အကြွင်းမဲ့ အကန့်အသတ်
Vol. 97 Ch. 1350
“...”
ဝေ့ဝူယင် ခါးသီးစွာ ပြုံးလိုက်မိ၏။ သူတို့၏ မှတ်ဉာဏ်များထဲတွင် အာရုဏ်ဦး ဖီဆန် နေကြယ်မှာ ဧရာမ အထွတ်အထိပ် အရွယ် နေကြယ်မှသည် အကြွင်းမဲ့ အဆင့်ကို ကျော်လွန်ကာ အသွင်ပြောင်းလဲသွားသည်ကို တွေ့မြင်ခဲ့ရသည်။ ၎င်းမှာ အလွန်တရာ ကြီးမားလှသော နေကြယ်ကြီး နှစ်ခုကို အငမ်းမရပင် ဝါးမြိုပစ်ခဲ့သည်။ ထို့ကြောင့်ပင် ၎င်းကို “ကလေး” ဆိုသည့် စကားလုံး ထည့်ခေါ်ရန် မသင့်တော်လှချေ။ ထိုအရာက... ၎င်း၏ အစစ်အမှန် အရွယ်အစားနှင့် စိတ်မျက်လုံး အတွင်းရှိ အရွယ်အစား ကွာခြားနေခြင်းကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဝေ့ဝူယင် အိုရီကို လျစ်လျုကာ ခန္ဓာကိုယ် အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်၏။ သေမျိုး ကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေး ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေရာ သူ၏ ကြယ်တာရာ အမြုတေများမှာ ကြယ်အမြုတေ အဖြစ် ပြောင်းလဲသွားခဲ့ပြီဟု ဆိုနိုင်ပေသည်။ သူ၏ စွမ်းအင်များမှာလည်း ကြယ်တာရာ အင်အားများမှ ကြယ်အင်အားများ အဖြစ် ပြောင်းလဲ သွားခဲ့လေပြီ။
ကြယ်အမြုတေ တစ်ခုချင်းစီတိုင်းတွင် ဂြိုဟ်များကိုပင် နှစ်မြှုပ်ပစ်နိုင်သည့် ကြယ်အမတေများကို သိုလှောင် ထားကြောင်း ဝေ့ဝူယင် တွေ့ရှိခဲ့ရ၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ မည်သည့် သက်တောင့်သက်သာ မရှိမှုမျိုးမှ မရှိပဲ ၎င်းတို့ကို သိုလှောင်ထားနိုင်ခဲ့ပေသည်။ ထိုအရာမှာ ကျင့်ကြံသူ တစ်ယောက်ထံတွင် ထျန်းတျန်၊ အသိစိတ် ပင်လယ်တို့ ကဲ့သို့ လျှို့ဝှက် သိုလှောင်ရုံများ ရှိနေသည့် အကျိုးကျေးဇူး ဖြစ်သည်။ ၎င်းတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ပိုင်ဆိုင်ထားသည့် အတွင်းပိုင်း လောကနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိသည့် တိုင်အောင်... များသောအားဖြင့် အကန့်အသတ်မဲ့လုနီးပါး သိုလှောင်ရုံ တစ်ခုကို ဖန်တီးပေးနိုင်စွမ်း ရှိသည်။
“ပြဿနာပဲ...”
