← Chapters

ကြေညာချက် (၂)

Vol. 97 Ch. 1355

ကြေညာချက် (၂)

Vol. 97 Ch. 1355

ထာဝရ နယ်မြေ၊ ထာဝရ ဂြိုဟ်သစ်ထက်၌...

ထာဝရဂြိုဟ်မှာ ရာစုနှစ်ဝက်လောက်မျှသာ သက်တမ်း ရှိသေးကာ အဆုံးမဲ့ ကောင်းကင် နေကြယ် အလင်းရောင် ရောက်ရှိနိုင်သည့် အဝေးဆုံး နေရာ၊ ထာဝရ နယ်မြေ အစွန်အဖျားတွင် ရှိနေပေသည်။ ၎င်းမှာ ချစ်ခင်ရသည့် မွေးရပ်မြေကို ဆုံးရှုံးထားရသော အာရုဏ်ဦး ကြယ်တာရာ နယ်မြေသားများ မှီတင်းနေထိုင်နေသည့် နေရာ ဖြစ်ပေသည်။

“ဒီနေ့ကစလို့ သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင် မရှိတော့ဘူး... ကျုပ် ဝေ့ဝူယင် အာရုဏ်ဦး အာဏာရှင် နာမည်နဲ့ ကြေညာတယ်... ဒီပိုင်နက် နယ်မြေဟာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖြစ်လာခဲ့ပြီ”

ထိုစကားလုံးများမှာ ထာဝရဂြိုဟ်သစ်ထက်ရှိ ကျန်းမာသူ၊ နာဖျားသူ၊ သန်မာသူ၊ အားနည်းသူတိုင်း၏ နားထဲကို စိမ့်ဝင် ရောက်ရှိသွားခဲ့လေသည်။ နားမကြားသူများပင်လျှင် ထိုစကားလုံးများကို နှလုံးသားဖြင့် ကြားလိုက် ကြရ၏။

ကျယ်ပြန့်သည့် ငွေရောင် သဲသောင်ပြင် တစ်ခုထက်တွင် ကလေးငယ်လေးများမှာ ဟိုသည် ပြေးလွှား ဆော့ကစား နေကြ၏။ သူတို့၏ ရယ်မောသံ၊ အော်ဟစ်သံ ခပ်လွင်လွင်လေးများက ပတ်ဝန်းကျင်ကို ချိုသာစွာ ပျံ့လွင့် နေခဲ့သည်။

ခပ်လှမ်းလှမ်း တစ်နေရာတွင်တော့ အဖြူရောင် မုတ်ဆိတ်ရှည်၊ ဆံပင်ရှည်များနှင့် လူအိုကြီး တစ်ယောက်မှာ သစ်သား ခုံရှည် တစ်ခုထက်တွင် ထိုင်နေခဲ့သည်။ သူက နေကြာစေ့လှော်ကို စားရင်း သိမ်မွေ့သည့် မျက်ဝန်းများဖြင့် ကလေးငယ်များကို ငေးကြည့် နေခဲ့ခြင်း ဖြစ်သည်။ သူတို့က သူ၏ မြေးကလေးများပင်...။

ထိုအခိုက်တွင်ပင် ဝေ့ဝူယင်၏ ကြေညာသံမှာ မုန်တိုင်း တိုက်ခတ်သလို ရိုက်ခတ်လာခဲ့၏။ ကလေးငယ်များမှာ ကစားနေရာမှ ရပ်တန့်လိုက်ကြကာ ကောင်းကင်ထံ ငေးမောကြည့်လိုက်သည်။ ထိုအရာ အဝေး တစ်နရာတွင် နွေးထွေးသည့် ရောင်စဉ် အလင်းတန်းများ ထုတ်လွှတ်နေသော ခပ်ကြီးကြီး ကြယ်တစ်စင်းကို တွေ့လိုက်ရလေ၏။

လူအိုကြီး၏ လက်ထဲမှ နေကြာစေ့အိတ်မှာ အောက်သို့ ပြုတ်ကျသွားခဲ့သည်။ သူ၏ လက်များက ပြင်းထန်စွာ တုန်ရီလာခဲ့၏။ ထို့နောက်တွင်တော့ မျက်ရည်စများက သူ့ မျက်ဝန်းအိမ် အတွင်း မထိန်းချုပ်နိုင်အောင် စီးကျ လာခဲ့တော့သည်။

တစ်ခါတုန်းကတော့... လူအိုကြီးမှာ နာမည် မရှိသည့် လူတစ်ယောက် မဟုတ်ခဲ့ပါချေ။ သို့သော်လည်း... ယခုတွင်တော့ တစ်လောကလုံးမှာ သူ့ အောင်မြင်မှုများကို မေ့လျော့သွားခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

