ပြိုင်ဘက်များ
Vol. 97 Ch. 1346
လွန်ခဲ့သည့် နှစ်ဆယ့်ခြောက်နှစ်တာ ကာလ အတွင်း ဝေ့ဝူယင်မှာ အာကာသ ဥပဒေသ မျိုးစေ့ကို ဝိညာဉ် အလင်းနှင့် တောက်လျှောက် ဆက်သွယ် သန့်စင်ထားခဲ့သော်လည်း ၎င်းမှာ အစစ်အမှန် ဥပဒေသ တစ်ခု အဖြစ်ပင် ဖွံ့ဖြိုးခြင်း မရှိသေးချေ။ သို့သော်လည်း... ကပ်ဘေးအား ဖြတ်ကျော်ပြီးချိန်တွင်တော့ ခရာတိုမှာ ထိုဥပဒေသ အပေါ် သာမည အာဏာကိုပင် ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။
မည်ကဲ့သို့နည်း။
“ရား...”
ခရာတိုက စိတ်လှုပ်ရှားမှု၊ ဂုဏ်ယူဝံ့ကြွားမှုများ ပြည့်နှက်နေသည့် ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်လိုက်၏။ အစစ်အမှန် ဟင်းလင်းပြင် နဂါးတစ်ကောင် အနေဖြင့် သူက အာကာသ၊ အချိန်၊ ကြယ်တာရာနှင့် နဂါး အင်အားများကို အထွတ်အထိပ်ထိ ရောက်အောင် ဆုပ်ကိုင်ထားနိုင်သူ ဖြစ်သည်။ မည်သည့် အရာက သူ့ကို ဟန့်တားနိုင်မည်နည်း။
ခရာတို မည်မျှ ပျော်ရွှင်နေသည်ကို ကြည့်ရင်း ဂုဏ်ယူနေသည့် မိဘ တစ်ယောက်လိုမျိုး ဝေ့ဝူယင် ပြုံးလိုက်မိ၏။ သူက လက်ဝါးကို ရင်ဘတ်ထက်သို့ ဖိလိုက်ရင်း တဒိတ်ဒိတ် တုန်ယင်နေသည့် ရင်ခုန်သံများကို ခံစားလိုက်ရသည်။
“ခရာတို... မင်းက တကယ် တော်တဲ့ ကောင်လေးပဲ”
“ဒါပေါ့... ကျုပ်က အစစ်အမှန် ဟင်းလင်းပြင် နဂါးပဲ ဥစ္စာ... ဒီလောကမှာ ကျုပ် မကျော်ဖြတ်နိုင်တဲ့ နေရာ ဆိုတာ...”
“တော်တော့... တော်တော့...”
ခရာတို ကြွားလုံး ဆက်ထုတ်တော့မည်မှန်း သိလေရာ ဝေ့ဝူယင်မှာ သူ ချီးကျူးမိတာကိုပင် နောင်တ ရချင်သလိုလို ဖြစ်သွားခဲ့သည်။ သူက ခပ်မြန်မြန် စကားဖြတ်လိုက်ရင်း အာရုံကို မျက်စိရှေ့ရှိ ဧဒင်ထံ ပြန်လည် ပို့လွှတ်လိုက်၏။
“ဧဒင်... မင်းကရော... ကပ်ဘေးကို ဘယ်လို ကျော်လွှားခဲ့တာလဲ”
ခရာတိုနှင့် ခြားနားစွာပင် ဧဒင်ကတော့ နှိမ့်ချစွာပင် ရှင်းပြလိုက်၏။
“အဂ္ဂိရတ် တာအိုနဲ့ စိတ်တာအို လမ်းစဉ်တွေက ထွင်းထုထားတဲ့ ဝိညာဉ် တစ်ယောက်နဲ့ ကျွန်တော့်ရဲ့ အဂ္ဂိရတ် ဗဟုသုတတွေကို သက်သေပြဖို့လောက်ပဲ လိုအပ်ခဲ့တာပါ... ရိုးရိုးလေးနဲ့ လွယ်လွယ်လေးပဲ... ကျွန်တော်က အဖေ့ရဲ့ မှတ်ဉာဏ်တွေ အပြင် ဟိုဝတ်စုံနက် ဝေ့ဝူယင်ရဲ့ မှတ်ဉာဏ်တွေကိုပါ ပိုင်ဆိုင်ထားတယ်လေ... နောက်ပြီး ကျွန်တော်တို့မှာ အဂ္ဂိရတ် ကြယ်တာရာတွေလည်း ရှိတယ်... အရမ်းကြီး မခက်ခဲပါဘူး”
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ရင်း ရယ်မောလိုက်၏။
“ဟား ဟား... မင်းလည်း တကယ် တော်တဲ့ကောင်ပါပဲကွာ”
သေမျိုး ကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေးမှာ ဧဒင် ဖော်ပြသလောက် လွယ်ကူမှာ မဟုတ်ကြောင်း သူ သိပေသည်။ မည်သည့် ကပ်ဘေးတွင် မဆို အခက်အခဲများ ရှိကြသည်သာ ဖြစ်သည်။ ကံကောင်းထောက်မတာ တစ်ခုက ဧဒင်ထံတွင် သေမျိုး အဆင့်ထက်ပင် ကျော်လွန်နေသည့် အဂ္ဂိရတ် ဉာဏ်အလင်းများ ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်... သူက ကပ်ဘေးကို အခြားလူများနှင့် နှိုင်းယှဉ်ပါက ပိုမို လွယ်ကူစွာ ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်ရမည်။
"ဒါနဲ့ ဘုရင်နဲ့ အိုရီရော...”
