← Chapters

ရှန့်ထိုများ စုဝေးကြခြင်း

Vol. 97 Ch. 1352

ရှန့်ထိုများ စုဝေးကြခြင်း

Vol. 97 Ch. 1352

မဟာစက်ဝန်း ကြယ်ကွင်းပြင်၊ လရောင်ဖြာ ကြယ်တာရာ နယ်မြေ...

၎င်းမှာ နေကြယ် မရှိသည့် ကြယ်တာရာ နယ်မြ တစ်ခု ဖြစ်သည်။ လတစ်စင်းသာလျှင် တည်ရှိ၏။ ၎င်းမှာ ကြယ်ကွင်းပြင် အတွင်းရှိ လက်ရှိ ကြယ်တာရာ နယ်မြေ ဆယ့်ကိုးခုတွင် အနိမ့်ဆုံး အဆင့်၌ ရပ်တည် နေပေသည်။ နယ်မြေထဲတွင်တော့ စုစုပေါင်း ဂြိုဟ်ဆယ့်ခြောက်လုံး ရှိသော်လည်း ၎င်းတို့ အားလုံးမှာ အသေးစား အရွယ်များသာ ဖြစ်သည်။ အရွယ်အစားချင်း နှိုင်းယှဉ်ရပါက... ၎င်းမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေအတွင်းရှိ ပိုင်နက်ခွဲများထက်ပင် ပိုမို သေးငယ်လိမ့်မည် ဖြစ်သည်။

သို့စောကာမူ... မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ အင်အားစုတိုင်းမှာ သူတို့ကို ကြယ်တာရာ နယ်မြေ တစ်ခု အဖြစ် သတ်မှတ်ပေးထားကာ ပိုင်နက် နယ်မြေကိုလည်း လေးစားသမှု ထားကြပေသည်။ လရောင်ဖြာ ကြယ်တာရာ နယ်မြေအတွင်း၌ သွားရောက် အခြေစိုက် နေထိုင်သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့် သုံးယောက်ပင် ရှိပေသည်။

အဘယ်ကြောင့်နည်း...။

လရောင်ဖြာ ဧကရီမှာ အလွန် ကြောက်လန့်စရာ ကောင်းလွန်းလှသောကြောင့်ပင်။

သူမက ဘဝ တစ်လျှောက်လုံးတွင် လတစ်စင်းကိုသာ ဖန်တီးခဲ့သည်။ ၎င်းမှာ ကြယ်ကွင်းပြင် အနှံ့အပြားရှိ နေကြယ် အမတေများကို စုပ်ယူကာ သန့်စင် ကြွယ်ဝသည့် လအမတေများကို ကြယ်တာရာ နယ်မြေအနှံ့ ပြန်လည် ဖြန့်ကျက်ပေးသည်။ မည်သည့် ဝင်္ကပါမှ ၎င်းကို တားဆီးနိုင်စွမ်း မရှိချေ။ ပိုမို၍ အရေးကြီးသည့် အရာက အဆိုပါ လ၏ စုပ်ယူမှုကို မည်သူမှ မတားဆီးရဲခြင်း ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာပင်လျှင် ချွင်းချက် မဟုတ်ချေ။

သူတို့၏ ဂုဏ်သတင်းကို စကားလုံး တစ်လုံးတည်းဖြင့် ဖော်ပြနိုင်ပေသည်။

မောက်မာခြင်း...

မဟုတ်သေး...။ ဒုတိယမြောက် စကားလုံး တစ်ခု ရှိပေသေးသည်။

အားနည်းခြင်း...

