← Chapters

ထိပ်သီး အင်အားစုများ စုံလင်ခြင်း

Vol. 97 Ch. 1358

ထိပ်သီး အင်အားစုများ စုံလင်ခြင်း

Vol. 97 Ch. 1358

လရောင်ဖြာ ဧကရီ...

လရောင်ဖြာ ဧကရီမှာ အသက် နှစ်ဆယ်ခန့် အရွယ်လောက် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမမှာ ပန်းချီကားများထဲက နတ်မိမယ်လေး တစ်ယောက်လို လှပလွန်းလှကာ သေမျိုး၊ တန်ခိုးရှင် နှစ်မျိုးစလုံးအား ဆွဲဆောင်နိုင်သည့် အလွန် ရှားပါးသော အလှပိုင်ရှင်မျိုး ဖြစ်သည်။ သူမ၏ အလှတရားကို အပြစ် ကင်းစင်ကာ အေးချမ်းသည့် လရောင်နှင့် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။

သို့သော်လည်း... ယခုတွင်တော့ သူမ၏ ပန်းနုရောင် နှုတ်ခမ်းထက်တွင် ငွေခရမ်းရောင် သွေးစ တစ်ချို့ တွဲလဲခိုနေသည်။ သူမ ဒဏ်ရာ ရသွားခဲ့လေပြီ။ အနည်းငယ် ကစဉ့်ကလျား ဖြစ်နေသည့် အော်ရာ အရ ထိုဒဏ်ရာက ပေါ့ပေါ့ပါးပါး မဟုတ်ကြောင်း ထင်ရှားလှသည်။

“နောက်တစ်ကြိမ်ကျရင် ခုလို ညှာတော့မှာ မဟုတ်ဘူး...”

ကျန့်ကျန့်က အေးစက်စက် ကြေညာလိုက်ရာ လူတိုင်းမှာ ကျောရိုးများထဲမှ စိမ့်တက်သွားသလို ခံစားလိုက်ရ၏။ လရောင်ဖြာ ဧကရီမှာ ပုံသေ အာကာသကို ဖြတ်သန်း၍ အစောင့်များအား ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့တာ ထင်ရှားပေသည်။ သို့သော်လည်း သူမမှာ ချက်ချင်း ဆိုသလိုပင် ကျရှုံးခဲ့သည်။ ပြင်းထန်သည့် သင်ခန်းစာ တစ်ခုကိုပင် ပို့ချခံခဲ့ရသည်။

ဘယ်လောက် ရဲတင်းလိုက်သနည်း...။

လရောင်ဖြာ ဧကရီမှာ ထိုယုံကြည်မှုကို မည်သည့် နေရာမှ ရရှိကြောင်း သူတို့ မသိပါချေ။ သို့သော်လည်း... ဧကရီ ရှောင်ချွမ်းထက်ပင် နိမ့်ကျခြင်း မရှိသည့် အလှတရား တစ်ခု ဒဏ်ရာ ရရှိသွားခြင်းကို မြင်ရသည်က သူတို့ကို နာကျင်စေသည်။

လရောင်ဖြာ ဧကရီက နှုတ်ခမ်းထက်ရှိ သွေးများကို တိတ်တဆိတ်ပင် သုတ်လိုက်၏။ ထို့နောက် သူမက ပတ်ဝန်းကျင်ရှိ လျှို့ဝှက် အာဏာရှင် အဆင့်များကို လျစ်လျူကာ ကျန့်ကျန့်ကို လှမ်းကြည့်လိုက်သည်။

“ဆိုတော့ သူက လရောင်ဖြာ ဧကရီပေါ့... ငါ့ဘဝမှာ သူ့ကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး...”