လူအိုကြီးက မျက်ရည်စများနှင့် အတူ မတ်တပ် ထရပ်လိုက်၏။ ထို့နောက်တွင်တော့ သူက ဘဝ တစ်လျှောက်လုံးတွင် ပြုံးခဲ့ဖူးသမျှ အတောက်ပဆုံး၊ အပျော်ရွှင်ဆုံး၊ အသန့်စင်ဆုံး အပြုံးတစ်ခုကို ဖော်ဆောင် လိုက်သည်။ ထိုလူအိုကြီးမှာ အခြားလူ မဟုတ်...။ သုံးလွှာ ကြယ်တာရာ နယ်မြေမှာတုန်းက “အာရုဏ်ဦး အာဏာရှင် အင်ပါယာ” ဆိုသည့် နာမည်ကို တီထွင်ကာ ပထမဆုံး စတင် ဖြန့်ဝေခဲ့သူပင် ဖြစ်လေသည်။

“ဘဘ...”

အသက်လေးနှစ်ပင် ကျော်ပုံ မရသေးသည့် ကောင်လေး တစ်ယောက်မှာ အဘိုးဖြစ်သူ ငိုနေကြောင်း သတိထားမိသွားခဲ့၏။ သူက အနားသို့ ပြေးလာကာ မေးလိုက်သည်။

“ဘာလို့ ငိုနေတာလဲ ဘဘ... ဝမ်းနည်းနေတာလား”

လူအိုကြီးက နီရဲနေသည့် မျက်လုံးများနှင့် သူ့မျိုးဆက် ကောင်လေးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာပင် ခေါင်းကို ခါယမ်းရင်း အဖြေပေးလိုက်လေ၏။

“အဘိုးတို့ အိမ်ကို ပြန်နိုင်တော့မှာ မလို့ပါ...”

လူအိုကြီး၏ စကားလုံးများက အဆုံးမဲ့သော အိပ်မက်များ၊ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေခဲ့လေသည်။ ယခု သူတို့ထံတွင် ဂြိုဟ်တစ်လုံး ရှိပေသည်။ သို့သော်လည်း ၎င်းမှာ သူတို့ အပိုင် မဟုတ်ချေ။ ထို့အပြင် ၎င်းက သူတို့၏ ကမ္ဘာလည်း မဟုတ်ပါချေ။

အဆုံးမဲ့ ကောင်းကင်မှာ သူ မွေးဖွား ကြီးပြင်းလာခဲ့သည့် စည်းမျဉ်းများ၊ ဥပဒေသများ၊ လူမှုစံနှုန်းများ၊ ယဉ်ကျေးမှုများနှင့် လုံးဝ ခြားနားသည့် နေရာ တစ်ခု ဖြစ်သည်။ ဤနေရာတွင် ရှို့ရန်များမှာ အနှိမ်ခံရသည်။ နတ်ဆိုးများ၏ တည်ရှိမှုများမှာ ဆန့်ကျင်ခံရသည်။ အယ်ဗန်များကို အဆင့်နိမ့် သက်ရှိများ အဖြစ် ရှုမြင်ကြသည်။

“အိမ် ဟုတ်လား...”

ကောင်လေးက အဘိုးဖြစ်သူ လိုပင် ခေါင်းကို မော့လိုက်ရင်း ကောင်းကင်ရှိ ကြယ်တာရာ အသစ်ကို ငေးမော လိုက်သည်။ ထို့နောက် သူက လက်ညိုးထိုးလိုက်၏။

“အိမ်...”

...

အသူရာ အာရုဏ်ဦး...

၎င်းမှာ နတ်ဆိုးမျိုးနွယ်များ အတွက် ရွှေရောင် အသက်နန်းတော် တည်ဆောက်ပေးထားသည့် ဂြိုဟ်တစ်လုံး ဖြစ်ပေသည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ပျက်သုဉ်းခါစ အချိန်က အဆုံးမဲ့ ကောင်းကင်သားများမှာ အသစ် ရောက်ရှိလာခဲ့ နတ်ဆိုးများကို အသစ်အဆန်း အဖြစ် လက်ခံ ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူတို့၏ အမြင်များမှာ ပြောင်းလဲ လာခဲ့ကြသည်။

အမျိုးမျိုးသော ကောလဟလများနှင့် အတူ အမြင်ဆန်းသည့် ထိုသက်ရှိများကို ပလိပ်ရောဂါ သဖွယ် စတင် ရှုမြင်လာကြသည်။ ထို့နောက်တွင်တော့ စတင်ကာ တိုက်ခိုက်လာခဲ့ကြတော့သည်။ ကံကောင်း ထောက်မစွာပင် ရွှေရောင် အသက်နန်းတော်မှာ သူတို့ကို ဂြိုဟ်တစ်လုံး ဖန်တီးပေးခဲ့သည်။ နတ်ဆိုး လမ်းစဉ်နှင့် သင့်တော်သည့် ပတ်ဝန်းကျင် တစ်ခု တည်ဆောက်ပေးခဲ့သည်။

