ရှန့်ထို ဖန်ဆင်းရှင်
Vol. 97 Ch. 1356
လက်ရှိ၌ ဝူယုမှာ ဝူပိုင်ကျိုး၏ မေတ္တာရပ်ခံချက်ကြောင့် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း တပည့်များ လေ့ကျင့် သင်ကြားမှုပေးကို ကြီးကြပ်နေခဲ့ခြင်း ဖြစ်သည်။ မဟာ ဧကရာဇ်ဘွဲ့ထူးအား စွန့်ပယ်ခဲ့သော်လည်း... ဂိုဏ်းတည်ထောင်သူ ဘိုးဘေး တစ်ယောက် အနေဖြင့် သံယောဇဉ် မဖြတ်နိုင်သေးပဲ နှစ်ပေါင်းများစွာ တိုင်အောင် ဂိုဏ်း၏ အရေးကိစ္စများနှင့် ပါဝင် ပတ်သက်နေမိဆဲ ဖြစ်သည်။
ထို့အပြင်... ဝူပိုင်ကျိုး၏ လုပ်ဆောင်ချက်များ အပေါ် သူ ဂုဏ်ယူကျေနပ်မိသည်။ မိန်းကလေး၏ လက်အောက်၌ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ တိုးတက်လာမှုများမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ဝေ့ဝူယင်၏ နောက်ခံကို ပိုင်ဆိုင်ထားခြင်းကြောင့်ဟု ဆိုနိုင်သော်လည်း သူမ၏ ဆုံးဖြတ်ချက်များ၊ ဦးဆောင်မှုများက ပိုမို၍ အက္ခရာ ကျခဲ့ပေသည်။
ထို့အပြင်... ဝူယု ဘယ်တော့မှ ဝန်ခံမည် မဟုတ်သည့် အမှန်တရား တစ်ခု ရှိပေသည်။ ၎င်းကား... အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ အောက်ခြေမှ အစ ဖွဲ့စည်း တည်ဆောက်ပုံများ၊ လေ့ကျင့် သင်ကြားပေးမှုများမှာ ယခင် အနန္တ ဧကရာဇ်ဂိုဏ်းထက် အဆပေါင်းများစွာ သာလွန်ခြင်း ဖြစ်ပေသည်။ ဂိုဏ်းအတွင်း၌ ပြိုင်ဆိုင်မှုများ ရှိပေသည်။ သို့သော်လည်း တစ်ချိန်တည်း၌ မယိမ်းယိုင်သော သစ္စာ စောင့်သိမှုများလည်း ရှိသည်။ မည်သူ တစ်ဦး တစ်ယောက်မှ ဂိုဏ်းကို စွန့်ခွာရန် မကြိုးပမ်းခဲ့ခြင်းကလည်း ဤအံ့ဖွယ် အောင်မြင်မှု၏ လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။
ကောင်းကင်တွင် ထွန်းလင်းနေသည့် တောက်ပသော နေကြယ်ကို ကြည့်ရင်း ဝူယုမှာ တောက်ပစွာ ပြုံးနေမိသည်။ နေကြယ်စီမံကိန်းတွင် ကိုယ်တိုင် ပါဝင်ခဲ့ရခြင်းမှာ သူ့အတွက် အလွန် ဂုဏ်ယူစရာ ကောင်းသည့် ကိစ္စ တစ်ခု ဖြစ်ပေသည်။ ထို့အပြင် သူက မြေကြီး ရှန့်ထို တစ်သောင်း အပါအဝင် ဝေ့ဝူယင်ထံမှ လျှို့ဝှက်ချက် များစွာကို ကြားသိ မြင်တွေ့ခွင့် ရရှိခဲ့သည်။ ထိုအချက်က... ဝေ့ဝူယင်မှာ သူ့အပေါ် အလုံးစုံ ယုံကြည်ကြောင်း ပြသခဲ့သည့် လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။
“ကြည့်ရတာ သခင်လေးရဲ့ ကြယ်အမြုတေ အဆင့် ကပ်ဘေးမှာ တစ်ခုခု ဖြစ်ခဲ့တယ်နဲ့ တူတယ်”
