ဗျူဟာ
Vol. 97 Ch. 1348
စူပါနိုဗာ...
ကြယ်တစ်စင်းကို စူပါနိုဗာ ဖြစ်ရန် တောင်းဆိုခြင်းမှာ ကျင့်ကြံသူ တစ်ယောက်အား ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်အောင် စေခိုင်းခြင်းနှင့် အတူတူပင် ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အာရုဏ်ဦး ဖီဆန် နေကြယ်မှာ အကြွင်းမဲ့ အရွယ် နေကြယ် နှစ်ခုကြားတွင် စတင်၍ ပြင်းထန်စွာ တုန်ရီလာခဲ့တော့သည်။
ဟူး... ဟူး...
ကြောက်မက်ဖွယ် အပူချိန်၊ စွမ်းအင်ထုများနှင့် ပြည့်နှက်နေသည့် နေကြယ်၏ မျက်နှာ စတင်၍ မှောင်မိုက်လာကာ ကျယ်ပြန့်လာသည်။ ကိုယ့်ကိုယ်ကို စတင်၍ စုပ်ယူလေရာ အာရုဏ်ဦး ဖီဆန် နေကြယ်၏ အမြုတေမှာ ပိုမို၍ လေးပင်လာခဲ့သည်။ ကြယ်အမြုတေ ဗဟိုထုမှာ ပိုမို လေးပင်လာသည်နှင့် အမျှ ၎င်းမှ ထုတ်လွှတ်သည့် ဆွဲငင်အားမှာလည်း မပြောပြနိုင်သည့် အဆင့် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤသို့နှင့် ၎င်းမှာ တောင့်မခံနိုင်တော့သော အဆင့် တစ်ခုသို့ ရောက်ရှိလာခဲ့၏။
ဖောက်ခွဲမှုအား လှုံ့ဆော်ခြင်း...
လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေ အကြောင်းကို ပိုမို၍ တွေးမိလေလေ ဝေ့ဝူယင်မှာ ပြန်မလှည့်နိုင်သည့် လမ်းကြောင်းထံ ကိုယ့်ကိုယ်ကို တွန်းပို့မိလေလေ ဖြစ်သည်။ သို့သော်လည်း... ထိုဆုံးဖြတ်ချက်က မှန်ကန်သည်ဟု ဝေ့ဝူယင် ခံစားရသည်။ ထိုအရာက ရူးသွပ်မှု တစ်ခုပင်...။ စိတ်မူမမှန်မှုပင်။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ရူးနှမ်းသည့် အလင်းရောင်များနှင့် ပေါက်ကွဲလာခဲ့လေ၏။
တစ်ချိန်တုန်းက ထိုရူးသွပ်မှုမှာ မူလ မိုးကုပ်စက်ဝိုင်း အဆင့် အသွင်ပြောင်းလဲခြင်း ယူဆောင် လာခဲ့ဖူးသည်။
ယင်းစိတ်မူမမှန်မှုမှာ ကြယ်ကွင်းပြင် များစွာကို ကျော်လွန်၍ ခရီးထွက်စေခဲ့ဖူးသည်။
သူတို့၏ သတ္တိမှာ “လောက” ကို ဆင့်ခေါ်ကာ ခုတ်ပိုင်း ပစ်ခဲ့ဖူးသည်။
သူတို့၏ မယိုင်းယိုင်သော ဆန္ဒမှာ အချိန်မြစ် အတွင်း ဝင်ရောက်စေကာ ခြားနားသည့် အချိန်စီးကြောင်းများမှ ဝေ့ဝူယင် နှစ်ယောက်နှင့် ရင်ဆိုင် စေခဲ့သည်။
ဘဝ တစ်လျှောက်လုံးကို ပြန်လည် ကြည့်ရလျှင် အနက်ရောင် အရိုးစုနှင့် တွေ့ဆုံစဉ်က စလို့ လက်ရှိ အချိန် အထိ... သူ၏ ဖြစ်တည်မှုမှာ ကလေးဘဝက နားထောင်ခဲ့ဖူးသည့် ဒဏ္ဍာရီများကို ကျော်လွန် သွားပြီ ဖြစ်ကြောင်း ဝေ့ဝူယင် သဘောပေါက်ခဲ့သည်။
“ကြည့်ရတာ... မင်းတို့ လေးယောက်ရဲ့ အကျင့်တွေက ငါ့ကို ကူးသွားပြီ ထင်တယ်...”