သို့သော်လည်း... နှစ်ပေါင်း ငါဆယ်နီးပါးတိုင်အောင် သူတို့ ဂြိုဟ်အပြင်ကိုပင် ထွက်ခွင့် မရခဲ့ကြချေ။ အဆုံးမဲ့ ကောင်းကင်၏ ကျင့်ကြံခြင်း အဖွဲ့အစည်းတွင် လူဝင် မဆံ့ခဲ့ကြချေ။ တစ်နည်းအားဖြင့် အသူရာ အာရုဏ်ဦးဂြိုဟ်မှာ သူတို့ကို လှောင်အိမ် တစ်ခု သဖွယ် ဖြစ်ပေသည်။

ယနေ့၌ အသူရာ အာရုဏ်ဦး ဂြိုဟ်ထက်ရှိ နတ်ဆိုး အားလုံးမှာ ကောင်းကင်ကို မော့ကြည့် နေခဲ့ကြ၏။ တစ်ချို့မှာ နေကြယ်အသစ်ကို မြင်နိုင်သော်လည်း အချို့ကတော့ မမြင်နိုင်ကြပါချေ။ သို့သော်လည်း... သူတို့ထဲ၌ ဝေ့ဝူယင်၏ ကြေညာသံကို မကြားလိုက်ရသူ တစ်ယောက်မှ မရှိပါချေ။

အားလုံး၏ မျက်ဝန်းများက ခံစားချက် အငွေ့အသက်များနှင့် ဝေ့လည် နေကြ၏။ နောက်ဆုံး၌ သူတို့၏ ကံကြမ္မာဆိုးများက အဆုံးသတ်တော့မည်လော။ ရောဂါဖြန့် ပိုးမွှားများ အဖြစ် ရှုမြင်ခံနေရခြင်းမှ လွတ်ကင်း တော့မည်လော။

အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ အနန္တ ဧကရာဇ်ဂိုဏ်း၏ ကြယ်တာရာ နယ်မြေ ပိုင်နက်မှ ဖြစ်သည်။ မျိုးနွယ်စုတိုင်းကို သာတူညီမျှ ဆက်ဆံခဲ့မှုဖြင့် ကျော်ကြားခဲ့သည့် နေရာမှ ဖြစ်သည်။ မည်သည့် ခွဲခြားမှုမှ မရှိ။ မည်သည့် နှိမ့်ချ ဆက်ဆံမှုမှ မရှိ။ သူတို့ အားလုံးမှာ သားရဲတစ်ပိုင်းများ ဖြစ်သည်။ အယ်ဗန် တစ်ပိုင်းများ ဖြစ်သ်ည။ လူသား တစ်ပိုင်းများ ဖြစ်သည်။

ထိုကဲ့သို့ နေရာမျိုးမှာ ပြန်လည် ခြေချနေထိုင်လိုသည်က သူတို့၏ အစစ်မှန်ဆုံး ဆန္ဒ တစ်ရပ် ဖြစ်ပေသည်။ သူတို့ အနေဖြင့်... မြေကြီးပေါ်တွင် လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်လိမ့်မည်။ ဆန္ဒရှိသည့် မည်သည့် နေရာကို မဆို သွားနိုင်လိမ့်မည်။ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်များ ရရှလာလိမ့်မည် ဖြစ်သည်။

အားလုံး၏ စိတ်လှုပ်ရှားမှုများမှာ အထွတ်အထိပ်ကို ရောက်ရှိလာနေခဲ့လေ၏။ အာရုဏ်ဦး ကြယ်တာရာ နယ်မြကား ပြန်လာ နေခဲ့ပြီ ဖြစ်လေတော့သည်။

...

“ဒီနေ့ကစလို့ သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင် မရှိတော့ဘူး... ကျုပ် ဝေ့ဝူယင် အာရုဏ်ဦး အာဏာရှင် နာမည်နဲ့ ကြေညာတယ်... ဒီပိုင်နက် နယ်မြေဟာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖြစ်လာခဲ့ပြီ”

“...”

"သူက အတော်တော် အချိန်ယူလိုက်တာပဲ...”

ရွှေရောင် ဆံပင်၊ အပြာရောင် မျက်ဝန်းများနှင့် ကောင်မလေး တစ်ယောက်က နှုတ်ခမ်းလေးကို စူရင်း ပြောလိုက်၏။ စကားလုံးများက ရန်လိုနေသယောင် ရှိသည့်တိုင် မျက်ရည်စများက သူမ မျက်ဝန်းများ အတွင်း တွဲလွဲခိုကာ ပြုတ်ကျလာခဲ့သည်။

"သတိထား...”