တကယ်တမ်းအားဖြင့် တတိယမြောက် စကားလုံး တစ်ခုနှင့်ပါ ရည်ညွှန်း၍ ရသည်။

ဆင်းရဲခြင်း...။

မှန်ပေ၏။ အခြား ကြယ်တာရာ နယ်မြေများနှင့် နှိုင်းယှဉ်လျှင် လရောင်ဖြာ ကြယ်တာရာ နယ်မြေမှာ မယုံကြည့်နိုင်လောက်အောင် အားနည်းပေသည်။ သူတို့ထံတွင် လအမတေများ ဖြန့်ဝေ ပေးနိုင်သည့် လဂြိုဟ် တစ်ခုကို ပိုင်ဆိုင် ထားသည့်တိုင် အရင်းအမြစ်များမှာ ရှားပါးလှပေသည်။ ပါရမီရှင်များမှာလည်း နည်းပါးလှသည်။ စီးပွားရေးမှာလည်း အခြား ကြယ်တာရာ နယ်မြေများကို ယှဉ်နိုင်စွမ်း မရှိပါချေ။ လရောင်ဖြာ ဧကရီမှာ သူမ၏ နယ်မြေ အတွင်း မည်သည့် နေကြယ် သို့မဟုတ်... လောကနယ်မြေများ ဖန်တီးမှုကိုမှ ခွင့်မပြုပါချေ။

ထိုကဲ့သို့ ပြဿနာများ ရှိသည့်ကြားမှပင် လရောင်ဖြာ ကြယ်တာရာ နယ်မြေမှာ ငြိမ်းချမ်းသည့် ကျင့်ကြံခြင်း လူမှု အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ သူတို့က ကြောက်ရွံ့ ထိတ်လန့်မှု မရှိပဲ၊ ပြင်ပ ခြိမ်းခြောက်မှုများကို စိုးရိမ်စရာ မလိုပဲ နေနိုင်ပေသည်။

အကဲစမ်းလိုသည့် ကျင့်ကြံသူများပင်လျှင် လရောင်ဖြာ ကြယ်တာရာ နယ်မြေ ပတ်ဝန်းကျင်ရှိ ကြယ်တာရာမိုးများကြောင့် နောက်တွန့်ကြသည်။ တကယ်အားဖြင့်... လရောင်ဖြာ ကြယ်တာရာ နယ်မြေ ပတ်လည်ရှိ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းရန်ပင် မလွယ်ကူလှချေ။ ကံကောင်းထောက်မစွာပင်... လရောင်ဖြာ ဧကရီမှာ ကြယ်တာရာမိုးများအား ထိန်းချုပ်နိုင်သည့် နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။ ထိုနည်းဖြင့် သူမက ကြယ်တာရာ နယ်မြေသားများကို တစ်စုံတစ်ရာ ထိခိုက်မှု မရှိစေပဲ ဖြတ်သန်း သွားလာစေနိုင်စွမ်း ရှိသည်။

ဂြိုဟ်ဆယ့်ခြောက်ခု အနက် တစ်ခုထက်၌... အသက် ဆယ့်နှစ်နှစ် ကျော်ပုံ မပေါ်သေးသည့် မိန်မငယ်လေး တစ်ယောက်မှာ သစ်တော်သီး ကဲ့သို့ သစ်သီး တစ်ခုကို အခွံနွှာ နေခဲ့သည်။ ၎င်းက အသက် တစ်နှစ်ကျော်ကျော်သာ ရှိသေးဦးမည့် သူမ၏ မောင်ငယ်လေး အတွက် ဖြစ်ပေသည်။

မိန်းကလေးမှာ တောသူမလေး တစ်ယောက်လို ဝတ်စုံ အနွမ်းကလေးကို ဆင်မြန်းထားကာ လည်ပင်းနှင့် ခြေလက်များမှာ ဂျီးများနှင့် ပေကျံနေခဲ့၏။

မောင်ငယ်လေးမှာ စတင်ကာ လမ်းလျှောက် လေ့ကျင့် နေသည့် အလား မတ်တပ်ရပ်ဖို့ ကြိုးပမ်း နေခဲ့၏။ မကြာခဏ ဆိုသလိုပင် သူ၏ မသန်မာသေးသော ခြေထောက်လေးများမှာ ခွေယိုင်ကာ မြေပြင်ပေါ်သို့ လဲကျ နေခဲ့သည်။ သို့သော်လည်း... သူက နာကျင်ဟန်ပင် မရပဲ ပျော်ရွှင်စရာ တစ်ခု သဖွယ် ရယ်မော နေခဲ့၏။

ရုတ်တရက် ကောင်လေး၏ ပါးအို့နီနီလေးများမှာ အလင်းရောင်၏ အပူစွမ်းအင် အသစ်ကို ခံစားလိုက်သည်။ သူက ခေါင်းလေးကို မော့၍ အပေါ်သို့ ကြည့်လိုက်ရာ လ၏ အလင်းရောင်ခြည်များမှာ အနည်းဆုံး တစ်ဝက်မျှ တိုးလာသည်ကို တွေ့မြင်လိုက်ရသည်။

“ဝါး... မမ... မမ...”

