီး ပြောထွက်တယ်နော်။ 'ကိုယ့်ကိုယုံပါ'ဆိုတဲ့ ဒီဘာမဟုတ်တဲ့စကားလေးနဲ့ ရှင်က ကျွန်မကို မျက်စိစုံမှိတ်ပြီး ဘာမှမသိသလို ဟန်ဆောင်ခိုင်းနေတာလားဟမ်။"
စူးထောင်၏ သေးသွယ်သော မျက်နှာသည် ဖယောင်းတိုင် မီးအောက်တွင် လှပပြီးတောက်ပနေ၏။ "ကျွန်မရဲ့သည်းမခံနိုင်ဆုံးအချက် ဘာလဲဆိုတာ ရှင်သိလား။ ရှင့်ရဲ့ နှလုံးသားထဲမှာ တခြားတစ်ယောက်ယောက် ရှိနေတာကို ကျွန်မတကယ် သည်းမခံနိုင်ဘူး။"
"ကိုယ့်နှလုံးသားထဲမှာ မင်းပဲရှိတာကို တခြားတစ်ယောက်က ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။"
"ချင်ရွှယ်ရှီးအကြောင်း ရှင်သတိမထားမိဘူးလား။ ရှင်ကလေ ဘယ်တော့မှ အဖြေတိုက်ရိုက်မပေးဘူးနော်။ ဘာလဲ ကိစ္စတွေကို ဖုံးကွယ်ဖို့ကြိုးစားနေတာလား။"
စူးထောင်သည် နောက်ထပ်ဝိုင်တစ်ငုံ ပါးစပ်အပြည့် သောက်လိုက်သည်။
အချိန်က ဒဏ်ရာတွေကို ကုစားနိုင်တယ်လို့ သူမတွေးထင်ခဲ့သော်လည်း ထိုကိစ္စများ ထပ်ပြောရသည့်အခါ သူမက မတည်မငြိမ်ဖြစ်နေတုန်းပင်။
ရှဲ့ကျင်၏ ခပ်တင်းတင်း ဆုပ်ထားသည့် လက်များမှာ အနည်းငယ်တုန်ရီနေ၏။ မျက်လုံးများကို ခဏတာ မှိတ်ထားရင်း မျက်တောင်ရှည်များက အနည်းငယ်လှုပ်ခတ်နေပြီး ဆုံးဖြတ်ချက်ချလိုက်သလိုမျိုး ဖြေးဖြေးချင်း အသက်ရှူထုတ်လိုက်ကာ သူ့လက်ချောင်းများကို ဖြေလျော့လိုက်ရင်း မျက်လုံးပင့်ကာ သူမအား တည့်တည့်စိုက်ကြည့်လိုက်၏။
"ကောင်းပြီ မင်းမေးလေ ကိုယ်သေသေချာချာ ဖြေပေးပါ့မယ်။"
စူးထောင်သည် သူ့အားကြည့်လည်းမကြည့်သလို၊တုံ့လည်းမတုံ့ပြန်လာဘဲ နောက်ထပ်ဝိုင်တစ်ငုံ သောက်လိုက်သည်။ သူမ ခေါင်းကိုတစ်ဖက်ခြမ်းသို့ စောင်းထားကာ အလင်းရောင်အောက်တွင် မျက်ဝန်းများက မသိမသာမှုန်ဝါးနေပြီး အရည်လဲ့နေ၏။
သူမ တိတ်တဆိတ်ငြိမ်နေတာသည်ကို မြင်သောအခါ ရှဲ့ကျင်ကက စောနက ပြောခဲ့သည့် စကားများကို ပြန်သတိရသွားသည်။
"ပထမအချက်အနေနဲ့ ပင်လယ်စာ၊ မင်းရဲ့လက်သည်းတွေက အမြဲတမ်းကြွပ်ဆတ်ပြီး ကယ်လ်စီယမ်ဆေးတွေသောက်ဖို့ကို ငြင်းလို့လေ။ မင်းပင်လယ်စာကို မကြိုက်မှန်းသိပေမယ့် ကိုယ် မင်းကို ရည်ရွယ်ချက်ရှိရှိစားခိုင်းခဲ့တာ။ အဲဒီတုန်းက မင်းရဲ့ခံစားချက်ကို ကိုယ်ထည့်မစဉ်းစားမိလို့ အဲဒါ ကိုယ့်အမှားပဲ။ ဒါပေမယ့် ဒါတွေက ချင်ရွှယ်ရှီးနဲ့ ဘာဆိုင်လို့လဲ။"
"ချင်ရွှယ်ရှီးက ပင်လယ်စာ စားရတာကြိုက်တယ်။" စူးထောင်၏ လေသံမှာ တည်ငြိမ်နေပြီး သူမအဝေးကိုကြည့်နေသော်လည်း သူ၏စိတ်ရှုပ်ထွေးနေမှုကို ချက်ခြင်းရှင်းပြခဲ့၏။
