အကြွင်းမဲ့သော အကန့်အသတ်
Vol. 97 Ch. 1349
“မင်း ခံစားရလား...”
ခရာတိုက မေးလိုက်၏။ သူ၏ လေသံက ထူးဆန်းသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေလေသည်။ ဧဒင်က ချက်ချင်း ပြန်မဖြေချေ။ သူက တိတ်ဆိတ် ငြိမ်သက်စွာပင် အခြေအနေများကို ခွဲခြမ်းစိတ်ဖြာ နေသည့်ပုံ ရသည်။
ထိုအခိုက်၌ ထူးပြား ဆန်းကြယ်စွာပင် သူတို့မှာ တာအိုများ၏ ခေါ်သံကို ခံစားနေကြရသည်။ သို့သော်လည်း... သူတို့ နှစ်ယောက်စလုံး ကပ်ဘေးများကို အပြည့်အဝ ကျော်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။ နေအမတေကို စုပ်ယူ၍ ကြယ်အမြုတေများကိုပင် တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်သည်။ ယုတ်စွအဆုံး ကြယ်တာရာ ဆင်းတုများကိုပင် ထွင်းထု တည်ဆောက်ခဲ့ပြီး ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းက သူတို့နှင့် သက်ဆိုင်ခြင်း မရှိတာ သေချာပေသည်။
“သူတို့ရဲ့ ကပ်ဘေးက ပြန်စနေပြီ...”
ဧဒင်က အတည်ပြုဟန်ဖြင့် ဆိုလိုက်၏။ ထို့နောက်တွင်တော့... ရုတ်ချည်းဆိုသလိုပင် ခရာတိုနှင့် ဧဒင်တို့၏ အော်ရာများမှာ ပျောက်ကွယ် သွားခဲ့တော့သည်။
ဟူး... ဟူး...
တစ်ချိန်တည်းတွင်ပင် အလွန် တောက်ပလှသော အလင်းစက် နှစ်ခုမှာ အလွန် ဝေးကွာလှသော နတ္ထိ ဟင်းလင်းပြင်ထဲတွင် ဖွဲ့စည်းလာခဲ့လေ၏။ ၎င်းတို့က ဒုတိယ အကြိမ်မြောက် အရာရာကို ဝါးမြိုဖို့ ကြိုးစားပြန် တော့သည်။
သို့သော်လည်း ပထမ နေကြယ် နှစ်ခုနှင့် ဆက်သွယ်ခဲ့ပြီး နောက်တွင် အာရုဏ်ဦး ဖီဆန် နေကြယ်၏ ဆွဲငင်အားမှာလည်း အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အန္တရာယ်ကို ခံစားမိသည်နှင့် အလွန် ပြင်းထန်သော ရောင်စဉ်များကို ထုတ်လွှတ်လာခဲ့၏။
ဘုန်း... ဘုန်း...
၎င်းတို့မှာ အလွန် ပြင်းထန်လွန်းရကား နေကြယ် နှစ်ခုစလုံး ပေါက်ကွဲသွားခဲ့သည်။ အာရုဏ်ဦး ဖီဆန်နေကြယ်မှာ တုန့်ဆိုင်းခြင်း မရှိပဲ ထိုစွမ်းအင်များကို အရှိန်အဟုန်နှင့် စတင်ကာ စုပ်ယူလိုက်လေတော့၏။
ထို့နောက်တွင်တော့ ၎င်းမှာ စတင်ကာ ကြီးထွားလာခဲ့တော့သည်။
“ဘာလဲဟ...”
ဧဒင်နှင့် ခရာတိုတို့မှာ ပြန်လည် ပေါ်လာခဲ့ပြန်၏။ ၎င်းတို့၏ အမူအရာများက မလိုမကျခြင်းများနှင့် ပြည့်နှက် နေပေသည်။
“ကြည့်ရတာ ကြယ်တာရာ ခန္ဓာကိုယ်ကို မတည်ဆောက်ရ မချင်း... အိုရီနဲ့ ဘုရင်တို့ ကောင်းချီးကို မရမချင်း ငါတို့ မလွတ်မြောက်နိုင်မယ့်ပုံပဲ”
“စိတ်ဝင်စားစရာပဲ...”