အနည်းငယ် အသက်ပိုကြီးပုံ ပေါ်မည့် မိန်းကလေး တစ်ယောက်က အရေးပေါ် လေသံဖြင့် အော်ဟစ်လိုက်ရင်း လက်ထဲရှိ သွေးနီရောင်ဓားကို ဝှေ့ယမ်းလိုက်သည်။ အဘယ့်ကြောင့်နည်း။

ထက်ရှသည့် လက်သည်း၊ အစွယ်များနှင့် လူသား သဏ္ဌာန် သတ္တဝါ တစ်ကောင်မှာ မိန်းမငယ်လေးထံ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် တိုးဝင်လာခဲ့သောကြောင့်ပင်။

ခရက်...

ဓားမှာ သတ္တဝါ၏ ဦးခေါင်းကို တန်းတန်းမတ်မတ်ပင် ထိုးဖောက် သွားခဲ့၏။ အကျိုးဆက် အနေဖြင့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မိန်းကလေးက ဓားကိုင် မထားသည့် လက်ကို ဝှေ့ယမ်းရင်း ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် အင်အားနှင့် မီးတောက်များကို ဖယ်ရှားပစ်လိုက်၏။

သူမက ပထမ မိန်းမလေးလိုပင် လှပကာ ရုပ်ရည်ချင်းမှာလည်း ဆင်တူသူ ဖြစ်သည်။ သူတို့ နှစ်ယောက်က ညီအမများ ဖြစ်ကြကြောင်း ထင်ရှားပေသည်။

မိန်းမငယ်လေးမှာ တဒင်္ဂစာလောက်မျှ အတွေးအာရုံ အတွင်း နစ်မြောသွားခဲ့ကြောင်း သူမကိုယ် သူမ သတိပြုမိသွားခဲ့သည်။ အကယ်၍ အမဖြစ်သူသာ ဝင်မကယ်ပါက မိစ္ဆာကောင်၏ လက်ချက်ဖြင့် သူမ ဒဏ်ရာရသွားလောက်ပြီ ဖြစ်သည်။

သွေးနီရောင် ဓားပိုင်ရှင် မိန်းကလေးက ဓားကို ပြန်၍ ရုတ်သိမ်းလိုက်၏။ သူမ၏ လှုပ်ရှားမှုထဲ၌ အဆင့်မြင့် မီးရည်ရွယ်ချက် တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားပေသည်။

“နင် ဘယ်လို ခံစားနေရမယ် ဆိုတာ ငါသိတယ်... နင် ပြောချင်တာလည်း ငါ သိတယ်... ဒါပေမဲ့ ခု ငါတို့ ရောက်နေတာက မိစ္ဆာစစ်ပွဲ လောကနယ်မြေနော်... တစ်ချက် သတိလစ်တာနဲ့ အသေပဲ...”

မိန်းမငယ်လေးမှာ မျက်ရည်များစီးကျနေသည့် ကြားမှပင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက လက်ထဲရှိ သွေးနီရောင် လှံတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ အဆင့်မြင့်ရေ လောကနှလုံးသား ရည်ရွယ်ချက်မှာ လက်မှ နေ၍ လက်နက် အတွင်း စိမ့်ဝင် သွားခဲ့သည်။

ထို့နောက်တွင်တော့ သူမမှာ တိုးဝင်လာနေသည့် သတ္တဝါများကို ရင်ဆိုင်ဖို့ ပြင်လိုက်လေတော့၏။ ၎င်းတို့ကား မီးမိစ္ဆာများပင် ဖြစ်လေသည်။

သူတို့ ရောက်ရှိနေသည့် နေရာလား...။

၎င်းက မိစ္ဆာ စစ်ပွဲ လောကနယ်မြေကို တုပ တည်ဆောက်ထားသည့် နေရာ တစ်ခု ဖြစ်သည်။ ဤသည်က မိစ္ဆာ ရာသီ ဖြစ်၏။ သို့သော်လည်း... ဤလောကနယ်မြေ အတွင်းရှိ မိစ္ဆာများမှာ အဆပေါင်းများစွာ ပိုမို အစွမ်းထက်ကာ သာမန် ကြယ်တာရာ သခင် အဆင့် ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။

ထိုညီအမ နှစ်ယောက်လား...။

သူတို့က သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် ဝေ့ဝူယင် ကယ်တင်ကာ ဘဝပြောင်းလဲ ပေးလိုက်သည့် အန်ပိရုနှင့် အန်ဖေးကျင်းတို့ ညီအမ နှစ်ယောက်ပင်။ ယခုတွင်တော့ သူတို့ နှစ်ယောက်စလုံးမှာ တတိယမြောက် တပ်မဟာ၏ အာဏာရှင် အဖွဲ့ဝင်များ ဖြစ်နေကြပြီ ဖြစ်လေတော့သည်။

***

All Chapters