ရုတ်တရက် ဝေ့ဝူယင်မှာ တစ်စုံတစ်ခုကို သတိရသွားခဲ့၏။ သူ၏ လျစ်လျူမှုကို ဒြပ်စင် ကြယ်တာရာ ဝိညာဉ်က “တိတ်တဆိတ် သဘောတူညီမှု တစ်ခု” ဟု ယူဆကာ အာရုဏ်ဦး ဖီဆန် နေကြယ်ကို “ဖီဆန်ကလေး” ဟု ထာဝရ ခေါ်တော့မည် မဟုတ်ပါလား။
“အဓိက ပြဿနာက နေကြယ်မှာ ရှိနေတာ... အဲဒါက အရမ်းကြီးလွန်းတယ်”
ဧဒင်က ဝေ့ဝူယင်၏ အာရုံကို လွှဲပြောင်းပေးလိုက်၏။ ဝေ့ဝူယင်၏ ပထမ ရည်ရွယ်ချက်မှာ သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင်တွင် နေကြယ် တစ်စင်း တည်ဆောက်ကာ ကိုယ်ပိုင် နယ်မြေ စိုးမိုးမှုကို ဖန်တီးရန် ဖြစ်သည်။ ထို့ကြောင့်ပင် သူ ၎င်းကို အဆုံးမဲ့ ကောင်းကင် နေကြယ်ထက်ပင် ပိုမို ကြီးမားအောင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... သေမျိုး ကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေးမှာ အာရုဏ်ဦး ဖီဆန် နေကြယ်ကို ဖော်ပြလို့ မရနိုင်သည့် အတိုင်းအတာ ပမာဏ တစ်ခု အထိ ကြီးမား သွားစေခဲ့သည်။
အကယ်၍ သူသာ ကြယ်တို့၏ သံသရာမှ မပြန်ခင် အာရုဏ်ဦး ဖီဆန် နေကြယ်ကို စိတ်မျက်လုံး အတွင်း ထိန်းသိမ်း မထားနိုင်ပါက... ၎င်းမှာ ရိုးရှင်းစွာပင် ကမ္ဘာလောကထဲ၌ ပေါ်လာခဲ့လိမ့်မည် ဖြစ်သည်။ ထို့နောက်တွင်တော့ ၎င်း၏ ပြင်းပြလွန်းသည့် ဆွဲငင်အားမှာ ချိပ်ပိတ်နယ်မြေ တစ်ခုလုံးကို စတင်ကာ စုပ်ယူ ဆွဲငင် ပေလိမ့်မည်။ အကျိုးဆက် အနေဖြင့် လူတိုင်း သေဆုံးရပေလိမ့်မည်။
“အားလုံးတော့လည်း မဟုတ်လောက်ဘူး...”
ဝေ့ဝူယင် ပြင်ဆင်ကာ တွေးတောလိုက်၏။ အာရုဏ်ဦး ဖီဆန် နေကြယ်မှာ ပိုင်လင်၏ နိဗာန မီးတောက်များလိုပင် ပြောင်းလွယ်ပြင်လွယ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ဝေ့ဝူယင်သာ ဆန္ဒရှိပါက ၎င်း၏ ရောင်စဉ် အလင်းတန်းများကို ဘေးဥပဒ် တစ်ခုမှ မဖြစ်စေပဲ ဖြန့်ကျက်နိုင်စွမ်း ရှိသည်။ အခြား နေကြယ်များနှင့် ခြားနားစွာပင် အာရုဏ်ဦး ဖီဆန် နေကြယ်မှာ လောကချည်နှောင် ကြယ်တာရာ နယ်မြေ တစ်ခု ဖြစ်ခဲ့သည်။ ယခုတွင်တော့ ၎င်းမှာ သူ့ ကျင့်ကြံခြင်း အခြေခံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သူ အိပ်ပျော်နေစဉ် အတွင်း နေကြယ်၏ အလိုအလျောက် တုန့်ပြန်မှုများကို ကြည့်ရလျှင် ၎င်းထံတွင် ကျင့်ကြံသူတိုင်း၏ ကြယ်တာရာ ဝိညာဉ်များ၊ လျှို့ဝှက် ဝိညာဉ်များလို... ရန်သူ မိတ်ဆွေ ခွဲခြား သိမြင်နိုင်စွမ်းနှင့် အလိုအလျောက် တုန့်ပြန်နိုင်စွမ်းများ ရှိသည်ဟု ခံစားမိသည်။ သို့သော်လည်း... ၎င်းမှာ သူ၏ ကြယ်တာရာ ဝိညာဉ် လေးခုလောက်တော့ ထက်မြက်သည့်ပုံ မရချေ။
“နေဦး... ဒါက ဘာကြီးလဲ...”
ရုတ်တရက် အသံ တစ်ခုမှာ ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့လေ၏။ ကောင်းကင် စစ်ဝိညာဉ်မှာ ကပ်ဘေး အပြီး ဧဒင်၏ အမြစ်များကြားတွင် တစ်ဖန် ပြန်လည် နေရာယူကာ အသားကျပြီးနောက် အသံလှိုင်းများကို နောက်တစ်ကြိမ် ပို့လွှတ်လာနိုင်ခဲ့သည်။
“မဟုတ်မှ လွဲရော... နင့်ရဲ့ နေကြယ်လား... ဒါက ဘာလို့ ဒီလုပ်တောင်...”