ဝေ့ဝူယင် ရယ်မောလိုက်ချိန်၌ နေကြယ် အမြုတေ၏ ဒြပ်ထုမှာ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ မြေကြီးရှန့်ထိုပေါင်း ၁၀၀၀၁ ယောက် နှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ကြာ စုစည်းထားခဲ့သော စွမ်းအင်များမှာ စတင်ကာ ပြေလျော့လာ၏။ ဝေ့ဝူယင် မျက်လုံးများကို မှိတ်လိုက်သည်။ သူ့စိတ်အတွင်း မငြိမ်သက်မှုများက လှိုင်းထ နေခဲ့လေ၏။
“ကြည့်ရတာ ငါလှမ်းခဲ့တဲ့ နောက်ဆုံး ခြေလှမ်းက မှန်နေတဲ့ပုံပဲ...”
ဘုန်း...
အာရုဏ်ဦး ဖီဆန် နေကြယ်၏ စွမ်းအင်များမှာ ပြင်းထန်စွာ ပေါက်ကွဲ၍ အရပ် ရှစ်မျက်နှာသို့ ပျံ့နှံ့သွား၏။ ၎င်းတို့၏ တိုးဝင် တိုက်ခိုက်မှု အောက်၌ အကြွင်းမဲ့ အရွယ် နေကြယ် နှစ်စင်းမှာ တုန်ရီသွားခဲ့လေသည်။ သို့သော်လည်း... ၎င်းတို့မှာ အလွန် ကြီးမားပြီး ဆွဲငင်အားများမှာလည်း ထိပ်တန်း အဆင့်၌ ရှိလေရာ အာရုဏ်ဦး ဖီဆန် နေကြယ်၏ စွမ်းအင်များ မျက်နှာပြင်ပေါ် ကျရောက်လာသည်နှင့် စုပ်ယူ သွားကြ၏။
ဝေ့ဝူယင်မှာ အာရုဏ်ဦး ဖီဆန် နေကြယ်၏ လက်ကျန် ဒြပ်စင် အစုအဝေး ဗဟိုထုထဲတွင် ရှိနခဲ့သည်။ ၎င်းမှ ထွက်ပေါ်နေသည့် ဆွဲငင်အားမှာ အလွန် မွန်းစတား ဆန်နေဆဲ ဖြစ်သည့်တိုင် အကြွင်းမဲ့ အရွယ် နေကြယ် နှစ်စင်း၏ အင်အားကိုတော့ နှိုင်းယှဉ်နိုင်ခြင်း မရှိပါချေ။ ၎င်းတို့မှာ ပိုမို၍ ဝေးကွာသွားနေဆဲ ဖြစ်သည်။ သို့စေကာမူ... ဝေ့ဝူယင်မှာ ရလဒ်ကြောင့် စိတ်ပျက်ခြင်း မရှိပါချေ။
“အနက်ရောင် တွင်းပေါက်...”