စကားအဆုံးတွင်ပင်... သူတို့၏ အော်ရာများမှာ နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့ပြန်သည်။ တစ်ခဏ အတွင်းမှာပင် အယ်ဖာနှင့် အိုမီဂါ ကြယ်တာရာများမှာ နောက်တစ်ကြိမ် ဖွဲ့စည်းလာခဲ့ပြန်၏။ ၎င်းတို့မှာ ဝေ့ဝူယင်နှင့် အာရုဏ်ဦး ဖီဆန် နေကြယ်တို့ကို နောက်တစ်ကြိမ် ရင်ဆိုင်လိုက်ကြပြန်သည်။ ကံမကောင်းစွာပင်... အာရုဏ်ဦး ဖီဆန် နေကြယ်၏ ဆွဲငင်အားမှာ အလွန်ပင် ပြင်းထန်လွန်းလှသည်။ နေကြယ် နှစ်စင်းမှာ အန္တရာယ် အငွေ့အသက်ကို ခံစားမိလေရာ အလိုအလျောက်ပင် နောက်ဆုတ်ဖို့ ကြိုးပမ်းလိုက်ကြသော်လည်း... အတင်းအကြပ် ဆွဲငင်ခံရကာ ပေါက်ကွဲ သွားခဲ့ပြန်လေ၏။
ဟူး... ဟူး...
အာရုဏ်ဦး ဖီဆန် နေကြယ်မှာ ထိုစွမ်းအင် အားလုံးကို စုပ်ယူလိုက်ပြန်၏။ အကျိုးဆက် အနေဖြင့် အမြုတေ၏ သိပ်သည်းမှုများမှာ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းသာ နောက်ထပ် နေစွမ်းအင်များကို ထပ်မံ စုပ်ယူလိုက်ပါက အလုံးစုံ ပျက်သုဉ်းခြင်းကို ဦးတည်သွားတော့မည် ဖြစ်သည်။
ဧဒင် တစ်ယောက် ဗျာများလာခဲ့၏။ ဝေ့ဝူယင်မှာ အိပ်မောကျနေသည်။ အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခြင်း ဖြစ်သည်။ သူ၏ ရုပ်နှင့် စိတ်စွမ်းအင် နှစ်ခုစလုံးမှာ အားအင်ကုန်ခမ်း နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဧဒင်မှာ ဝေ့ဝူယင်ကို နှိုးထဖို့ အတွက် စောစောပိုင်းက သူ အသုံးပြုခဲ့သည့် နည်းလမ်းကိုပင် ထပ်မံ အသုံးပြုလိုက်၏။ ကပ်ဘေး နောက်တစ်ကြိမ် နိုးထ မလာခင် သူတို့ အတွက် အချိန် သိပ်မကျန်ပါတော့ချေ။
ဟူး... ဟူး...
ဧဒင်နှင့် ခရာတိုတို့၏ အော်ရာများမှာ ပျောက်ကွယ်သွားခဲ့ပြန်၏။ အယ်ဖာနှင့် အိုမီဂါ နေကြယ် နှစ်ခုမှာ အဝေး တစ်နေရာတွင် ပြန်လည် ထွန်းလင်း လာခဲ့ပြန်လေ၏။ အာရုဏ်ဦး ဖီဆန် နေကြယ်မှာ အလိုအလျောက်ပင် အဆုံးမဲ့သော ဆွဲအင်အား စွမ်းအင်ကို ထုတ်ဖော် လိုက်ပြန်သည်။
ကံကောင်းထောက်မစွာပင်...
ဝှစ်...