သူမ၏ အသံက တုန်လှုပ် ခြောက်ခြားခြင်းများနှင့် ပြည့်နှက် နေခဲ့သည်။ ထိုအရာက... ကောင်းကင် စစ်ဝိညာဉ်၏ အသံထဲတွင် ထိတ်လန့်မှု၊ အံ့ဩမှုနှင့် ကြောက်ရွံ့မှုများကို ဝေ့ဝူယင် ပထမဆုံး အကြိမ် အဖြစ် ခံစားမိခြင်း ဖြစ်သည်။ စစ်ဝိညာဉ်ပေါင်း ၅,၀၀၀,၀၀၀ တန်ကြေးရှိခဲ့သည့် ထိုထူးဆန်းသော သတ္တဝါမှာ လျှို့ဝှက် ဆန်းကြယ်သလို အသိဉာဏ် ဗဟုသုတနှင့်လည်း ကြွယ်ဝသူ ဖြစ်သည်။
ဝေ့ဝူယင် တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် ကောင်းကင်စစ်ဝိညာဉ်က ဆက်လက်၍ ပြောလိုက်လေ၏။
“မဟုတ်သေးဘူး... ဒါက ဘယ်လိုမှ မဖြစ်နိုင်တာ... အဲဒါက ဘာလဲ... ဘယ်လို ဖြစ်လာတာလဲ... နင့်ရဲ့ စိတ်မျက်လုံးထဲမှာ ဘယ်လို ရှိနိုင်တာလဲ... နင့်ရဲ့ ဝိညာဉ်ကို ဘာလို့ မလောင်ရတာလဲ... အဲဒါက တကယ်ပဲ နင့်ရဲ့ လောကချည်နှောင်ကြယ်လား... နေကြယ် တစ်ခုက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးနိုင်မှာလဲ... မကြီးနိုင်ဘူး... သေချာတယ်... ဟုတ်တယ်မလား”
“...”
ဝေ့ဝူယင်မှာ ကောင်းကင် စစ်ဝိညာဉ်၏ ထပ်တလဲလဲ မေးခွန်းများကို ဖြူရော်စွာ ပြုံးရင်း နားထောင် နေခဲ့၏။ သို့သော်လည်း... သူ ပြန်လည်၍ ဖြေလိမ့်မည် မဟုတ်ပါချေ။ ဖြေရန်လည်း မလိုအပ်ချေ။ ကောင်းကင် စစ်ဝိညာဉ်မှာ သူ ကိုယ်တိုင် အဖြေကို သိရှိပြီး ဖြစ်ပေသည်။
“ဆိုတော့... ခင်ဗျားက နေကြယ်ရဲ့ အစစ်အမှန် အရွယ်အစားကို မြင်နိုင်တယ်ပေါ့...”
ဝေ့ဝူယင်က တန်ပြန် မေးခွန်းထုတ်လိုက်၏။ အာရုဏ်ဦး ဖီဆန် နေကြယ်မှာ စိတ်မျက်လုံး အတွင်းရှိ ဒိုင်မန်းရှင်း အတွင်း အရွယ်အစားကို လျှော့ချ၍ တည်ရှိနေသည့်တိုင် ကောင်းကင် စစ်ဝိညာဉ်မှာ အစစ်အမှန် အရွယ်အစားကို မြင်နိုင်နေတာ ရှင်းလင်းပေသည်။
“အင်းလေ... ငါ မြင်နိုင်တာပေါ့... ငါက နင့်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေပြီ... နင့်မျက်လုံးထဲမှာ သေးနေတာနဲ့ အားလုံး အမြင်မှာ သေးနေပြီလို့ ထင်နေတာလား... ဒါက အကြွင်းမဲ့ နေကြယ် တစ်ခု ရှိသင့်တဲ့ အကန့်အသတ်ထက်တောင် ကျော်လွန်နေတာ... ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ပြောတာ”
ကောင်းကင် စစ်ဝိညာဉ်မှာ ထိုမျှနှင့် ရပ်တန့်ခြင်း မရှိချေ။ ၎င်းက အာရုဏ်ဦး ဖီဆန် နေကြယ်၏ အရွယ်အစားမှာ အဘယ်ကြောင့် မဖြစ်နိုင်ရကြောင်း တရစပ် ဆက်လက်၍ ရှင်းပြနေခဲ့၏။ ဤသို့နှင့် သုံးမိနစ် တိတိ ကြာမြင့်သွားခဲ့သည်။