ဝေ့ဝူယင် သူ့ ဘဝတစ်လျှောက်လုံး ကြိုးပမ်းအားထုတ် ထားသမျှ ကျင့်ကြံခြင်း၊ ဗဟုသုတနှင့် အတွေ့အကြုံ အားလုံးကို ထိတွေ့လိုက်၏။ ထို့နောက် ခန္ဓာကိုယ် အတွင်းရှိ မြေဆွဲအား ဗဟိုထု တစ်ဖြစ်လည်း အနက်ရောင် တွင်းပေါက်နှင့် စတင်၍ ဆက်သွယ် လိုက်သည်။ သူ ၎င်းထံ အတွင်းအား စွမ်းအင် အားလုံးကို ပို့လွှတ်လိုက်လေ၏။
အကုန်လုံး...။
နောက်ဆုံး ဘာမှ မကျန်တော့သည် အထိ...။
ဝေ့ဝူယင်၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။ ၎င်းကို သူတို့ တစ်ကြိမ် လုပ်ခဲ့ပြီး ဖြစ်သည်။ အဘယ်ကြောင့် နောက်တစ်ကြိမ် မလုပ်ရမည်နည်း။
ဟူး... ဟူး...
အနက်ရောင် တွင်းပေါက်ကြီး ဖြစ်ပေါ်လာသည်နှင့်... အာရုဏ်ဦး ဖီဆန် နေကြယ်၏ လက်ကျန် ဒြပ်ထုများမှာ ဝေ့ဝူယင့် စိတ်မျက်လုံး အတွင်း စုပ်ယူခံလိုက်ရလေ၏။ ၎င်းက ပေါက်ကွဲသွားကာ သိပ်သည်းသည့် ကြယ်အမြုတေ တစ်ခု အဖြစ် ပြောင်းလဲ သွားသည်။ လုံးဝ ခြားနားသည့် ကြယ်တာရာ အသစ် တစ်ခု ဖြစ်လာခဲ့သည်။ ၎င်းမှာ ဝေ့ဝူယင်၏ လောကချည်နှောင် ကြယ်တာရာ နယ်မြေ အတွင်း ရှိနေဆဲ ဖြစ်သည်။ ဝေ့ဝူယင် နေကြယ် အမြုတေ၏ စွမ်းအင်များကို အသုံးချကာ အနက်ရောင် တွင်းပေါက်ကို တိုက်ရိုက်ပင် အစာကျွေးမွေးလိုက်၏။
“အား...”
ခန္ဓာကိုယ် အတွင်းပိုင်း၌ အနက်ရောင် တွင်းပေါက်ကြီးက ကျယ်ပြန့်လာလေရာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အလွန် ပြင်းထန်သည့် နာကျင်မှုများကို ခံစားလိုက်ရလေသည်။ သို့သော်လည်း... သူ အံကို တင်းတင်းကြိတ်ကာ ဆက်လက် တွန်းအားပေးနေတုန်း ဖြစ်သည်။
ဝေ့ဝူယင်မှာ အနက်ရောင် တွင်းပေါက်ကြီး၏ ဗဟိုတွင် နေရာယူကာ ကိုယ်တိုင်ကိုယ်ကျ အမြုတေ တစ်ခု အနေဖြင့် ဆောင်ရွက်ရင်း... ၎င်းကို မဖော်ပြနိုင်သလောက် နီးပါး နည်းလမ်း တစ်ခုဖြင့် မောင်းနှင် နေခဲ့သည်။ အကယ်၍ အာရုဏ်ဦး ပါရဂွန် ရုပ်ခန္ဓာ အသစ်ကို ပိုင်ဆိုင် မထားပါက ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ သူ့ကို ဘာမှ မကျန်တော့သည် အထိ ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင် အရာအားလုံးကို ခံနိုင်ရည် ရှိနေခဲ့သည်။