ဝေ့ဝူယင် ပျောက်နေသည့် ကြယ်တာရာ ဝိညာဉ် နှစ်ကောင်ကို သတိရသွားကာ မေးလိုက်၏။ ထျန်းတျန် အတွင်းတွင် နေထိုင်၍ ကျင့်ကြံနေသည့် ကြယ်တာရာ ဝိညာဉ်များ အနေဖြင့် ဘုရင်နှင့် အိုရီတို့၏ လမ်းစဉ်များမှာ ခရာတို၊ ဧဒင်တို့နှင့် ခြားနားလှပေသည်။ ထို့ကြောင့်ပင် ၎င်းတို့ ရင်ဆိုင်ရမည့် ကပ်ဘေးများမှာ ခရာတို၊ ဧဒင်တို့ထက် စာလျှင် လွယ်ကူ ရိုးရှင်းခြင်း မရှိနိုင်ကြောင်း ဝေ့ဝူယင် ခံစားနိုင်ပေသည်။
“...”
ဧဒင်နှင့် ခရာတိုတို့၏ အမူအရာများက လေးနက် သွားကြသည်။ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်မှာ အဝေးသို့ လှည့်ကြည့်လိုက်၏။ တစ်ချိန်တည်း၌ ဟင်းလင်းပြင် နဂါး ကြယ်တာရာ ဝိညာဉ်မှာ ကြယ်တို့၏ သံသရာ အာကာသနယ် အတွင်းကို ထွင်းဖောက်၍ အာရုံခံနေသည့်ပုံ ပေါ်သည်။
ထူးဆန်းသော လေထု တစ်ခုမှာ ဖြည်းညင်းစွာပင် ဖွဲ့စည်းလာခဲ့၏။ ထို့နောက် ပြီးပြည့်စုံသည့် သဟဇာတဖြစ်မှုတို့နှင့် အတူ သူတို့ နှစ်ယောက်စလုံး ပြိုင်တူ ပြောလိုက်ကြလေသည်။
“သူတို့ လာနေပြီ...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။ ခရာတိုနှင့် ဧဒင်တို့ထံမှ စိုးရိမ် ပူပန်သည့် အငွေ့အသက်များကို သူ ခံစားနိုင်ပေသည်။
ကောင်းကင်ဘုံထံမှ ကောင်းချီး မင်္ဂလာများကို ရယူရသည့် သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးနှင့် ခြားနားစွာပင် ဤကပ်ဘေးမှာ သေစေနိုင်သည့် အန္တရာယ်များနှင့် ပြည့်နှက်နေသည့် ကပ်ဘေး ဖြစ်သည်။ ၎င်းမှာ သေမျိုးတာအို၏ အထွတ်အထိပ်ကို ရောက်ရှိရန် နောက်ဆုံးသော ခြေလှမ်း ဖြစ်လေရာ သေမျိုး တစ်ယောက် ရင်ဆိုင်ရသည့် အကြီးမားဆုံးသော စမ်းသပ်မှုလည်း ဖြစ်သည်။
“ခရာတိုရဲ့ ကပ်ဘေးကြောင့် အဖေ အချိန် အကြာကြီးပဲ သတိလစ် နေခဲ့တာ...”
ဧဒင်က ပြောလိုက်၏။
“ပြန်နိုးမလာတော့မှာတောင် ကျွန်တော် စိုးရိမ်နေတာ”
"ဟမ်...”