“နင် အဲဒါကို အပြင်ထုတ်လို့ မရဘူးနော်... အပြင်ရောက်တာနဲ့ ချိပ်ပိတ်နယ်မြေ တစ်ခုလုံး အဆုံးသတ်သွားလိမ့်မယ်... လူအားလုံး... အထဲမှာ ရှိတဲ့လူအားလုံးနော်... နားလည်လား”
ကောင်းကင် စစ်ဝိညာဉ်က တင်းကြပ်သည့် သတိပေးချက်တစ်ခုနှင့် ရှင်းပြမှုကို အဆုံးသတ် လိုက်သည်။
"အဲဒါကို ကျုပ် မသိဘူးလို့ ခင်ဗျားက ထင်နေတာလား...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ကောင်းကင် စစ်ဝိညာဉ် ပြောလိုက်သည့် “ငါက နင့်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေပြီ” ဆိုသော စကားကို သူ တွေးတောနေမိသည်။ ကောင်းကင် ဝိညာဉ်က အဘယ်ကို ဆိုလိုသနည်း။ ၎င်း၏ ဖြစ်တည်မှုက အဘယ်နည်း။ အကယ်၍ သူမသာ ပိုင်ရှု လိုမျိုး တာအို ဝိညာဉ် တစ်ကောင်သာ ဆိုလျှင် သူနှင့် ခြားနားသည့် အစိတ်အပိုင်း တစ်ခု ဖြစ်သင့်သည် မဟုတ်ပါလား။
ကံမကောင်းစွာပင် ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များထဲ၌ ကောင်းကင် စစ်ဝိညာဉ် အကြောင်း ရှိမနေခဲ့ပါချေ။ သူက လုံချန်ကို မသတ်ဖြတ်ခဲ့လေရာ ဆက်စပ်မှု စစ်မြေပြင် ဝင်ခွင့် လက်မှတ်ဟု ဆိုနိုင်သည့် စစ်ဥပဒေသ မျိုးစေ့ကို ရရှိခဲ့ခြင်း မရှိပါချေ။ ထို့ကြောင့်ပင် စစ်မြေပြင် အတွင်း မဝင်ရောက်ခဲ့ချေ။ ကောင်းကင် စစ်ဝိညာဉ်ကိုလည်း မရရှိခဲ့ချေ။
ဝေ့ဝူယင် လက်ရှိ ပြဿနာ ဖြစ်သည့် အာရုဏ်ဦး ဖီဆန် နေကြယ်၏ အရွယ်အစားကို ပြန်လည် တွေးတောလိုက်၏။ ၎င်းကို သူ မချုံ့ရဲပါချေ။ ချုံ့လိုက်သည်နှင့် ဗဟိုတွင် ဖိအားများက ပိုမို တိုးလာလိမ့်မည် ဖြစ်ကာ ချိပ်ပိတ်နယ်မြေ တစ်ခုလုံးကို ပိုမို ပြင်းထန်စွာ ဆွဲငင်လာလိမ့်မည် ဖြစ်သည်။
“သေမျိုးတာအိုက နင့်ကို ဒုက္ခပေးလိုက်တာပဲ... ကြယ်တစ်လုံး ကြယ်တာရာ နယ်မြေခေတ်တုန်းက အကြွင်းမဲ့ နေကြယ်တွေထက် ပိုကြီးတဲ့ နေကြယ်ကြီးတွေကို ဖန်တီးဖို့ ကြိုးစားခဲ့ကြတဲ့ ရူးနှမ်းနှမ်း ကျင့်ကြံသူတွေ ရှိခဲ့ဖူးတယ်... ဒါပေမဲ့ သေမျိုးတာအိုက သေမျိုး ပျက်သုဉ်းခြင်း စွမ်းအားကို ဖော်ထုတ်ပြီး သူတို့ အားလုံးကို အပြစ်ပေးခဲ့တယ်... မရေမတွက်နိုင်တဲ့ ကလန်တွေ၊ ဂြိုဟ်တွေ၊ လောကနယ်မြေကြီးတွေ အားလုံး သေမျိုး တာအိုရဲ့ ဒေါသအောက်မှာ ဖျက်ဆီးခံခဲ့ရတယ်”
"အကန့်အသတ်ကို ဆန့်ကျင်တာက ပြစ်မှုပဲ... ဒါကြောင့်ပဲ အကြီးမားဆုံး နေကြယ်တွေရဲ့ အကန့်အသတ်က အကြွင်းမဲ့ ဖြစ်နေတာ... အကြွင်းမဲ့ အကန့်အသတ်လို့ ဖော်ပြကြတာ”
“ခင်ဗျား ပြောချင်တာက... အကြွင်းမဲ့ အရွယ် နေကြယ်ရဲ့ ၉၉၉၉ ဆက နောက်ဆုံး အကန့်အသတ်လား”
ဝေ့ဝူယင်က မေးမြန်းလိုက်လေ၏။
***