ဝူယုက ကောက်ချက်ချလိုက်၏။ ဝေ့ဝူယင်မှာ နေကြယ်ကို ယခုလောက် မြန်မြန် ချပြလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့တာ အမှန် ဖြစ်သည်။ ထို့အပြင်... နေကြယ်မှာ စီမံကိန်း ပြီးမြောက်သွားတုန်းကနှင့် စာလျှင် ဆယ်ပုံ တစ်ပုံခန့်သာ ရှိတော့ကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ ထိုအချက်က ကပ်ဘေး အတွင်း ထင်မှတ်မထားတာ တစ်ခုခု ဖြစ်ပျက်သွားခဲ့ကြောင်း ရှင်းလင်းစေသည်။
ကံကောင်းတာ တစ်ခုက အရာအားလုံးမှာ အစီအစဉ်တကျ ရှေ့သို့ ဆက်နေခြင်း ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင်က “ရွှေ့ပြောင်းဖို့” အမိန့်ပေးခဲ့ခြင်းအား ထောက်ချင့်ရလျှင် ပြဿနာ ကြီးကြီးမားမား မရှိခဲ့သည့်ပုံ ရသည်။
"အချိန်ကျပြီပေါ့...”
ဝူယုမှာ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း ကျင့်ကြံနေသည့် လျှို့ဝှက် နယ်မြေထဲမှ ထွက်ခွာလာခဲ့ကာ ထာဝရဂြိုဟ်သစ်ထံ ဦးတည် လိုက်သည်။ ထို့နောက် သူက ကောင်းကင်သို့ပျံတက်ကာ ထာဝရ နယ်မြေ အတွင်းပိုင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုအခိုက်၌ မည်သူမှ ထာဝရဂြိုဟ်သစ်ကို အာရုံစိုက်နေကြသည့်ပုံ မရချေ။
ဝှစ်...
ဝူယုက ငွေရောင် အဆောင် တစ်ခုကို ထုတ်ယူကာ အာကာသ စွမ်းအင်များနှင့် ဆက်သွယ် လိုက်သည်။ ထို့နောက်တွင်တော့ ထာဝရဂြိုဟ်သစ်ထက်တွင် မိုးထိလောက်သည့် ကျောက်တိုင်ကြီး ၁၀၈ တိုင် ပေါ်လာခဲ့လေ၏။
အသူရာ အာရုဏ်ဦး ဂြိုဟ်ထက်တွင်လည်း အတူတူပင်...။
ဟူး... ဟူး...
ငွေရောင် ကျောက်တိုင်ကြီးများမှာ အာကာသလှိုင်းများကို စတင် ထုတ်လွှတ်လာကြရာ မှီတင်း နေထိုင်သူများမှာ ထိတ်လန့် တုန်လှုပ်သွားကြလေ၏။ ထိုလှိုင်းများမှာ ကလေးသူငယ်မှ အစ၊ သက်ကြီးရွယ်အိုများ အဆုံး လူအားလုံးကို တမုဟုတ်ချင်းပင် ဖုံးလွှမ်းသွားကြသည်။
တစ်ချို့လူများ ဆိုလျှင် သူတို့ ဘဝ တစ်လျှောက်လုံး တစ်ကြိမ်တစ်ခါမှ မထိတွေ့ခဲ့ဖူးသည့် အာကာသ ဉာဏ်အလင်းများကိုပင် စတင်ကာ နားလည် လာခဲ့ကြ၏။ ကျန်လူများမှာလည်း အာကာသ လမ်းစဉ်နှင့် ပတ်သက်သည့် မျိုးစေ့များကို ခန္ဓာကိုယ် အတွင်း တည်ဆောက်နိုင်ခဲ့ကြကာ အနာဂတ်တွင် သူတို့၏ ကျင့်ကြံခြင်း လမ်းစဉ်ကို တစ်ဖက်တစ်လမ်းမှ အကူအညီ ဖြစ်စေလိမ့်မည် ဖြစ်သည်။
“ရွှေ့ပြောင်းမယ်...”
