ကြေညာချက်
Vol. 97 Ch. 1354
မဟာစက်ဝန်း ကြယ်ကွင်းပြင်၊ သက်တံ့လောက ကြယ်တာရာ နယ်မြေ...
ထိုကြယ်တာရာ နယ်မြေ အတွင်း၌ နေကြယ် တစ်ခုကို ဝန်းရံကာ လှည့်ပတ်နေကြသော တိုက်တန် အရွယ် ဂြိုဟ်ကြီး ခုနစ်လုံး ရှိလေသည်။ ဂြိုဟ်တစ်ခုချင်းစီမှာ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းရောင် တည်းဟူသော မတူကွဲပြားသည့် လေထုအလွှာ အရောင်များကို ပိုင်ဆိုင်ထားကြသည်။ တစ်ခုတည်းသော နေကြယ်ကတော့ အဖြူရောင် ဖြစ်လေ၏။
ကြယ်တာရာ နယ်မြေ၏ နယ်နိမိတ်ဖျားများတွင်တော့ သက်တံရောင် အလင်းများမှာ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားသည်။ အဝေးမှကြည့်ပါက ၎င်းမှာ မေးခွန်းထုတ်စရာ မလိုလောက်အောင် အလွန် လှပသည့် မြင်ကွင်း တစ်ခု ဖြစ်သည်။
သက်တံ့လောက ကြယ်တာရာ နယ်မြေတွင် မြေကြီး ရှန့်ထို တစ်ယောက်တည်းသာ ရှိသည်။ သူမ၏ နာမည်က ရှကျား ဖြစ်ကာ သက်တံ့လောက မဟာမိတ် အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ရှကျားမှာ ကောင်းကင်ရှိ အပြောင်းအလဲများကို သူမ၏ ကြယ်တာရာ နယ်မြေထဲမှ လေ့လာနေခဲ့၏။ သက်တံ့ရောင် အလင်းများ လွှမ်းခြုံ နေသည့်တိုင် နေကြယ်အသစ်၏ တောက်ပမှုကိုတော့ တားဆီးနိုင်စွမ်း မရှိပါချေ။ အဝေးမှပင် သူမမှာ နွေးထွေးမှုနှင့် သက်တောင့်သက်သာ ရှိမှုတို့ကို ခံစားနေရ၏။
“နောက်ဆုံးတော့ စပြီလား...”
ရှကျားက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမက ကောင်းချီးခံ တစ်ယောက် ဖြစ်၏။ ရိုးရိုးရှင်းရှင်း ကောင်းချီးခံ တစ်ယောက် မဟုတ်ချေ။ ချိပ်ပိတ်နယ်မြေ အတွင်း အသက် အကြီးဆုံး ကောင်းချီးခံလည်း ဖြစ်ပေသည်။ သူမ၏ ရုပ်ခန္ဓာမှာ အသက် ဆယ့်ခြောက်နှစ် ကျော်ပုံ မရသေးသည့်တိုင် တကယ်တမ်းတွင် ထိုထက် အများကြီး ပိုကြီးပေသည်။
ရှကျားမှာ တိတ်တဆိတ်ပင် အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းနေသည့် အလင်းစက်များကို လေ့လာ နေခဲ့၏။ ၎င်းတို့ အားလုံးမှာ နေကြယ်အသစ်ထံသို့ ဦးတည် နေကြခြင်း ဖြစ်လေသည်။ ရှကျား၏ မျက်လုံးများက ကျဉ်းမြောင်း သွား၏။ တစ်ခဏမျှ စဉ်းစားပြီးနောက်၌ သူမက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက်တွင်တော့ သူမ၏ ခန္ဓာကိုယ်မှာ သက်တံ့အလင်း တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့တော့သည်။
...
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အစပ်၊ နတ္ထိ ဟင်းလင်းပြင် အတွင်း၌...
ဝမ်... ဝမ်...