ရှဲ့ကျင်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ " ချင်ရွှယ်ရှီး ပင်လယ်စာစားရတာ ကြိုက်လား၊ မကြိုက်ဘူးလားဆိုတာ ကိုယ်မသိဘူး။"
စူးထောင်သည် စကားထပ်မပြောတော့ဘဲ ဝိုင်ကိုသာ ထပ်သောက်လိုက်သည်။
ရှဲ့ကျင်မှာ ဆက်ပြောရန်ပင် တတ်နိုင်တော့၏။" ပန်းရောင်ဂါဝန်အကြောင်း- ချင်ရွှယ်ရှီး အရင်တုန်းက ပန်းရောင်ဝတ်ခဲ့ပေမယ့် အဲဒါက သူမရဲ့အကြိုက်လေ။မင်းပန်းရောင်ဝတ်စုံ ဝတ်ဆင်တာကို မြင်ရတာကြိုက်တဲ့ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။"
စူးထောင်က တစ်ချက်သာ ရယ်ပေးလိုက်ပြီး ဝိုင်ကိုဆက်သောက်နေသည်။
"ဘာကျန်သေးလဲ၊ လက်ကောက်လား။ အဲဒါက ကိုယ့်အမေရဲ့ အမွေအနှစ်ပဲ။ ကိုယ်တို့ ပထမဆုံးစတွေ့တဲ့အချိန်မှာ ကိုယ် မင်းကို ပေးခဲ့တာလေ။ အဲဒါ ချင်ရွှယ်ရှီးနဲ့ ဘယ်လို ပက်သက်သွားပြန်ပြီလဲ။"
ရှဲ့ကျင်မှာ ပိုပြီးရှင်းပြပေးလေလေ သူပိုပြီးအံ့သြသွားလေလေဖြစ်နေ၏။ ထိုအချိန်တုန်းက သူဟာထိုအကြောင်းအရာများကို မဟုတ်တမ်းတရားတွေသာ ထင်ခဲ့သည်။
"ရှောင်ထောင်လေး ဒီအရာတွေကြောင့် ကိုယ်က ချင်ရွှယ်ရှီးကို ကြိုက်နေတယ်လို့ ထင်မိသွားတာလား။"
"ဒါဆို ဓာတ်ပုံ အကြောင်းကရော။" တိတ်ဆိတ်နေသည့်စူးထောင်မှာ သူ့အားစူးစူးဝါးဝါးစိုက်ကြည့်ရင်း မျက်လုံးများက ဝေဝါးသွား၏။
ရှဲ့ကျင်၏အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး သူမျက်လုံးများထဲတွင် ထိတ်လန့်ခြင်းနှင့်အတူ စိုးရိမ်ပူပန်မှုများကို ထပ်ဟပ်နေကာ ဖြေလျော့ရန်ပင် ကြိုးစားနေသည်ကို စူးထောင်တွေ့နေရသည်။
သူ့လေသံကအက်ကွဲနေကာ "ဘာ-ဘာဓာတ်ပုံလဲ။"
စူးထောင်သည် နှုတ်ခမ်းကိုကွေးလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်ပြီး ဝိုင်ခွက်အလွတ်ကို ချလိုက်ကာ ရှဲ့ကျင်အား ကြည့်နေသည့်အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူမပါးပြင်မှာ နီဆွေးနေပြီဖြစ်သည်။
သူမသည် မတ်တပ်ရပ်လိုက်သော်လည်း အနည်းငယ် မတည်ငြိမ်သည့်အတွက် ယိမ်းထိုးသွားကာ ရှဲ့ကျင်ဆီသို့ ကျသွား၏။ ဖုန်းကိုထုတ်ယူလိုက်ရင်း ဓာတ်ပုံအယ်လ်ဘမ်ထဲဝင်လိုက်ကာ password ကိုနှိပ်ထည့်လိုက်ရာ ပုံတစ်ပုံက ပေါ်ထွက်လာသည်။
သူမ၏အဖြူရောင် လက်သေးသေးလေးက ဖုန်းကို သူ့လက်ထဲလှမ်းထည့်ပေးပြီး နီဆွေးနေသော နှုတ်ခမ်းများက အနည်းငယ်ပွင့်လာ၏။- "ရှင်နဲ့ ချင်ရွှယ်ရှီး နမ်းနေတဲ့ဓာတ်ပုံလေ။"