ဝူယုက စိတ်လှုပ်ရှားစွာဖြင့် အမိန့်ပေးလိုက်လေ၏။ ၎င်းက သူ ဆယ်စုနှစ်ချီ စောင့်ဆိုင်းခဲ့ရသော အခိုက်အတန့်ပင် ဖြစ်လေတော့သည်။
...
အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ အတွင်း၌...
ခရမ်းရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ်မှာ ကြေးမုံကို ညင်သာစွာ ပွတ်သပ်ရင်း လက်ချောင်းထိပ်မှ ဝိညာဉ် အလင်းရောင်များကို ထုတ်လွှတ်နေခဲ့လေသည်။ သူက နေကြယ်အသစ်အား သွားရောက် စူးစမ်းရန် အတွက် အလွန် အစွမ်းထက်သည့် နည်းလမ်း တစ်မျိုးကို အသုံးပြုကာ ကိုယ်ပွားတစ်ခု ဖန်ဆင်းနေခြင်းပင် ဖြစ်လေသည်။
သို့သော်လည်း...
“... ဒီပိုင်နက် နယ်မြေဟာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖြစ်လာခဲ့ပြီ”
မျက်နှာဖုံးစွပ် အောက်ရှိ သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ လက်ချောင်းထံမှ လှုပ်ရှားမှုများမှာလည်း ရပ်တန့် သွားခဲ့သည်။
“အာကာသ ဥပဒေသ အပေါ် သာမည အာဏာ...”
သူ၏ စကားလုံး တစ်ခုချင်းစီတိုင်းက တုန်လှုပ် ခြောက်ခြားမှုများနှင့် ပြည့်နှက် နေခဲ့လေ၏။ သူက လက်များကို ဖြည်းညင်းစွာပင် ပြန်လည် ရုတ်သိမ်းလိုက်ကာ အရိပ် အခိုးအငွေ့များ ထင်နေသည့် ကြေးမုံကို အချိန် အကြာကြီး ငေးမော ကြည့်နေခဲ့သည်။
ဝေ့ဝူယင် ဟွမ်ရီကောင်းကို သတ်လိုက်သော နေ့က သူ အသေအချာပင် စောင့်ကြည့်နေခဲ့သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ အချိန် သခင် တစ်ယောက် အနေဖြင့်ပင် အချိန် ဥပဒေသ အပေါ် သာမည အာဏာကို ပိုင်ဆိုင်ထားကြောင်း သတိပြုမိခဲ့သည်။ ယခုတစ်ဖန် အာကာသ ဥပဒေသကိုလည်း ခံစားလိုက်ရပြန်ပြီ ဖြစ်လေသည်။
မည်ကဲ့သို့နည်း။
"..."
ခရမ်းရောင် ဝတ်စုံဝတ်မှာ သူ၏ လှုပ်ရှားမှု အားလုံးကို ရပ်တန့်လိုက်၏။ ကိုယ်ပွား တစ်ခုကို သူ စေလွှတ်တော့မည် မဟုတ်ချေ။ ဤနေရာမှ စောင့်ကြည့်ရန်သာ သူ ဆုံးဖြတ်လိုက်လေတော့သည်။
တစ်ချိန်က သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင်၊ ယခု... အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တည်ရှိရာ အရပ်ကို လှမ်းကြည့်ရင်း သူ၏ မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းအောင် ကျဉ်းမြောင်း သွားလေ၏။
ထိုအခိုက်တွင်ပင် ရှစ်ဆယ့် တစ်ခုသော အော်ရာများက ကြေးမုံ မျက်နှာပြင်ထက်၌ ပေါ်လာခဲ့လေသည်။ ၎င်းတို့ကို သတိထားမိသော အခိုက်၌ ခရမ်းရောင်ဝတ်စုံဝတ်မှာ ပိုမို၍ပင် တုန်လှုပ် သွားခဲ့လေတော့၏။
...