ဝေ့ဝူယင် အံ့ဩသွားခဲ့၏။ အစတုန်းက သေမျိုးလမ်းစဉ် ပြန်လည် ရှုစားခြင်းမှာ အနံ့အသက်နှင့် အပူချိန်တို့မှ အစ အဘယ်ကြောင့် ထိုမျှ လက်တွေ့ဆန်နေရသည်ကို သူ အံ့အားသင့်နေခဲ့ခြင်း ဖြစ်သည်။
သူက အချိန်နှင့် အာကာသကို ဖြတ်သန်းကာ အပြိုင် စကြဝဠာ တစ်ခုသို့ ခရီးသွားခဲ့သလော။ ကံကောင်း ထောက်မစွာပင် ပုံမှန် မဟုတ်သည့် အရာတစ်ခုကိုမှ သူ မလုပ်ခဲ့ချေ။ သို့တည်းမဟုတ်... သူ မသိလိုက်ခင်မှာပင် လုပ်မိသလော။
ဝေ့ဝူယင် ခေါင်းခါရင်း အတွေးများကို ရှင်းလင်းလိုက်သည်။ လက်ရှိ သူ ကြုံတွေ့နေရသည့် အခြေအနေကသာ အရေးအကြီးဆုံး ဖြစ်ပေသည်။
“ငါ မင်းတို့ရဲ့ စွမ်းအားတွေကို သုံးကြည့်လို့ ရပြီလား...”
ရုတ်တရက်... ဝေ့ဝူယင်မှာ စစ်ဆေးဖို့ သတိရသွားခဲ့၏။ ခရာတိုမှာ နှလုံးသား အတွင်း ရှိနေသော်လည်း မည်သည့် ဝိညာဉ် စွမ်းအင်ကိုမှ သူ မခံစားရချေ။ ထို့ကြောင့် သူ အတည်ပြုချင်ပေသည်။
“ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာက ဒီနေရာမှာ မရှိဘူးလေ”
ဧဒင်က ရှင်းပြလိုက်သည်။ သူတို့ အနေဖြင့် ဝိညာဉ် ဆက်သွယ်မှုကို သုံးကာ မြင်ကွင်များကို ကြည့်ရှုနိုင်၊ ဆက်သွယ်မှုများ ပြုလုပ်နိုင်သည့်တိုင် သေမျိုး တာအိုမှာ အလွန် တင်းကြပ်ကာ သူ့ စည်းမျဉ်းများ အတိုင်း လှုပ်ရှားနေပေသည်။ ကပ်ဘေး၏ လက်ရှိ အဆင့်တွင် မည်သည့် ကြယ်တာရာ ဝိညာဉ်များကိုမှ ဝင်ရောက် စွက်ဖက်ခွင့် မပြုချေ။
ခရာတိုနှင့် ဧဒင်တို့မှာ တိုက်ရိုက် ဝင်ရောက် စွက်ဖက်နေခြင်းမျိုး မဟုတ်ပဲ ဝိညာဉ် ဆက်သွယ်မှုကို အသုံးပြု၍ ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်း ရှိပြီးသား စွမ်းအင်များကို လှုံ့ဆော်နေကြခြင်းသာ ဖြစ်သည်။ ထိုနည်းဖြင့် သူတို့မှာ မည်သည့် စည်းမျဉ်းကိုမှ မချိုးဖောက်ပဲ ဝေ့ဝူယင် အတွက် ကူညီပေးနိုင်ပေသည်။
ဝေ့ဝူယင် ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်ရာ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ကိုသာ ခံစားလိုက်ရ၏။ ဧဒင်မှာ အမှန်ကို ပြောနေခြင်း ဖြစ်ကြောင်း သူ သိရှိလိုက်သည်။ ထိုကြောင့်ပင်... သေမျိုး ကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေးမှာ သေမျိုးအဆင့် ကပ်ဘေးများထဲတွင် သေနှုန်း အမြင့်ဆုံး ကပ်ဘေး ဖြစ်နေခြင်း ဖြစ်ရမည်။ ကံကောင်း ထောက်မစွာပင် သူ ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။
ဝေ့ဝူယင်၏ စိတ်မျက်လုံး အတွင်းတွင်တော့ ငွေရောင် နေကြယ် တစ်ခုမှာ တိတ်တဆိတ်ပင် လှည့်ပတ် နေခဲ့၏။ ၎င်းမှာ ကပ်ဘေး၏ အခက်အခဲများကို တိုးမြှင့်ပေးခဲ့သော်လည်း သူ၏ အကြီးမားဆုံးသော ဝှက်ဖဲလည်း ဖြစ်ပေသည်။
ဘုန်း...