ရုတ်တရက် ဝေ့ဝူယင်၏ မျက်လုံးများမှာ ပွင့်လာခဲ့၏။ ဧဒင်၏ စွမ်းအင်များမှာ သူ့ထံ တိုက်ရိုက် ရောက်ရှိလာခြင်း မရှိသည့်တိုင် အိပ်မက် အတွင်း၌ အကူအညီ တောင်းခံသံ တစ်ခုကို ကြားလိုက်ရခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ မောပန်းနွမ်းနယ်နေဆဲ ဖြစ်သည့်တိုင် အချိန် အတန်ကြာ အိပ်စက် လိုက်ရလေရာ စိတ်စွမ်းအင် တစ်ချို့ကို ပြန်လည် စုဆောင်းနိုင်ခဲ့လေ၏။ ၎င်းက လုံလောက်ပေသည်။
အာရုဏ်ဦး ဖီဆန် နေကြယ် အကန့်အသတ်သို့ ရောက်ရှိသွားသည့် အခိုက်အတန့်ကလေးတွင်ပင် ဝေ့ဝူယင်က အချိန်ကိုက် လှုပ်ရှားလိုက်၏။ နေကြယ်မှာ တစ်စုံတစ်ရာ ခုခံခြင်း မပြုပဲ စိတ်မျက်လုံး အတွင်း ပြန်လည် ဝင်ရောက် သွားခဲ့သည်။ ထို့နောက်... စက္ကန့် မခြားပင်...
ဘုန်း... ဘုန်း...
အယ်ဖာနှင့် အိုမီဂါ နေကြယ်များမှာ ပေါက်ကွဲ သွားခဲ့လေ၏။ နေကြယ် အမတေများမှာ အရှိန်အဟုန်နှင့် တိုက်စားလာလေရာ ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ မကြာခင်မှာပင် ပျောက်ဆုံး နေခဲ့သည့် ဘုရင်နှင့် အိုရီတို့၏ ကြယ်အမြုတေများမှာ သူ့ ထျန်းတျန် အတွင်း ပြန်လည် ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။
မကြာခင်မှာပင် ကြယ်တာရာ အင်အားများမှာ ကြယ်အင်အားများ အဖြစ် အသွင်ပြောင်းလဲ သွားသည်ကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ၎င်းတို့က စွမ်းအင် သွေးကြောများ အပါအဝင် သူ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ အာရုဏ်ဦး ပါရဂွန် ထုဆစ်ခြင်း ဆေးလုံး ဖန်တီးထားသည့် ခန္ဓာကိုယ် အပြင် နောက်ထပ် ရုပ်ခန္ဓာ တစ်ခု ဖြစ်သည့် ကြယ်တာရာ ရုပ်ခန္ဓာကို စတင်ကာ တည်ဆောက်လိုက်လေ၏။
ဘုန်း...
အောင်မြင်သွားသည့် ခဏချင်းတွင်ပင် အဆင့် တက်လှမ်းလာခဲ့သော ကြယ်တာရာ သခင် အသစ်မှာ ကြယ်တို့၏ သံသရာ အတွင်းမှ ကန်ထုတ် ခံလိုက်ရလေတော့သည်။
...
သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင်...
ဟူး... ဟူး...