ဖုန်းထဲက ဓာတ်ပုံကို မြင်သွားပြီးနောက် ရှဲ့ကျင်မျက်လုံးများက တင်းကျပ်သွားပြီး ကြည့်ရတာ သူအသက်ရှုသံက ခဏလောက် ရပ်တန့်သွားပုံရသည်။ နဖူးတွင် ချွေးအေးများကျလာပြီး လက်သီးကိုဆုပ်ထားတော့သည်။
သူ့မျက်လုံးများက နီရဲသွားနေပြီး အက်ကွဲသည့်လေသံဖြင့် " ဒီပုံကို မင်းဘယ်က ရတာလဲ။"
"ဟမ့် ဘယ်သူက ကျွန်မဆီကို ပို့လာလည်းဆိုတာ ကျွန်မလည်းမသိဘူး။ ကျွန်မကရော ဘာလို့သီးသန့်အယ်လ်ဘမ်မှာ သိမ်းထားပြီး ကာကွယ်ဖို့အတွက် လျို့ဝှက်ကုတ်နံပါတ်ကိုပါ ခံထားရတာလဲ။"
စူးထောင်က ခေါင်းကိုခါရမ်းကာ ပြုံးလိုက်၏။ရုတ်တရက်ကြီး အားအပြည့်နှင့် ဖုန်းကိုပင်လယ်ထဲသို့ ပစ်လိုက်သော်လည်း သူမ၏ လက်ချောက်းများက အားနည်းနေသည့်အတွက် ကမ်းခြေပေါ်တွင်သာ ကျသွားသည်။
စူးထောင်သည် ခေါင်းငုံ့ချလိုက်ပြီး သူမ၏အမြင်အာရုံမှာ ဝေဝါးသွားတော့၏။ သူမက သူ၏မေးစေ့ကိုလက်ညိုးဖြင့်ကိုင်မပြီး လက်မကို သူနှုတ်ခမ်းပေါ် ပွတ်ဆွဲလိုက်သည်။
"ရှဲ့ကျင် ရှင်ကညစ်ပတ်သွားပြီ။ ကျွန်မ ရှင့်ကို ထပ်မလိုချင်တော့ဘူး။"
သူမစကားများသည် ထက်ရှသည့်ဓားတစ်ချောင်းကဲ့သို့ ရှဲ့ကျင်၏နှလုံးသားကို အထပ်ထပ်အခါခါ ထိုးစိုက်နေကာ သွေးစိမ်းရှင်များ ထွက်ကျသည်အထိပင်။
ထိုစကားများကို သူမကိုယ်တိုင်ပြောထုတ်လာရာ လွန်ခဲ့သည့်တစ်နှစ်က သူမရုတ်တရက်ကြီး ပျောက်ကွယ်သွားသည်ထက် ပို၍သူသည်းခံရန် ခက်ခဲနေသည်။
အရင်တုန်းကဆို အနည်းဆုံးတော့ သူ့ကိုယ်သူ လှည့်စားနေပြီး သူမပြဿနာတစ်ခုခုကြုံနေလို့၊ သူ့ကိုတကယ်ကြီး မလိုချင်တာမဟုတ်ကြောင်း၊ သူမသေချာပေါက် သူ့ကိုသင့်လျော်တဲ့ အကြောင်းပြချက်ပေးမှာပဲဆိုပြီး ထင်ထားခဲ့၏။
သို့သော် ယနေ့တွင် သူမထွက်သွားရခြင်း၏ အကြောင်းပြချက်က သူ့ရှေ့တွင်ရောက်လာပြီ။
သူမက ဒီအတိုင်းသူ့ကို ထပ်မလိုချင်ရုံပဲ။
လမ်းမီးအလင်းရောင်သည် ကားပြတင်းပေါက်ကိုဖြတ်ကာ ဖြာကျနေသည်။ ရှဲ့ကျင်သည် အရက်မူး ပြီး သူ့ရင်ခွင်ထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော စူးထောင်ကို ကြည့်ကာ ခံစားချက်များ ရောထွေးနေ၏။
သူမဟာ နာခံမှုအပြည့်အိပ်ပျော်နေပြီး သူမမျက်နှာပေါ်ရှိ မျက်ရည်စီးကြောင်း အကြွင်းအကျန်များကြောင့်သာ မဟုတ်လျှင် သူ၏နာခံတတ်သော ရှောင်ထောင်လေးက ပြန်လာပြီဟုထင်လုနီးပါးပင်။
ထိုမျက်ရည်စက်များကို သုတ်ပေးလိုက်ရင်း သူ့မျက်လုံးများက နာကျင်မှုများဖြင့် ပြည့်နှက်သွားသည်။