ရုတ်တရက် ကမ္ဘာလောက တစ်ခုလုံးမှာ တုန်ရီသွားခဲ့၏။ ဝေ့ဝူယင်၏ မျက်လုံးများက ငွေရောင် အဆင်းဖြင့် တဖျပ်ဖျပ် တောက်ပသွားကာ အဆင်သင့် ပြင်ဆင်လိုက်သည်။
ခုနစ်ခုမြောက် ကြယ်တာရာ ကပ်ဘေးတွင် သူ ‘လောက’ ကို ရင်ဆိုင်ခဲ့ရပြီး လွတ်မြောက်ခဲ့သည်။
ရှစ်ခုမြောက် ကြယ်တာရာ ကပ်ဘေးတွင် သူ သူ့ကိုယ်သူ ရင်ဆိုင်ခဲ့ရပြီး လွတ်မြောက်ခဲ့သည်။
ကိုးခုမြောက် ကြယ်တာရာ ကပ်ဘေးတွင်တော့...
အလွန်တရာ ဝေးကွာလှသည့် နေရာ တစ်ခုတွင် တောက်ပသည့် အလင်းရောင် နှစ်ခုမှာ စတင်ကာ ပေါ်ထွက်လာခဲ့၏။ ၎င်းတို့မှာ ကြယ်တာရာများ၏ ဆွဲငင်အားနှင့် အတူ... အသစ်မွေးဖွားလာသည့် နေသူရိန်များ သဖွယ် လောကနှင့် သဟဇာတ ဖြစ်လှသည့် နတ်ရောင်စဉ် အလင်းတန်းများကို ထုတ်လွှတ်နေခဲ့၏။ ရောင်ခြည်များက စက္ကန့်နှင့် အမျှ ပိုမို၍ တိုးပွားလာကာ ထုထည်များမှာလည်း ပိုမို၍ ကြီးမား လာနေခဲ့သည်။
“သူတို့ နီးလာနေပြီ...”
ခရာတိုက နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်၏။
"ကြည့်ရတာ ငါတို့ နည်းနည်း လွန်သွားပြီလား...”
ဧဒင်က ရယ်မောလိုက်၏။
သူတို့ နှစ်ယောက်စလုံး မည်သည့်အရာများကို ဆိုလိုကြောင်း ဝေ့ဝူယင် သိပေသည်။ သို့သော်လည်း သူ ဧဒင် စကားကို သဘောမတူချေ။ မည်သည့် အရာများ ကြုံလာမည်ကို သိလျှက်နှင့် သူတို့ သည်လမ်းကြောင်းကို လျှောက်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် နောက်ဆုတ်ရန် အကြောင်းပြချက် မရှိပါချေ။ ဤသည်မှာ သေမျိုး အဆင့်၏ အကြွင်းမဲ့ အကန့်အသတ်ကို ရောက်ရှိရန် နောက်ဆုံးသော ခြေလှမ်း ဖြစ်သည်။ သူတို့ ရင်ဆိုင်ရန် အားခဲထားခဲ့သည့် မှတ်တိုင် ဖြစ်သည်။
ဟူး... ဟူး...
အလင်းနှစ်ခုမှာ အရှိန်မြင့်လာ၏။ ခန္ဓာကိုယ်ကို ဝန်းရံ၍ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် မြေဆွဲအား စွမ်းအင် တစ်ခု မွေးဖွားလာကြောင်း ဝေ့ဝူယင် ခံစားလိုက်ရသည်။ အလွန် ဝေးကွားသည့် အရပ် တစ်ခု၌ ရှိနေဆဲ ဖြစ်သည့်တိုင် ထိုအရာဝတ္ထု နှစ်ခု၏ ဆွဲငင်အားက သူ့အပေါ် ပြင်းထန်စွာ သက်ရောက် နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် လက်သီးများကို ဆုပ်လိုက်၏။ သူက တုန့်ဆိုင်းခြင်း မရှိပါချေ။
“သွား...”