အင်ပါယာ ကလန်မှာ စတင်ကာ လှုပ်ရှား နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့က အခြားလူများကို ရုပ်ခန္ဓာများကို မသုံးပဲ ကောင်းကင် ဖျက်ဆီးသူများနှင့် ထွက်လာခဲ့ကြခြင်း ဖြစ်သည်။ ဟင်းလင်းပြင် သင်္ဘော အများစုနှင့် ခြားနားစွာပင် ကောင်းကင်ဖျက်ဆီးသူများ၏ အမြန်နှုန်းမှာ မြေကြီး ရှန့်ထိုများ၏ အမြင့်ဆုံး အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်စွမ်း ရှိပေသည်။
အင်ပါယာ ကလန်မှာ ကောင်းကင် ဖျက်ဆီးသူ သုံးစင်း တိတိကို လွှတ်လိုက်၏။ ယန်ချောင်ယွီမှာ ကောင်းကင် ဖျက်ဆီးသူ တစ်စင်းကို မောင်းနှင်နေကာ ထျန်းမူယန်နှင့် ထျန်းလင်းယုတို့က အခြားတစ်စီးကို မောင်းနှင်သည်။ နောက်ဆုံးသော သင်္ဘောကိုတော့ အသက် အကြီးဆုံး ကောင်းကင် ဧကရာဇ်က မောင်းနှင်၏။ ထိုသင်္ဘောထက်၌ ဧကရီ ရှောင်ချွမ်းလည်း လိုက်ပါလာပေသည်။
အဝေးတွင် ထွန်းတောက်နေသည့် နေကြယ်ကို လှမ်းကြည့်ရင်း ဧကရီ ရှောင်ချွမ်း၏ အမူအရာက သုန်မှုန်နေသည်။ လှပသော မျက်ဝန်းများ၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်တော့ တပ်မက်သည့် ဆန္ဒ တစ်စုံက ဖြည်းညင်းစွာပင် နိုးထလာနေခဲ့လေ၏။
...
သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင်...
ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ ထူးမခြားနားစွာပင် အမှောင် ဟင်းလင်းပြင်ကို လေ့လာ နေခဲ့၏။ မြေကြီး ရှန့်ထိုများ လာနေကြောင်း သူ မြင်တွေ့နိုင်ပေသည်။ သူတို့၏ အမြန်နှုန်းကို ထောက်ချင့်ရလျှင် ရောက်ရှိလာဖို့ အချိန် သိပ်ယူရလိမ့်မည် မဟုတ်ပါချေ။ နေကြယ်အသစ်မှာ ချိပ်ပိတ်နယ်မြေ တစ်ခုလုံး၏ အာရုံများကို ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်ကြောင်း အစောကတည်းက သူ ကြိုတင်ခန့်မှန်းထားခဲ့ပြီ ဖြစ်ပေသည်။
ဝေ့ဝူယင် သတိလက်လွတ် လုပ်ခဲ့သလော...။
မှားပေသည်။ ကြယ်တို့၏ သံသရာ အတွင်းမှ ပြန်ရောက်လာကတည်းက အကြွင်းမဲ့ ဟင်းလင်းပြင် အလွှာက ပြိုပျက်သွားပြီ ဖြစ်ကြောင်း သူ သတိထားမိခဲ့သည်။ သို့သော်လည်း... ၎င်းကို ပြန်လည် တည်ဆောက်ရန် သူ့ထံတွင် အကြောင်းပြချက် မရှိချေ။ တည်ဆောက်လိုလျှင်ပင် သူ့ထံ၌ လုံလောက်သည့် အပျက်အစီး မန်နာများ မကျန်တော့ချေ။
ထို့ကြောင့်ပင်... ဝေ့ဝူယင် ၎င်းကို လျစ်လျူခဲ့ကာ ဖီဆန်ကလေး၏ အခြေအနေကိုသာ အပြည့်အဝ အာရုံစိုက်ခဲ့သည်။ သို့သော်လည်း... မျှော်လင့်မထားစွာပင် ဖီဆန်ကလေးမှာ ပုံတူ ကိုယ်ပွား တစ်ခုကို ဖန်တီးပေးခဲ့သည်။ ထို့နောက်... တစ်ချက် တွေးလိုက်ရုံဖြင့် ထိုကိုယ်ပွားလေးမှာ အပြင်သို့ အပြည့်အဝ ထွက်လာ ထွန်းလင်းလာလိမ့်မည်ဟု မည်ကဲ့သို့ ထင်မိမည်နည်း။
ဝေ့ဝူယင် ခါးသီးစွာ ပြုံးလိုက်မိ၏။ ဖီဆန်ကလေး၏ စွမ်းရည်များမှာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်း ရှိသည်ဟု သူ စိတ်ထဲမှ မှတ်ချက်ချ လိုက်မိသည်။ ၎င်းက အောင်ပွဲခံဖို့ ထိုက်တန်ပေသည်။
“သခင်လေး...”
ဝေ့ဝူယင်မှာ ဝူယုထံမှ ဝိညာဉ် ဆက်သွယ်မှု တစ်ခုကို ရရှိလိုက်၏။ သူ၏ အသံက လောနေကာ အရေးပေါ် အမိန့်တစ်ခု တောင်းနေသည့်နှယ်ပင်။
ဝေ့ဝူယင်၏ အတွေးများမှာလည်း နှေးကွေးခြင်း မရှိပါချေ။ သူက လျှင်မြန်စွာပင် အမျိုးမျိုးသော ရွေးချယ်စရာများကို စတင်ကာ စဉ်းစားလိုက်၏။
သူ၏ စိတ်အတွင်း ပထမဆုံး ပေါ်လာသည့် အတွေးက... ထိုနေကြယ်ကို
“ဖီဆန်ပေါက်စ...”