"အဲဒီလူက ရှောင်ထောင်လေးဆီကိုလည်း ဓာတ်ပုံပို့လာတယ်။" တိတ်ဆိတ်သော ကားထဲတွင် ရုတ်တရက် ရှဲ့ကျင်က ကားမောင်းနေသော ကျင်းချွေ့ဝမ်ကို ပြောလာ၏။
ကျင်းချွေ့ဝမ်သည် အံ့အားသင့်သွားကာ သူ့မျက်လုံးများ ဝိုင်းစက်သွားသည်။
သူဌေးဖြစ်သူက ဘယ်ဓာတ်ပုံကို ရည်ညွန်းနေလဲဆိုတာ သူချက်ချင်း သဘောပေါက်သွား၏။
စူးထောင် ကုမ္ပဏီကို မလာခင်တွင် သူဌေးက သူ့အားသတင်းအချက်အလက် ဌာနရှိ လုပ်ဖော်ကိုင်ဖက်များထံ အီးမေးလ်တစ်ခုကို စုံစမ်းရန်ပြောခဲ့သည်။ နောက်ပိုင်းတွင် အမည်မသိအကောင့်တစ်ခုမှ သူဌေးဆီ နမ်းနေသည့်ဓာတ်ပုံတစ်ပုံကို ပို့လာခဲ့ကြောင်း သိသွားသော်လည်း ဘာသဲလွန်စမှ မတွေ့ခဲ့ရပေ။
ထိုအချက်ကြောင့် သူဌေးက အတွင်းရေးမှူးချင်ထံလည်း ထိုဓာတ်ပုံကို လွှဲပြောင်းပေးလိုက်သေး၏။
အခု အဲဒီလူက နမ်းနေတဲ့ဓာတ်ပုံကို စူးထောင်ဆီကိုလည်း ပို့လိုက်တာလား။ သူမဘာစကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားခဲ့တာ အံ့သြစရာမဟုတ်တော့ပါဘူးလေ။
အဲဒီလူက ဘယ်သူလဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာပါလိမ့်။
"သူဌေး ဆက်ပြီးစုံစမ်းမှာလား။" စူးထောင်ထွက်သွားခြင်းကြောင့် သူဌေးဖြစ်သူ ရုပ်ရည်ကျသွားသည်ကို မြင်လိုက်ရသောအခါ ဓာတ်ပုံပို့လိုက်သည့်သူကို ကျင်းချွေ့ဝမ် တော်တော်လေးမုန်းသွားမိသည်။
"စုံစမ်းမယ်" အံ့ဩစရာ ကောင်းလောက်အောင်ပင် ရှဲ့ကျင်သည် ဒေါသများထွက်မနေပေ။ ထိုအစား သူ့လေသံမှာ ပင်ပန်းနွမ်းနယ်မှုနှင့် ပြည့်နှက်နေ၏။ "ကျင်းချွေ့ဝမ် ချင်ရွှယ်ရှီးကို ငါ မနမ်းရဘူးလို့ပြောရင် မင်းငါ့ကိုယုံမှာလား။"
ကျင်းချွေ့ဝမ်က စတီယာရင်ကို ခပ်တင်းတင်ကိုင်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ အမှန်အတိုင်းပြောရရင် သူလည်းမယုံပေ။
'အတွေ့အကြုံရှိသူမို့ သူအသိဆုံးပါ။ မူးလာတဲ့အခါ အသိဉာဏ်တွေ ပျောက်သွားမယ်။ အမူးပြေလို့နိုးလာခဲ့ရင် ဘယ်သူကိုနမ်းလိုက်မိမှန်းတောင် မှတ်မိတော့မှာမဟုတ်ဘူးလေ။'
'နောက်ပြီးတော့လည်း ဒီနမ်းနေတဲ့ဓာတ်ပုံသက်သေက နည်းနည်းဝါးနေပေမယ့် နှစ်ယောက်သားက နမ်းနေကြတယ်ဆိုတာ တော်တော်လေးကို ရှင်းလင်းနေတယ်။'
ကျင်းချွေ့ဝမ်၏ တုံ့ဆိုင်းနေမှုကြောင့် ရှဲ့ကျင်တစ်ယောက် ခါးသီးစွာပြုံးလိုက်သည်။ "မင်း ငါ့ကိုမယုံရင် သူမလည်း ငါ့ကို ယုံမှာမဟုတ်ဘူး။"