မြေကြီးရှန်ထို တစ်ယောက်နှင့် အတူ ပါလာသည့် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ဦးက အံ့ဩ မှင်သက်စွာ ရေရွတ်လိုက်၏။

“သူက ကောလဟလတွေထဲက အတိုင်း လှတာပဲ”

"လရောင်ဖြာ ဧကရီက အရမ်းကို လျှို့ဝှက်တယ်... တော်ရုံတန်ရုံ ကိစ္စတွေဆိုရင် ဘယ်တော့မှ ဝင်စွက်ဖက်လေ့ မရှိဘူး... လရောင်ဖြာ ကြယ်တာရာ နယ်မြေမှာပဲ နေတာ များတယ်... အဆင့်အနိမ့်ဆုံး ကြယ်တာရာ နယ်မြေကို အုပ်စိုးနေတယ် ဆိုပေမဲ့ သူ့ကို ထိပ်သီး မြေကြီး ရှန့်ထို ဆယ်ယောက် စာရင်းဝင်လို့တောင် ရည်ညွှန်းကြတယ်...”

မြေကြီး ရှန့်ထို တစ်ယောက်က ရှင်းပြလိုက်၏။ သူ၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ လရောင်ဖြာ ဧကရီကို ငေးမော နေခဲ့သည်။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့်ပင် သူတို့ အကြား၌ အလှမ်း ကွာဝေးမှု တစ်ခု တည်ရှိနေသလို ခံစားရသည်။

လရောင်ဖြာ ဧကရီ၏ အလှတရားကြောင့် မှင်သက် နေခဲ့သည်က ထိုမြေကြီး ရှန့်ထို တစ်ယောက်တည်း မဟုတ်ပါချေ။ ဝေ့ဝူယင်မှာလည်း အလားတူပင် အံ့ဩနေခဲ့၏။ ပထမတုန်းက ကျူးကျော် ဝင်ရောက်လာသူမှာ သက်တံ့လောက ကြယ်တာရာ နယ်မြေ၏ မြေကြီးရှန့်ထို ရှကျား ဖြစ်လိမ့်မည်ဟု သူ ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာပင် လရောင်ဖြာ ဧကရီ ဖြစ်နေခဲ့သည်။ သို့မဟုတ်... ကံကောင်းတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ဝေ့ဝူယင် သူမကို ဘဝနှစ်ခုစလုံး၏ မှတ်ဉာဏ်များထဲတွင် တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ သူမမှာ မြေကြီး ရှန့်ထိုများထဲတွင် ကြောင်လက်သည်းဝှက် နေတတ်သူ တစ်ယောက် ဖြစ်သည်။ ကိုယ်ပိုင် ကြယ်တာရာ နယ်မြေကိုသာ တိတ်တဆိတ် အုပ်စိုးသည်။ အပြင်သို့ ထွက်ခဲလှသည်။

မြေကြီးရှန့်ထို ရှစ်ဆယ့် တစ်ယောက် ကြီးကြပ်နေသည့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေထဲကို ဖောက်ထွင်း ဝင်ရောက်ရဲသည့် သူမ၏ သတ္တိကတော့ ချီးကျူးလောက်ဖွယ် ဖြစ်သည်။ ထို့အပြင်... သူမ၏ အာကာသ ကျင့်စဉ် မည်မျှ အစွမ်းထက်သည်ကို ကြည့်ရင်း ဝေ့ဝူယင် အံ့ဩရသည်။ သူ ကိုယ်တိုင်ပင်လျှင် သူမကို မိုင်ပေါင်း သုံးရာ ဘီလျံလောက် အကွာသို့ ရောက်ခါမှ သတိထားမိခြင်း ဖြစ်သည်။ ထိုအချက်က သူမ၏ အာကာသ ပေါင်းစပ်နိုင်စွမ်းမှာ ထိပ်တန်း အဆင့် တစ်ခုကို ရောက်ရှိနေကြောင်း ဖော်ပြနေသည်။

“ကြည့်ရတာ လရောင်ဖြာ ဧကရီ အပြင်လောကကို ထွက်ခဲတယ် ဆိုတဲ့ စကားက အလိမ်အညာ ဖြစ်နေလိမ့်မယ် ထင်တယ်”

ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိခဲ့ပြီး နောက်တွင် ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ အဆပေါင်းများစွာ ပိုမို တိုးတက်လာခဲ့ပြီ ဖြစ်သည်။