အယ်ဖာနှင့် အိုမီဂါ နေကြယ်များမှာ ဝေ့ဝူယင်၏ ထောင်ချောက် အတွင်း ကျရောက်သွားခဲ့ပြီ ဖြစ်လေသည်။ အာရုဏ်ဦး ဖီဆန် နေကြယ်၏ စူပါနိုဗာ ပေါက်ကွဲမှု အတွင်း ပါဝင်နေသည့် လျှို့ဝှက် အဆင့် စွမ်းအင်များမှာ အကြွင်းမဲ့ နေကြယ်များ ပင်လျှင် ဖယ်ရှားပစ်ဖို့ ခက်ခဲလှသည့် ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသည်။ အနက်ရောင် တွင်းပေါက်၏ ဆွဲငင်မှု အောက်၌ ထိုစွမ်းအင်များ အိမ်ပြန်ဖို့ ကြိုးစားကြသော အခိုက်တွင်ပင် အကြွင်းမဲ့ နေကြယ် နှစ်စင်းမှာလည်း မမြင်နိုင်သည့် ဆွဲငင်မှုများအောက် ကျရောက်သွားခဲ့တော့သည်။
ဝေ့ဝူယင်မှာ သေမျိုးတာအို၏ ကောင်းကင် ဖြစ်စဉ် တစ်ခု ဖြစ်သည့် ‘ကြယ်တာရာ ဝင်တိုက်မိခြင်း’ ဖြစ်စဉ်ကို တုပဖို့ ကြိုးပမ်းနေခြင်း ဖြစ်သည်။ အကြွင်းမဲ့ အရွယ် နေကြယ် နှစ်စင်းမှာ ချည်နှောင်မှုမှ လွတ်မြောက်ရန် နောက်ဆုံး ကြိုးပမ်းမှု အနေဖြင့် တောက်ပသည့် ရောင်စဉ် အလင်းတန်းများနှင့် ပြင်းထန်သည့် အပူချိန်များကို ထုတ်လွှတ်လာခဲ့၏။
ကံဆိုးစွာပင် ၎င်းတို့ ရင်ဆိုင်နေရသည်က အနက်ရောင် တွင်းပေါက်ကြီး ဖြစ်ပေသည်။ ၎င်းမှာ မတုန့်မဆိုင်းပင် ထိုစွမ်းအင်များကို ဝါးမြိုကာ စတင် ကြီးထွားလာခဲ့၏။
နောက်ဆုံး၌ နေကြယ်များမှာ အနက်ရောင် တွင်းပေါက်ကြီးထံ မထိန်းချုပ်နိုင်စွာ ဆွဲငင်ခံရရင်း ဝင်ရောက် တိုက်ခိုက်မိသွားလေတော့၏။ ၎င်းတို့မှာ တွန့်လိမ် ပုံပျက်သွားကြသော်လည်း အများ မျှော်လင့်ထားသလို ပေါက်ကွဲခြင်း မရှိပါချေ။ နေကြယ် နှစ်ခုမှာ ဆန့်ကျင်ဘက် အရပ်၌ ရှိနေကာ ကြီးမြတ်မှုအတွက် တစ်ခုကို တစ်ခု တိုက်ခိုက် နေကြလေ၏။ တစ်ခုက အဆုံးမဲ့ခြင်းအား ဖန်တီးနေချိန်တွင် တစ်ခုကတော့ အဆုံးမဲ့ခြင်းအား ဖျက်ဆီးနေခဲ့သည်။
အချိန်ကာလ ရှည်ကြာစွာ ကုန်လွန်သွားခဲ့၏။ မည်မျှ ကုန်လွန်သွားခဲ့သည်ကိုတော့ ရေတွက်ရန် ခက်ခဲလှသည်။ ၎င်းက မျက်တောင် တစ်ခပ်စာ ဖြစ်နိုင်သလို နှစ်ပေါင်း တစ်သန်း ကြာသွားတာလည်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း နေကြယ်များမှာ ပျောက်ကွယ်သွားခဲ့ကာ အကန့်အသတ်မဲ့ စွမ်းအားများနှင့် ပြည့်နှက် နေသည့် ငွေရောင် နေကြယ် တစ်ခုသာ ကျန်ရစ်ခဲ့ပေသည်။
အာရုဏ်ဦး ဖီဆန်ကြယ်...