ရှဲ့သည်သည် သူ့လက်ထဲရှိ စူးထောင်ကို ငုံကြည့်နေကာ သူမ၏ ပါးမို့မို့လေးမှာ နူးညံ့နေပုံရ၏။ "ဓာတ်ပုံစစ်ဆေးတတ်တဲ့သူကို ငါမေးကြည့်ပြီးပြီ။ ဒီဓာတ်ပုံက ဗီဒီယိုရိုက်ထားတာကနေ စခရင်ရှော့ယူထားတာ။ ငါတို့သာ မူရင်းဗီဒိုယိုရှာတွေ့နိုင်ရင် ငါ့ရဲ့အပြစ်ကင်းမှုကို သေချာသက်သေပြပေးနိုင်မှာ။"
ကျင်းချွေ့ဝမ်က နှုတ်ခမ်းစေ့ထားကာ ငြင်းလည်းမငြင်းသလို၊ ထောက်လည်း မထောက်ခံချေ။ စားဝတ်နေရေးအတွက် ပြန်စဉ်းစားကာ အင်တင်တင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ပါ သူဌေး ကျွန်တော်ချက်ချင်း စုံစမ်းပေးပြီး သူဌေးရဲ့နာမည်ကို ပြန်တင်ပေးပါ့မယ်။"
ကားပေါ်မှဆင်းပြီးနောက် ရှဲ့ကျင်သည် စူးထောင်အားသယ်ထားရင်း ကြိုးတံတားကို ဖြတ်လျှောက်လိုက်၏။
ထိုအခိုက်အတန့်တွင် သူမက သူ့ကိုဖက်တွင်ထားပြီး သူမ၏ လက်များက သူ့ခါးကိုခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ ကြည့်ရတာ သူ့ခန္ဓာကိုယ်ပေါ်ရှိ နံ့သာဖြူရနံ့မှာ သူမအား သက်တောင့်သက်သာဖြစ်စေပုံရ၏။ ကြိုးတံတားပေါ်မှာ ယိမ်းထိုးလျှောက်နေတာတောင် သူမနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းပင်။
ရှဲ့ကျင်သည် သူ့အခန်းအပြင်ဘက်တွင် ခဏတာတုံ့ဆိုင်းစွာ ရပ်နေပြီးနောက် သူမကိုသယ်ကာ အထဲသို့ဝင်သွားလိုက်သည်။
သူက မီးခပ်မှိန်မှိန်လေးသာ ဖွင့်ထားလိုက်ပြီး ရေကူးကန် အပြင်ဘက်တွင် မှိန်ပြပြအလင်းရောင်က ဖြန်းပက်လာ၏။
ခရီးမထွက်ခင် ကျင်းချွေ့ဝမ်အား ထည့်လာခိုင်းသော အမူးပြေဆေးက စားပွဲပေါ်တွင်ရှိနေသည်။ သို့ရာတွင် အမူးပြေဆေးကို ကောင်ယူလိုက်သည့်အချိန်တွင် သူတုံ့ဆိုင်းမိသွား၏။
သူမအမူးပြေသွားတာနဲ့ သူ့ကိုနောက်တစ်ကြိမ် ထပ်တွေ့ချင်တော့မှာ မဟုတ်လောက်ဘူး။
သူ့ဆီဓာတ်ပုံပြသည့်အချိန်တွင် ဖြစ်သွားသော သူမ၏ မျက်နှာအမူအရာကို သတိရသွားပြီးနောက် ရှဲ့ကျင်သူ့ကိုယ်သူ ပါးခပ်ကြမ်းကြမ်း ရိုက်လိုက်သည့်အသံက အခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
သူ၏ ရှောင်ထောင်လေးသည် ဤဓာတ်ပုံကြောင့် ထွက်သွားရန် ဆုံးဖြတ်ခဲ့သည်ကို သတိရသွားသောအခါ သူ့ကိုယ်သူ သတ်ပစ်ချင်ခဲ့၏။
ထိုအချိန်က သူမနှလုံးသားဟာ ဘယ်လောက်တောင် အေးစက်နာကျင်နေလိမ့်မလဲ။
'တကယ်လို့သူသာ သူမ တခြားတစ်ယောက်ကို နမ်းနေတဲ့ပုံမြင်ရင်လည်း အဲဒီလိုကို သတ်ပစ်ချင်နေမှာ။'
ရှဲ့ကျင်သည် စူးထောင်၏ ဆံပင်ကိုသပ်ကာ ချစ်ခင်ကြင်နာမှုအပြည့်ကြည့်နေရင်း တံတွေးခက်ခက်ခဲခဲမြိုချလိုက်ကာ "ကိုယ်တောင်းပန်ပါတယ် ရှောင်ထောင်းလေး။ ကိုယ်မသိခဲ့ဘူး....."