ကောင်လေးမှာ အသက်အရွယ်အားဖြင့် အလွန်ငယ်သေးသည့်တိုင် မိသားစုထဲမှ လူတစ်ချို့၏ နာမည်များကို အတိုကောက် ခေါ်တတ်နေခဲ့ပြီ ဖြစ်သည်။

မိန်းမငယ်လေးက ကောင်လေး ကြည့်နေသည့် နေရာထံ လိုက်လံကာ ကြည့်လိုက်၏။ ပိုမို တောက်ပလာနေသည့် လကို တွေ့မြင်လိုက်ရသော အခိုက်၌ သူမ၏ မျက်လုံး ဝိုင်းဝိုင်းလေးများက ပြူးကျယ် လာခဲ့တော့သည်။ သူမ အသက်ရှင်ခဲ့သည့် ဆယ့်နှစ်နှစ်တာ ကာလ အတွင်း ထိုမျှ လှပလှသည့် လကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

“အမေ... အမေ... လက...”

သူမက အော်ခေါ်လိုက်၏။ မကြာခင်မှာပင် သူမ၏ မိဘများမှာလည်း အပြင်သို့ ရောက်ရှိနေကာ လကို အံ့ဩစွာဖြင့် ငေးမောကြည့်နေခဲ့တော့သည်။ ထိုအခိုက်၌ သူတို့ အားလုံးမှာ တစ်ခါမှ မမြင်ခဲ့ဖူးသည့် လ၏ ရှုခင်း အတွင်း နစ်မြော နေခဲ့ကြတော့၏။

ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို လရောင်ဖြာ ကြယ်တာရာ နယ်မြေ၏ နေရာအနှံ့အပြား၌ နေထိုင်ကြသည့် လူအားလုံး ကြုံတွေ့လိုက်ရခြင်း ဖြစ်လေသည်။

လ၏ မျက်နှာပြင် တစ်နေရာတွင်တော့ ငွေရောင်ဝတ်စုံဝတ် ပုံရိပ် တစ်ခုမှာ အထီးကျန် ပတ်ဝန်းကျင်တွင် ခြေဗလာနှင့် လမ်းလျှောက် နေခဲ့လေသည်။ ခန္ဓာကိုယ် တစ်လျှောက် ကောက်ကြောင်းများ၊ သွယ်လျသည့် ခြေချောင်းများနှင့် လက်သည်း ခြေသည်းများ အရ သူမက မိန်းမ တစ်ယောက် ဖြစ်သည်မှာ ရှင်းလင်းလှသည်။ သူမက ခေါင်းကို မော့ကာ အမှောင် ဟင်းလင်းပြင် အတွင်း ကြည့်ရှုလိုက်၏။

သူမကြည့်နေသည့် အရပ်တွင် အလင်းရောင် အစက်အပျောက် အသစ် တစ်ခု ဖြစ်ပေါ်နေကြောင်း တွေ့ရှိလိုက်ရ၏။ အလွန် ဝေးကွာသည့် နေရာမှပင် သဟဇာတ ဖြစ်မှုနှင့် နွေးထွေးမှုတို့ကို သူမ ခံစားနေရသည်။

“ဘယ်လိုလဲ...”

သူမက ခပ်တိုးတိုး ရေရွတ်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ သူမ၏ ခန္ဓာကိုယ်က ငွေရောင် အလင်းတန်း တစ်ခု အနေဖြင့် အမှောင် ဟင်းလင်းပြင် အတွင်း တိုးဝင်သွားခဲ့တော့သည်။ သူမ၏ ဦးတည်ရာကတော့... နေကြယ် အသစ် ထွန်းလင်းနေသည့် နေရာပင်။

...