ဝှစ်... ဝှစ်...
နေကြယ်နှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ ရှစ်ဆယ့် တစ်ခုသော အော်ရာများကို သတိထားမိသည်က ခရမ်းရောင် ဝတ်စုံဝတ် တစ်ယောက်တည်းသာ မကတော့ချေ။ နေကြယ်ကို စူးစမ်းရန် ရောက်ရှိလာသူ အားလုံး ထိုအချင်းအရာကို ခံစားလိုက်မိကြပြီ ဖြစ်သည်။ ခံစားချက်ကို လိုက်၍ အတွေးများက ခြားနားကြသည့်တိုင် သူတို့ အားလုံး၏ မျက်နှာများထက်တွင် တူညီသည့် တုန့်ပြန်မှု တစ်ခုတော့ ရှိနေခဲ့ပေသည်။
၎င်းက... “အံ့ဩထိတ်လန့်ခြင်း” ပင် ဖြစ်လေ၏။
မည်သူ တစ်ဦးတစ်ယောက်မျှ ချွင်းချက် မရှိပါချေ။ မာ့ကျန်း၏ မျက်လုံးများ ပင်လျှင် ပထမဆုံး အကြိမ် အဖြစ် လပြည့်ဝန်းကို ပြူးကျယ်လာခဲ့၏။ ဝေ့ဝူယင်နှင့် အလွန် နီးကပ်စွာ နေထိုင်ခဲ့သည့် လူတစ်ယောက် အနေဖြင့်ပင် လူငယ်ထံတွင် မြေကြီး ရှန့်ထို ရှစ်ဆယ့်တစ်ယောက် ရှိကြောင်း သူ မသိခဲ့ပါချေ။
“ရှန့်ထို ဖန်ဆင်းရှင်...”
အင်ဖာနို နေမီးတောက် ဘုရားကျောင်း၏ ကာဒီနယ်ဆောင်းက ထိတ်လန့် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်လေ၏။ စကားလုံး တစ်လုံးတည်းသာ ဖြစ်သော်လည်း ၎င်းက အင်ဖာနို နေမီးတောက် ဘုရားကျောင်းရှိ လူတိုင်းကို တုန်ရီ သွားစေခဲ့သည်။
မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်း မြေကြီး ရှန့်ထို ဆယ်ယောက် စာရင်းဝင် (ဝူယုနှင့် မာ့ကျန်းတို့ မပေါ်ခင်က ငါးယောက် စာရင်းဝင်) ပုပ်ရဟန်းမင်းကြီး ဟုန်ယန်ပင်လျှင် ချွင်းချက် မဟုတ်ပါချေ။
ရှန့်ထို ဖန်ဆင်းရှင် ဆိုသည့် ဝေါဟာရမှာ လွန်ခဲ့သည့် နှစ်ပေါင်း သုံးလေးဆယ်ခန့်... မာ့ကျန်းနှင့် ဝူယုတို့ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းခဲ့ပြီး နောက်တွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။ သူတို့က ဝေ့ဝူယင် ပေးအပ်သည့် အဂ္ဂိရတ် ထုတ်ကုန်များနှင့် မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိခဲ့ကြကြောင်း တရားဝင် မပြောသည့်တိုင် ငြင်းပယ်ခြင်းလည်း မပြုခဲ့ကြချေ။
ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည့် အရာ တစ်ခုက သူတို့ နှစ်ယောက်စလုံးမှာ သာမန် မြေကြီး ရှန့်ထိုများ မဟုတ်ကြခြင်း ဖြစ်လေသည်။ ထို့အပြင်... ဝေ့ဝူယင်နှင့် နီးစပ်သည့် မြေကြီး ရှန့်ထိုများမှာလည်း လွန်ခဲ့သည့် နှစ်ပိုင်း အတွင်း၌ လျှို့ဝှက် သင်္ကေတများ တစ်နည်းအားဖြင့် လမ်းစဉ်များ တိုးပွားလာခဲ့ကြောင်း ထင်ရှားစွာပင် မြင်တွေ့နိုင်ပေသည်။
ယခင်က လမ်းစဉ် တစ်ခု မြေကြီး ရှန့်ထို ဖြစ်ခဲ့သော အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ကျန်းကျိရီမှာ ယခုမှာ လမ်းစဉ် သုံးခု မြေကြီး ရှန့်ထို ဖြစ်လာခဲ့သည်။ သူမက ထိုအချက်ကို ဖုံးကွယ်ထားခြင်း မရှိချေ။
နှစ်ထောင်ပေါင်းများစွာ တိုင်အောင် လမ်းစဉ် လေးခု အဆင့်တွင် တစ်ဆို့ နေခဲ့သော ဟန်ယုဟိုင်မှာလည်း ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပင် လမ်းစဉ် ငါးခု အဆင့်ကို ရောက်ရှိခဲ့သည်။
ရွှေရောင် အသက်နန်းတော်၏ ကိုင်းခွဲ ခေါင်းဆောင် တစ်ယောက် ဖြစ်သည့် စွန်းလီမှာလည်း လမ်းစဉ် သုံးခုမှ လေးခု အဆင့်ကို ဝင်ရောက်ခဲ့သည်။
ထိုအချက် အားလုံးက ဝေ့ဝူယင်မှာ အမှန်တကယ် ရှန့်ထို ဖန်ဆင်းရှင် ဆိုသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်ကြောင်း ဖော်ပြနေခဲ့သည်။
ထိုအောင်မြင်မှုများလောက်နှင့် မထိုက်တန်သည် ထားဦး...။
ယခုတဖန် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ နယ်စပ်များတွင် ကြောက်မက်ဖွယ် အော်ရာများနှင့် မြေကြီး ရှန့်ထို ရှစ်ဆယ့် တစ်ယောက်မှာ စောင့်ကြပ် နေခဲ့ပြီ ဖြစ်လေသည်။
မြေကြီးရှန့်ထို ရှစ်ဆယ့် တစ်ယောက်...
ယခု ဝေ့ဝူယင်မှာ ရှန့်ထို ဖန်ဆင်းရှင် မဟုတ်ဟု မည်သူက ငြင်းဦးမည်နည်း။
...
ကောင်းကင်ဖျက်ဆီးသူထက်၌...
အဝေးရှိ အော်ရာများကို လှမ်းကြည့်ရင်း ဧကရီ ရှောင်ချွမ်း၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့သည်။ ထို့အပြင် အမှောင် ဟင်းလင်းပြင် အတွင်း၌ လွှင့်ထူထားသည့် အနက်ရောင် အလံ တစ်ခုကိုလည်း သူမ လှမ်းမြင် နေရသည်။ ၎င်း၏ အလံရွက်ထက်တွင် “အာရုဏ်ဦး” ဟူသော စကားလုံးကို ရေးသးထား၏။
“အရှင်မ...”
သင်္ဘောအား မောင်းနှင်နေသည့် ကောင်းကင် ဧကရာဇ် လူအိုကြီးက အမိန့်တောင်းခံသည့် အလား ဧကရီကို လှမ်းကြည့်လိုက်သည်။
"...”
ဧကရီ ရှောင်ချွမ်းမှာ တိတ်ဆိတ် နေခဲ့၏။ အချိန် အတန်ကြာပြီး နောက်မှ သူမက အမိန့်ပေး လိုက်လေသည်။
“ရှေ့ဆက်သွားမယ်...”
“...”