မင်း ဘယ်လောက်တောင် နာကျင်နေမလဲဆိုတာ ကိုယ်မသိခဲ့တဲ့အပြင် ဘာတစ်ခွန်းမှမပြောဘဲ ထွက်သွားလို့ မင်းကိုတောင် ကိုယ်အပြစ်လှမ်းတင်နေသေးတယ်။
သူ့စကားလုံးများက မျက်ရည်များနှင့်အတူ ပျောက်ကွယ်သွား၏။
စူးထောင်က သူမအိပ်နေတုန်းတစ်ခုခုကို တီးတိုးပြောနေသည်။ ရှဲ့ကျင်သည် မျက်ရည်များကို အမြန်သုတ်လိုက်ကာ သူမနှုတ်ခမ်းနားသို့ သူ့နားရွက်ကို ကပ်လိုက်၏။
ရုတ်တရက် သူ့နားရွက်က အကိုက်ခံလိုက်ရသလို ခံစားသွားရပြီး ရှဲ့ကျင်၏ နားမှာ ချက်ချင်းပူတက်လာကာ အပူလုံးကြီးက သူ့ခန္ဓာကိုယ်အနှံ့ အလျင်အမြန်ပျံ့နှံ့သွားသည်။
မှိန်ပြပြမီးရောင်အောက်ရှိ စူးထောင်ကို ကြည့်နေရင်း သူ့လည်စလုပ်က မသိမသာရွေ့လျားသွား၏။
သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သူမ၏ အနီရောင်နှုတ်ခမ်းများက သဘာဝအတိုင်း ပိတ်နေကာ ထိုခံစားချက်က သူ့စိတ်ကူးသက်သက်လားဆိုတာ သူမသေချာတော့ပေ။
"ရှောင်ထောင်လေး ရှောင်ထောင်လေး။" ရှဲ့ကျင်က နူးညံ့ညင်သာစွာဖြင့် သူမကိုနှစ်ကြိမ်တိုတိုင် ခေါ်လိုက်သည်။ ရုတ်တရက် သူကတော်တော်လေး ညစ်ညမ်းနေသလို ခံစားလိုက်ရ၏။ ရှောင်ထောင်လေးက သူမ မူးနေတုန်း သူ့ကိုတစ်ခုခုလုပ်လိမ့်မယ်လို့ သူတကယ်ကြီး မျှော်လင့်နေတာလား။
သူမဆန္ဒမပါဘဲ ဘာကိုမှ သူလုပ်လိမ့်မည် မဟုတ်ချေ။
ရုတ်တရက် စူးထောင်၏ နူးညံ့ပျော့ပျောင်းသည့်လက်က သူ့နောက်ကျောကို ဖက်တွယ်လာပြီး သူ့လက်မောင်းမှတဆင့် ရင်ဘတ်ပေါ်တက်ကာ လည်ပင်းထိရောက်လာသည်။
သူသည် သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ ခက်ခက်ခဲခဲမျိုချရင်း ဖက်တွယ်ထားသည့်သူမလက်ကို ဖြေချပြီး စောင်ထဲသို့ ပြန်ထိုးထည့်ပေးလိုက်၏။
ရှဲ့ကျင်က မတ်တပ်ရပ်လိုက်ပြီး လသာဆောင်သို့သွားကာ လေညင်းခံလိုက်ပြီးနောက် ပိုပြီးသက်သာသွားသလို ခံစားလိုက်ရသည်။
ကော်ဖီစားပွဲပေါ်တွင် ရေနွေးပူပူတစ်ခွက် လောင်းချလိုက်ပြီးနောက် အိပ်ခန်းထဲသို့ပြန်ဝင်လာရာ စူးထောင်တစ်ယောက် စောင်တွေကို ကန်ထုတ်ထားသည်ကို တွေ့သွားတော့သည်။