အိုရီက လျှင်မြန်စွာပင် နာမည်တစ်ခု ပေးလိုက်၏။ ဝေ့ဝူယင်ထံတွင် ငြင်းခုန်ရန် အချိန် မရှိပါချေ။ ထို့ကြောင့် သူက လောလောဆယ်တွင် ထိုနာမည် အတိုင်း ခွဲခြားဖို့ ဆုံးဖြတ်လိုက်၏။
သူ၏ စိတ်အတွင်း ပထမဆုံး ပေါ်လာသည့် အတွေးက... ဖီဆန်ပေါက်စကို လောကနယ်မြေ တစ်ခု အတွင်း ရွှေ့ပြောင်းရန် ဖြစ်သည်။ သို့သော်လည်း... ဖီဆန်ပေါက်စမှာ အတော်လေး ကြီးမားလှလေရာ ၎င်းက အတော်လေး အကန့်အသတ်များသည့် ရွေးချယ်စရာ ဖြစ်သည်။
ဒုတိယ အတွေးက ၎င်းကို ဟင်းလင်းပြင် ပုံဆောင်ခဲကာ စိတ်မျက်လုံး အတွင်း ပြန်လည် ထည့်သွင်းဖို့ ဖြစ်သည်။ သို့သော်လည်း... မြေကြီး ရှန့်ထိုများမှာ ကျိန်းသေပင် ရောက်ရှိလာကာ ဤနေရာကို ပိုက်စိပ်တိုက် စစ်ဆေးကြလိမ့်ဦးမည် ဖြစ်သည်။ ထိုအခါ... အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ တတိယ ချိပ်ဆက်မှာ ပေါ်ကောင်း ပေါ်သွားနိုင်ပေသည်။ ၎င်းအား အစစ်အမှန် မွေးဖွားခြင်း၏ ရန်မှ သိုဝှက် ထိန်းချုပ်ရန် အတွက်ပင် ဝေ့ဝူယင် ဤနေရာ၌ စခန်းချဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
စိတ်မျက်လုံး အတွင်း၌ ဖီဆန်ကလေးမှာ ပုန်းကွယ်ဖို့ ကြိုးပမ်းသည့် အလား နေမီးတောက်များ လောင်ကြွမ်းမှုကို သိမ်မွေ့သွားအောင် လျှော့ချလိုက်သည်။ ဝေ့ဝူယင် စိတ်ဝင်စားသွားကာ နွေးထွေးစွာ ပြုံးလိုက်မိ၏။
“အဲဒါက မင်းအမှား မဟုတ်ပါဘူးကွာ...”
ဝေ့ဝူယင်က သူ့ကို ဆက်သွယ်ရင်း ပြောပြလိုက်၏။ ဤအခြေအနေက မည်သူ့ အမှားမှ မဟုတ်ချေ။ ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိသည့် အခြေအနေများ စုံလင်ကာ ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်သည်။
"နောက်ပြီး ဒါက ငါ့အစီအစဉ်နဲ့ ကိုက်ညီတယ်”
ဖီဆန်ကလေး၏ ဉာဏ်ရည် မြင့်မားပုံ၊ တွေးခေါ်တတ်ပုံတို့ကို ကြည့်ရင်း ဝေ့ဝူယင်မှာ ထိုအရာကို ပြဿနာ တစ်ခုဟုပင် မမြင်တော့ချေ။ ထို့အစား အခွင့်အရေး တစ်ခု အဖြစ်သာ ပြောင်းလဲ ကြည့်လိုက်၏။ ၎င်းက ကောင်းကင်ဘုံမှ ဖန်တီးသည့် အခွင့်အရေး တစ်ခုပင်။
လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် သူ၏ ကိုယ်လုံးထီး ခန္ဓာကိုယ်ထက်၌ အဝတ်အစားများ ပြန်လည် ပေါ်လာခဲ့၏။ ထိုဝတ်စုံမှာ အဂ္ဂိရတ်နှင့် တိုက်ပွဲဝင် ပုံစံ နှစ်မျိုးစလုံးကို ရောနှောထားကာ ထိုနယ်ပယ် နှစ်ခု စလုံးတွင် ညီညွှတ် မျှတမှု စံနမူနာကို ဖန်တီးထားသည်။ သူ့ခါးထက်တွင်တော့ နဂါး ဆယ့်ရှစ်ကောင်ပါ အနက်ရောင် ဓားအိမ်နှင့် ဆေဘာ တစ်စင်းကို ချိတ်ဆွဲထား၏။
ဝေ့ဝူယင် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ဆက်စပ်မှု စစ်အလံ ပေါ်လာခဲ့သည်။ ဝိညာဉ် အလင်းများနှင့် အတူ အလံမှာ မီတာပေါင်း တစ်သောင်း မြင့်မားသည် အထိ ကြီးပြင်းလာခဲ့၏။ ထိုကြီးမားသည့် အလံကြီး ထက်တွင်တော့ ငွေရောင်မှင်ဖြင့် ရေးသားထားသည့် စာတစ်လုံးသာ ရှိ၏။ ၎င်းက “အာရုဏ်ဦး” ဟု အဓိပ္ပာယ် ရလေသည်။