အာရုဏ်ဦး ဖီဆန် နေကြယ် မွေးဖွားရာ အရပ်၌ လူတစ်ယောက် အရွယ်အစား ရှိသော အာကာသလှိုင်းတွန့်များ ပေါ်ထွက်လာကာ ဖြည်းညင်းစွာ ကြီးထွားလာခဲ့သည်။ ၎င်းတို့မှာ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ၏ နယ်နိမိတ်ကိုပင် ကျော်လွန်ကာ တိုက်ခတ် သွားခဲ့သည်။ ထို့နောက် စုတ်ပြတ်သတ်နေသည့် ပုံရိပ် တစ်ခုမှာ ချာချာလည်ကာ လွင့်ထွက်လာခဲ့၏။ သူ၏ ပုံစံက အိမ်တစ်အိမ်မှ ကန်ထုတ်ခံလိုက်ရသည့် သူတောင်းစား တစ်ယောက်သဖွယ်ပင် ဖြစ်သည်။
အမှောင် ဟင်းလင်းပြင် အတွင်း ခန္ဓာကိုယ်ကို အရှိန်သတ်ရန် ပုံရိပ်မှာ အတော်လေး ကြိုးပမ်း လိုက်ရသည်။ သူ၏ ဆံပင်များက ရှုပ်ထွေးပွေလီနေကာ အဝတ်အစားများမှာလည်း တွန့်ကြေ ညစ်ထပ်နေ၏။ သူ ပြန်လည် သတိဝင်လာချိန်၌ အာကာသလှိုင်းများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ငါ ဘာတွေ လုပ်မိလို့များ ဒီလို ဆက်ဆံခံရတာလဲကွာ...”
အချိန်နှင့် အာကာသကို ဖြတ်သန်း၍ ကြမ်းတမ်း ခက်ထန်စွာ ပို့ဆောင်ခံလိုက်ရပုံကို ပြန်လည် တွေးတောရင်း ဝေ့ဝူယင် ညည်းညူမိလိုက်သည်။ ထိုအတွေ့အကြုံက လေဆင်နှာမောင်း မုန်တိုင်း တစ်ခု အတွင်း ချာချာလည်နေသည့် သေမျိုး တစ်ယောက်လိုပင်။ အစစ်အမှန် ဟင်းလင်းပြင် နဂါး တစ်ကောင် အနေဖြင့် သူ၏ လိုက်လျောညီထွေရှိမှုမှာ အလွန် ထူးခြားသည့်တိုင် ယခုတစ်ကြိမ်တွင်တော့ သူ အတော် ခံလိုက်ရသည်။ သို့သော်လည်း... ထိုစွမ်းရည်ကိုသာ ပိုင်ဆိုင်မထားလျှင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အံဖတ်များနှင့်ပင် ပေကျံနေမလား မပြောတတ်ချေ။
သေမျိုးတာအိုထံမှ ဒေါသကို ဝေ့ဝူယင် ခံစားနိုင်ပေသည်။ သို့သော်လည်း... ၎င်းမှာ သူ့တည်ရှိမှုအား အပြည့်အဝ အဆုံးသတ်ပစ်လိုသည့် (လောကီမျက်လုံး အဆင့် ကပ်ဘေး ဖြတ်ကျော်စဉ်တုန်းက) အချိန်မြစ်၏ ကြိုးစားမှုနှင့် ခြားနားစွာပင်... ဗူးထဲမှ နောက်ဆုံးသော လက်ကျန် ကွတ်ကီးကို တစ်စုံတစ်ယောက်က မတော်တဆ ယူစားမိသည့် အခါ ဖြစ်ပေါ်လာသည့် မချင့်မရဲ ဖြစ်မှုမျိုး ဖြစ်သည်။
ဝေ့ဝူယင် အကိုကြီးကိုပင် ပြန်လည် သတိရလိုက်မိ၏။ တစ်ချိန်တုန်းက သူ ကလေးဆန်ဆန် အပြစ်များ ကျူးလွန်မိသည့် အခါ အကိုကြီးမှာ အလားတူပင် ကြမ်းကြမ်းတမ်းတမ်း အပြစ်ပေးလေ့ ရှိခဲ့သည်။ ၎င်းတို့က ဝေ့ဝူယင်၏ စိတ်အတွင်း ထာဝရ စွဲထင်နေမည့် သင်ခန်းစာများ ဖြစ်ပေသည်။
“ဟီး ဟီး... အဲဒါက အဖေ့နဲ့ အဖေ့ရဲ့ စားပုပ်ရိုက်မဲ့နေလေးရဲ့ အမှားလေ...”