ဝေ့ဝူယင်၏ စိတ်မျက်လုံးအတွင်းမှ တောက်ပသည့် နေရောင်ခြည် အလင်းတန်း တစ်ခုမှာ သူ့နဖူးကို ထိုးဖောက်ကာ ထွက်ပေါ်လာခဲ့သည်။ တဒင်္ဂ အတွင်းမှာပင် ၎င်းမှာ ပိုမို၍ ကျယ်ပြန့်လာခဲ့၏။ ၎င်းတို့က ဝေ့ဝူယင်ကို ဗဟိုပြုခြင်း ဆက်လက် ပြန့်ကားသွားခဲ့သည်။
မကြာခင်မှာပင် ပျမ်းမျှ ဧရာမ အရွယ် နေကြယ်များထက် အဆပေါင်း ကိုးရာခန့် ပိုမို ကြီးမားသည့် နေကြယ်ကြီး တစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။ ၎င်းမှာ ကမ္ဘာလောကကို တောက်ပသည့် ရောင်စဉ် အလင်းတန်းများနှင့် ခြယ်မှုန်းနေကာ သက်ရှိများ ဖြစ်တည်နိုင်သည့် အပူချိန်ကို ထုတ်လွှတ်နေခဲ့လေသည်။
၎င်းမှာ အခြားမဟုတ်...။ အာရုဏ်ဦး ဖီဆန် နေကြယ်ပင် ဖြစ်လေသည်။
ဝေ့ဝူယင်မှာ နေကြယ်၏ အလယ်ဗဟိုတွင် ရှိနေခဲ့၏။ သူ၏ မျက်လုံးများက ပိုမို နီးကပ်လာနေသည့် အလင်းရောင် နှစ်ခုကို စူးစိုက်ကာ ကြည့်နေခဲ့သည်။
မကြာခင်မှာပင် အလင်းနှစ်ခုမှာ သူ့မြင်ကွင်း အတွင်း ပေါ်လာသည် အထိ နီးကပ်လာခဲ့၏။ အကယ်၍ အပြင်ဘက်မှ ကြည့်ပါက ထိုအလင်း နှစ်ခုမှာ အာရုဏ်ဦး နေကြယ်ထက်ပင် ကျော်လွန်နေသည့် နေရောင်ခြည် အလင်းတန်းများအား ထုတ်လွှတ် နေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
စက္ကန့်ပိုင်း အတွင်းမှာပင်... ဝေ့ဝူယင်၊ ဧဒင်နှင့် ခရာတိုတို့ သုံးယောက်မှာ အလင်းတန်း နှစ်ခုကို ထင်ရှားစွာ မြင်လိုက်ရလေတော့၏။ ထို့နောက်တွင်တော့ ဝေ့ဝူယင်၏ မျက်လုံးများက မထိန်းချုပ်နိုင်စွာ ပြူးကျယ် သွားခဲ့တော့သည်။
နေကြယ် နှစ်ခု...
အကြွင်းမဲ့ အရွယ်အစားများနှင့် နေကြယ် နှစ်ခု...
၎င်းတို့မှာ ပျမ်းမျှ အရွယ် အကြွင်းမဲ့ နေကြယ် တစ်စင်း၏ အကန့်အသတ်ထက်ပင် အဆပေါင်း ၉၉၉၉ ဆ ပိုမို၍ ကြီးမားပေသည်။
မိမိ၏ ဖြစ်တည်မှုမှာ အလွန် သေးငယ်လှကြောင်း ဝေ့ဝူယင် ပထမဆုံး အကြိမ် အဖြစ် ခံစားလိုက်ရ၏။ ထန်ဂူနှင့် ရင်ဆိုင်စဉ်တုန်းကပင် ထိုမျှ အရေးမပါမှုမျိုးကို သူ မခံစားခဲ့ရချေ။ သို့သော်လည်း ထိုအရာကတော့...
“...”
ဝေ့ဝူယင် ဆွံ့အ နေခဲ့လေ၏။ ၎င်းတို့မှာ အိုရီနှင့် ဘုရင်တို့ နှစ်ယောက်၏ ကြယ်အသွင်သဏ္ဌာန်များပင် ဖြစ်လေသည်။
ယခုတွင်တော့ ယင်းတို့က သူ့ ပြိုင်ဘက်များ ဖြစ်သွားခဲ့လေပြီ ဖြစ်လေ၏။
(မှတ်ချက်...။ နေကြယ်များကို အရွယ်အစား အလိုက် နေကြယ်ပု၊ တိုက်တန်၊ နေဘီလူး၊ ဧရာမနှင့် အကြွင်းမဲ့ အရွယ်အစား ငါမျိုး ခွဲခြားထားသည်။)
***