သူမသည် ပူအိုက်နေပုံရပြီး အင်္ကျီကော်လာကိုပင် ဆွဲနေ၏။
ရှဲ့ကျင်က ရေခွက်ကိုချလိုက်ပြီး သူမ၏စကတ်ကိုဆွဲချကာ သေးသွယ်ရှည်လျားသော ခြေထောက်များကို စောင်ဖြင့်အုပ်ပေးလိုက်သည်။ ထို့နောက်တွင် ကုတင်စွန်းတွင်ထိုင်ကာ ရေနည်းနည်းတိုက်ရန် သူခေါင်းကိုမလိုက်၏။
ကြည့်ရတာ စူးထောင်က ရှဲ့ကျင်ရဲ့ခန္ဓာကိုယ်ပေါ်က အေးမြမှုကို ခံစားသွားမိပုံရပြီး သူမမျက်နှာမှာ သူ့ရင်ဘတ်ထဲ တိုးဝှေ့လာကာ သူမလက်ကလည်း သူ့လည်ပင်းတစ်လျှောက် တွယ်တက်လာရင်း သူ့ကိုခပ်တင်းတင်းဖက်တွယ်ထားတော့သည်။
သူမ၏နီဆွေးနေသော နှုတ်ခမ်းများက သူ့နားရွက်အနားသို့ရောက်လာရာ အေးနေသောသူ့နားရွက်က ချက်ချင်းပူတက်လာ၏။
စူးထောင်က အေးသည်ကို မခံစားလိုက်ရသလိုမျိုး တဖက်ခြမ်းသို့ စူးစမ်းနေကာ ပူနွေးနေသော သူမ၏ မျက်နှာက သူ၏ မျက်နှာ၊ နွေးနေသည့်မျက်လုံး၊ နောက်ဆုံးတွင် တခြားအရာများနှင့်ယှဉ်လျှင် အတော်လေး အေးစက်နေသည့် သူ့နှုတ်ခမ်းကို ရှာတွေ့သွားသည်။
ရှဲ့ကျင်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ့လက်များက လည်ပင်းတစ်ဝိုက်တွင် ရှိနေသော သူမလက်များကို ဖယ်ထုတ်ရန် ကြိုးစားသော်လည်း မဖယ်နိုင်ခဲ့ပေ။
"အမ်းး.. ရှောင်ထောင်လေး.." ရှဲ့ကျင်၏ နှုတ်ခမ်းမှာ သူမ၏ ပိတ်ဆို့တာကို ခံလိုက်ရပြီး စာကြောင်းအပြည့်ကိုပင် မပြောနိုင်တော့ချေ။
မှိန်ပြပြအလင်းရောင်အောက်တွင် စူးထောင်၏ ဖြူဖျဖျ မျက်နှာကနီရဲလာပြီး သူမ၏အားနည်းနေသော ခန္ဓာကိုယ်မှာ သူနှင့်ပူးကပ်လုနီးပါးဖြစ်နေ၏။ ရှဲ့ကျင်သည် နောက်တစ်နေ့တွင် သူမနောင်တရသွားလောက်မည့် မည်သည့်အရာကိုမျှ မလုပ်ချင်ပေ။
သို့သော် သူ့ထံတွင် ခွန်အားမရှိသည့်အတွက် သူမအား မတွန်းထုတ်လိုက်နိုင်ပေ။
သူမကိုလည်း ထိန်းထားရပြီး သူမဆီကနေ အနမ်းခံနေရမှတော့ သူမကိုတွန်းထုတ်ဖို့ အင်အားဘယ်ရှိတော့မလဲ။
ရှဲ့ကျင်သည် ပထမဆုံးအကြိမ် စိတ်အားထက်သန်နေပြီး စူးထောင်အား တစ်လျှောက်လုံးကို ဦးဆောင်ခွင့်ပေးလိုက်သည်။