အိုရီက စနောက်လိုက်၏။ သူ၏ လေသံက ပျော်ရွှင်သည့် အငွေ့အသက်များနှင့် ထုံလွှမ်း နေခဲ့သည်။ သူတို့မှာ ယခုလေးတင် သေမျိုးအဆင့်၏ နောက်ဆုံးသော ကပ်ဘေးမှ၊ တစ်နည်းအားဖြင့် အန္တရာယ် အများဆုံး ကပ်ဘေးမှ လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။ မည်ကဲ့သို့ မပျော်ရွှင်ပဲ နေပါမည်နည်း။
“စားပုပ်ရိုက်မဲ့ နေလေး ဟုတ်လား...”
ဝေ့ဝူယင်က ဆံပင်နှင့် အဝတ်အစားများကို လက်ဖြင့် သပ်ကာ ပြင်ဆင်ရင်း မေးလိုက်၏။ သူ၏ ရုပ်ရည်က မူလ အသွင်အပြင်ကို ပြန်လည်၍ ရရှိလာသည်။
“ဟုတ်တယ်လေ... စားပုပ်ရိုက်မယ့် ကောင်လေး... ကြယ်တွေကို ဘယ်ညာ အကုန်စားနေတာ... ဟိုဝတုတ် တုလင်ထက်တောင် ပိုအစားပုပ်သေးတယ်... ဟီး ဟီး ဟီး...”
အိုရီက အရယ်အူ ပေါက်နေသည့် အလား အတော်မသတ်နိုင်အောင် ရှိနေခဲ့၏။ ဝေ့ဝူယင် ခေါင်းကို ခါယမ်းလိုက်ရင်း အသိစိတ် ပင်လယ်နှင့် စိတ်မျက်လုံးအတွင်းကို အာရုံစိုက်လိုက်သည်။ အာရုဏ်ဦး ဖီဆန် နေကြယ်မှာ ၎င်း၏ ဝင်ရိုးပေါ်၌ တိတ်တဆိတ်ပင် လှည့်ပတ် နေခဲ့သည်။ သို့သော်လည်း... ၎င်း၏ မျက်နှာပြင်ကတော့ နေမီးတောက်များနှင့် တက်ကြွစွာ လှုပ်ရှားနေခဲ့၏။
“သူ့ကို စားပုပ်ရိုက်မယ့်ကောင်လေးလို့ မခေါ်ရအောင်...”
ဝေ့ဝူယင်က အိုရီထံသို့ ဆက်သွယ်ရင်း ညှိနှိုင်းလိုက်၏။ အာရုဏ်ဦး ဖီဆန် နေကြယ်မှာ သူ ကပ်ဘေးအား ဖြတ်ကျော်ခဲ့ရာတွင် အလွန် အဓိက ကျသည့် အခန်း ကဏ္ဍ တစ်ရပ်မှ ပါဝင်ခဲ့ပေသည်။ ၎င်းသာ မရှိခဲ့ပါက အကြွင်းမဲ့ အကန့်အသတ်ကို စိန်ခေါ်ဖို့ ဝေ့ဝူယင် ဝံ့ရဲခဲ့လိမ့်မည် မဟုတ်ချေ။
"အမ်း...”
အိုရီက မကျေနပ်သည့် ပုံစံဖြင့် နေကြယ်ကို လှမ်းကြည့်လိုက်၏။
“ဖီဆန်ကလေး ဆိုရင်ရော...”
သူက သွေးတိုးစမ်းလိုက်ပြန်သည်။ ဝေ့ဝူယင် ခါးသီးစွာ ပြုံးလိုက်မိ၏။ အိုရီမှာ အာရုဏ်ဦး ဖီဆန် နေကြယ်ကို ကလေးလေး၊ ပေါက်စလေး တစ်ကောင် အဖြစ် မြင်နေဟန် ရလေသည်။
***