မဟာစက်ဝန်း ကြယ်ကွင်းပြင်၊ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေအတွင်း၌...

ဝှစ်... ဝှစ်...

မရေမတွက်နိုင်သည့် လျှို့ဝှက် အာဏာရှင်များမှာ သူတို့၏ ဂြိုဟ်လေထု အလွှာများထဲမှ ထွက်ပေါ်လာကာ အမှောင် ဟင်းလင်းပြင်ထဲ ဝင်ရောက်လာကြသည်။ သူတို့ အားလုံးမှာ တူညီသည့် အရပ်မျက်နှာ တစ်ခုတည်းကို ငေးမောကြည့်နေကြ၏။

ထိုအထဲ၌.... ဝိညာဉ်ရှန့်ထို နယ်မြေ၏ အမှောင် ဟင်းလင်းပြင်ထဲ၌ ရပ်နေခဲ့သည့် ဝိညာဉ်ရှန့်ထို ဧကရာဇ်လည်း တစ်ယောက် အပါဝင် ဖြစ်သည်။ သူ၏ အစိမ်းရောင် မျက်လုံးများမှာ ဝိညာဉ် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့၏။ သူ၏ အမူအရာက သိချင်စိတ်၊ မသေချာ မရေရာမှု၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် နေခဲ့သည်။

ဝှစ်...

လှပသည့် မိန်းကလေး တစ်ယောက်မှာ သူ့နံဘေးတွင် ပေါ်လာခဲ့၏။ သူမက ယွီစွန်းလီ၏ မိခင် ယွီလီရှင်းပင် ဖြစ်လေသည်။ သမီးဖြစ်သူကို ကာကွယ်ရန် အတွက် မြေကြီးရှန့်ထို တစ်ယောက် အဖြစ် မိမိ ကိုယ်ကို ထုတ်ဖော်ပြသခဲ့ပြီး နောက်တွင် ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ ယွီလီရှင်းကို “ဝိညာဉ်ဖျက်ဆီးခြင်း ရှန့်ထို” ရာထူးဖြင့် ချီးမြှောက်ခဲ့သည်။ မူလက ဝိညာဉ်မြှင့်တင်ခြင်း နယ်မြေ ဖြစ်ခဲ့သော နေရာကို အပိုင်စားရခဲ့သည်။

သူမက ပထမဆုံး မဟုတ်သလို နောက်ဆုံးလည်း မဟုတ်ပါချေ။

ဝှစ်... ဝှစ်...

မတူညီသည့် အခြား အလင်းတန်း ခုနစ်ခုမှာ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ နံဘေးတွင် ပေါ်လာခဲ့ပြန်၏။ သူတို့ အားလုံးမှာ အဝေးတွင် တောက်ပနေသည့် နေရောင်ခြည်ကို တိတ်တဆိတ်ပင် ငေးမော ကြည့်နေခဲ့ကြလေသည်။ ဝိညာဉ် ဧကရာဇ် ကိုးပါးမှာ ထူးထူးဆန်းဆန်းပင် စုံလင် နေခဲ့ပြီ ဖြစ်လေသည်။

“အဲဒါက ဘာလဲ...”

ဝိညာဉ် ပေါက်ကွဲခြင်း ရှန့်ထိုက လေးနက်သည့် လေသံဖြင့် မေးလိုက်၏။ အလွန် ဝေးကွာသည့် နေရာမှပင် နေကြယ်ကို ထင်ရှား ပြတ်သားစွာ မြင်နေရသည်။ ၎င်းက အလွန့်အလွန် ကြီးမားမည် ဖြစ်ကြောင်း သံသယ ရှိစရာ မလိုပါချေ။

“မဖြစ်နိုင်တာ... အဲဒါက ဘယ်နေရာက ထွက်လာာလဲ...”