လရောင်ဖြာ ဧကရီ၏ ခန္ဓာကိုယ်နှင့် စွမ်းအင် သွေးကြောများ ပတ်လည်တွင် ယခင် သုံးစွဲထားသည့် စွမ်းအင် အကြွင်းအကျန် အငွေ့အသက်များကို တွေ့ရှိရသည်။ ထိုအချက်က သူမမှာ အဆိုပါ ဖုံးကွယ်ခြင်း ကျင့်စဉ်ကို အကြိမ်ပေါင်းများစွာ သုံးထားကြောင်း ထင်ရှားစေသည်။ ထို့အပြင်... သူမ ပိုင်ဆိုင်ထားသည့် အာကာသ ပေါင်းစပ်ခြင်း ကျင့်စဉ်၏ အစွမ်းထက်ပုံကို ကြည့်ရလျှင် မည်သည့် ကြယ်တာရာ နယ်မြေကို မဆို သတိမထားမိပဲ ဝင်ရောက်နိုင်မှာ ကျိန်းသေပေသည်။

ခန့်မှန်းကြည့်ရလျှင် မြေကြီး ရှန့်ထို ရှစ်ဆယ့် တစ်ယောက်ကို ကျော်ဖြတ်ရန် လရောင်ဖြာ ဧကရီ ယုံကြည်ချက် ရှိနေခဲ့ခြင်းမှာ ယခင်ကလည်း အလားတူ အတွေ့အကြုံများစွာ ရှိထားဖူးခြင်းကြောင့် ဖြစ်နိုင်ပေသည်။ သူမ ကံဆိုးသွားတာ တစ်ခုက... ဝေ့ဝူယင်ရော ကျန့်ကျန့်ပါ သူမကို ရှာဖွေ တွေ့ရှိရန် အများကြီး မခက်ခဲခြင်း ဖြစ်ပေသည်။

ထိုမှတစ်ပါး... လရောင်ဖြာ ဧကရီ၏ ရုပ်ရည်ကြောင့် ဝေ့ဝူယင် ကိုယ်တိုင် အံ့ဩခဲ့ရသည်ကတော့ အမှန်တကယ် ဖြစ်သည်။ သူမမှာ ဧကရီ ရှောင်ချွမ်းနှင့်ပင် ရုပ်ရည်ချင်း ယှဉ်နိုင်သူ ဖြစ်သည်။ ဧကရီ ရှောင်ချွမ်းမှာ မြင့်မြတ် ထည်ဝါ၍ တော်ဝင်ဆန်စွာ လှပသူ တစ်ဦး ဆိုလျှင် လရောင်ဖြာ ဧကရီမှာ သဘာဝ အတိုင်း ဖြူစင်စွာ မတို့ရက်၊ မထိရက် လှနေသူ ဖြစ်ပေသည်။

“သူတို့ ရောက်လာပြီ...”

ရုတ်တရက်... မြေကြီး ရှန့်ထို တစ်ယောက်က အော်ဟစ်လိုက်၏။ မှန်ပေ၏။ အင်ပါယာ ကလန်၏ ကောင်းကင် ဖျက်ဆီးသူများမှာ ရောက်ရှိလာကြပြီ ဖြစ်သည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အစပ်နားသို့ ရောက်သည်နှင့် သူတို့က အရှိန်လျှော့လိုက်ကြကာ ရပ်တန့်လိုက်ကြသည်။ ချက်ချင်းပင် အင်ပါယာ ကလန်မှာ အားလုံး၏ အာရုံ စူးစိုက်မှု အလယ်သို့ ကျရောက်သွားခဲ့သည်။

ဝေ့ဝူယင် တိတ်တဆိတ်ပင် ကောင်းကင် ဖျက်ဆီးသူများကို လှမ်းကြည့်လိုက်သည်။ ဦးဆောင် သင်္ဘောထက်၌ ဧကရီ ရှိနေသည်ကို သူ မြင်ရပေသည်။ သူမ၏ လှပသော မျက်ဝန်းများမှာ သူ့အပေါ် တိုက်ရိုက်ပင် ကျဆင်း နေခဲ့လေ၏။

“ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာဆိုတာ ကျုပ် သိချင်နေပြီ...”

ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်မိ၏။ သူ ဧကရီ ရှောင်ချွမ်းနှင့် အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးပြီး ဖြစ်သည်။ သူမက သူ တစ်ခါမှ နားမလည်နိုင်ခဲ့သည့် ဣတ္ထိယ တစ်ယောက် ဖြစ်သည်။ သူမ မည်သည့် အရာများ တွေးတောနေကြောင်းကို ခန့်မှန်းရန်မှာ အမြဲတမ်းလိုလို ခက်ခဲလှပေသည်။

သို့သော်လည်း... ထင်မှတ်မထားစွာပင် ပထမဆုံး စတင် လှုပ်ရှားလာခဲ့သူက ဧကရီ မဟုတ်ခဲ့ပါချေ။

“အာဏာရှင်ဝေ့...”

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ အားလုံး၏ အကြည့်များက အသံလာရာထံ ရွေ့လျား သွားကြသည်။

“အဘိုး...”

ဟုန်ယန်လျှို့လန် တစ်ယောက် အံ့ဩသွားခဲ့၏။ စကားပြောလိုက်သူမှာ အခြားလူ မဟုတ်ပဲ သူမ၏ အဘိုးဖြစ်သူ ပုပ်ရဟန်း မင်းကြီး ဟုန်ယန် ဖြစ်နေခဲ့သည် မဟုတ်ပါလား...။

လူအိုကြီးမှာ မီးတောက်များ ရေးခြယ်ထားသည့် သွေးနီရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူက ခန့်ညား ချောမောခြင်း မရှိပါချေ။ ၎င်းက နုငယ်စဉ် ဘဝက စလို့ ယခုတိုင် မပြောင်းလဲသည့် အမှန်တရား ဖြစ်ခု ဖြစ်သည်။ သူ၏ နဖူးထက်တွင်တော့ အနီရောင် နေကြယ် သဏ္ဌာန် တက်တူး တစ်ခု ရှိနေခဲ့၏။ ၎င်းက နေရောင်ခြည် အလင်းတန်းများကိုပင် ထုတ်လွှတ်နေသယောင် ထင်ရသည်။

“...”

မာ့ကျန်းက သူ့ထက်ပင် အသက်ပိုကြီးသည့် လူအိုကြီးကို စောင်းကြည့်လိုက်၏။ ထို့နောက် တိတ်တဆိတ် ပြုံးလိုက်မိ၏။ လူအိုကြီး၏ ရည်ရွယ်ချက်ကို သူ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ သို့သော်လည်း... နောက် ဖြစ်လာခဲ့သည့် အရာများမှာ သူ မျှော်လင့်ထားသည်ထက်ပင် များစွာ ကျော်လွန် နေခဲ့ပေသည်။

ပုပ်ရဟန်းမင်းကြီးက အခြားလူများကို မကြည့်ချေ။ သူက ကြယ်တာရာ နယ်မြေ အစပ်ကို တိုက်ရိုက်ပင် ပျံသန်း သွားခဲ့၏။ ထို့နောက်တွင်တော့ ကြယ်ကွင်းပြင် တစ်ခုလုံး၏ ရှေ့တွင်ပင်... အင်ဖာနို နေမီးတောက် ဘုရားကျောင်း ခေါင်းဆောင်မှာ ဒူးထောက်ချလိုက်လေတော့သည်။

“ကျုပ် ဟုန်ယန်ရှင်းရှီနဲ့ အင်ဖာနို နေမီးတောက် ဘုရားကျောင်းက အရှင်ဝေ့ဝူယင်ထံမှာ ခစားဖို့ ဆန္ဒရှိပါတယ်”

ဟုန်ယန်ရှင်းရှီ၏ အသံက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက် နေခဲ့၏။

“...”

အားလုံး ဆွံ့အသွားကြ၏။ ဝေ့ဝူယင် ပင်လျှင် မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။ ထိုအရာက မည်ကဲ့သို့နည်း။ အကယ်၍ ပူးပေါင်းလိုလျှင်ပင် ကြားထဲ၌ စကားတစ်ချို့ ပလ္လင်ခံသင့်သေးသည် မဟုတ်ပါလား။ ၎င်းက သူ ကိုယ်တိုင်ပင် မျှော်လင့်မထားသည့် ဖြစ်ရပ် တစ်ခု ဖြစ်ပေသည်။

***

All Chapters