ကောင်းကင် ဧကရာဇ် လူအိုကြီးမှာ အနည်းငယ် စိုးရိမ် သွားခဲ့၏။ မြေကြီး ရှန့်ထို ရှစ်ဆယ့် တစ်ယောက် ရှိနေသည့် နေရာကို ဧကရီက ရှေ့ဆက် သွားချင်သည်လား။ ဧကရီက မည်သည့် အရာများကို တွေးတော နေသနည်း။
သို့သော်လည်း... ထိုအရာက အမိန့်ဖြစ်လေရာ သူ့ထံတွင် ငြင်းဆိုပိုင်ခွင့် မရှိပါချေ။ သူက ကောင်းကင် ဖျက်ဆီးသူကို ထိန်းချုပ်ကာ အသစ် ထွန်းလင်းနေသည့် ကြယ်ထံ ဆက်လက်၍ ဦးတည် လိုက်လေတော့၏။
...
အခြားတစ်ဖက်တွင်တော့... များလှစွာသော မြေကြီး ရှန့်ထိုများမှာ အမှောင် ဟင်းလင်းပြင် အတွင်း ရပ်တန့်ကာ နောက်ကို ဆုတ်ဖို့ စဉ်းစား နေကြ၏။ ၎င်းမှာ ဝေ့ဝူယင်၏ နေကြယ် ဖြစ်ကြောင်း သူတို့ သိရှိခဲ့ရပြီ ဖြစ်သည်။ ထို့အပြင်... ကြောက်မက်ဖွယ် အော်ရာများနှင့် မြေကြီး ရှန့်ထို ရှစ်ဆယ့် တစ်ယောက်မှာ ကြယ်တာရာ နယ်မြေကို စောင့်ရှောက်နေသည်။
သို့သော်လည်း... ဖီဆန်ပေါက်စလေးမှ ထွက်ပေါ်နေသည့် နေကြယ် အမတေများမှာ အလွန်ပင် သန့်စင်လွန်းလှသည်။ ပိုမို၍ နီးကပ်လာသည်နှင့် အမျှ သူတို့၏ လျှို့ဝှက် ဝိညာဉ်များမှာ ပြင်းပြသော ဆန္ဒများနှင့် ပွက်ပွက်ဆူ လာနေကြောင်း ခံစားနိုင်ပေသည်။ ထိုနေရောင်ခြည် အလင်းတန်းများမှာ ကျင့်ကြံခြင်းအတွက် အလွန် အကျိုး ဖြစ်ထွန်းမည် ဖြစ်ကြောင်း သံသယ ရှိစရာ မလိုပါချေ။
ချီတုံချတုံ ဖြစ်နေကြစဉ်မှာပင် ကောင်းကင် ဖျက်ဆီးသူများမှာ ရှေ့သို့ ဆက်တိုးသွားနေသည်ကို သူတို့ တွေ့ရှိလိုက်ရ၏။ သူတို့ ချက်ချင်းပင် အတွေးများကို ပြောင်းလဲ လိုက်ကြသည်။
မည်သို့ပင် ဆိုစေ... သူတို့ သွားနေသည်က တိုက်ခိုက်ရန် အတွက် မဟုတ်ပါချေ။ ခရီးသွား ဧည့်သည်များ အနေဖြင့် လည်ပတ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ဂုဏ်ပြုခြင်းလည်း ဖြစ်နိုင်သည်။ လက်ဆောင် သွားရောက် ပေးခြင်းလည်း ဖြစ်နိုင်သည်။
ထို့အပြင်... ဝေ့ဝူယင်မှာ ထိုနေရာ၌ ရှိနေပေသည်။ သူက နတ်ဘုရား အင်ပါယာထက်ပင် တွေ့ခွင့် ရဖို့ ပိုမို ခက်ခဲသူ ဖြစ်သည်။ သူတို့ အနေဖြင့် ထိုလူငယ်နှင့် တွေ့ဆုံကာ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်နိုင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဝှစ်... ဝှစ်...
သူတို့ ချက်ချင်းပင် နေကြယ်အသစ်ထံသို့ ပြန်လည် ဦးတည် လိုက်ကြလေ၏။ ၎င်းက မည်ကဲ့သို့သော အရာ ဖြစ်သည်ကို သူတို့ လေ့လာချင်နေခဲ့ပြီ ဖြစ်လေသည်။
***