ကြယ်တာရာ ဝိညာဉ် လေးခုမှာလည်း တက်ကြွစွာပင် လှုပ်ရှားလာကြ၏။ သူတို့က အဆင့်သစ် တက်လှမ်းပြီးနောက် ရရှိလာသည့် ဝိညာဉ် အင်အားများကို ဝေ့ဝူယင်၏ အသံအိုး၌ စုဝေးလိုက်ကြသည်။ အသံကို ဝိညာဉ် အင်အားများနှင့် အားဖြည့်ပြီး နောက်တွင် ဝေ့ဝူယင်မှာ ခြေဖနှောင့်ကို တစ်ချက် ပေါက်ကာ အာကာသ ဥပဒေသ အပေါ် သာမည အာဏာကို အသုံးပြုရင်း ကြေညာလိုက်လေတော့၏။
“ဒီနေ့ကစလို့ သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင် မရှိတော့ဘူး... ကျုပ် ဝေ့ဝူယင် အာရုဏ်ဦး အာဏာရှင် နာမည်နဲ့ ကြေညာတယ်... ဒီပိုင်နက် နယ်မြေဟာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖြစ်လာခဲ့ပြီ”
ဝေ့ဝူယင်၏ အသံက အာကာသ အလွှာ အားလုံးကို ဖြတ်သန်းကာ လျှို့ဝှက် နယ်မြေများ၊ လောက နယ်မြေ အပါအတင် ချိပ်ပိတ် နယ်မြေ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တော့၏။ ကလေး၊ လူကြီး၊ သားရဲ၊ တစ္ဆေ၊ နတ်ဆိုးနှင့် ရှို့ရန်များ အပါအဝင် တည်ရှိသမျှသော၊ ဖြစ်တည်နေသမျှသော အရာအားလုံးမှာ သူ့အသံကို ကြားလိုက်ရလေတော့သည်။
ထို့နောက် ဝေ့ဝူယင်က ဆပ်စပ်မှု စစ်အလံကို မလိုက်၏။ ၎င်းကို ဆောင့်ချလိုက်သော အခိုက်၌ တောက်ပသော အလင်းတန်း တစ်ခုက အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။
ဝမ်... ဝမ်... ဝမ်
စစ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသည့် မြေကြီး ရှန့်ထို ရှစ်ဆယ့် တစ်ယောက်မှာ သူနှင့် ဖီဆန်ပေါက်စလေးတို့၏ ရှေ့တွင် ထွန်းလင်းလာခဲ့ကြသည်။ ထိပ်ဆုံး၌ ဦးဆောင်နေသူမှာ နဂါးခေါင်းဆောင်းဝတ် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှ တစ်ပါး မည်သူ ဖြစ်နိုင်တော့မည်နည်း။
သူက ဝူယုထံကိုတော့ စာတို တစ်ခုကိုသာ ပြန်လည် ပို့လိုက်၏။
“လူတွေ စပြောင်းလို့ ရပြီ”
...
“ဒီနေ့ကစလို့ သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင် မရှိတော့ဘူး... ကျုပ် ဝေ့ဝူယင် အာရုဏ်ဦး အာဏာရှင် နာမည်နဲ့ ကြေညာတယ်... ဒီပိုင်နက် နယ်မြေဟာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖြစ်လာခဲ့ပြီ”
ဝေ့ဝူယင်၏ အသံမှာ အဆုံးမဲ့ ပင်လယ် လှိုင်းများသဖွယ် ချိပ်ပိတ်နယ်မြေ၏ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်း မကျန် နေရာ အားလုံးကို ပျံ့နှံ့သွားခဲ့လေသည်။
ယနေ့၌... ဝေ့ဝူယင် ဆိုသည့် အသံကို တစ်လောကလုံး နီးပါး သိရှိထားခဲ့ကြပြီး ဖြစ်သည်။ ခေတ်တစ်ခေတ်အား ဦးဆောင် ပြောင်းလဲ နေသည့် သူ့ကို မသိသူမှာ အလွန်ပင် ရှားပါးလှသည်။ အကယ်၍ မသိခဲ့ကြဘူး ဆိုလျှင်ပင် ယနေ့ ယခုအချိန်မှ စလို့ လူတိုင်းလူတိုင်း သူ့နာမည်ကို ဘဝ တစ်လျှောက်လုံး စွဲထင် သွားတော့မည် ဖြစ်လေတော့သည်။
***