ဝိညာဉ် နိုးထခြင်း ရှန့်ထိုကလည်း ယုံကြည်ချက် မရှိစွာ မေးလိုက်၏။ သူမမှာ မကြာသေးခင်ကမှ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းလာခဲ့ကာ ဝိညာဉ် ဉာဏ်အလင်း ရှန့်ထို၏နေရာကို ယူထားသူ ဖြစ်သည်။ ဝိညာဉ် ဉာဏ်အလင်း ရှန့်ထိုမှာ အစစ်အမှန် မွေးဖွားခြင်း၏ သူလျှို တစ်ယောက် ဖြစ်ကာ ယွီစွန်းလီအား လာရောက် ဖမ်းဆီးခဲ့စဉ်က ကျိန်စာကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့သူ ဖြစ်သည်။ ထိုဖြစ်စဉ် အပြီးတွင်တော့ သူမမှာ ခြေရာပင် မကျန်ရစ်ပဲ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချို့က ဝိညာဉ် ဉာဏ်အလင်း ရှန့်ထိုမှာ တိုက်ပွဲ အတွင်း မျက်နှာဖုံးတပ် တစ်ယောက် အနေဖြင့် ပါဝင် တိုက်ခိုက်ခဲ့သည်ဟုပင် ဆိုကြသည်။ သူမ၏ အသက် အဆောင်မှာလည်း သူမနှင့် အတူ ပျောက်ကွယ် သွားခဲ့လေရာ သေသည် ရှင်သည်ကို မည်သူမှ မသိကြချေ။

ထိုကဲ့သို့သော အဖြစ်အပျက်များကြောင့် ကြယ်ကိုးပွင့် ရှန့်ထို ခန်းမမှာ အနည်းငယ် ပုံပျက်သွားခဲ့ရသည့်တိုင် သူတို့မှာ အလွန်အမင်း သန်မာနေဆဲ ဖြစ်ပေသည်။

“ဒါမှမဟုတ်... ခုအချိန် မတိုင်ခင် အထိ ဖုံးကွယ်ထားတာလား...”

ယွီလီရှင်းက ဖြစ်နိုင်ချေ ရှိသည့် အချက်တစ်ခုကို ထောက်ပြလိုက်၏။ အခြားလူ အားလုံး တိတ်ဆိတ် ငြိမ်သက် သွားကြသည်

ဝိညာဉ်ရှန့်ထို ဧကရာဇ်က စကားမပြောသေးချေ။ သို့သော်လည်း... လူတိုင်းမှာ သူ့အမိန့်ကို စောင့်ဆိုင်း နေကြသည်။ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမတွင် အလွန်ရိုးရှင်းသော စည်းကမ်း တစ်ခု ရှိ၏။ ၎င်းမှာ အသန်မာဆုံးလူက ဆုံးဖြတ်ခြင်းပင် ဖြစ်လေသည်။

"သွားကြမယ်...”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က ဆုံးဖြတ်ချက် ချလိုက်သည်။ သူက မည်သည့် ဟင်းလင်းပြင် သင်္ဘောကိုမှ ယူဆောင်ခြင်း မပြုချေ။ ရိုးရှင်းစွာပင် ပျံသန်သွားခဲ့၏။ အခြားလူများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော်လည်း... ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ အတွေးများကို သူတို့ နားလည်ပေသည်။

ဟူး... ဟူး....

ဝိညာဉ် ဧကရာဇ်များမှာ ချက်ချင်းပင် သူတို့၏ လျှို့ဝှက် စွမ်းအင်များကို ဆင့်ခေါ်လိုက်ကြကာ ဝိညာဉ် ရှန့်ထို ဧကရာဇ်လောက်မှ လိုက်လိုက်ကြတော့သည်။

ယွီလီရှင်းမှာ မထွက်ခွာခင် ဝိညာဉ် ဖောက်ခွဲခြင်း နယ်မြေကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သမီးဖြစ်သူ၏ လုံခြုံရေးကို စိုးရိမ်မိသော်လည်း နေကြယ်အသစ်က မည်သည့် အရာ ဖြစ်ကြောင်း သူမ အရင်ဆုံး သွားကြည့်ဖို့ လိုအပ်ပေသည်။ ခပ်ဖြည်းဖြည်း ပင့်သက် တစ်ချက် ရှိုက်လိုက်ရင်း သူမက ထွက်ခွာသွားလေတော့၏။

***

All Chapters