၎င်းမှာ စူပါနိုဗာ ဖြစ်စဉ် အပြီး၊ အနက်ရောင် တွင်းပေါက်၏ မွမ်းမံမှုနှင့် အတူ အလွန်အမင်း သိပ်သည်းသည့် နေကြယ် တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
ကာလယန္တရားက ရှည်ကြာစွာပင် ဖြတ်ကျော်သွားခဲ့၏။
ဝေ့ဝူယင်မှာ အာရုဏ်ဦး ဖီဆန် နေကြယ်၏ အစွန်အဖျားတွင် လွင့်မြောလျှက် ရှိပေသည်။ သူက မျက်လုံးများကို မှိတ်ကာ အိပ်စက်နေခြင်း ဖြစ်လေ၏။
ဝေ့ဝူယင် အလွန် မောပန်း နေခဲ့သည်။ အာရုဏ်ဦး ဖီဆန် နေကြယ်မှာ ဝေ့ဝူယင်ကို အန္တရာယ် မဖြစ်စေပဲ နွေးထွေးသည့် အလင်းရောင် တစ်ခုဖြင့် ပွေ့ဖက်ထား၏။ ဝေ့ဝူယင်မှာ သက်တောင့်သက်သာ ရှိမှု တစ်ခုတည်းကိုသာ ခံစားနေရသည်။
အကယ်၍ ထိုနေ့တွင် ကောင်းကင် ပုရောဟိတ်များ၊ ဗျာဒိတ်တော်ရှင်များသာ ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များကို ကြည့်ရှုဖို့ ကြိုးစားပါက သေမျိုး တာအိုတွင် နေကြယ်ပု၊ တိုက်တန်၊ နေဘီလူး၊ ဧရာမနှင့် အကြွင်းမဲ့... တည်းဟူသော နေကြယ် အမျိုးအစား ငါးခုတည်းသာ မဟုတ်တော့ပဲ... ခြောက်ခုမြောက် ဖြစ်သည့် “ဖီဆန်ခြင်း” တစ်ခု တိုးလာကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်လေတော့သည်။
...
အိပ်စက်ခြင်း...
အိပ်စက်ခြင်းမှာ အဆင့်မြင့် ကျင့်ကြံသူများ အတွက်တော့ အလွန် ရှားပါးသည့် ဖြစ်စဉ် တစ်ခု ဖြစ်သည်။ ကျင့်ကြံခြင်း အဆင့် မြင့်မားလာသည်နှင့် အမျှ ကျင့်ကြံသူများ၏ စိတ်နှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များက ပိုမို၍ တိုးလာခဲ့သည်။ သူတို့က အနားယူကောင်း ယူနိုင်သည့်တိုင် ထိုအရာမှာ ကောင်းကင်နှင့် မြေကြီး အတွင်း စိမ့်ဝင်နေသည့် အမတေ စွမ်းအင်များကို စုပ်ယူရင်း တရားထိုင်ခြင်းမျှသာ ဖြစ်ပေလိမ့်မည်။ ဘာမှ မသိတော့လောက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားဖို့ အတွက် ဆိုလျှင် ကျင့်ကြံသူ တစ်ယောက် အတွက် သူ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များကို အဆုံးစွန်သော အကန့်အသတ်ထိ သုံးထားပြီး ဖြစ်ဖို့လိုပေသည်။ အိပ်စက်ခြင်းကို သဘာဝ အတိုင်း ပြန်လည် အားဖြည့်ခြင်း တစ်မျိုးဟု ဆိုကောင်း ဆိုနိုင်ပေလိမ့်မည်။
လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်ခန့် ကာလ အတွင်း၌ ဝေ့ဝူယင်မှာ အာရုဏ်ဦး ဖီဆန် နေကြယ် စီမံကိန်း အတွက် လိုအပ်ချက်ကြောင့် အိပ်စက်ခြင်း မရှိသခဲ့သလောက် နီးပါး ဖြစ်သည်။ အားလပ်သည့် အချိန်များတွင်လည်း စုမေ့၊ ဝမ်မင်ယာ၊ ရွှယ်ရီဖေး တို့ကဲ့သို့ ဗာကီရီ အဖွဲ့ဝင်များ၊ အာဏာရှင် အဖွဲ့ဝင်များနှင့် အဆက်အသွယ် မပြတ်ရေး အားထုတ်ခဲ့ရပြန်သည်။ ထို့ကြောင့်ပင် သူ အိပ်စက်ခဲ့သော အချိန်အရေအတွက်ကို လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်နိုင်လိမ့်မည် ဖြစ်သည်။
အာရုဏ်ဦး ဖီဆန် နေကြယ်မှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို မိခင် တစ်ယောက်၏ ထိတွေ့မှု ကဲ့သို့ နူးညံ့သိမ်မွေ့စွာ ပွေ့ဖက်ထားခဲ့သည်။ ပုံမှန်အားဖြင့် သင်သာ နေကြယ် တစ်ခု အတွင်း သတိလစ်သွားပါက ပြင်းထန်သော အပူချိန်များကြောင့် ကျိန်းသေပင် သေဆုံးသွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ အယ်ဖာနှင့် အိုမီဂါ နေကြယ်များကို ဝါးမြိုခဲ့ကာ အကန့်အသတ်မဲ့သော အင်အားနှင့် သန့်စင်ခဲ့သည်။ ထို့ကြောင့်ပင် နေကြယ်၏ အပူများက သူ့အတွက် နွေးထွေးသော လွှမ်းခြုံမှု တစ်ခုလိုသာ ရှိနေခဲ့သည်။
အလွန် ရှားပါးသည့် ငြိမ်းချမ်းမှုမျိုးအား ခံစားနေရသည့်တိုင် သေမျိုး ကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေးမှာ အဆုံးသတ်ရန် ကျန်ရှိနေသေးဆဲ ဖြစ်သည်။ ကပ်ဘေး၏ ခက်ခဲမှု၊ လွယ်ကူမှုပေါ် မူတည်ပြီး ကပ်ဘေး အတွင်းရှိ အချိန်မှာ ရှည်နိုင်သလို တိုတာမျိုးလည်း ဖြစ်နိုင်သည်။ သို့သော်လည်း... ကြယ်တို့၏ သံသရာ အပြင်ဘက်ရှိ အမှန်တကယ် အချိန်ကတော့ များစွာ တိုတောင်းပေသည်။
ပုံမှန်ကပ်ဘေးများတွင် ဆိုလျှင် ကျင့်ကြံသူများမှာ သူတို့၏ နေကြယ် လောင်ကြွမ်းကာ အားကုန်သွားသည် အထိ စောင့်ဆိုင်းကြလေ့ ရှိသည်။ ထို့နောက်... ၎င်းတို့၏ သက်တမ်း အဆုံးသတ်တွင် စူပါနိုဗာ တစ်ခု ဖြစ်ပေါ်လာကာ ကျင့်ကြံသူများမှာ ထိုဖြစ်စဉ်မှ ဖြစ်ပေါ်လာသည့် အလွန် သန့်စင်သော နေအမတေ စွမ်းအင်များကို စုပ်ယူနိုင်လိမ့်မည် ဖြစ်သည်။ ထို့နောက်... ၎င်းကို အသုံးချကာ ကြယ်တာရာ အမြုတေကို ကြယ်အမြုတေ အဖြစ် ထုဆစ်ရင်း ကြယ်တာရာ သခင်တို့၏ ကြယ်အင်အားကို မွေးဖွားလာနိုင်ကြသည်။
“မင်း ခံစားရလား...”
ရုတ်တရက် ခရာတိုက ဧဒင်ကို ကြည့်ရင်း မေးလိုက်လေ၏။
***